Wednesday, August 4, 2010

လုပ်သက်ဆုကြေးအာမခံငွေနှင့် ပြည်တော်ပြန်စရိတ် အာမခံငွေတို့ကို ဆမ်ဆောင်း အာမခံကုမ္ပဏီက ဖြတ်တောက်နေသည့် ပြဿနာ

မေးခွန်း ၂ ခု
ပြဿနာက ၂ ခုပါ ။ ပေါင်းပြီး ဖြေကြည့်လိုက်ပါတယ် ။ မသိသေးသူများလည်း သိရအောင် ။ သိပြီးသူများကတော့ နှစ်ထပ်ရှိတော့ ပိုမှတ်မိအောင်ပေါ့ခင်ဗျာ ။
- လုပ်သက်ဆုကြေးအာမခံငွေ (출국만기보험) ကို ဆမ်ဆောင်းကဖြတ်ယူထားတယ်အစ်ကို ကျနော်ဘာဆက်လုပ်ရမလဲ ။
- ကျနော့်လေယာဉ်လက်မှတ်ဖိုး (ပြည်တော်ပြန်စရိတ်အာမခံငွေ: 귀국비용보험) ထဲက ဆမ်ဆောင်းက တစ်သိန်းဖြတ်ထားလို့ခင်ဗျ ၊ ကျနော်ဘာဆက်လုပ်ရမလဲ ။

ကြွေးကျန်ရှိနေလို့ဗျို့
ပထမမေးခွန်းရှင်က ၊ ဘယ်လောက်ဖြတ်ထားသလဲဆိုတော့ ၅သိန်းလို့ ဆိုပါတယ် ။
လေယာဉ်စရိတ်အာမခံကြေးရော ပြန်ထုတ်ပြီးပြီလားဆိုတော့ ၊ မထုတ်ရသေးဘူးအစ်ကိုတဲ့ ။ ညီ ၊ အဲဒီအာမံကြေးသွင်းထားရဲ့လားဆိုတော့ ၊ မသိဘူးအစ်ကို ။ တစ်ခါမှ အဖြတ်မခံခဲ့ဖူးဘူး တဲ့ ။
ဒါဆိုရှင်းပြီ ။
သူပြည်တော်ပြန်စရိတ်အာမခံမထားခဲ့တဲ့အတွက် ၊ သူ့လယ်ဂျာ(စာရင်း)မှာ ကြွေးကျန်ရှိနေတာကို ဆမ်ဆောင်းက ဖြတ်ယူထားလိုက်တာလို့ ကျနော် တန်းပြီး အဖြေထုတ်ပေးလိုက်ပါတယ် ။ ဒီတော့ ညီ ဘယ်တော့မြန်မာပြည်ပြန်မလဲဆိုတော့ ၊ နောက်အပတ်ထဲမှာအစ်ကိုတဲ့ ၊ လေယာဉ်လက်မှတ်ရော ဝယ်ပြီးမလားဆိုတော့ ၊ ဝယ်ပြီးပါပြီတဲ့ ။ ဒီလိုဆို အလုပ်သမားရုံး (노동부,근로지원센터) ကိုသွား အိမ်ပြန်တော့မလို့ဆိုပြီး သတင်းပို့ ။ အိမ်ပြန်စရိတ်ကိုပြန်လျှောက်လိုက်ဆိုတော့ ပြဿနာက ရှင်းသွားပါတယ် ။
အာမခံ ၂မျိုး မထားမနေထားကြ
ဒီနေရာမှာ ကျနော် ထပ်ပြီးပြောချင်တာက ၊ ပြောရတာ ရေးရတာ လည်း ထပ်တော့ ထပ်နေပြီ ။ ကျနော်တို့ ညီအစ်ကိုများ ရွာထဲမှာ ကြိုးစားပြီး မရှာချင်ကြဘူး ။ အီးပီလုပ်သားတိုင်း မထားမနေ ထားကြရမယ့် အာမခံ ၂ မျိုးရှိပါတယ် ။ မထားလျင် ပြစ်ဒဏ်များလည်း သတ်မှတ်ထားပါတယ် ။ အဲဒါ ကိုယ့်အတွက်ပါ ။ အဲသည် အာမခံ ၂မျိုးကိုတော့ ကျနော်တို့ မိတ်ဆွေ ညီငယ်များ မဖြစ်ဖြစ်အောင်ထားစေချင်ပါတယ် ။ စက်ရုံသူဌေးကမသိလည်း ပြောပြပြီး ထားကြလျင် ကောင်းမယ်လို့ သဘောရပါတယ် ။
တစ် ။ အရေးပေါ်အသုံးစရိတ်အာမခံ နှင့်
နှစ် ။ ပြည်တော်ပြန်စရိတ်အာမခံ ပါ ။

တစ်ဖက်ကယူပြီး အခြားတစ်ဖက်ကိုပြန်ပေး
အရေးပေါ်အသုံးစရိတ်အာမခံကတော့ လောင်းကစားသဘောဆန်သောအာမခံစနစ်ဖြစ်ပါတယ် ။ သွင်းရတဲ့ငွေကလည်း နည်းနည်းပါးပါး သောင်းဂဏန်းလောက်ပဲ ဖြစ်ပါတယ် ။ အာမခံကာလအတွင်း အာမခံထားသော ဖြစ်စဉ် (လုပ်ငန်းခွင်နှင့် မပတ်သက်သော ထိခိုက်မှု စသည်များ) ဖြစ်လျင်ဖြစ် မဖြစ်လျင် ၊ အာမခံကုမ္ပဏီက စားပါတယ် ။ သူစားတယ်ဆိုတာကလည်း အခြားသူတွေကို ပြန်လျော် ပေးဖို့ပါ ။ အာမခံကုမ္ပဏီဆိုတာ ဒိုင်သဘောဆောင်ရွက်နေတာဖြစ်ပြီး ၊ တစ်ဖက်ကယူထား တာကို အခြားတစ်ဖက်ကို ပြန်ပေးတဲ့သဘောပါ ။ စိတ်ထားတတ်ရင် ကုသိုလ်တောင်ရပါသေးတယ် ။

ကျနော်တို့ ကိုယ်စား စုပေးထားတဲ့ငွေ
ပြည်တော်ပြန်စရိတ် အာမခံကတော့ အပ်နှံငွေအမျိုးအစားအာမခံပါ ။ ကျနော်တို့ ပြန်မထုတ်ယူမချင်း သူ့မှာ ထိန်းသိမ်းထားဖို့ တာဝန်ရှိပါတယ် ။ အာမခံထားတဲ့ ကာယကံရှင် ကိုရီးယားကနေ အပြီးပိုင် မပြန်မချင်း ထုတ်မပေးရပါဘူး ။ နာမည်ကို က အိမ်ပြန်စရိတ်အာမခံငွေပါ ။ အိမ်ပြန်စရိတ်မရှိလို့ ကိုရီးယားမှာ သောင်တင်နေတာမျိုး ၊ အိမ်ပြန်စရိတ်ကို လဝက ဝန်ထမ်းတွေ တာဝန်ခံပြီး ရှင်းပေးရတာမျိုးမရှိရလေအောင် စီမံထားတဲ့ အာမခံငွေပါ ။ ဒီအာမခံငွေဟာ ကျနော်တို့ကိုယ်စား အာမခံကုမ္ပဏီက စုထားပေးတဲ့ သဘောပါ ။ အတိုးတောင်ပေးပါသေးတယ် ။ ကာယကံရှင် ကွယ်လွန်သွားတဲ့ ကိစ္စမျိုးဆိုလည်း အမွေဆက်ခံခွင့်ရှိသူက အာမခံထားသူကိုယ်စား ပြန်ထုတ်ယူလို့ရပါတယ် ။

တစ်လုံးတစ်ခဲတည်း ထုတ်ယူရတဲ့ငွေ
ဒုတိယမေးခွန်းရှင်က ဘယ်လောက်ဖြတ်ထားသလဲဆိုတော့ ၁ သိန်း ဖြတ်ထားတယ်ခင်ဗျ တဲ့ ။ ဒါဆို ပြဿနာကို ကျနော် သိလိုက်ပြီ ။ ညီ သွင်းထားတဲ့ငွေ ၅သိန်းပြည့်ရဲ့လားဆိုတော့ ၊ အသေအခြာ မမှတ်မိဘူးခင်ဗျ ။ စက်ရုံအပြောင်းအရွှေ့နှင့်ဆို ကျနော်လည်း သတိမထားမိဘူးတဲ့ ။ ပြန်စစ်ကြည့်ပါဦး ၊ ဘဏ်စာအုပ်က ဖြတ်ထားတာမဟုတ်လားဆိုတော့ ။ သူပြန်စစ်ပါတယ် ။ ညနေ ဖုန်းလာပါတယ် ။ ဟုတ်တယ်အစ်ကို ၁ သိန်း ၄ ခါပဲ ဖြတ်ထားတာတွေ့ပါတယ်တဲ့ ။

အဲသည် အိမ်ပြန်စရိတ်အာမခံငွေဆိုတာ တစ်ဝက်တစ်ပြက် ပိုင်းပြီး ထုတ်ယူလို့ရတဲ့အမျိုးမဟုတ်ပါဘူး ။ တစ်လုံးတစ်ခဲတည်း ထုတ်ယူရတဲ့အမျိုးပါ ။ တစ်စုံတစ်ယောက်က ကြားက အကြံအဖန်လုပ်ပြီး လိမ်ထုတ်သွားရင်လည်း အားလုံးထုတ်ယူသွားမှာပါ ။ ကာယကံရှင် မသိဘဲ ကြားလူက လိမ်ထုတ်သွားတယ်ဆိုရင်တော့ လိမ်ထုတ်သွားသူကို တရားစွဲလို့ ရတယ်လို့ ဆိုပါတယ် ။

ဆမ်ဆောင်းက အကြောင်းမဲ့ ဖြတ်မည်မထင်
သည်တော့ လူကြီးမင်းတို့၏ လုပ်သက်ဆုကြေးအာမခံငွေနှင့် ပြည်တော်ပြန်စရိတ်အာမခံငွေတို့ကို ဆမ်ဆောင်း အာမခံကုမ္ပဏီအနေဖြင့် အကြောင်းမဲ့ မတရား ဖြတ်ယူခြင်း မပြုနိုင်ပါကြောင်း သဘောတွေ့ကြ စေလိုပါသည်ခင်ဗျာ ။

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

No comments: