Wednesday, September 30, 2009

ဥပဒေဆိုင်ရာ အကူအညီလိုအပ်သည့် နိုင်ငံခြားသားများ ၊ ကိုရီးယားရှေ့နေများကောင်စီထံမှ အကူအညီတောင်းခံနိုင်

ကိုဝိုင်း(မိုးညှင်း)
စက်တင်္ဘာ ၃၀ ၊ ဆောအူးလ်မြို့။

ကိုရီးယားရှေ့နေများကောင်စီ ဥပဒေအကူအညီရုံး (Korean Bar Association Legal Aid Office) သည် ရွှေ့ပြောင်းအလုပ်သမားတို့ ကြုံတွေ့ရလေ့ရှိသော ကိုရီးယားနိုင်ငံ ဥပဒေဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးလျက်ရှိကြောင်းသိရပါသည် ။

အကူအညီလျှောက်ထားရယူနိုင်သည်များ
လစာနောက်ကျခြင်း လစာမရရှိခြင်းစသည့် အလုပ်ခွင်ကိစ္စများ ၊ ကလေးများ အိမ်ထောင်စုစာရင်းတွင် မှတ်ပုံတင်သွင်းခြင်း သို့မဟုတ် လင်မယားကွာရှင်းခြင်းစသည့် မိသားစုကိစ္စများ နှင့် ဒုက္ခသည်လျှောက်ထားခြင်း ကိစ္စများ စသည်တို့နှင့် ပတ်သက်၍ အကူအညီလိုအပ်သော နိုင်ငံခြားသားများ သည် အဆိုပါ ကိုရီးယားရှေ့နေများကောင်စီထံ အကူအညီ တောင်းခံနိုင်သည်ဟုဆိုပါသည် ။



လျှောက်ထားနည်း
အင်တာနက်စာမျက်နှာ www.koreanbar.or.kr (legal aid) သို့မဟုတ် (ဤနေရာ) တွင် ၊ လျှောက်လွှာပုံစံဆွဲချရယူ၍ ၊ အချက်အလက်များ ဖြည့်စွက်ပြီး ၊ လျှောက်လွှာနှင့်အတူ အကူ အညီတောင်းခံသူ၏ နိုင်ငံခြားသားမှတ်ပုံတင် ကပ်ပြားမိတ္တူ နှင့် အမှုနှင့် သက်ဆိုင်မည့် သက်သေခံ အထောက်အထား စာရွက်စာတမ်းများကို ပူးတွဲ ပေးပို့ရမည်ဟုဆိုပါသည် ။ ၄င်း ရှေ့နေများအသင်း (ဖေါင်ဒေးရှင်း) သို့ လူကိုယ်တိုင်လာရောက်မည်ဆိုလျင် ၊ ကိုရီးယားဘာသာပြန်ပေးနိုင်မည့်သူနှင့် အတူ လာစေလိုကြောင်း မေတ္တာရပ်ခံထားပါသည် ။

ကုန်ကျစရိတ်များကိစ္စ
ဥပဒေဆိုင်ရာ အကူအညီပေးရန် ဆုံးဖြတ်ချက်ရပြီဆိုလျင် ၊ ရှေ့နေခအပါအဝင် အမှုနှင့် ပတ်သက်သည့် အထွေထွေ အသုံးစရိတ်ကို လျှောက်ထားသူကိုယ်စား အသင်း(ဖေါင်ဒေးရှင်း)က ကျခံမည် ဖြစ်ကြောင်း ၊ အမှုပြီးဆုံးသည့်အခါ ၊ အမှုသည်၏ သဘောဆန္ဒအတိုင်း ၊ အထွေထွေကုန်ကျစရိတ်များကို ပြန်ပေးလိုက ပြန်လည်ပေးသွင်းနိုင်ပြီး ၊ အမှုသည်၏ ဘဏ္ဍာရေးအခြေအနေအရ ပြန်လည်မပေးလိုလျင်လည်း ရသည်ဟုဆို ပါသည် ။ သို့ရာတွင် နိုင်သောအမှု အတွက် ဝမ် သိန်း၅၀အောက် အမှုတွဲများ ၊ မအောင်မြင်သောအမှုများနှင့် ပြစ်မှုဆိုင်ရာ အမှုကိစ္စများအတွက် ရှေ့နေခ နှင့် အမှုစရိတ်များ ကင်းလွတ်ခွင့်ပြုထားကြောင်းလည်းသိရ ပါသည် ။
မေးမြန်းနိုင်သည်
သိလိုသည်များနှင့် မရှင်းမလင်း မေးမြန်းလိုသည်များကို ကိုရီးယားရှေ့နေများကောင်စီ ဥပဒေအကူအညီရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း သိရသည် ။
ဆက်သွယ်ရန်နှင့် လိပ်စာမှာ-
Seoul, Seochogu, Seochodong 1718-1 lawyer office 5th floor
Tel: 02-3476-4045
Fax: 02-2476-4008
လမ်းညွှန်မှာ ၊ အမှတ်(၂) မြေအောက်ရထားလိုင်း(အစိမ်းလိုင်း) ဆောချိုဘူတာ (Seocho Station) ထွက်ပေါက် အမှတ်(၈)မှထွက်ပြီး ၊ ၂မိနစ်ခန့် လျှောက်လျင်ရောက်ပါမည် ။ မြေပုံမှာ(ဤနေရာတွင်နှိပ်) ။
ကိုရီးယားနိုင်ငံတစ်ဝှမ်းတွင် ၊ ကိုရီးယားရှေ့နေများအသင်း ဒေသဆိုင်ရာ ရုံးခွဲများရှိပြီး ၊ နိုင်ငံနှင့်အဝှမ်း နီးစပ်ရာရုံးများနှင့် ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းလည်း သိရသည် ။ ဒေသဆိုင်ရာ ရုံးခန်းများမှာ (ဤနေရာတွင်နှိပ်)


Sources:
-MWTV NEWS.
-www.koreanbar.or.kr

No comments: