Friday, August 6, 2010

ကင်မဲမြို့တော်က ရွှေရွာ(Golden Village) ဖွင့်ပွဲ

လွန်ခဲ့တဲ့ သြဂုတ် ၁ရက် (တနင်္ဂနွေ) နေ့က ကင်မဲမြို့တော် (Gimhae City) မှာ ရွှေရွာ(Golden Village)ဖွင့်ပွဲကို ကျင်းပခဲ့ပါ တယ် ။ ကိုလွင်တို့ ကိုလှထွန်းတို့ ကိုရှမ်းတို့က ကြိုတင် ဖိတ်ကြားထားတာမို့ အခမ်းအနားသို့ ကျနော် တက်ရောက်ဖြစ်ခဲ့ပါတယ် ။
ဖွင့်ပွဲ အခမ်းအနားသို့ စိတ္တသုခ (ဒေဂု) ဆရာတော် ဦးဝိစိတ္တ ပြည်တော်ဦး(ဘူဆန်) ဆရာတော် ဦးပဏ္ဍိစ္စ နှင့် Gimhae Yeo Yeo Jeong Sa Temple မှ Do Myeong Seunim တို့ကြွရောက်ချီးမြှင့် တော်မူခဲ့ကြပြီး ၊ မိတ်သင်္ဂဟ တစ်ရာနီးပါး ကြွရောက်ခဲ့ကြပါ တယ် ။
ပထမက မြန်မာဆိုင်ဖွင့်ပွဲလို့သာ ကျနော်သိထားတာပါ ။ ပြည်တော်ဦး ဆရာတော်က ဆုံးမစကား ချီးမြှင့်တော့မှ Golden Village ဟာ ဆိုင်သက်သက် မဟုတ်ဘဲ ၊ ကင်မဲမြို့မှာ ကျနော်တို့ ရွှေမြန်မာများ ခိုနားဖို့ နေရာတစ်ခုအဖြစ် မြန်မာ အလုပ်သမားများက စုပေါင်းပြီး ထူထောင် ဖွင့်လှစ်ကြတာ ဖြစ်ကြောင်း ၊ ဆိုင်မဖွင့်မှီ ဆရာတော်ဘုရားများရဲ့ သြဝါဒကို ခံယူခဲ့ကြသေးကြောင်း သိခွင့်ရခဲ့ပါတယ် ။
အကြောင်းအမျိုးမျိုးကြောင့် မြန်မာအလုပ်သမားများ အလုပ်မရှိလို့ အပြောင်းအရွှေ့ကာလ နေစရာမရှိဖြစ်ကြတဲ့ အခါမျိုး သည်နေရာမှာ ခေတ္တ တည်းခို နားနေ နိုင်ကြကြောင်း ၊ သက်ဆိုင်ရာ လူထု အဖွဲ့အစည်းများ (Civil Societies) ကို ဖိတ်ကြားပြီး အလုပ်သမားပြဿနာများကို အကြံပြုဆွေးနွေးခြင်း ၊ အလုပ်သမားများ အရည်အချင်းမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ် ။
ဆိုင်နေရာက ကင်မဲမြို့ ဈေးကြီးဝန်းကျင်မှာ ဖြစ်ပြီး ဘေးပတ်ဝန်းကျင် လမ်းတစ်လျှောက်မှာတော့ အုစဘက်ကစ္စတန် ၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ ကမ္ဘောဒီယား စတဲ့ အခြားသော နိုင်ငံခြားသား ဆိုင်များလည်း အစီအရီရှိနေတာကို တွေ့ခဲ့ရပါတယ် ။ ရွှေရွာရဲ့ မျက်စောင်းထိုးမှာရှိတဲ့ အင်ဒိုနီးရှားဆိုင် အပေါ်ထပ်မှာတော့ အင်ဒိုနီးရှား အလုပ်သမားစင်တာဆိုပြီး ဆိုင်းဘုတ်ထောင်ထားတာကိုလည်း ဂရုပြုမိပါတယ် ။
Golden Village မှာ မြန်မာအစားအသောက်များအပြင် ၊ စားသောက်ကုန်ပစ္စည်းများ အသုံးဆောင် ပစ္စည်းများ ဖုန်းကဒ် စသည်များ ရောင်းချမှာဖြစ်ပြီး ၊ မြန်မာပြည်သို့ ပစ္စည်း တင်ပို့ခြင်း ၊ မြန်မာပြည်မှ ပစ္စည်းများ မှာယူခြင်းအစရှိတဲ့ ဝန်ဆောင်မှုလုပ်ငန်းတို့ကိုလည်း ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ် ။
ဘာပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ကင်မဲမြို့ကို ရောက်ခဲ့မယ်ဆိုလျင် ကျနော်တို့ ရွှေမြန်မာများ တစ်ထောက်နားခိုစရာ ရနိုင်ပြီမို့ ၊ ဟန်းဂုရွာမှတစ်ဆင့် ဝမ်းမြောက်စကား ဆိုလိုက်ရပါတယ် ။
ဆိုင်နေရာကတော့ -
Goldef Village
Myanmar Food & Restaurant
3rd Floor of 83-2,
Seosang Dong,
Gimhae City,
Kyeongnam,
Korea 621-030 ဖြစ်ပြီး ၊ 010-2541-9464, 010-4993-9510, 010-2349-4747 တို့ထံ ဆက်သွယ်နိုင်ကြပါသတဲ့ ခင်ဗျာ ။

No comments: