Monday, September 14, 2009

ခိုးကူး ပြောင်ကူး အဝေးမြင်

ခိုးကူးခွေများကြောင့် မြန်မာပြည် တေးဂီတ ထုတ်လုပ်မှု ရပ်ဆိုင်းလုနီးနီး ဖြစ်နေသကဲ့သို့ ပြောင်ကူး အီးစာအုပ်များကြောင့် မြန်မာပြည် စာအုပ်ထုတ်ဝေမှု ရပ်တန့်သွားနိုင်သလား။

ခေတ်မီနည်းပညာ တိုးတက်မှုက လူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှု မြန်ဆန် ထိရောက်လွန်းသည်မှာ လူတိုင်း လက်တွေ့ မျက်မြင် ဖြစ်ပါသည်။ နည်းပညာ တိုးတက် ကျယ်ပြန့်သည်နှင့်အမျှ အသိတရားနှင့် ထိန်းကွပ်မှု တိုးတက်လာရန်လည်း အလွန် အရေးကြီးပါသည်။ အသိတရား နောက်ကျမှုနှင့် ပရမ်းပတာ ထိန်းကွပ်မှု ကြားတွင် နည်းပညာတိုးတက်မှု တခုတည်းဖြင့် အကျိုးဖြစ်ထွန်းနိုင်သည်ဟု ပြောဆိုရန် သံသယဖြစ်ဖွယ် ရှိနေပါသည်။ မြန်မာပြည် တေးဂီတ စီဒီထုတ်လုပ်မှုက ဤအချက်ကို သက်သေပြနေပါသည်။

၁၉၉၀ နောက်ပိုင်းတွင် မြန်မာတေးဂီတ လောက၌ `စီဒီ´ ဖြင့် ထုတ်လုပ် ရောင်းချမှု ကျယ်ပြန့်လာပါသည်။ တိပ်ခွေ ထုတ်လုပ်မှုမှ ဒစ်ဂျစ်တယ် စီဒီ ထုတ်လုပ်မှုသို့ ကူးပြောင်းလာခြင်းမှာ နည်းပညာ တိုးတက်မှု ဖြစ်ပါသည်။ တိုးတက်မှုနှင့်အတူ ကပ်ပါလာသည်က အလွယ်တကူ ကူးယူနိုင်ခြင်း ဖြစ်သည်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် စီဒီချပ်များ ဈေးပေါပေါဖြင့် ပြည်တွင်းသို့ လှိမ့်ဝင်လာသည် နှင့်အမျှ တဆင့် ကူးယူရောင်းချသည့် ဈေးကွက်လည်း ပေါ်ပေါက်လာတော့သည်။ အဆိုပါ ခိုးကူးခွေ ဈေးကွက်က တဖြည်းဖြည်း ဖောင်းပွလာသောအခါ မူလ ထုတ်လုပ်သူများ အရှုံးပေါ်လာသဖြင့် အသစ် ထပ်မထုတ်နိုင် ဖြစ်လာကြရသည်။ အခုတော့ အဆိုးရွားဆုံး အခြေအနေနှင့် ရင်ဆိုင်နေရပြီဟု ကြားသိနေရပါသည်။

ယနေ့ ခေတ်မီ လူသားတိုင်းအတွက် မရှိမဖြစ် အရာတခုက အင်တာနက် ဖြစ်ပါသည်။ ကွန်ရက်ထဲ တရက်မ၀င်ဖြစ်လျှင် ဆယ်နှစ်လောက် နောက်ကျသွားသလို ခံစားရလောက်အောင် အင်တာနက်က ဆွဲဆောင်အား ကောင်းသည်။ တနေရာတည်းမှနေ၍ တကမ္ဘာလုံးကို ဖြန့်ကျက် ဆက်သွယ်နိုင်သဖြင့် အသုံးတည့်သည်။ သုံးတတ်လျှင် ပိုက်ဆံလည်း ဖြစ်သည်။ ပိုက်ဆံ မဖြစ်ဦးတော့ ပိုက်ဆံမကုန်ဘဲ အလကားရတာတွေက အလွန်များသည်။ ထိုအထဲတွင် မြန်မာ သီချင်းဂီတတွေလည်း ပါသည်။

မြန်မာသီချင်းတွေကို အင်တာနက်ပေါ်တွင် အလွယ်တကူ နားဆင်နိုင်ခြင်းက မြန်မာတွေကို ကွန်ပျူတာ အင်တာနက်နှင့် ရင်းနှီးအောင် ဖိတ်ခေါ် နေသယောင် ရှိသည်။ ထိုရှုထောင့်မှ ကြည့်လျှင် ကောင်းသည်ဟု ဆိုရမည်။ ငွေကုန်ခံ အချိန်ကုန်ခံ အပင်ပန်းခံပြီး တခုတ်တရ တင်ပေးနေသူများရဲ့ စေတနာကိုလည်း အသိအမှတ် ပြုအပ်ပါသည်။ သို့သော်… ထိုသို့ အလကား ဖြန့်ဝေပေးလိုက်ခြင်းက မူလထုတ်လုပ်သူနှင့် အနုပညာရှင်အပေါ် ထိခိုက်မှု ရှိမရှိကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုပါသည်။

ယခုအခါ အင်တာနက်ကောင်းမှုကြောင့် ရုပ်သံများသာမက ထူထူထဲထဲ စာအုပ်များကိုပါ အီးစာအုပ်အဖြစ် အလွယ်တကူ ဖြန့်ဝေပေးနိုင်လာပြီ ဖြစ်သည်။ စာအုပ်ကို ဖြန့်ဝေပေးတာ အသိပညာ တိုးပွားစေလိုသော စေတနာကြောင့်ဟု နားလည်ပါသည်။ သို့ရာတွင် အင်တာနက်ပေါ် အလကား ဖြန့်လိုက်သဖြင့် စာရေးသူနှင့် ထုတ်ဝေသူမှာ ထိခိုက်မှု ရှိမရှိ ထည့်သွင်း စဉ်းစားဖို့ လိုပါသည်။

စာအုပ်ကိုတော့ ခိုးကူးပြီး လမ်းဘေးမှာ မရောင်းကြပါ။ ပုံနှိပ်စာအုပ်အတိုင်း ခိုးထုတ်လျှင် ဈေးလည်း ပိုကြီးသည်။ ဥပဒေအရလည်း အရေးယူခံရမည်။ ဒီတော့ ဘယ်သူမှ မလုပ်ကြပါ။ ရှားပါးစာအုပ် မိတ္တူကူးထုတ်သည့် ဈေးကွက်သာ ရှိပါသည်။ ဒီဈေးကွက်က စိန်ဈေးကွက်ထက် ကျဉ်းပါသေးသည်။ အလွယ်တကူ လုပ်နေကြတာကတော့ အင်တာနက်ပေါ်မှာ အီးစာအုပ် ဖြန့်ဝေခြင်း ဖြစ်ပါသည်။ ဒီအတိုင်း ဆက်သွားလျှင် အင်တာနက်ပေါ်မှ အီးစာအုပ်များကို စီဒီဖြင့် ပြန်ကူးယူပြီး လမ်းပေါ်တွင် ချရောင်းသည့် ဈေးကွက် ပေါ်လာနိုင်စရာ ရှိပါသည်။ စီဒီတချပ်တွင် စာအုပ် နှစ်ဆယ် သုံးဆယ် အသာလေး ထည့်နိုင်သည် မဟုတ်ပါလား။

မြန်မာပြည် စာအုပ်ဈေးကွက်တွင် အရောင်းရဆုံး ဆိုသည့် ၀တ္ထုတအုပ်မှာ သေရောကျေရော ငါးထောင်ထက် မပိုပါ။ ဟိုးတချိန်က ၀တ္ထုစာအုပ် ပထမအကြိမ်ရိုက် တသောင်းကျော် နှစ်သောင်းအထိ ရှိခဲ့ဖူးပါသည်။ အလွန်နည်းပါသည်။ သိပ်ရောင်းကောင်းလို့ ထပ်ရိုက်ချင်ရိုက်မည်။ တကြိမ်တည်း အများကြီး ရိုက်လေ့ မရှိပါ။ စာအုပ်က ၀ုန်းခနဲ ပြိုက်ခနဲ ရောင်းရခဲပါသည်။ တဖြည်းဖြည်း တအိအိ အ၀ယ်လိုက်လာတာမျိုး ဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူရော ထုတ်ဝေသူရော ကိုယ့်စာအုပ်ကို နောက်တကြိမ် ထပ်ရိုက်နိုင်ဖို့ မျှော်လင့်ကြစမြဲ ဖြစ်ပါသည်။ ယခုလို အီးစာအုပ်တွေ ပလူပျံနေလျှင်ဖြင့် နောက်တကြိမ် ရိုက်ဖို့ အိပ်မက်ပင် မက်ရဲမည် မထင်ပါ။

တေးသီချင်းပဲ ဖြစ်ဖြစ်, စာအုပ်ပဲဖြစ်ဖြစ်, အခြားဘယ်အနုပညာ ပစ္စည်းပဲဖြစ်ဖြစ် မူပိုင်အခွင့်အရေး နှင့် အချိန်ကာလ သတ်မှတ်ချက် ရှိကြပါသည်။ ယေဘုယျအားဖြင့် မူလ ဖန်တီးထုတ်လုပ်သူသည် `မူပိုင်ခွင့်´ ရရှိသူ ဖြစ်ပါသည်။ မူပိုင်ခွင့်ထဲတွင် အများပြည်သူထံသို့ ဖြန့်ဝေခြင်း ကိစ္စလည်း ပါဝင်ပြီးသား ဖြစ်ပါသည်။ မူလပိုင်ရှင်၏ ခွင့်ပြုချက်မရဘဲ ကိုယ့်သဘောနှင့်ကိုယ် အီးစာအုပ်လုပ်ပြီး ဖြန့်ဝေခြင်းမှာ မူပိုင်ခွင့်နှင့် ငြိစွန်းရာ ရောက်နေပါသည်။

များသောအားဖြင့် မူပိုင်ခွင့် သက်တမ်းမှာ မူလပိုင်ဆိုင်သူ ကွယ်လွန်ပြီး အနှစ် ၅၀ သို့မဟုတ် ၆၀ ခန့် ရှိတတ်ပါသည်။ ထိုကာလ ကျော်လွန်လျှင် ယင်း အနုပညာပစ္စည်းကို အမျိုးသားပိုင် အဖြစ် မှတ်ယူနိုင်ပါသည်။ အမျိုးသားပိုင်အဖြစ် စိတ်ချရသည့် သီချင်း, စာအုပ်များ ဖြန့်ဝေခြင်းကိုမူ ကြိုဆိုအားပေးထိုက်ပါသည်။ ထို့ပြင် မူလဖန်တီးသူက အစကတည်းက ဆက်လက်ဖြန့်ဝေရန် ခွင့်ပြုထားလျှင် အကြောင်းမဟုတ်ပါ။

နည်းပညာ တိုးတက်မှုကို အသုံးချပြီး အားလုံး အလွယ်တကူ ရပါစေ ဆိုသော စေတနာဖြင့် ဖြန့်ဝေ ပေးနေကြသည်ကို ပြစ်တင် မပြောလိုပါ။ သို့သော် ထိုသို့ ဖြန့်ဝေမှုများက တဖက်တွင် ပြန့်နှံ့လာစေသလို တဖက်တွင် ဆုတ်ယုတ်လာစေသည်ကို သတိပြုစေလိုရင်း ဖြစ်ပါသည်။ မြစ်တို့ ချောင်းတို့၌ တဖက်တွင် သောင်ထွန်းလျှင် တဖက်တွင် ကမ်းပါးပြိုရသကဲ့သို့ ဖြစ်ပါသည်။ ဤတွင် `လွယ်လင့်တကူ ရရှိသည်´ ဆိုသော အချက်နှင့် `အသစ်မထုတ်လုပ်နိုင်´ ဆိုသော အချက်နှစ်ခုကို အလေးအနက် ချိန်ဆကြည့်ဖို့ သင့်ပါသည်။

နည်းပညာ တိုးတက် ပြောင်းလဲလာသည် နှင့်အမျှ ထိန်းကွပ်မှုပိုင်းကလည်း တိုးတက်လာဖို့ လိုပါသည်။ ထိန်းကွပ်သည် ဆိုရာတွင် အများလက်ခံနိုင်သည့် အခွင့်အရေးနှင့် တာဝန်ခံမှုများ ပါဝင်ဖို့ အရေးကြီးပါသည်။ လိုတမျိုး မလိုတမျိုး ရှုံ့ချည်နှပ်ချည် ထိန်းကွပ်မှုမျိုးက အလုပ်မဖြစ်ပါ။ နည်းပညာ တိုးတက်မှုကို အဆိုးမြင်ဖြင့် ကြည့်နေသမျှ မှန်ကန်သည့် လုပ်နည်းလုပ်ဟန်များ ပေါ်လာနိုင်စရာ မရှိပါ။ မမှန်ကန်သည့် ထိန်းကွပ်မှုများကြောင့် လွဲမှား အသုံးပြုမှုများ ပေါ်လာရသည်ဟုပင် ဆိုကောင်း ဆိုနိုင်ပါလိမ့်မည်။

မည်သို့ပင် ဖြစ်စေ အဆုံးစွန် ပဓာနကျသည့် အချက်မှာ သုံးစွဲသူများ၏ အသိတရားသာ ဖြစ်ပါသည်။ မိတ်ဆွေ အချင်းချင်း ငှားရမ်းတာ, ကူးယူခွင့်ပေးတာ နှင့် အများအတွက် ဖြန့်ဝေတာ အဓိပ္ပာယ်ချင်း မတူပါ။ လုပ်နည်းလုပ်ဟန်ချင်း မတူပါ။ စာကြည့်တိုက်များက အများပြည်သူ ဖတ်ရှုနိုင်အောင် ငှားရမ်းပေးတာနှင့် မတူပါ။ ကိုယ်မပိုင်သော အရာတခုကို စေတနာ ဗရပွနှင့် ဖြန့်ပေးသည် ဆိုသော်ငြား သက်ရောက်မှုများကို ထည့်သွင်းစဉ်းစား သင့်ပါသည်။ အကောင်းဆုံးကတော့ ကိုယ်ပိုင် ဖန်တီးတာတွေကိုသာ များများ ဖြန့်ဝေခြင်း ဖြစ်သည်။ ကိုယ်ပိုင် ဖန်တီးကြည့်မှ သူတပါး ဖန်တီးတာကို စာနာနိုင်ပါမည်။ နောက်တနည်းမှာ အညွှန်း, ဝေဖန်ချက်, ဆွေးနွေးချက်များ ရေးသား ဖြန့်ဝေခြင်း ဖြစ်ပါသည်။

တေးဂီတလောက ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်ရသည်မှာ ခိုးကူးခွေများကြောင့်ဟု ဆိုကြပါသည်။ ပြည်တွင်း ဈေးကွက်ကို ခိုးကူးက ၀ါးမြိုလိုက်သည့် သဘောဖြစ်သည်။ တကယ်တော့ ခိုးကူး လုပ်ငန်းမှာ ပြည်ပတွင်လည်း အကြီးအကျယ် ရှိပါသည်။ မြန်မာရှိရာ အရပ်တိုင်းလိုလို ခိုးကူးတွေ ရှိကြပါသည်။ အင်တာနက်ပေါ်မှာတော့ ပြောင်ကူးကြပါသည်။ ကွန်ပျူတာနှင့် ပတ်သက်လာလျှင် ၀င်းဒိုးစ်ကစ ဂိမ်းအဆုံး အလကား ကူးယူ သုံးစွဲသည့် အကျင့်က စွဲနေပြီဆိုတော့ ဘာလာလာ ကူးဖို့ရာ ၀န်မလေး ဖြစ်သွားကြဟန် တူပါသည်။

စာအုပ်လောကကော… ဆန့်ငင်ဆန့်ငင် ဖြစ်သွားမှာလား။ အီးစာအုပ်က ဂီတလို အလွယ်တကူ ဖတ်လို့ရတာ မဟုတ်လို့ လောလောဆယ်မှာတော့ အခြေမပျက်နိုင်သေးပါ။ သို့သော် တအိအိနဲ့ ပိုးထိုးသလို ဖြစ်လာနိုင်ပါသည်။ ထုတ်ပြီးသားတွေ အရောင်းထိုင်းလာလျှင် နောက်ထပ် အသစ် ထုတ်ဖို့တွေ နည်းသွားမှာ အသေအချာ ဖြစ်ပါသည်။

ပုံနှိပ်စာအုပ်များကို အီးစာအုပ် ပြောင်းပြီး အင်တာနက်ပေါ်တွင် ပြောင်ကူးဖြန့်ဝေ လုပ်ချင်တိုင်း လုပ်နေနိုင်ခြင်းက အနာဂတ်အတွက် ကောင်းသည့် လက္ခဏာတော့ မဟုတ်ပါ။

ဤစကားကို အဆိုးမြင် ဖြစ်သည်ဟု ဆိုကောင်း ဆိုကြပါမည်။ စာပေဆိုသည်မှာ လူ့အဖွဲ့အစည်းတွင် မှန်ကန်သော အသိတရား အတွေးအမြင် ပွားများလာဖို့ ဆောင်ရွက်သယ်ပိုး နေခြင်းဖြစ်သည် ဆိုလျှင် စာပေကို ချဉ်းကပ် ရယူသည့် နည်းလမ်းကိုယ်၌က မှန်ကန်နေဖို့ မလိုအပ်ပေဘူးလား။ ဤခံယူချက်အရ ကြည့်လျှင် အဆိုးမြင်ဟု မဆိုတန်ကောင်းပါ။

အနာဂတ်အတွက် ဖြေရှင်းနိုင်မည့် နည်းလမ်းတခုမှာ တိုးတက်လာသော နည်းပညာကို အသုံးပြု၍ စနစ်ကျသည့် အွန်လိုင်းစာကြည့်တိုက်, အီးစာကြည့်တိုက်များ တည်ဆောက်နိုင်ရေး ဖြစ်ပါသည်။

ဝင်းပေါ်မောင်

1 comment:

Unknown said...

very good.,,,
optimist vision
welcome