Monday, October 26, 2009

မောင်မျိုးညီညီထွေး၏ ဈာပနပြီးစီး

ကိုဝိုင်း(မိုးညှင်း)
အောက်တိုဘာ-၂၅ ၊ ဆောအူးလ်မြို့။
ကွယ်လွန်သူ မောင်မျိုးညီညီထွေး၏ ကြွင်းကျန်ရစ်သော အရိုးပြာများကို ယနေ့ညနေ ၃နာရီ ၃၅မိနစ်အချိန်တွင် အင်ချောန်မြို့တော် ပြည်သူ့ဗိမာန်တွင် စွန့်ကြဲပြီး ဈာပနအခမ်းအနားကို အပြီးသတ်လိုက်ကြောင်း သိရသည် ။
မောင်မျိုးညီညီထွေးသည် လွန်ခဲ့သော စက်တင်္ဘာလ ၁ ရက်နေ့က ကိုရီးယားသို့ ရောက်ရှိလာခဲ့ပြီး ၊ ပဏာမအလုပ်ခွင်ဝင်သင်တန်းတက်ရောက်ပြီးနောက် ၊ အင်ချောန်မြို့တော် ဘူဖြောင်းမြို့ ၊ ဂွါဂျာဒုံရပ်ကွက်ရှိ ဒယ်ယောင်းဂျောင်မီးလ် (Dae-yeong Jeong-mil) စက်ရုံသို့ စက်တင်္ဘာလ ၄ ရက်နေ့တွင်ရောက်ရှိခဲ့ကြောင်း ၊ စက်တင်္ဘာလ ၅ ရက်နေ့မှ စတင်အလုပ်ဝင်ခြဲု့ပီး ၊ အောက်တိုဘာလ ၇ ရက်နေ့ထိ အလုပ်လုပ်ခဲ့ကြောင်း ၊ ၈ ရက်နေ့တွင် ကိုယ်အပူချိန်အနည်းငယ်ရှိပြီး နှာစေးချောင်းဆိုးဖြစ်သဖြင့် ရပ်ကွက်အတွင်းရှိ ဆောင်းမင်ဆေးရုံ(Seong-min) တွင်ပြင်ပလူနာအဖြစ် ပြသခဲ့ကြောင်း ၊ မသက်သာသဖြင့် ၉ ရက်နေ့တွင် ထပ်မံပြသရာ ဆေးရုံတက်ခိုင်းခဲ့ကြောင်း ၊ ဆေးရုံမှ တုတ်ကွေးအသစ်ဟုယူဆပြီး ၊ စက်ရုံမှ လုပ်ဖော်ကိုင်ဖက်များကိုလည်း ဆေးစစ်ဆေးမှုရှိခဲ့ကြောင်း ၊ အခြားလုပ်ဖော်ကိုင်ဖက်များတွင် ရောဂါပိုးမတွေ့ရှိရကြောင်း ၊ ဆေးရုံမှတာဝန်ရှိဆရာဝန်များအနေဖြင့် လူကြီးရောဂါဖြစ်ပြီး အစာမစားနိုင်ခြင်းဖြစ်ကြောင်း အနည်းငယ်ကုသမှုခံယူပြီးပျောက်ကင်းသွားမည်ဟု ပြောကြောင်း သိရသည် ။ မောင်မျိုးညီညီထွေးအနေဖြင့် သက်သာမှုမရှိဘဲ ၊ ၁၄ ရက်နေ့တွင် အနေခက်ပြီး ယောက်ယက်ခတ်မှုများဖြစ်နေခဲ့ကြောင်း ၊ သက်ဆိုင်ရာ သူနာပြုက အိပ်ဆေးထိုးနှံခဲ့ကြောင်း ၊ ဆေးထိုးမှုခံယူပြီးနောက် ၊ ကိုယ်ခန္ဒာအနှံ့အပြားတွင် အနီရောင် အဖုအပိမ့် အကွက်များထွက်လာသည်ဟုဆိုသည် ။

သက်ဆိုင်ရာ ဆရာဝန်များက စိုးရိမ်ခြင်းမရှိရန်နှင့် ၊ ကိုယ်အပူရှိန်မြင့်တက်နေသဖြင့် ထိုကဲ့သို့ဖြစ်ကြောင်း မကြာမီကောင်းသွားမည်ဖြစ်ကြောင်း အားပေးစကား ပြောသည်ဟုဆိုသည် ။ ဆေးထိုးခံပြီးနောက် လူနာမှာ ငြိမ်သက်သွားခဲ့ကြောင်း ၊ ၁၈ ရက်နေ့တွင် ထပ်မံသတိလည်လာပြီး အိပ်ယာမှ ရုန်းထကာ ဂဏာမငြိမ်ဖြစ်နေသဖြင့် အိပ်ဆေးထပ်မံထိုးနှံခဲ့ကြောင်း ၊ ဘေးမှ ကိုရီးယားလူနာများက ဝိုင်းဝန်းပြီး ၊ မောင်မျိုးညီညီထွေးအား အထူးခန်းသို့ပို့ဆောင်ရန် သို့မဟုတ် ဆေးရုံပြောင်းပေးရန် ဆရာဝန်နှင့် စက်ရုံသူဌေးထံ တောင်းဆိုပေးမှုကြောင့် ဆေးရုံပြောင်းရန် စီစဉ်ခဲ့ကြောင်း သိရသည် ။
အခြားဆေးရုံသို့ ပြောင်းရွှေ့ကုသရန် ကြိုးစားခဲ့ရာ ၊ အင်ချောန်း ဂီးလ်အထွေထွေကုဆေးရုံကြီး (Gil General Hospital of Incheon) သို့ ဆက်သွယ်ခဲ့သည် ဟုဆိုသည် ။ ဂီးလ်ဆေးရုံကြီးတွင် နေရာလပ်မရှိသေးသဖြင့် ခေတ္တစောင့်ဆိုင်းရန် ပြောသဖြင့် စောင့်ဆိုင်းခဲ့ရပြီး ၊ ၁၉ ရက်နေ့တွင် ဆေးရုံတက်ခွင့်ရရှိခဲ့သည်ဟုဆိုသည် ။ အယ်လ်ထရာဆောင်းနှင့် ဓါတ်မှန်ရိုက်ခြင်းတို့ အပါအဝင် လိုအပ်သော စမ်းသပ်မှုများပြုလုပ်ခဲ့ရာ ၊ မျိုးညီညီထွေးသည် အသည်းတစ်ခြမ်းမရှိ ၊ အဆုပ်ပတ်လည်တွင် အစာအစအနများ တွေ့ရပြီး ရေဝင်ကာ ယောင်ယမ်းနေသည့်ပြင် ၊ အူပေါက်ပြဲနေကြောင်း စစ်ဆေး တွေ့ရှိရသည်ဟုဆိုသည် ။
သက်ဆိုင်ရာဆရာဝန်များ ညှိနှိုင်းဆုံးဖြတ်ချက်အရ အဆုပ်ကိုဦးစွာကုသရန်ကြိုးပမ်းကြရာ ၊ အဆုပ်မှသွေးများ အဆက်မပြတ် ထွက်လာသည်ဟုဆိုသည် ။ လေဆာဖြင့် ပိတ်ရန်ကြိုးစားသော်လည်း မအောင်မြင်ဘဲ ၊ သွေးများသွင်း၍ မလောက်ဖြစ်ခဲ့သည်ဟုဆိုသည် ။ ခွဲစိတ်ကုသရန် ကြိုးစားနေစဉ် ၂၁-ရက်နေ့နေ့လည် ၁၁ နာရီခန့်တွင် သေဆုံးသွားကြောင်း သိရသည် ။
ဆရာဝန်များအနေဖြင့်မူ မောင်မျိုးညီညီထွေးသည် A/H1N1 ရောဂါဖြင့် သေဆုံးခြင်းဖြစ်သည်ဟု မှတ်ချက်ပေးထားသည်ဟု ဆိုပါသည် ။
၎င်းအလုပ်လုပ်သော စက်ရုံမှာ ဓါတုဗေဒပစ္စည်းစက်ရုံ ဆိုသော်လည်း ၊ သတ္တုများကြေးချွတ်သည့် လုပ်ငန်းဖြစ်ကြောင်း ၊ စက်ရုံတွင် ဗီယက်နမ် အီးပီလုပ်သား လူခံ ၂ ဦးရှိနေပြီး ၊ စက်ရုံသို့ ၄င်းနှင့်အတူ ကိုချစ်ကိုဆိုသူ အခြားမြန်မာ ၁ ဦးတို့ အတူရောက်ရှိခြင်းဖြစ်ကြောင်းနှင့် အဆိုပါ လုပ်ဖော်ကိုင်ဖက်များမှာ ပကတိကျန်းမာစွာ ရှိနေကြကြောင်းသိရသည် ။
ဆေးရုံတက်နေစဉ်ကာလ ရွှေအင်းဝမှ ကိုယ်စားလှယ်နှင့် မြန်မာသံရုံးတို့မှ လည်းကောင်း ၊ ဘူချောန်းရွှေ့ပြောင်းအလုပ်သမားရိပ်သာမှ တာဝန်ရှိသူများကလည်းကောင်း လာရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားကါ ကူညီစောင့်ရှောက်မှုများပေးခဲ့သည်ဟု မောင်မျိုးညီညီထွေး၏ အစ်ကိုရင်းများဖြစ်ကြသည့် ကိုအောင်ကိုကိုဦးနှင့် ကိုသန်းထွန်းဦးတို့က ပြောသည် ။
မြန်မာအလုပ်သမားများအရေးစိတ်ပါဝင်စားသော အင်ဂျီအိုများကမူ ၊ ရောဂါဇစ်မြစ်အမှန်တွေ့ရှိရေး ကြိုးပမ်းနေကြကြောင်း ၊ မျိုးညီညီထွေးသည် အရက်သေစာ ဆေးလိပ်စသည်များ သုံးစွဲသူ မဟုတ်ကြောင်း ၊ မြန်မာပြည်မှာလည်း ဆေးစစ်ဆေးခဲ့ရာ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ၊ ကိုရီးယားရောက်ပြီးချိန်တွင်လည်း အီးပီအက်စ်ဥပဒေနှင့်အညီ ဆေးစစ်ဆေးမှုခံယူခဲ့ရာ အလုပ်လုပ်ရန်ကောင်းမွန်သည့်ကျန်းမာရေးအခြေအနေတွင်ရှိသူဖြစ်ကြောင်း ၊ အလုပ်ခွင်တွင် တစ်လခန့်အလုပ်လုပ်ပြီး ယခုကဲ့သို့သော ဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းမှာ အလုပ်ခွင်ကြောင့်ရရှိသော အန္တရာယ်ကြောင့်သာ ဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်ပြောဆိုနေကြကြောင်းလည်း သိရသည် ။
စက်ရုံသူဋ္ဌေးကမူ မောင်မျိုးညီညီထွေး၏ ဆေးကုသစရိတ်များနှင့် ဈာပနစရိတ်တို့ကို ရာနှုန်းပြည့်ကျခံပေးမည်ဖြစ်ကြောင်းနှင့် ၊ အာမခံဌာနမှ သင့်တင့်မျှတသော လျော်ကြေးငွေရရှိရေး ပူးပေါင်းကြိုးပမ်းပေးမည်ဟု ပြောကြောင်း သိရသည် ။
ဈာပနမှတ်တမ်းမှာ-

No comments: