Friday, October 16, 2009

ခပ်ပါးပါး

ကဗျာအဟောင်းလေး တပုဒ်ပါ။ မော်ဒန်တွေ ဂန္ထ၀င်တွေကြားမှာ ထွေထွေရာရာ ပြောချင်ရင် ပြောရအောင်လို့ တင်ပေးလိုက်တာပါ။

အားလုံးဟာ
ခပ်ပါးပါးရယ်ပါ။

ပျစ်ပျစ်နှစ်နှစ်နဲ့
ဟစ်အော်ငိုတဲ့ ဇာတ်လိုက်မျိုး
သိပ်မကြိုက်တော့တာ အတန်ကြာပြီ။

လေးလေးတွဲ့တွဲ့
တစိမ့်စိမ့် စောင့်နားထောင်ရတဲ့
ဂန္ထဝင်ဂီတသံတွေက
ရင်ကိုမထိတာ နှစ်မနည်းတော့ပြီ။

ဘဝတွေ ဒဿနတွေနဲ့
ရက်ဖောက်ထားတဲ့ စကားလုံးတွေ
ဟိုးဝေးဝေးမှာ ဖုန်တက်နေခဲ့ပြီ။

အချစ်အလွမ်း အသစ်အဆန်းတွေကို
ဖျတ်ဖျတ်လတ်လတ် ခံစား
ပေါက်ကွဲမှုလှိုင်းတွေနဲ့ လိုက်ခုန်
ဟောဟို နောက်ဆုံးပေါ်ဘီယာထဲမှာ
အဓိပ္ပာယ်အသစ်တွေ ရှိတယ်
အားလုံးထက် မဦးရင်တောင်
နောက်မကျဖို့ အရေးကြီးတယ်။

အတုံးအတစ်တွေနဲ့ ဖော်စပ်တဲ့
မဖြစ်တဖြစ် ပြဇာတ်တွေက
အသစ်အသစ်တွေ များလှချည့်
အသွင်အမျိုးမျိုး ကွဲပေမယ့်
ဆင်တူရိုးမှားဆိုတာ
ဟောင်းနွမ်းသွားတဲ့အရာမှ မဟုတ်တာ
ခပ်ပါးပါးအဖြစ်တွေကို နားလည်ဖို့
ခပ်ပါးပါးသီအိုရီလောက်တော့ လိုမှာပေါ့
ခပ်ပါးပါးတွေနဲ့ အထာကျအောင်
ခပ်ပါးပါးတော့ ခံစားတတ်ရပေလိမ့်မယ်။ ။

၂ဝဝ၅-ဝ၇-ဝ၇

1 comment:

win latt said...

ခြေဖမိုးအထိလုံ
အိနြေ္ဓနဲ့ချုံ
အဲဒါ..အခုတော့ အမယ်အိုကြီးပုံ ပေါက်နေပြီ...။
မျက်လုံးကို ဒေါင့်ကပ်ကြည့်
မခို့တယို့ အကြည့်
ုခုခေတ်မှာ ဒါမျိုးမရှိ..။
မိန်းခလေးတို့ အိနြေ္ဓ
ရွှေပေးလို့မရ
ဂွကျကျ စကား..ခေတ်နောက်ပြန်သွားပြီ..။
ကျွန်တော်ကတော့
ခုဆို ခပ်ပါးပါးပဲ ကြိုက်တော့တယ်ဗျာ...။ ။