Thursday, November 19, 2009

အီးပီ ဥပဒေပြင်ဆင်ချက်(၂၀၀၉)ပါ သိမှတ်ဖွယ်ရာများ (ကောက်နှုတ်တင်ပြချက်)

လွန်ခဲ့တဲ့ စက်တင်္ဘာလမှာ အီးပီဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ် ။ ကိုကိုရွှေမြန်မာများ သို့လောသို့လော ဖြစ်နေကြရတဲ့ အချက်တွေရှိနေပါတယ် ။ ပြင်ဆင်ချက်ပါ မှတ်ဖွယ်ရာရာများကို ကောက်နှုတ် တင်ပြအပ်ပါတယ် ။
ပြင်ဆင်ချက်ပုဒ်မ(၂)ခု
၂၀၀၉ ၊ ဒီဇင်္ဘာ ၁၀ရက် နေ့ကစပြီး ၊ ပြင်ဆင်ချက်ဟာ အသက်ဝင်မှာပါ။ ပုဒ်မ ၂ ခုကို ပြင်ဆင်လိုက်တာပါ ။ ပုဒ်မ ၁၈ ၊ ပုဒ်မခွဲ(၂) အရ ၃နှစ်ပြည့်လျင် ၊ ကိုရီးယားမှ ခေတ္တပြန်ထွက်ပေးရန်မလိုတော့ဘဲ ဗီဇာ ထပ်တိုးခွင့်ရသွားပါတယ် ။ နောက် ပုဒ်မ ၂၅ အရ အလုပ်နေရာပြောင်းရွှေ့တဲ့ကိစ္စမှာ ပြင်ဆင်ချိန်(အလုပ်သစ်ရှာချိန်) ကာလ ၃ လရသွားတာပါ ။ အဓိကပြင်ဆင်လိုက်တာအဲဒါပါဘဲ ။ ( ကျန်တဲ့ ပြင်ဆင်ချက်များနှင့် ပြင်ဆင်ချက်ပါ ဆက်စပ် ညွှန်ကြားချက်များကတော့ နောင်နှစ် ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁၀ ရက်နေ့မှ အသက်ဝင်မယ်လို့ဆိုပါတယ် ။)

