Thursday, January 19, 2012

တန်ခိုးလေးတွေ လျှော့ကြဦးစို့ ကိုအောင်ရင် (၁)

ကမ္ဘာတစ်လွှား မြန်မာများ တန်ခိုးထွားနေ
ခုတလော ၊ မြန်မာ့တန်ခိုးနှင့် ပတ်သက်ပြီး ၊ ပြောချင်စိတ် ရေးချင်စိတ်ကလေး တဖွားဖွားပေါ်နေသဗျ ။ ဒါနှင့် ကျနော် တွေးကြည့်တယ် ။ ပထမဆုံးပေါ်လာတာက စစ်အစိုးရရဲ့ တန်ခိုးထွားပုံ ။ ကမ္ဘာကို မြန်မာလွှမ်းရမည် ဆိုတဲ့ မဟာဗျူဟာ စီမံကိန်းနှင့် ကမ္ဘာတစ်လွားကို မြန်မာတွေရောက်အောင် လုပ်နေရော့လေ သလားပေါ့ ။ ခုဆို ကမ္ဘာမှာ မြန်မာ မရှိတဲ့နိုင်ငံဆို တော်တော် ရှားနေရော့ပေါ့ ။ နယ်စပ်မှာဆိုလည်း ဘေးပတ်ပတ်လည် မြန်မာတွေချည်းပဲ သိမ်းပိုက်နေရာယူထားကြပြီးပြီ ။ ထိုင်းအစပ်မှာဆို တော်တော်လေးတောင် ထိုးဖောက် နေရာယူပြီးရော့ပေါ့ ။ ဂဏန်း ခုနစ် လုံးတောင် ရှိနေဆိုပဲ ။ အမယ် ၊ ထိုင်းနယ်စပ်ကနေ ဂျပန်သွားပြီး ဆုတွေတောင်ယူလိုက်သေး ။ မြန်မာတွေ တန်ခိုးထွားနေကြတာ ။
လျှော့ကြဦးစို့ ကိုအောင်ရင်
မြန်မာတွေ တန်ခိုးထွားတဲ့အကြောင်း သီချင်းလေး ၊ မော်ကွန်းလေးများရှိမလားဆိုပြီး ၊ အင်တာနက်ထဲ ရှာကြည့်တယ် ။ အမယ် ရှိပါ့ဗျာ ။ ဇာတိမာန် သီချင်းကို ကျနော်ကြိုက်တယ် ။ ကိုအောင်ရင်ဆိုထားတာ ၊ “မျိုးရိုးကတန်ခိုးရှိခဲ့ပေ” ဆိုတဲ့ စာသားလေး ကိုခိုက်သဗျ ။/စိတ်ပါဝင်စားသူများ (ဒီမှာနှိပ်) ။/ကမ္ဘာမှာ မြန်မာတွေ တော်တော် တန်ခိုးထွားနေကြပါပေါ့ ။ အဲ ၊ သီချင်းနားထောင်ရင်း ကျနော်ပြောချင်တာလေးရှိလာလို့ ဒီဆောင်းပါးကို တန်ခိုးလေးတွေ လျှော့ကြဦးစို့ ကိုအောင်ရင် လို့ ခေါင်းစဉ်တပ်လိုက်တာပါ ။
မြန်မာတွေ နားခိုဖို့နေရာ
ကျနော်တို့ ကိုရီးယားရောက် မြန်မာများ တန်ခိုးထွားပုံလေးတွေရော ကြည့်ကြဦးစို့ရဲ့ ။ ရှေ့မှီနောက်မှီပုဂ္ဂိုလ်များပြောပြချက်အရ ၊ မြန်မာတွေ ၁၉၉၂-၉၃ လောက်ကစပြီးရောက်လာကြတာတဲ့ဗျ ။ အဲဒီတုန်းက ကိုရီးယားဝင်ဖို့ ဗီဇာမလိုဘူးတဲ့ ။ ဆိုက်ရောက်ဗီဇာနှင့်ဝင်ကြတာတဲ့ ။ အရင်ဆုံး လာကြတဲ့ သူတွေက သင်္ဘောသားတွေ နှင့် သင်္ဘောသား ယောင်ဆောင်ပြီးလာကြတဲ့သူတွေတဲ့ဗျ ။ မြန်မာတွေ ရောက်လာတော့ ၊ ပြဿနာတွေလည်း ထပ်ကြပ်မကွာပါလာဆိုပဲ ။ ဒါနှင့် မနေနိုင်တဲ့ တန်ဆန်း(Dangsan) မှာရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ခုကနေပြီး ၊ မြန်မာတွေ နားခိုဖို့နေရာ (Shelter) လေး တစ်ခု ပေးထားသတဲ့ ။ နောက်တော့ မြန်မာအလုပ်သမားကော်မတီဆိုပြီး အဖွဲ့လေးတစ်ခု ဖွဲ့ခဲ့ကြသတဲ့ ။ အဲဒါ ကို ယနေ့ မြန်မာအသင်း(ကိုရီးယား) ရဲ့ ရှေ့ပြေးအသင်းလို့ သဘောယူကြသူတွေလည်းရှိပါတယ် ။
တော်ပါပြီ မြန်မာ
အဲ ၊ နောက်တော့ အသင်းအကြီးအမှူးလုပ်တဲ့သူတွေက အလုပ်ပွဲစားဖြစ်ကုန်ကြသတဲ့ ။ အလုပ်မရှိရင် ဘုရားရှိခိုးကျောင်းလာနေ ၊ အလုပ်သွင်းပြီး ပွဲစားခယူ ။ မြန်မာပြည်က အလုပ်သမားတွေ သွင်းပေါ့ ။ နောက်တော့ အချင်းချင်း ဝေစုမတည့်လို့ အချင်းချင်းပဲ ဆော်ပလော်တီးကြ ။ ဒီလိုနှင့် ပြဿနာပေါင်း သောင်းခုနစ်ထောင်တက်ပြီး ဘုရားရှိခိုးကျောင်းကနေ မြန်မာတွေ အားလုံး မောင်းထုတ်ခံလိုက် ရသတဲ့ ။ မြန်မာအလုပ်သမားကော်မတီကြီးလည်းပျက်ပေါ့ ။ မြန်မာတွေကို အဲဒီ ဘုရားရှိခိုးကျောင်းက ယနေ့တိုင် ရင်နာမဆုံးရှိနေဆဲတဲ့ဗျ ။ ကျနော်တို့ မြန်မာတွေ အဲသလို တန်ခိုးထွားခဲ့ကြတာ ။
ကူညီနေဆဲ ဆောက်ဝမ်ဆာ
အဲ ၊ ကိုရီးယားက မြန်မာတွေအကြောင်းပြောရင် မပါမပြီး ပြောကြရမှာက ၊ ပူချွန်း (Puchon) ဆောက်ဝမ်ဆာ လင်ယောင်ဒန် ဆရာတော်ကြီး တဲ့ခင်ဗျ ။ ဆရာတော်ကြီးဟာ သူ့ရဲ့သီလဂုဏ် ၊ သမာဓိဂုဏ် ပညာဂုဏ်တို့ ထွန်းပြောင်မှုကြောင့် ယခုအခါ ကိုရီးယားနိုင်ငံ ဂျိုဂဲဂိုဏ်းရဲ့ ဒုတိယဥက္ကဋ္ဌကြီးအဖြစ် ရွေးကောက် တင်မြှာက်ခံထား ရသူပါ ။ ၁၉၉၅ခုနှစ်မှာ ဘူချောန်းနိုင်ငံခြားသားအလုပ်သမားရိပ်သာ (Puchun Foreign Workers’ House) ကို ထူထောင်ခဲ့ပြီး ၊ နိုင်ငံခြားသားအလုပ်သမားတွေကို ဘက်ပေါင်းစုံကနေ တကယ့်ကို အားတက်သရော ကူညီနေတာပါ ။ ယနေ့အချိန်ထိပါပဲ ။
ဆရာတော်ကြီးကိုလည်း မြန်မာတန်ခိုးပြ
၁၉၉၈ ခုနှစ်မှာ မြန်မာတွေစုပြီး မြန်မာပြည်ကနေ မြန်မာ့လက်ရာ ကျောက်ဆင်းတု တစ်ဆူပင့်ပါတယ် ။ ဆရာတော်ကြီးရဲ့ ကျောင်းမှာ စမ္ပါယ်တော်မူနေတဲ့ တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်ပါ ။ အနေကဇာတင်ပွဲ ချိမ့်ချိမ့်သဲ ကျင်းပခဲ့ကြတာပါ ။ အလှူတော်ငွေရရှိရေး ဆောင်ရွက်စဉ် တီးဝိုင်း ၊ အဆိုတော်တွေနှင့် ပုဂ္ဂိုလ်ကျော်အချို့ (အားလုံး ၂၀ ခန့်လို့ဆိုပါတယ်) ကို ဆရာတော်ကြီးကပဲ ၊ ခေါ်စာပေးခဲ့တာပါ ။ ဆရာတော်ကြီးမျက်နှာနှင့် အားလုံး ဘေးမသီရန်မခ ၊ ချောမွေ့စွာ ကိုရီးယားရောက်လာကြတာပါ ။ နောက် မြန်မာတစ်ဦးဦး ဆုံးတဲ့အခါများမှာလည်း အသုဘကိစ္စအားလုံးကို လိုလေသေးမရှိအောင် ကူညီ ၊ မိသားစုတွေကိုလည်း တာဝန်ခံပြီး ခေါ်ပေးခဲ့သူပါ ။ အခုအခါမှာ ဆရာတော်ကြီး ခမျာ ၊ လူခေါ်ဖို့မဆိုထားနှင့် လ အက္ခရာပါတာဆိုရင် (အဟဲ) လားတို့ လိပ် တို့တောင် ခေါ်မရတော့ပါဘူး တဲ့ခင်ဗျာ ။ အကြောင်းကတော့ ဆရာတော်ကြီး တာဝန်ခံပြီး ကိုရီးယားသို့ ခေါ်ပေးခဲ့တဲ့ မြန်မာတစ်ချို့ ထွက်ပြေးသွားကြလို့ ဖြစ်ပါသတဲ့ခင်ဗျာ ။ ဆရာတော်ကြီးနာမည် လူဝင်မှုကြီး ကြပ်ရေးဌာနမှာ နာမည်ပျက်စာရင်း ဝင်နေသတဲ့ ။ ကဲ ၊ ကောင်းရော့ ။ ကိုရီးယားရောက် မြန်မာတွေ တန်ခိုးထွားပုံ ။



တန်ခိုးလေးတွေ လျှော့ကြဦးစို့ ကိုအောင်ရင် (၂) ကို ဆက်လက်တင်ပြပါမည် ။ မျှော် ……….
လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)

2 comments:

win latt said...

အကိုရေ...
ကောင်းလိုက်တဲ့ ပို့စ်
ဘယ်သူတွေဘာတွေပဲပြောပြော ကိုယ့်လမ်းကိုယ်လျှောက်ရင်း ပြောစရာရှိတာ ပြောနေ..လုပ်စရာရှိတာ လုပ်နေတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ။
ကျေးဖူးတင်တယ်အကိုရေ...
ဒေဂူးအသံနဲ့ ကွန်တော့်ဘလော့မှာ ထပ်ဆင့် ဖြန့်ဝေခွင့် တောင်းခံပါတယ်....။
ကျေးဇူးတင်ပါတယ်။

akhtin said...

ကိုအောင်ရင် ၁၊၂ က ရီရလွန်းလို့အူတက်မတတ်ပဲ၊ဟာသမဟုတ်မှန်းသိပါတယ်။တဆက်ထဲဝမ်းနဲမိပါတယ်။သင်ခန်းစာယူယင်းအကို.ကို
ကျေးဇူးတင်ပါတယ်။