Tuesday, November 29, 2011

အီးပီအသစ် အီးပီအဟောင်းနှင့် ဗီဇာသက်တမ်းပြဿနာများကို တူးဖော်ကြည့်ခြင်း

တစ်ခုခုတော့မှားနေပြီ
ခုတလော တိုင်ပတ်ခဲ့သူတွေ နောက်ထပ် ၂ နှစ်ရမလား ။ ၃ နှစ်ထပ်ရမလားဆိုတဲ့ မေးခွန်းတွေ ထပ်နေသဗျ ။ အကြမ်းဖြင်းအားဖြင့် တိုင်ပတ်ရရင် ၃ နှစ် ထပ်ရမယ် ။ တိုင်မပတ်ရရင်တော့ ၅ နှစ်ဆက်တိုက်ရမယ်လို့ ဖြေခဲ့ပါတယ် ။
တိုင်ပတ် ၊ ၃လနေ ပြီး ပြန်လာတဲ့ မြန်မာအလုပ်သမားတစ်ဦးကို သူဌေးက “မင်း ဗီဇာ နောက်ထပ် ၁နှစ်နှင့် ၉လ ပဲ ရမယ်” လို့ ပြောသတဲ့ ၊ “ရုံးကစာဝင်လာလို့တဲ့” (ဘယ်ရုံးလဲတော့ မသိပါ ။)
သူ့ရဲ့ မူလ ပြည်ဝင်ရက် ၊ ဗီဇာကုန်ရက်တို့ကို ကျနော် မမေးမိခဲ့ပါ ။
တစ်ခုခုမှားနေတာတော့ သေခြာနေပြီ ။
တိုင်ပတ်ဖို့မလိုတဲ့ ဥပဒေပြင်ဆင်ချက်အသစ်ကို မှားနိုင်တာ ၁ ခုက ၊ သူဌေးက မလိုအပ်ဘဲ တိုင်ပတ်ခိုင်းခဲ့လေသလား ။
နောက်မှားနိုင်တာ ၁ ခုက ၊ သူဌေးက ဥပဒေပြဋ္ဌားန်းချက်ကို အယူအဆမှား ၊ အတွက်မှားပြီး ပြောလေသလား ။
အခု ပြဿနာကအထူးအဆန်း ဖြစ်နေလို့ အီးပီအသစ်နှင့် အီးပီအဟောင်း ဗီဇာသက်တမ်း ပြဿနာကို ပြန်ပြီး စီစစ်ကြည့်မိပါတယ် ။

အီးပီအဟောင်း နှင့်အသစ်
နိုင်ငံခြားသား အလုပ်သမား ငှားရမ်းခွင့် စသည်များဆိုင်ရာဥပဒေ (외국인근로자의 고용 등에 관한 법률 ) ပြင်ဆင်ချက်ကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဥပဒေအမှတ် ၉၇၉၈ (법률 제9798호) အဖြစ် ထုတ်ပြန်ခဲ့တာပါ ။
၂၀၀၉ ခုနှစ် ဒီဇင်္ဘာ ၁၀ ရက်နေ့မှာ အသက်ဝင်တဲ့အပိုင်းနှင့် ၊ ၂၀၁၀ ပြည့်နှစ် ဧပြီ၁၀ ရက်နေ့မှာ အသက်ဝင်တဲ့အပိုင်းဆိုပြီး ၂ပိုင်းကွဲနေပါတယ် ။
တိုင်ပတ်ဖို့ လိုမလို ကိစ္စကတော့ ပထမပိုင်းမှာ အကျုံးဝင်ပါတယ် ။
ဥပဒေကပြောတာကတော့ -
/2009. 12.10일 이후’ ‘사용자의 재고용 허가 요청이 있는 경우’부터 적용함 (개정 법률 부칙 제3조)/
“ ၂၀၀၉ခုနှစ် ဒီဇင်္ဘာလ ၁၀ ရက်နောက်ပိုင်း ၊ အလုပ်ရှင်က ပြန်လည်ငှားရမ်းလိုကြောင်း လျှောက်ထားသည့်အချိန်မှ အစပြု၍ အကျုံးဝင်သည်” လို့ ဆိုထားပါတယ် ။
နောက်သတိပြုစရာ ပြဋ္ဌာန်းချက်တစ်ခုက-
/외국인고용법 시행규칙상 ‘재고용 신청’은 ‘취업기간 만료 90일전부터 30일전까지 신청‘ 하여야 함/
“ ပြန်လည်ငှားရမ်းခွင့်လျှောက်လွှာကို ၊ မူလအလုပ်စာချုပ်သက်တမ်း မကုန်မှီ ရက်ပေါင်း ၉၀မှ ရက်ပေါင်း ၃၀ မတိုင်မှီကြား (ရက်ပေါင်း ၆၀ကာလတာ) အတွင်း လျှောက်ထားရမည် ”ဆိုတဲ့ ပြဋ္ဌာန်းချက်ပါ ။

အဓိကကျတဲ့ ပြဋ္ဌာန်းချက်
ဒီမှာ အရေးကြီးတဲ့အချက်က ၊ အလုပ်သမားရဲ့ ဗီဇာကုန်တဲ့ရက်က အဓိကမကျဘဲ ၊ အလုပ်ရှင်က ပြန်လည်ငှားရမ်းခွင့်ပြုချက် လျှောက်ထားတဲ့ ရက်က အဓိကကျနေတာကိုတွေ့ရမှာဖြစ်ပါတယ် ။

အလုပ်ရှင်က ပြန်လည်ငှားရမ်းခွင့်ရတဲ့နေ့ဟာ ၂၀၀၉ ခုနှစ် ဒီဇင်္ဘာလ ၁၀ရက် နောက်ပိုင်း ဖြစ်တယ်ဆိုလျင် ၊ အလုပ်သမားဟာ တိုင်ပတ်စရာမလိုဘဲ နောက်ထပ် ၂ နှစ် (မူလ ၃နှစ်နှင့် ပေါင်းလျင် စုစုပေါင်း ၅ နှစ်) ဆက်တိုက် အလုပ်လုပ်ခွင့်ရရှိမှာပါ ။
၂၀၀၉ ခုနှစ် ဒီဇင်္ဘာလ ၁၀ ရက်မတိုင်မှီ ထပ်မံငှားရမ်းခံရတဲ့ အလုပ်သမားတွေကတော့ တိုင်ပတ်ဖို့လိုပြီး ၊ နောက်ထပ် ၃ နှစ် ထပ်မံအလုပ်လုပ်ခွင့်ရရှိကြမှာပါ ။

ပြန်လည်ငှားရမ်းခွင့် ဘယ်တုန်းကလျှောက်ထားခဲ့သလဲ
ဒီတော့ - အလုပ်သမားဗီဇာကုန်ရက်နှင့်တွက်ပြီး ပြောကြကြေးဆိုလျင် -
/현재 외국인고용법 시행규칙상 ‘재고용 신청’은 ‘취업기간 만료 30일전까지 신청‘ 하여야 하므로 2009.12.10 이후 재고용 신청부터 개정법을 적용할 경우 결과적으로 ‘재고용시 출국 없이 계속 근무’하도록 하는 개정 법률은 2010.1.9 체류기간 만료자부터 적용됩니다./
ပြန်လည်ငှားရမ်းခွင့်လျှောက်ထားခွင့်သည် ဗီဇာမကုန်မှီ ရက် ၃၀ အတွင်း လျှောက်ထားရမှာ ဖြစ်တဲ့အတွက် ၊ ၂၀၀၉ ခုနှစ် ဒီဇင်္ဘာလ ၁၀ ရက်မှ နောက် ၂၉ ရက်တာ (၂၀၁၀ပြည့်နှစ် ဇန္နဝါရီ ၉) ကာလအတွင်း ဗီဇာကုန်မည့်သူများက တိုင်ပတ်ရမည့်သူများစာရင်းဝင်ဖြစ်သွားပါတယ် ။

နောက်မွေးတဲ့သူက မောင်ဦး
ဒါပေမယ့် ၊ ဗီဇာကုန်ရက်မတိုင်မှီ ရက်ပေါင်း ၉၀အလိုမှ အစပြုပြီး ပြန်လည်ငှားရမ်းခွင့် စတင် လျှောက်ထားနိုင်ခွင့်လည်း ရှိနေပြန်တဲ့အတွက် ပြန်လည်ငှားရမ်းခွင့်ကို စောစောစီးစီး လျှောက်ထားခဲ့မည်ဆိုလျင်၂၀၁၀ ပြည့်နှစ် ဇန္နဝါရီ ၉ ရက် နောက်ပိုင်း ရက်ပေါင်း ၆၀ ကာလ (မတ်လ ၁၁ ရက်) အတွင်း ဗီဇာကုန်ရက်ဖြစ်သော်လည်း ၊ တနည်းအားဖြင့် အလုပ်ရှင်က ၂၀၀၉ခုနှစ် ဒီဇင်္ဘာ ၁၀ရက်နေ့ မတိုင်မှီ ကတည်းက ပြန်လည်ငှားရမ်းခွင့်လျှောက်ထားခဲ့တယ်ဆိုလျင် အဲဒီအလုပ်သမားဟာ တိုင်ပတ်ဖို့လိုပြီး ၊ ပြန်လာလျင် နောက်ထပ် ၃ နှစ်ထပ်ရမှာဖြစ်ပါတယ် ။
ဥပမာအားဖြင့် ၊ ယုတ္တိရှိရှိ (Logically) စဉ်းစားကြမယ်ဆိုပါစို့ ။
ဇန္နဝါရီ ၁၀ ရက်နေ့မှာ ဗီဇာကုန်မယ့် အလုပ်သမားတစ်ဦးအတွက် ပြန်လည်ငှားရမ်းခွင့်ကို သူ့ သူဌေးက ၂၀၀၉ ခုနှစ် ဒီဇင်္ဘာလ ၁၁ ရက်နေ့မှာမှ လျှောက်ထားမိလိုက်လို့ တိုင်ပတ်ဖို့မလို (မလို) တဲ့သူ အီးပီအသစ် အကျုံးဝင်သူ ဖြစ်နေနိုင်ပေမယ့် ၊ ၂၀၁၀ပြည့်နှစ် မတ်လ ၁၁ ရက်နေ့မှာမှ ဗီဇာကုန်မယ့် အခြား အလုပ်သမားတစ်ဦး ကတော့ သူ့အလုပ်ရှင်က ပြန်လည်ငှားရမ်းခွင့်လျှောက်လွှာကို ရက်၉၀ ကြိုပြီး စောစောစီးစီး (၂၀၀၉ ခုနှစ် ဒီဇင်္ဘာလ ၁၀ ရက်မတိုင်မှီ) လျှောက်ထားခဲ့မယ် ဆိုလျင် ၊ အဲသည် နောက်မှ ဗီဇာကုန်မယ့် အလုပ်သမားဟာ တိုင်ပတ်ဖို့လိုတဲ့သူ အီးပီအဟောင်းနှင့် ဆိုင်တဲ့သူ ဖြစ်သွားပါလိမ့်မယ် ။


အရှုပ်ထုပ်မော်ကွန်းဝင်များ
ဒီတော့ ၂၀၁၀ပြည့်နှစ် ဇန္နဝါရီ ၉ ရက်နေ့မှ ၂၀၁၀ပြည့်နှစ် မတ်လ ၁၁ ရက် (ရက်ပေါင်း၆၀ကာလ) အတွင်း ဗီဇာကုန်မည့်သူများဟာ အလုပ်ရှင်ရဲ့ ပြန်လည်ငှားရမ်းခွင့် လျှောက်ထားရက်အပေါ်မူတည်ပြီး တိုင်ပတ်ရန်လိုမလို ၊ နောက်ထပ် ဗီဇာ ၂ နှစ်ထပ်ရမလား ၃နှစ် ထပ်ရမလားဆိုတဲ့ အရှုပ်ထုပ် စာရင်းဝင်သူများ ဖြစ်လာပါတယ် ။

ဒီတော့ တိုင်ပတ်ဖို့လိုမလို ၊ နောက်ထပ် ၃ နှစ်ရမရ ၊ အီးပီအသစ်နှင့် အကြုံးဝင်သလား အီးပီအဟောင်းပဲလားဆိုတဲ့ ပြဿနာဟာ ၊ ၂၀၁၀ ဇန္နဝါရီ ၉ ရက်နေ့မှ ၂၀၁၀ မတ်လ ၁၁ ရက်အကြားဗီဇာ ကုန်မယ့် အလုပ်သမားများအဖို့ ၊ မိမိတို့ဗီဇာကုန်ရက်က အဓိကမကျဘဲ ၊ မိမိအား ငှားရမ်းမည့် အလုပ်ရှင်က ပြန်လည်ငှားရမ်းခွင့် (Re-employment Permit) ကို ၂၀၀၉ ခုနှစ် ဇန္နဝါရီလ ၉ ရက်နေ့မတိုင်မှီ လျှောက်ထားရဲ့လား ဆိုတဲ့ အချက်ပေါ်မူတည်နေတာကို တွေ့ရမှာဖြစ်ပါတယ် ။

ကျုပ်တို့ကတော့ အသစ်စက်စက်ဗျ
၂၀၁၀ပြည့်နှစ် မတ်လ ၁၁ ရက်နောက်ပိုင်း ဗီဇာကုန်မည့်သူများကတော့ ၊ တိုင်ပတ်ဖို့မလိုတာ ရှင်းနေတယ် ။ ခင်ဗျားတို့ က အီးပီအသစ်နှင့် လုံးဝအကျုံးဝင်တယ် ။ အသစ်စက်စက်တွေပေါ့ဗျာ ။

တိုင်ပတ်မှားခြင်းပြဿနာများ
ကိုယ်ဟာ တိုင်ပတ်ခဲ့ရပေမယ့် ဗီဇာ ၁နှစ်နှင့် ၉လပဲ ထပ်ရမယ်လို့ သူဌေးက အခိုင်အမာ ပြောနေတယ်ဆိုရင်တော့ ၊ တိုင်ပတ်ခဲ့ရတဲ့ ဖြစ်စဉ်ကို ပြန်စစ်ဖို့လိုပါလိမ့်မယ်လို့ အကြံပြုလိုပါတယ် ။ တိုင်ပတ်ခြင်းနှင့် ပတ်သက်ပြီး မှားခဲ့ကြတဲ့ ဖြစ်စဉ်တွေရှိခဲ့ဖူးပါတယ် ။
တိုင်ပတ်မှားခြင်း ပြဿနာလို့ပဲ ဆိုကြပါစို့ ။

တိုင်ပတ်မှားခြင်း(၁)
စက်ရုံမှာ နိုင်ငံခြားသားအလုပ်သမားတွေ အများကြီးပဲ။ ဗီဇာက တစ်ပြိုင်တည်းကုန်ကြမှာ ။ စက်ရုံမှာ အလုပ်ကရှုပ်နေတယ် ။ အနည်းဆုံး တစ်လ နေကြပြီးမှ ပြန်လာကြရမှာဆိုတော့ အလုပ်သမားအားလုံး အတူတူခွင့်ပေးလိုက်လို့မဖြစ်ဘူး ။ ဒီတော့ သူဌေးက အလှည့်ကျပြန်လွတ်မယ်ပေါ့ ။ တစ်ချို့စောစောပြန်ကြ ။ တစ်ချို့ကတော့ နောက်ကျမှ ဗီဇာကုန်ရက်ကပ်ပြီးပြန်ကြပေါ့ ။ စောစောပြန်ကြရတဲ့သူတွေက ဘာဖြစ်သလဲဆိုတော့ မူလဗီဇာကြီးကုန်တဲ့ရက် နှင့် ကပ်ပြီး ပြန်ရောက်လာကြတယ် ။ ဗီဇာသက်တမ်းအသစ်တိုးဖို့ လူဝင်မှုကြီးကြပ်ရေးဌာနရောက်တော့ ပြဿနာတက်ရော့ ။ ဥပဒေအရ ဗီဇာအသစ်ဟာ မူလဗီဇာကုန်ရက်နှင့်အနည်းဆုံးရက်ပေါင်း ၃၀ ကွာနေရမှာ ။ အခု ရက်၃၀ မခြားဘဲဖြစ်နေလို့ တိုင်၂ခါ ပြန်ပတ်လိုက်ရတဲ့ အဖြစ်မျိုးလည်း ရှိခဲ့ပါတယ် ။ မြောက်ဥက္ကလာပသား ကိုအောင်မျိုးဝင်း တိုင် ၂ခါ ပတ်လိုက်ရသတဲ့ဗျ ။

/တိုင်ပတ်ရခြင်းရဲ့ မူလဘူတ ရည်ရွယ်ချက်က နိုင်ငံခြားသားတစ်ဦးကို ကိုရီးယားမှာ ၅ နှစ်ထက်ကျော်ပြီး ၊ တရားဝင်မနေစေလိုတဲ့ သဘောပါ ။ တရားဝင် ၅ နှစ် ဆက်တိုက်နေပြီးလျင် ၊ အခြေခံဥပဒေအရရော ၊ နိုင်ငံသားပြုမှုဥပဒေအရပါ ကိုရီးယားနိုင်ငံသားအဖြစ် (နိုင်ငံသားပြုခွင့်) လျှောက်ထားခွင့်ရှိနေလို့ဖြစ်တယ်လို့ ဆိုပါတယ် ။ ကြိုတင်ကာကွယ်တဲ့သဘောပါ ။ /

တိုင်ပတ်မှားခြင်း(၂)
တိုင်ပတ်တာကြာနေလို့ အလုပ်ရှင်က အလုပ်ရုံပိတ်ရတော့မလိုဖြစ်ပြီး မစောင့်နိုင်လို့ ၊ တိုင်ပတ်နေတဲ့ အလုပ်သမားဗီဇာကို ရုပ်သိမ်း ၊ အခြားအလုပ်သမားအသစ် ထပ်ငှားလိုက်လိုက်လို့ ၊ ကိုပီတာလို တိုင်ပတ်ရင်း ကိုရီးယားကို ပြန်မလာရတော့တဲ့ အဖြစ်တွေလည်း ရှိခဲ့ဖူးပါတယ် ။

မျက်စိမှိတ်မယုံဘဲ ၊ အတည်ပြုချက်ယူထား
ဒီတော့ ကိုရီးယားသူဌေးက ပြောတယ်ဆိုတိုင်း မျက်စီမှိတ်ပြီး အမှန်လို့ ယူဆလို့မဖြစ်ကြောင်း တင်ပြလိုပါတယ် ။ ဟိုးအရင် ၂၀၀၄ ခုနှစ်က ကိုရီးယားသူဌေးပြောတာယုံမိလို့ နစ်နာသွားခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း အများကြီး ရှိခဲ့ဖူးတယ် ။ ကြုံရင် ပြောပြဦးမယ် ။

ကိုယ့်ဗီဇာ ၂ နှစ် ရမလား ၃ နှစ်ရမလား ၊ မရှင်းမရှင်း ဖြစ်နေရင် သက်ဆိုင်ရာကို မေးမြန်း အတည်ပြုချက်ယူထားရင် အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ် ။

ဒီလောက်ပါပဲ ။
လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)

1 comment:

ကိုဝိုင်း (မိုးညှင်း) said...

ကျနော်တို့က ၃ နှစ်ပြီးရင် တိုင်ပတ်ရမယ်ပြောတယ် ။ ဟုတ်လား ။ ကျနော်တို့က ၃ နှစ်လား ။ ၅ နှစ် (အချို့ ၆ နှစ်) ပြီးတော့ နောက် ထပ်ဗီဇာ ၂နှစ် ထပ်ရဦးမယ်လို့ သူဌေးကပြောတယ်ဆိုပြီး မေးကြလွန်းလို့ ပို့စ်အဟောင်းတွေ ရှေ့ကို ပြန်ယူထားတာပါဗျာ။
လေးစားမှုဖြင့်-
ကိုဝိုင်း