ဘယ်သူတွေအကြုံးဝင်
သည်ဥပဒေ ဘယ်သူတွေက စပြီး(အကြုံးဝင်)ခံစားခွင့်ရှိမလဲ ။ ဗီဇာသက်တမ်း အသစ်တိုးရမယ့်ကိစ္စကို ၊ ဗီဇာ(အဟောင်း) မကုန်မှီ ရက်၃၀ မတိုင်ခင် အပြီးလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကရှိနေတော့ ၂၀၁၀ပြည့်နှစ် ဇန်နဝါရီ ၉ ရက်နေ့ နောက်ပိုင်း ဗီဇာကုန်မယ့်သူတွေသာ အကြုံးဝင်ပါလိမ့်မယ် ။
တိုင်ပတ်လျင် ၃နှစ်ဟုတ်သလား
အခု အပြင်မှာဖြစ်နေကြတာတွေက ၊ အိမ်ပြန်(တိုင်ပတ်)ပြီးရင် ၃ နှစ်ထပ်ရမယ် ။ တိုင်မပတ်ရင် ၂ နှစ်ဘဲ ထပ်ရမယ် ဆိုပြီးဖြစ်နေကြပါတယ် ။ အမှန်က ကိုရီးယားက ပြန်ထွက်ပေးဖို့မလိုဘဲ ဗီဇာတိုးခွင့်ရသွားတာပါ ။ အရင် ၃ နှစ် တည်းခွင့်ပြုထားရာက ဆက်တိုက် ၅ နှစ်ခွင့်ပြုလိုက်တာပါပဲ ။ ၅ နှစ်မပြည့်ခင် အိမ်ပြန်ချင်ရင်တော့ ခွင့်ယူပြီးပြန်ဖို့ပါပဲ ။ တိုင်ပတ်ရင် ၃ နှစ်ရမယ်ဆိုပြီး ကိုယ့်အစီအစဉ်နှင့်ကိုယ် တိုင်ပတ်ချင်ရင်တော့ ပတ်လို့ရပါလိမ့်မယ် ။ ကိုရီးယားပြန်ရောက်မရောက်တော့ မပြောနိုင်ပါ ။
အလုပ်ပြောင်းရွှေ့ခွင့် ဘယ်နှကြိမ်ရပါ့မလဲ
အရင်ဥပဒေအဟောင်းအရ အလုပ်ပြောင်းခွင့် ၃ ကြိမ်ပေးထားပါတယ် ။ အခု တိုးပေးလိုက်တဲ့ သက်တမ်းအသစ် ၂နှစ် အတွင်း နောက်ထပ် ၂ကြိမ်ထပ်ရသေးတယ် လို့ဆိုပါတယ် ။ ပျမ်းမျှ ၁နှစ် ၁ကြိမ် အလုပ်ပြောင်းခွင့်ရတဲ့သဘောပါ ။ ဒါကြောင့် အလုပ်ပြောင်းရွှေ့ခွင့် ၅ ကြိမ်ဖြစ်သွားတဲ့သဘောပါ ။ ကိုယ့်ကြောင့်ပြောင်းရတာမဟုတ်ဘဲ ကံမကောင်းအကြောင်းမလှလို့ သူဋ္ဌေးဒေလီခံတာ ၊ လစာမရတာ ၊ လူ့အခွင့်အရေးချိုးဖောက်တာ စတဲ့ သူ့အပြစ်ကြောင့်ပြောင်းလိုက်ရတာတွေဆိုလျင် ဒီထက်ပိုရဦးမှာပါ ။
စာချုပ်သက်တမ်းကြိုက်သလိုချုပ်လို့ရတယ်ဆိုတာဟုတ်သလား
ပြင်ဆင်လိုက်တဲ့ဥပဒေအရ အလုပ်စာချုပ်သက်တမ်းကို အလုပ်ရှင်အလုပ်သမား ၂ဦး၂ဖက်သဘောတူကြလျင် ၃ နှစ်အထိ ချုပ်လို့ရတယ်လို့ဆိုပါတယ် ။ ကောင်းသလားမကောင်းဘူးလားဆိုတာကတော့ မပြောတတ်ပါ ။ အလုပ်အခြေအနေကို ဂဃနဏသေသေခြာခြာသိပြီးမှ ချုပ်သင့်တယ်လို့သဘောရပါတယ် ။ ကောင်းတာကတော့ ၁ နှစ် ၁ခါ ပြန်ချုပ်တာ အကောင်းဆုံးလို့ ထင်ပါတယ် ။
အလုပ်ရှာချိန် ၃လပြည့်သွားလို့ အလုပ်မရသေးလျင် အိုလိုက်ရတော့မလား
ပြင်ဆင်ချိန်(အလုပ်သစ်ရှာချိန်) ၃လပေးလိုက်တာကတော့ကောင်းတယ်လို့ဆိုရမှာပါ ။ ၃ လပြည့်ပြီး အလုပ်သစ် မရသေးရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ပြဿနာရှိလာလျင်တော့ (လုပ်နေကြအတိုင်း) ဆေးရုံတစ်ခုခုက ဆေးလက်မှတ်ယူပြီး ထပ်တိုးလို့ ရသေးသတဲ့ဗျ ။ (ဒါကတော့ဥပဒေမှာမပါပါ၊ ကြားဖူးနားဝရှိတာလေး လက်တို့ပြီးပြောလိုက်ရတာပါ။)

ကိုရီးယားရောက် ရွှေမြန်မာညီအစ်ကိုများ အစစအရာရာအဆင်ပြေကြပါစေဗျား။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
နိုဝင်္ဘာ ၁၉ ၊ ဆောအူးလ် ။
ရည်ညွှန်းချက်-
-AWN (No.268, Nov15,2009)

No comments: