“မလုပ်မပြော၊ လုပ်မှပြော၊ သဘောဖြူလှစေ။
အပြောသာချဲ့၊ အလုပ်မဲ့၊ ကဲ့ရဲ့မလွတ်ချေ။”
ပညာရှိသူတော်ကောင်းတို့ မိန့်ဆိုခဲ့သော အထက်ပါ လင်္ကာသည် အပြော နှင့် အလုပ်ကို ညီညွတ်မျှတစွာ ကျင့်သုံးတတ်ရန် နှလုံးသွင်းဖွယ် ကောင်းလှသည့် သဘောတရပ် ဖြစ်ပေသည်။
‘အပြော’နှင့်‘အလုပ်’တွင် မည်သည်က အရေးကြီးသနည်းဟု မေးအံ့။ သူ့တန်ဖိုးနှင့်သူ အရေးကြီးသည်ဟုပင် ဖြေရမည် ဖြစ်သည်။ အပြောချည်းသက်သက်သည် ဘာတန်ဖိုးမျှ မရှိနိုင်သလို အလုပ်ချည်း သက်သက်သည်လည်း တန်ဖိုးအပြည့် မရနိုင်ပေ။ အပြောနှင့်အလုပ်ကို ညီညွတ်မျှတစွာ ကျင့်ဆောင်တတ်မှသာ နှစ်လိုဖွယ်ရှိသော တန်ဖိုးကို ပြည့်ပြည့်ဝဝ ရနိုင်မည် ဖြစ်သည်။
‘ဒီလူကတော့ လေပါကွာ’ ‘ဟာ သူပြောသလိုတော့ လူတိုင်း ပြောတတ်တာပေါ့’ စသည့် စကားမျိုးကို နေရာဒေသ၊ အချိန်အခါ၊ အသက်အရွယ်၊ ဝန်းကျင်မျိုးစုံမရွေး ကြားရတတ်သည်။ ဆိုလိုသည်မှာ လောကတွင် ‘အပြောသမား’တွေက များတတ်သည် ဟူလို။ နေရာတကာတွင် ဟိုစပ်စပ် ဒီစပ်စပ် ဝင်တို့တတ်သော ‘အတောသမား’၊ ကိစ္စကြီးငယ်မဟူ ဆိုင်မဆိုင် သိမသိ ဝင်ပါတတ်သော ‘အပြောသမား’၊ လူထူထူရှိလျှင် ဟန်ရေးပြလျက် ကျက်မှတ်ထားသမျှကို ပြန်ရွတ်တတ်သော ‘အဟောသမား’၊ ဘယ်သူက ဘာပြောပြော ဘယ်က ဘာကြားကြား သံယောင်လိုက်၍ ထောက်ခံတတ်သော ‘အဖောသမား’၊ နှမ်းတလုံး နှာတဖျား စကားတင်စီး ကြွားဝါ၍ အနိုင်လိုချင်တတ်သော ‘အကျောသမား’၊ သူတပါးအပြစ်ကို ရှေ့တန်းတင်၍ ဆန့်ကျင်ကန့်လန့် အမြဲတိုက်တတ်သော ‘(စောဒက)အစောသမား’၊ သဘောအနက်ကို ဂရုမထား ပြက်ရယ်ပြုရလျှင် ကျေနပ်နေတတ်သော ‘အသောသမား’ စသည်တို့မှာ အလုပ်မပါ အပြောသက်သက် သမားများချည်း ဖြစ်ကြပေသည်။
ထိုသို့ အပြောသမား ဖြစ်မသွားစေရန် ‘မလုပ်မပြော၊ လုပ်မှပြော’ဟု သတိပေးထားခြင်း ဖြစ်သည်။ မိမိ မလုပ်နိုင်သည်ကို, မလုပ်သည်ကို မပြောဘဲ လုပ်သလောက်ကိုသာ ပြောရမည်ဟု ဆိုလိုသည်။ လုပ်သလောက်ကို ပြောရာတွင်လည်း ‘သဘောဖြူလှစေ’ဆိုသည့်အတိုင်း ရိုးသားဖြူစင်ရမည်ဟု သတိပေးထားသည်။ မှန်ပေသည်။ ရိုးသားမှု ရှိမှသာ လုပ်သလောက် ပြောသူ ဖြစ်ပေမည်။ စိတ်မနောက ဖြူစင်ရိုးသားသူ မဟုတ်လျှင် ဘယ်လိုနည်းနှင့်မျှ အပြောနှင့်အလုပ် ထပ်တူကျနိုင်မည် မဟုတ်ချေ။ ထို့ပြင် ရိုးသားဖြူစင်မှု မရှိလျှင် ပကတိ မှန်ကန်သောစကားတို့ ဖြစ်လာမည် မဟုတ်ဘဲ အတ္တ မာန ဒေါသ လောဘ တရားတို့ လွှမ်းမိုးနေမည်သာ ဖြစ်ပေမည်။ ထို့ကြောင့် ရိုးသားဖြူစင်စွာ လုပ်ကိုင်၍ ထိုလုပ်သည့်အတိုင်းပင် ရိုးသားဖြူစင်စွာ ပကတိအတိုင်း ပြောရမည် ဖြစ်သည်။
‘ကျုပ်တို့တော့ ပြောမနေချင်ဘူး၊ ထ ပဲလုပ်ပစ်လိုက်ချင်တယ်’‘ဒီလူက စကားတလုံးမှ မပြောဘူး၊ တကုပ်ကုပ်နဲ့ လုပ်နေတာပဲ’ ဆိုသည့် စကားမျိုးမှာ အလုပ်ကို ဦးစားပေးသူတို့အား ရည်ညွှန်းသော စကားများ ဖြစ်သည်။ အလုပ်ကို ဦးစားပေးခြင်းသည် ကောင်း၏။ သို့သော် မပြောဘဲ နေခြင်းကမူ မကောင်း။ မပြောဘဲ နေလိုက်လျှင် မိမိ လုပ်သည်ကို ပြင်ပက မသိနိုင်။ မသိလျှင် နားလည်မှု လွဲတတ်သည်။ မပြောဘဲထားလျှင် အကျိုးဖြစ်မှု နှောင့်နှေးတတ်သည်။ တန်ဖိုးအပြည့်ရရန် ခက်ခဲတတ်သည်။ ‘သိသူဖော်စား’ လူလည်သမားများက ကွက်ကျော် ရိုက်သွားတတ်သည်။ ထို့ကြောင့် အလုပ်ကို အမှန်တကယ် လုပ်ဆောင်ရန် အရေးကြီးသလို မှန်ကန်တိကျစွာ အသိပေးပြောဆိုရန်လည်း အရေးကြီးပေသည်။
လူတဦးချင်းဖြစ်စေ၊ အဖွဲ့ အသင်းအပင်းလိုက်ဖြစ်စေ အပြောတွေကသာ များနေပြီး တကယ်လုပ်ဆောင်မှုက နည်းနေလျှင် လောကက ကဲ့ရဲ့ခြင်းဖြင့် တုံ့ပြန်တတ်၏။ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း သဘောနှစ်ရပ်သည် တပြိုင်နက် ဒွန်တွဲ ပေါ်လာတတ်သည်ဖြစ်၍ ထိုစကား အခြင်းအရာတို့နှင့် ကြုံလာရတိုင်း မိမိကိုယ်ကိုယ် ဦးစွာပထမ ဆန်းစစ် ကြည့်သင့်ပေသည်။ အလုပ်တွေက မှန်ရဲ့လား။ အပြောတွေက မှန်ရဲ့လား။ မနောကကော ဖြူရဲ့လား။ လုပ်သလောက် ပြောတာကော ဟုတ်ရဲ့လား။ စသဖြင့် မိမိကိုယ်ကိုယ် သေချာစေ့ငု မေးမြန်းစိစစ်ကြည့်ရမည် ဖြစ်သည်။
ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတွင် ပညာရှိသူတော်ကောင်းတို့၏ ချီးမွမ်းကဲ့ရဲ့ခြင်းနှင့် သူမိုက်တို့၏ ချီးမွမ်းကဲ့ရဲ့ခြင်းဟူ၍ ရှိ၏။ “သူမိုက်တို့၏ ချီးမွမ်းခြင်းသည် ဒဏ်ခတ်ခြင်းမည်၏။ ပညာရှိတို့၏ ချီမွမ်းခြင်းသည်သာ ကောင်းစွာ ချီးမွမ်းသည်ဟု ဆိုအပ်၏” ဟု လောကနီတိကျမ်းက ဆိုသည်။
သူမိုက်တို့၏ ချီးမွမ်းကဲ့ရဲ့ခြင်းမှာ ဖြူစင်သောစေတနာ, နက်နဲသော အသိဉာဏ်မှ ပေါက်ဖွား လာခြင်း မဟုတ်ဘဲ၊ ပျက်စီးစေလိုသော စေတနာ, နုံနဲ့သော အသိဉာဏ်မှ ပေါက်ဖွားလာခြင်း ဖြစ်သည်။
ပညာရှိ သူတော်ကောင်းတို့၏ ချီးမွမ်းကဲ့ရဲ့ခြင်းမှာ ကောင်းကျိုးကို လိုလားသောစေတနာ, နက်နဲသော အသိဉာဏ်မှ ပေါက်ဖွားလာခြင်းဖြစ်၍ ကဲ့ရဲ့ပြစ်တင်စကား ဖြစ်သော်ငြား ထိုစကားကို နှလုံးသွင်းဆင်ခြင် ပြုပြင်လျှင် ကောင်းကျိုးကို ခံစားရနိုင်မည် ဖြစ်သည်။
သူမိုက်တို့၏ ကဲ့ရဲ့ပြစ်တင်စကားမှာမူ ရုန့်ရင်းကြမ်းတမ်း သိမ်ဖျင်းသော စကားတို့သာဖြစ်၍ မည်သည့် ကောင်းကျိုးကိုမျှ ရရှိနိုင်ပေ။
မလုပ်မပြော၊ လုပ်မှပြော၍ သဘောဖြူအောင် ကျင့်ကြံနေသူများသည် မိမိအကျိုး, လောကအကျိုးအတွက် တန်ဖိုးရှိအောင် လုပ်ဆောင်နေထိုင်သူများ ဖြစ်သည်။ အပြောသာချဲ့ အလုပ်မဲ့သူများသည် မိမိအကျိုး လောကအကျိုးကို အမှန်တကယ် သယ်ပိုးနိုင်သူများ မဟုတ်ဘဲ အပြောသမား သက်သက်များသာ ဖြစ်သည်။
ထိုသူများ၏နောက်မှ ကဲ့ရဲ့ခြင်းသည်လည်း အစဉ်လိုက်နေမည်သာ ဖြစ်သည်။
စင်စစ် သူတပါးကို အကျိုးမဲ့ ကဲ့ရဲ့တတ်သူများသည် မိမိကိုယ်တိုင်လည်း ‘အပြောသာချဲ့ အလုပ်မဲ့’သူများထဲတွင် ပါဝင်နေသည်ကို သတိပြုမိရန် လိုအပ်ပေသည်။ အကျိုးမဲ့ ကဲ့ရဲ့ခြင်း၌ ကျွမ်းကျင်လိမ္မာသူများသည် မိမိကိုယ်ကိုယ် ‘ထင်တလုံး’ ရောက်နေသူများသာ ဖြစ်၍ လောကအပေါ် တစုံတရာ အကျိုးပြုနိုင်သူများကား မဟုတ်ကြချေ။
လူတိုင်းလူတိုင်း အသင်းအဖွဲ့တိုင်းအဖို့ မိမိတို့ ယုံကြည်ရာနေရာ၌ ရပ်တည်လျက် သူတပါးကို မထိခိုက်စေဘဲ လွတ်လပ်စွာ လှုပ်ရှားရှင်သန်ရခြင်း သည်ပင်လျှင် လူ့ဘဝ၏ အနှစ်သာရ ဖြစ်ပေသည်။ အမှားအမှန်၊ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အချစ်အမုန်း၊ အရှုံးအနိုင်တို့သည် ထာဝစဉ် ဒွန်တွဲနေမည်မှာ ဓမ္မတာ။
လောကကောင်းကျိုးကို လိုလားသော ပညာရှိသူတော်ကောင်းများ ရှိသကဲ့သို့ လောကဆိုးကျိုးကို လိုလားသော ပညာမဲ့သူမိုက်တို့လည်း ရှိနေကြမည်မှာ ဓမ္မတာ။
ပညာရှိနှင့် ပညာမဲ့၊ သူတော်ကောင်းနှင့် သူယုတ်မာ၊ ဓမ္မနှင့် အဓမ္မတို့ အားပြိုင်နေခြင်းသည်ပင်လျှင် သမုတိလောက၏ အနှစ်သဘော ဖြစ်ပေသည်။ တနည်းဆိုသော် ဓမ္မနှင့် အဓမ္မတို့၏ အားပြိုင်မှုဆိုသည်မှာ ‘မလုပ်မပြော လုပ်မှပြော’သူနှင့် ‘အပြောသာချဲ့ အလုပ်မဲ့’ သူတို့၏ အားပြိုင်မှုလည်း ဖြစ်ပေသည်။
(၂၀၀၄ ဧပြီ ၁၅ ထုတ် ထောင်စုပြတင်း ဂျာနယ်တွင် အယ်ဒီတာ့စကား အဖြစ် ရေးသား ဖော်ပြခဲ့သော စာကို ပြန်လည်ဆန်းသစ် လိုက်ပါသည်။)
Sunday, September 27, 2009
အပြော နှင့် အလုပ်
Subscribe to:
Post Comments (Atom)
3 comments:
ကောင်းလိုက်တာဗျာ..
လူတိုင်းလူတိုင်းမှာ ရှိသင့်တယ်။
အပြောနှင့် အလုပ် ညီမျှနေတဲ့ လောကကြီးဖြစ်ရင် သိပ်ကောင်းမှာပဲဗျ။ တန်ဘိုးရှိတဲ့အချိန်တွေမှာ မိမိကိုယ်ကို တန်ဖိုးထားပြီး တန်ဘိုးရှိတဲ့ အလုပ်မျိုး လုပ်ကြရင် လူသာဓုခေါ် နတ်သာဓုခေါ်ဖြစ်မှာပါပဲ။ ဆရာတော် တစ်ပါးဆုံးမစကား မှတ်သား နာကြားဘူးတယ်။ တရားမှတ်တယ်ဆိုတာ ထိုင်မှတ်မှ၊စင်္ကြလျှောက်မှတ်မှ၊ရိပ်သာမှာ မှတ်မှ တရားမဟုတ်ဘူး။အိပ်ယာဝင်ခါနီးမှာ မှတ်ရတယ်တဲ့။ ငါဒီနေ့ တရားတာ လုပ်ခဲ့ လား မတရားတာ လုပ်ခဲ့လား။ တရားတာ လုပ်ခဲ့ရင် အဲဒီတရားပေါ်မှာ မှတ်စိတ်တင် ရှူပွားယူ၊မတရားတာ လုပ်မိခဲ့ရင် ဆင်ခြင်ပြီး နောက်မလုပ်ဖြစ်အောင် သတိထား ရှောင်ရှားတတ်ကြဖို့ ဟောဘူးတယ်။ ကိုယ်လုပ်တာ တရားသလား မတရားသလား ကိုယ် ကိုတိုင် ရှုမှတ် ဆင်ခြင်ကြဖို့ဆုံးမတာပါပဲ။ လူ့ဘောင်လောကထဲမှာ ရှင်သန်နေထိုင်ကြသူတွေအားလုံး တစ်ယောက်ထဲပဲ နေနေ၊အသင်းအဖွဲ့နဲ့ပဲ နေနေ တရားသဖြင့် နေကြရင် ပြဿနာ ဆိုတာ မရှိတော့ပါဘူး။ မတရားသဖြင့်နေကြလို့သာ ပြဿနာ တွေဖြစ်ကြတာပါ။
အခုလို သတိပေးစကားလေးတွေ ပြန်ဖေါ်ပြပေးတဲ့ အကိုကြီးကို ကျေးဇူးတင်ပါတယ်။
အော်... ဦးဏှောက်ကို သရေကွင်းနဲ့ ပစ်တဲ့နေရာများ ကိုဝင်းပေါ်မောင်တို့ တော်ပါပေရဲ့...။ တန်းနေတာပဲ...။
ဆရာပေါ်ရေ ဒီစာကတော့ အကြိမ်ကြိမ် ပြန်လည် သီဆိုရမယ့် တေးတစ်ပုဒ်လိုပါပဲဗျာ။ တကယ်တော့ လူဆိုတာကလည်း တရားသံလေးကြားရင် ကောင်းတဲ့စိတ်ကလေး ခဏတဖြုတ် ရှေ့ထွက်လာပြီး အမှားအမှန် ဆင်ခြင်သုံးသပ်နိုင်ကြပေမယ့် နည်းနည်းလေး ဝေးသွား၊အေးသွားတာနဲ့ အတ္တက သက်တော်စောင့်နေရာဝင်ယူ၊ ရှိခဲ့တဲ့ ဉာဏ်အသိလေးက တရံတခါ လင်းလက်ဖို့တောင် မေ့နေတဲ့ အချိန်တွေက များသဗျာ။ ဒီလိုအချိန်တွေမှာ ဆရာပေါ် ကျပ်ပူဝင်ဝင်တိုက်ပေးတာ သင့်တော်ကြောင်း ပြောလိုက်ပါရစေ။
Post a Comment