ပယ်ပယ်လိုဆိုတာကတော့ ပဲချောင်းလို့ပဲ ပြောရမလား မသိပါဘူး။ တစ်ကယ်ကတော့ ဘီစကစ်ကို ချောကလက်ရည်သုတ်ထားတဲ့ အချောင်းလေးပါပဲ။ 11.11 ဆိုတဲ့ နေ့စွဲက တုတ်ချောင်းလေး ၄ ချောင်းပုံစံလို ဖြစ်နေတော့ တုတ်ချောင်းပုံ ပယ်ပယ်လိုချောင်းလေးတွေ ပေးကြပုံ ရပါတယ်။ ချစ်သူစုံတွဲတွေ ကြားမှာ ရင်ခုန်စရာ နေ့တစ်နေ့ ထပ်တိုးတာပေါ့။ ကိုရီးယားချစ်သူစုံတွဲတွေကတော့ ၁၁ လပိုင်း ၁၁ ရက် ပယ်ပယ်လိုဒေးနေ့မှာ ရင်ခုန်စရာ အမှတ်တရလေးတွေ ဖန်တီးတတ်ကြပါတယ်။ တစ်ကယ်တော့ ပယ်ပယ်လိုဒေးနေ့ဟာ ဗယ်လင်တိုင်းဒေးကို အတုခိုးထားတဲ့ ချစ်သူတွေကြားက အမှတ်တရနေ့လေးတစ်နေ့အဖြစ် ဖန်တီးထားတာပါပဲ။ တစ်ချို့ကလည်း အကွက်မြင်တဲ့ စီးပွားရေးသမားတွေရဲ့ ဈေးကွက်တစ်ခုလို့လည်း ပြောကြပါတယ်။
တစ်ကယ်တော့ ပယ်ပယ်လိုချောင်းလေးတွေ ပေးတဲ့ အလေ့အထဟာ ၁၉၉၄ ခုနှစ်လောက်တုန်းက ဘူဆန်၊ ယောင်းနမ်းဒေသက အလယ်တန်းကျောင်းသူလေးတွေ အကြားမှာ သွယ်လျလျ ကိုယ်ခန္ဓာအလှကို ထိန်းသိမ်းထားဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ အချင်းချင်းကြားမှာ အပြန်အလှန် ပေးခဲ့ ယူခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဆယ်ကျော်သက် လူငယ်တွေကြားမှာ ပယ်ပယ်လိုချောင်းလေးတွေကို ပန်စည်းလေးလို စည်းလို့ လက်ဆောင်အဖြစ်ပေးရင်း ကိုယ်ခန္ဓာအလှထိန်းသိမ်းနိုင်ပါစေ.. ဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ ပေးလာကြပါတယ်။ တစ်ချို့ကလည်း ထမင်းအစား ပယ်ပယ်လိုချောင်းလေးတွေ စားပြီး သွယ်လျလျခြေတံအလှပိုင်ရှင်ဖြစ်ပါစေလို့ ယူဆကြပါတယ်။ ဒါပေမယ့် ပယ်ပယ်လိုထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေအတွက်ကတော့ ၁၁လပိုင်း ၁၁ ရက်နေ့ဟာ ဈေးရောင်းပွဲတော်ကြီးလို ဖြစ်နေတာပါပဲ။ ဒါကြောင့် အဲဒီကုမ္ပဏီတွေက နှစ်စဉ် ၁၁လပိုင်းရောက်တာနဲ့ ပယ်ပယ်လိုရောင်းအားဟာ ၇၀% တက်လာတယ်လို့ ပြောဆိုနေကြတာပါပဲ။ အဲဒီလို ပြောရလောက်အောင်လည်း ကိုရီးယားချစ်သူစုံတွဲတွေကြားမှာ ပယ်ပယ်လိုဒေးနေ့ဟာ ရေပန်းစားလာနေတာပါ။ ဆယ်ကျော်သက် ချစ်သူစုံတွဲတွေရဲ့ ရူးသွပ်မှုကပဲ ဒီလို ရေပန်းစားမှုမျိုးကို ဖန်တီးပေးသလားဆိုတာ တွေးစရာပါပဲ။ သေးငယ်တဲ့အရာလေးမှာတောင် နက်ရှိုင်းတဲ့ အဓိပ္ပါယ်နဲ့ လက်ဆောင်ပေးတယ်ဆိုတဲ့ လေးနက်မှုမျိုးကြောင့်လည်း လူငယ်တွေကြားမှာ ရေပန်းစားလာတာလည်း ဖြစ်နိုင်ပါတယ်။ ကိုရီးယားနိုင်ငံထဲမှာ ပေါ်လာတဲ့ ပြည်တွင်းဖြစ် ချစ်သူများနေ့ဖြစ်တယ်ဆိုတဲ့ အယူအဆကြောင့်လည်း ရေပန်းစားတာ ဖြစ်နိုင်ပါသေးတယ်။
ဂျပန်နိုင်ငံမှာလည်း ဘီစကစ်ကုမ္ပဏီကြီးတစ်ခုက ဦးဆောင်ပြီး ပယ်ပယ်လိုဒေးနေ့အဖြစ် ၁၁လပိုင်း ၁၁ရက်နေ့ကို ရွေးချယ်ပြီး လူထုကြားမှာ ရေပန်းစားအောင် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံက ဂူလီခိုဆာဆိုတဲ့ ထိပ်တန်းကုမ္ပဏီတစ်ခုကတော့ ၁၉၉၉ခုနှစ်က စလို့ ၁၁လပိုင်း ၁၁ရက်နေ့ကို ဖိုခီနဲ့ ဖရက်ခ်ျတို့ရဲ့နေ့အဖြစ် တိုရိုတာကား ၁၁စီး အပါအ၀င် လူပေါင်း ၁ သိန်း ၁ သောင်း ၁ ထောင် ၁ ရာ ၁ ဆယ့် ၁ ယောက်ကို လက်ဆောင်အဖြစ်ပေးကာ လူထုဖက်ရှင်တစ်ခုအဖြစ် ကျယ်ပြန့်လာအောင် ဖန်တီးခဲ့ပါတယ်။ ဖိုခီနဲ့ ဖရက်ခ်ျဆိုတာကတော့ အင်္ဂလိပ် ဂဏာန်းပုံသဏ္ဍာန် 1 လိုဖြစ်နေတဲ့ ပယ်ပယ်လိုချောင်းပုံစံလေးကို ပြောတာပါပဲ။ ပယ်ပယ်လိုဒေးနေ့ ၁၁ လပိုင်း ၁၁ ရက်နေ့ ၁၁ နာရီ ၁၁ မီးနစ် ၁၁ စက္ကန့်မှာ ပယ်ပယ်လို ၁၁ ချောင်း စားတာ အကောင်းဆုံးပါပဲလို့ ပြောတဲ့သူတွေကလည်း ပြောကြပါတယ်။ ကိုရီးယားမှာတော့ နောက်ထပ် နောက်ခံအကြောင်းအရာလေး တစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ အီဟွာအမျိုးသမီးတက္ကသိုလ်က ကျောင်းသူလေးတွေအကြောင်းပါပဲ။ အီဟွာတက္ကသိုလ်က ကျောင်းသူလေးတွေဟာ စာလည်း တော်ကြသလို ခန္ဓာကိုယ် အလှအပ ထိန်းသိမ်းတဲ့နေရာမှာလည်း နံမည်ကျော်ပါတယ်။ ခြေတံလှလှလေးအကြောင်းပြောရင်တောင် အီဟွာတက္ကသိုလ်က ကျောင်းသူလေးတွေလို ခြေတံလှတယ်လို့ တင်စားကြရတာပါ။ ကျနော်တို့ မြန်မာကျောင်းသူလေးတွေလည်း အဲဒီကျောင်းမှာ တက်ကြပါတယ်။ သူတို့လည်း လှမယ်ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ်၊ ပယ်ပယ်လိုဒေးရဲ့ ရေပန်းစားမှုကြောင့် ပယ်ပယ်လိုချောင်း ထုတ်လုပ်တဲ့ လိုတယ်(Lotte) ကုမ္ပဏီကတော့ ၁၉၈၃ ခုနှစ်က စတင် ထုတ်လုပ်ပြီး နောက်ပိုင်း နှစ်စဉ် ၁၅%နဲ့ အထက် ရောင်းအားတိုးတက်လာတယ်လို့ ဆိုတာကြောင့် ဈေးကွက်ဗျူဟာ တစ်ခုဖြစ်တယ်လို့ သုံးသပ်ကြသူတွေလည်း မနည်းပါဘူး။ ဒါပေမယ့် ကိုရီးယား ဆယ်ကျော်သက်လူငယ်တွေကြားမှာတော့ ရေပန်းစားတဲ့ဖက်ရှင်တစ်ခုအဖြစ် ရှိနေဆဲပဲ ဖြစ်ပါတယ်။
No comments:
Post a Comment