Thursday, February 18, 2010

ဥပေက္ခာပြုလိုက်ပါ

ရေးသားသူ — သူသူအောင်

ရောခ့်ရေ…. ဘာလို့ ဒေါသထွက်နေမှာလည်း သူ့သမိုင်း သူရေးမှာပဲဟာ အကြံပေးသင့်တာပေး ပြောသင့်တာ ပြောပြပေါ့ မှားတာပြောပြလို့ လက်မခံဘူး ဆိုရင် ကြည့်နေလိုက်ပါ။ နိုင်ငံခြား.….အထူးသဖြင့် ကိုရီးယားမှာ အတွေ့အကြုံတွေကို တဦးနဲ့တဦး လက်ဆင့်ကမ်း လာခဲ့ရတာပါ ကျနော်တို့လည်း ကျနော်တို့ရှေ့က နောင်တော်တွေရဲ့ လုပ်ငန်းခွင် အတွေ့အကြုံ နေထိုင်သွားလာမှု အတွေ့အကြုံ ဘာသာစကား အတွေ့အကြုံတွေ ဒီလိုပဲ သင်ယူလာခဲ့ကြလို့ ခုလို အဆင်ပြေပြေ နေလာခဲ့နိုင်တာပါ။ ကိုယ်ဒီလို နေနေနိုင်တာ ကိုယ့်ရှေ့က နောင်တော့ နောင်တော်တွေရဲ့ လက်ဆင့်ကမ်းမှုကြောင့်ပါ။ ခုရောက်လာတဲ့ တီတွေကတော့ အရှင်မွေး နေ့ခြင်းကြီးချင် နေကြလေရဲ့ အဲဒါနဲ့ ပါတ်သက်လို့ ကျူးပစ်ထဲမှာ ဖတ်ဖူးတဲ့ ပုံပြင်တစ်ပုဒ် ပြောပြချင်တယ်။

ပုံပြင်ကိုအတိုချုပ် ပြောရရင်တော့ လူနှစ်ယောက် ငါးမျှားနေတယ်။ လူတယောက်က ရေကန်ကို လမ်းလျှောက်ပြီး ဖြတ်ကူးသွားတယ်။ နောက်တယောက်က မာနကြီးတခွဲသားနဲ့ သူတောင် ရေပေါ် လမ်းလျှောက်နိုင်တာ ငါဘာလို့မလျှောက် နိုင်ရမှာလဲဆိုပြီး ကန်ကိုဖြတ်ပြီး လမ်းလျှောက်ရအောင် ရေထဲခုန်ချတယ်။ တိုတို ပြောရင်ရေနစ်ရော အဲဒီမှာပဲ ခုနက ရေပေါ်လမ်းလျှောက်သွားတဲ့ လူက ဆင်းဆယ်ရတော့တာပေါ့။ ပြီးတော့မေးတယ် မင်းရေမကူးတတ်ပဲ ရေထဲ ဘာလို့ခုန်ချလဲပေါ့။ ရေနစ်တဲ့လူက ပြန်ဖြေတယ် မင်းတောင် ရေပေါ်လမ်းလျှောက်နိုင်တာ ငါလည်း ဘာလို့လမ်းမလျှောက် နိုင်ရမှာလည်း ဆိုပြီး ခုန်ချတာလို့ပြောတယ်။ အဲဒီတော့မှ ခုနက ရေပေါ်လမ်းလျှောက်သူက ငါကဒီကန်မှာ ငါးမျှားလာတာကြာပြီ။ ကန်ရေတက်နေပြီး ရေမြုပ်နေလို့ တံတားကို မမြင်နိုင်ပေမယ့် ဒီကန်မှာ ဟိုဖက်ဒီဖက် ဖြတ်ကူးထားတဲ့ တံတားရှိတယ်ဆိုတာ ငါသိတယ်။ မင်းကမသိပဲ ဘာလို့ ရေထဲလိုက်ခုန်ချတာလည်းလို့ အပြစ်တင် တော့တာပေါ။ ခုရောက်လာတဲ့ တီတွေလည်း ခုနက ပုံပြင်ထဲကလို တံတားရှိမှန်းမသိ ရေထဲခုန်ချပြီး ရေနစ်နေတဲ့ သူလိုဖြစ်နေပါအုံးမယ်။

အတွေ့အကြုံဆိုတာ ကိုယ့်ထက် တရက် စောသည်ဖြစ်စေ တလစောသည်ဖြစ်စေ တနှစ်စောသည်ဖြစ်စေ ကိုယ့်ထက် အရင်အတွေ့အကြုံ ရှိပြီးသားသူတွေ ဆီက သင်ယူလေ့လာရတာပါ။ တချို့အတွေ့အကြုံတွေ ဆိုရင်ကိုယ်တိုင် အမှားတွေနဲ့ရင်းပြီးမှ တွေ့ကြုံခဲ့ဘူးတဲ့ အတွေ့အကြုံတွေဟာ ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရပါ။ လက်ဆင့်ကမ်း သင်ယူတတ်ရင် အများကြီး အကျိုးရှိပါတယ်လို့ ပြောပြပေးပါ ရောခ့်ရေ…… ပြောမရရင်တော့လည်း တို့ မြန်မာစကားရှိတယ်လေ ......

ဥပေက္ခာပြုလိုက်ပါ။


Credit To MyanmarCupid.net

4 comments:

ဇေဇော် said...

ကိုသူသူအောင်ခင်ဗျာ…

အကိုတို့ ကိုရီးယားမှမြန်မာသတင်းများသရက်မှာ အခြားမိတ်ဆွေတွေ ပါဝင်ရေးသားဖို့ အကို မျှော်လင့်နေသလို ကျနော်တို့လည်း ဟန်းဂုရွာဘလော့ဂ်မှာ အကို့ကို ပါဝင်ရေးသားစေချင်တာပါ။ ကိုရီးယားမှ မြန်မာသတင်းများသရက်မှာ မကြာဖြူနဲ့ အကိုပဲ ဒိုင်ခံရေးသားနေရတာကို နားလည်ပြီးသားပါ။ ဒီပို့စ်ကို အကိုကိုလူချစ်က တင်လိုက်တော့ ဟန်းဂုရွာပရိတ်သတ်နဲ့ အကို့ကို မိတ်ဆက်ပေးချင်တဲ့ စေတနာကိုလည်း နားလည်မိပါတယ်။ ကိုရီးယားမှာ စာရေးတယ်ဆိုတာ အချိန်အများကြီးပေးရပါတယ်။ စာရေးဖို့ အချိန်ဘယ်လောက်ပဲ ပေးရ ပေးရ တစ်ပြားတစ်ချပ်မှ ရကြတာမဟုတ်ပါဘူး။ ကိုရီးယားမှာက ကိုယ့်ဘ၀ရဲ့အချိန်တွေကို ငွေနဲ့လဲနေရတာမျိုး မဟုတ်လား။ အလုပ်တစ်ဖက်နဲ့ မအားလပ်တဲ့ကြားက အချိန်ကို မရ ရအောင် ကြိုးစားပြီး၊ အိပ်ချိန်ကို လျှော့အိပ်ပြီးရေးရ၊ ထမင်းပန်းကန် ရှေ့ချပြီး ထမင်းစားရင်းရေးရ လုပ်ကြရတာ မဟုတ်လား။ တခါတခါ ၂၄နာရီ အလုပ်ဆင်းနေရတဲ့ကြားထဲကတောင် ရေးနေကြရတာပါ။ ဖတ်တဲ့သူအဖို့မှာသာ ၃၊၄ မီးနစ်လောက်ပေမဲ့ ရေးတဲ့သူအဖို့မှာ တခါတလေ တစ်ဘ၀စာ ဖြစ်နေတတ်ပါတယ်။ ရေးသူတစ်ယောက်အနေနဲ့ ကိုသူသူအောင့်ကို နားလည်ပြီးသားပါ။ ကျနော်ကိုယ်တိုင်လည်း မကြာဖြူတို့၊ ကိုသူသူအောင်တို့ရဲ့ စာတွေကို မကြာမကြာ လာလာဖတ်တတ်တဲ့သူပါ။ ကျနော်ကိုယ်တိုင်လည်း ကျနော့်ပို့စ်ကို တင်လိုက် ဖျက်လိုက် အကြိမ်ကြိမ် လုပ်ခဲ့တာပါ။ စာရေးတဲ့သူဟာ အမှန်တရားနဲ့ စာဖတ်သူကိုပဲ ငဲ့ကွက်သင့်တယ်လို့ ယုံကြည်လို့ နောက်ဆုံးမှာ တင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျနော် ဒီလိုမျိုးတွေ မရေးချင်ပါဘူး။ ဟန်းဂုရွာမှာလည်း မရေးဖို့ လုံးဝ ဆုံးဖြတ်ပြီးသားပါ။ ကျူးပစ်မှာလည်း မရေးပါဘူး။ အကို မတုန့်ပြန်ဘူးလို့ ပြောတာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ တုန့်ပြန်စရာ မလိုလို့ပါ။

ဇေဇော် said...

အကိုရေးခဲ့တဲ့ ပို့စ်တွေတော်တော်များများကို ကျနော် ဖတ်ဖူးပြီးသားမို့ အကို ဘာရေးတယ်၊ ဘာကို ဆိုလိုချင်တယ်ဆိုတာ ကျနော် သဘောပေါက်ပါတယ်။ ကျူးပစ်ရဲ့ ရေးဟန်နဲ့ ပို့စ်တွေရဲ့ အချိတ်အဆက်၊အရေးအသားဟာ ဟန်းဂုရွာက ပို့စ်တွေရဲ့ ရေးဟန်နဲ့ နည်းနည်းကွာခြားတယ်ဆိုတာ အကို ဖတ်ကြည့်ရင် သိမှာပါ။ ကျူးပစ်ပို့စ်တွေမှာ အချိတ်အဆက် ရှိပါတယ်။ ကိုလူချစ် တင်ပေးလိုက်တဲ့ပို့စ်မှာလည်း အချိတ်အဆက် ရှိနေပါတယ်။ ကိုလူချစ်က အကိုရေးတဲ့ပို့စ်ဟာ ကိုရီးယားနဲ့ ပတ်သက်နေလို့ ဟန်းဂုရွာဘလော့ဂ်မှာ တင်ပေးတာပါ။ အကို့လို စာရေးအားကောင်းတဲ့သူတစ်ယောက်အနေနဲ့ ဟန်းဂုရွာမှာလည်း အခါအားလျှော်စွာ ပါဝင်ရေးသားရင် ကောင်းမှာပဲဆိုတဲ့ စိတ်နဲ့ ဟန်းဂုရွာကနေ မိတ်ဆက်ပေးတာပါ။ ကိုလူချစ်စေတနာကို ကျနော် အပြည့်အ၀ နားလည်ပြီးသားပါ။ ဒါပေမဲ့ ဒီပို့စ်က ကုတ်လုပ်ထားတဲ့ ပို့စ်ပါ။ အချိတ်အဆက် ရှိနေပါတယ်။ သီးခြားပို့စ်ကို တင်လိုက်တာဆိုရင်တော့ အထူးပြောနေစရာ မလိုပါဘူး။ တခါတလေ ကျတော့လည်း ကုတ်လုပ်ထားတဲ့ ပို့စ်ပေမဲ့ သီးခြားတန်ဖိုးရှိနေရင်လည်း တင်တဲ့အခါ သူ့တန်ဖိုးနဲ့သူ လှနေပါတယ်။ အခုပို့စ်က ပုဂ္ဂိုလ်ရေးဆန်ဆန် ပြောတဲ့ပို့စ်ပါ။ ဒါပေမဲ့ ဒီပို့စ်မှာ သူ့ရဲ့ အချိတ်အဆက်တွေ ပျောက်နေတဲ့အခါကျတော့ စာဖတ်တဲ့သူအနေနဲ့ ထင်ယောင်ထင်မှား ဖြစ်စရာတွေ၊ နားလည်မှု လွဲမှားသွားနိုင်တဲ့ အပိုင်းတွေ ရှိနေတာကို အကို သတိထားမိမှာပါ။ ဟန်းဂုရွာပို့စ်မှာ ဖတ်ကြည့်ပါ။ ကျူးပစ်က ပို့စ်မှာ ဖတ်ကြည့်ပါ။ ဟန်းဂုရွာမှာ ကုတ်လုပ်ထားတာ မပါပါဘူး။ ကျူးပစ်က ကိုရီးယားမှ မြန်မာသတင်းများ သရက်ဟာ သတင်းဆိုပေမဲ့ သတင်းအရေးအသားမျိုးနဲ့ မရေးပဲ ရင်းနှီးခင်မင်ကြတဲ့ မန်ဘာမိတ်ဆွေအချင်းချင်း ရေးကြတဲ့ပုံစံမျိုး ရေးကြတာပါ။ ဒါကြောင့် ဒီပို့စ်ကို သီးခြားပို့စ်လိုမျိုး ဖတ်လိုက်ရတဲ့ ဟန်းဂုရွာကို အလည်လာကြသူတွေ ဖတ်မိတဲ့အခါ ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေအတွက် ကျနော်အမြင်ကို ကျနော် ရေးတာပါ။ အကို့ကို တုန့်ပြန်ရေးတာ လုံးဝ မဟုတ်ပါ။ တုန့်ပြန်ရေးစရာ အကြောင်းလည်း မရှိပါ။ ကိုယ်ယုံကြည်ရာကို ကိုယ်ရေးတာမို့ ဘာမှ ပြောစရာ အကြောင်းမရှိပါ။

ဇေဇော် said...

Quality ပို့စ်တွေကို ဖော်ပြပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ ကုတ်ပို့စ်တွေကိုတော့ မဖော်ပြသင့်ဘူးလို့ ထင်လို့ပါ။ နောက်ပြီး လူဟာ တစ်ယောက်ထဲဆို ပြဿနာလဲ နည်းပါတယ်။ လူများရင် ပြဿနာ များပါတယ်။ ဒါပေမဲ့ လူအများရဲ့ ရှေ့မှာ ဦးစီးဦးဆောင် လုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဉာဏ်ပညာကြီး၊ အမြော်အမြင်ရှိပြီး လူ့အဖွဲ့အစည်းကို အလေးအမြတ်ထားတဲ့အခါမျိုးမှာ အဲဒီ လူ့အဖွဲ့အစည်းဟာ ပြဿနာနည်းတတ်ပါတယ်။ အကိုနဲ့ မကြာဖြူဟာ ကျူးပစ်က ကိုရီးယားသရက်ကို ဦးဆောင်နေကြတဲ့သူတွေပါ။ ကိုကျောက်နီနဲ့ ပြောမနာဆိုမနာ ခင်တယ်ဆိုပေမဲ့ စာဖတ်သူတွေရှေ့မှာ ဒီလို အထင်အမြင်လွဲစရာ၊ ရေလိုက်လွဲစရာ အရေးအသားမျိုးတွေ မရေးသားသင့်ဘူးလို့ ယုံကြည်လို့ ကျနော့်ပို့စ်ကို တင်ဖို့ ဆုံးဖြတ်မိပြီး ဒုတိယအကြိမ် တင်မိပြန်တယ်။ ဒါပေမဲ့ အကိုကိုလူချစ်ရဲ့ စေတနာကို တွေးမိပြန်တဲ့အခါကျတော့ ဟာ…၊ မတင်တော့ပါဘူးလို့ ပြန်ဖျက်မိပြန်တယ်။ ဒီနေ့ ကျနော်တို့ လူအဖွဲ့အစည်းဟာ စည်းလုံးမှုအားနည်းပါးနေလွန်းပါတယ်။ အထူးသဖြင့် ကျနော်တို့ ကိုရီးယားမှာ ပိုဆိုးပါတယ်။ ကျနော်ပြောတာ စည်းရုံးလို့ စုနေတာမျိုးကို ပြောတာမဟုတ်ပါဘူး။ စည်းလုံးလို့ စုနေတာမျိုးကို ပြောတာပါ။ နိုင်ငံရေးကိုတင် လက်ရှောင်ကြတာ မဟုတ်ပဲ၊ နိုင်ငံ့အရေးကိုပါ လက်ရှောင်နေကြတဲ့ လူ့အသိုင်းအ၀ိုင်းပါ။ နဂိုကတည်းကမှ ၂ ကကြီး၊ ၃ ကကြီး၊ ၄ ကကြီး နဲ့ လက်မထောင်နေကြတဲ့ကြားထဲမှာ တီ နဲ့ အို နောက်ထပ် သွေးမကွဲ စေချင်ပါဘူး။ ဒါကြောင့် ဒီပို့စ်ကို တင်မှ ဖြစ်မှာပါလေဆိုပြီး တင်လိုက်တာပါ။ ကျနော်ပို့စ်ဟာ တုန့်ပြန်တယ်ဆိုရင် အကို့ပို့စ်ကို တုန့်ပြန်တာ မဟုတ်ပါဘူး။ အကို့ပို့စ်ကို ဖတ်ပြီး ဖြစ်လာနိုင်တဲ့ သက်ရောက်မှုကို ချေဖျက်တာပါ။ တချို့နေရာတွေမှာ အကို့ပို့စ်က ပေးတဲ့ အနက်နဲ့ လွဲနေတာတွေ တွေ့ရမယ်ထင်ပါတယ်။ အဲဒီနေရာဟာ အဲဒီလို အမူအကျင့်မျိုးရှိတဲ့ အချို့အချို့သော သူတွေကို ပြောတာပါ။ ကျနော့် ကိုယ်တွေ့ပါ။ မကြာဖြူ အထင်လွဲတာ အဲဒီနေရာကိုပါ။

ဇေဇော် said...

ဒီနေရာမှာ ကျနော် တန်ဖိုးထားမိတဲ့ဟာလေး ပြောပြရစေ။ ဟန်းဂုရွာစီပုံးထဲမှာ နဂါးနီ ဆိုတဲ့ အကို ရေးထားတဲ့ စာသားလေးပါ။ “နဂါးနီ: တီနဲ့အိုပြဿနာမဟုတ်ပါဘူး။မေတ္တာ၊စေတနာပြဿနာပါ။သိတဲ့လူတွေက မေတ္တာရှေ့ထားပြီးပြောကြဖို့နဲ့ တုန့်ပြန်မှုကို ပြန်မျှော်လင့်မထားကြဖို့ပါ။ ” လို့ သူရေးသွားတာ အင်မတန်ကောင်းပါတယ်။ သူ့စာလေးမှာ ကျနော် အလင်းရသွားပါတယ်။ မကြာဖြူပြောသလို ကိုရီးယားက မြန်မာတွေ အချင်းချင်း ရိုင်းပင်းကူညီလိုစိတ် မရှိဘူးလို့ ကျနော် ဆိုလိုတာ မဟုတ်ပါ။ စေတနာကို တန်ဖိုးမထားဘူးဆိုပြီး ဥပေက္ခာပြုကြတော့မှာလားလို့ မေးတာပါ။ သေးသေးမွှားမွှားလေးတွေကို ဥပေက္ခာပြုတာ ကြီးကြီးမားမားဆိုးကျိုးမရှိပေမဲ့ လုပ်ငန်းခွင်ထဲမှာ ဥပေက္ခာပြုလိုက်တာမျိုးဆို အခန့်မသင့်ရင် နစ်နာမှုဟာ တိုင်းတာလို့ မရပါဘူး။ အကို့ပို့စ်ထဲမှာ ဘယ်လိုအရာကို ဥပေက္ခာပြုရမယ်ဆိုတာ မပါပါဘူး။ ပြောမရရင် ဥပေက္ခာပြုလိုက်ပါလို့ပဲ ရေးထားတာပါ။ အကို့ပို့စ်ကို တစ်ပုဒ်လုံးအနေနဲ့ ခြုံပြောရရင် အတွေ့အကြုံတွေကို လက်ဆင့်ကမ်း သင်ယူကြဖို့ ပြောထားတာပါ။ အင်မတန်ပြောသင့်တဲ့ တန်ဖိုးရှိတဲ့စကားပါ။ ဒါကြောင့် ကျနော်လည်း ထပ်ဆင့်ပြောထားတာပါ။ ကျနော့်သဘောကို ပြောရရင် အကို့ပို့စ်မှာ မှားတာပြောပြလို့ လက်မခံဘူး ဆိုရင် ကြည့်နေလိုက်ပါ…တို့ ၊ ခုရောက်လာတဲ့ တီတွေကတော့ အရှင်မွေး နေ့ခြင်းကြီးချင် နေကြလေရဲ့…တို့ ၊ တို့ မြန်မာစကားရှိတယ်လေ ......ဥပေက္ခာပြုလိုက်ပါ… ဆိုတဲ့ နေရာလေးတွေကို ဖြုတ်မိမလားပဲ။ အဲဒီ စာသားလေးတွေသာ မပါရင် ကျနော် အရမ်းဝမ်းသာမိမှာပါ။ ကျနော် အကို့ကိုလည်း အားနာပါတယ်။ ဟန်းဂုရွာနဲ့ မိတ်ဆက်ပေးလာတဲ့ အကိုကိုလူချစ်ကိုလည်း အားနာပါတယ်။ အထူးသဖြင့် ပထမဆုံးတင်လာတဲ့ပို့စ်ကို ဒီလိုရေးလိုက်ရလို့ တကယ်ကိုပဲ စိတ်မကောင်းတာပါ။ ဒါပေမဲ့ အမှန်တရားနဲ့ လူ့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ စာဖတ်သူကို တန်းဖိုးထားရမယ်ဆိုတဲ့ ကျနော့်ယုံကြည်ချက်ကြောင့် နောက်ဆုံး ကျနော့်ပို့စ်ကို တင်လိုက်တာပါ။ ကျနော် ဒီလိုတွေ ပြောနေလို့ မင်းကရော ဘာတွေများ ရေးနေလို့လဲလို့ မေးစရာရှိပါတယ်။ ဟန်းဂုရွာဟာ သတင်းဦးစားပေးဘလော့ဂ်ပါ။ ကျနော်တို့ အဓိကထားတာ ကိုဝိုင်း၊ ကိုလူချစ်၊ Free Burma တို့ရဲ့ ပို့စ်တွေပါ။ ဒါပေမဲ့ သိတဲ့အတိုင်း သူတို့က ကိုယ်တိုင်လှုပ်ရှားနေကြရတဲ့သူတွေပါ။ လူနဲ့မမျှအောင် တာဝန်ကြီးငယ်တွေကို ထမ်းပိုးထားကြရတာပါ။ ဒါကြောင့် ပို့စ်တွေ မတက်တဲ့အခါတွေ ရှိတတ်ပါတယ်။ ဖတ်တဲ့သူတွေက ဘာပို့စ်မှ မတက်လဲ အချိန်ပေးပြီး လာနေကြရတာပါ။ ဘာများ တက်မလဲလို့ အချိန်ပေးပြီး ဘာမှ မရှိလို့ ပြန်ထွက်သွားကြရတာကို ကျနော် အားနာလို့ အပျင်းပြေ မျောက်က က ပြနေရတာပါ။ မျောက်က ဆိုတာ ကျနော်တို့ နောင်တော်များရဲ့ မင်းသားကလို မလှပါဘူး။ ဒါကို အကို နားလည်မယ် ထင်ပါတယ်။ ကျနော်လည်း ကျူးပစ်မှာ ရေးချင်မိပါတယ်။ ဒါပေမဲ့ ဖောင့်အခက်အခဲနဲ့ အချိန်အခက်အခဲတွေကြောင့် မလွယ်သေးပါဘူး။ ရေးဖြစ်အောင် ကြိုးစားပါဦးမယ်။

လေးစားစွာဖြင့်

ဇေဇော်