တရုတ်နိုင်ငံ ကွမ်ကျိုး(Guangzhou) မြို့တွင် ၂ဝ၁ဝခုနှစ် နိုဝင်ဘာလ ၁၂ရက်နေ့မှ ၂၇ရက်နေ့ထိ ကျင်းပခဲ့သော ၁၆ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲအား မြန်မာနိုင်ငံမှလည်း ဝင်ရောက်ယှဉ်ပြိုင်ကာ ရွှေ၊ငွေ၊ကြေး ဆုတံဆိပ်များ ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ အားကစား (၁ဝ)မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၂)ခု၊ငွေတံဆိပ်(၅)ခုနှင့် ကြေးတံဆိပ်(၃)ခု ရရှိခဲ့သည်။ အမျိုးသား(၅၅)ဦး၊အမျိုးသမီး(၁၄)ဦးဖြင့် စုစုပေါင်း အားကစား သမားပေါင်း ၆၉ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အမျိုးသား ၂ဦးခတ် ဗိုလ်လုပွဲတွင် တောင်ကိုရီးယား အသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေသည့် မြန်မာအသင်း
မြှားပစ်တွင် အမျိုးသား(၃)ဦး၊ပြေးခုန်ပစ်တွင် အမျိုးသမီး(၅)ဦး၊လှေလှော်ပြိုင်ပွဲတွင် အမျိုးသား(၂၄)ဦး၊ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အမျိုးသား(၅)ဦး၊အမျိုးသမီး(၆)ဦး၊ဘိလိယက်ထိုး ပြိုင်ပွဲတွင် အမျိုးသား(၂)ဦး၊ သေနတ်ပစ် ပြိုင်ပွဲတွင် အမျိုးသား(၃)ဦး၊ရေကူး ပြိုင်ပွဲတွင် အမျိုးသား(၂)ဦး၊ ဘော်လီဘော ပြိုင်ပွဲတွင် အမျိုးသား(၁၂)ဦး၊ အလေးမ ပြိုင်ပွဲတွင် အမျိုးသား(၂)ဦး အမျိုးသမီး(၁)ဦး၊ဝူရှုး ပြိုင်ပွဲတွင် အမျိုးသား(၂)ဦး အမျိုးသမီး(၂)ဦး တို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။ ရွှေတံဆိပ်ဆု(၂)ခုမှာ ပိုက်ကျော်ခြင်း ၂ဦးခတ် ပြိုင်ပွဲတွင် အမျိုးသား အသင်းရော အမျိုးသမီး အသင်းပါ ရွှေတံဆိပ် ရရှိခဲ့ပြီး ၃ဦးခတ် ပြိုင်ပွဲတွင်လည်း အမျိုးသားရော အမျိုးသမီးပါ ကြေးတံဆိပ် ရရှိခဲ့သည်။ ပိုက်ကျော်ခြင်း အမျိုးသား ၂ဦးခတ် ပြိုင်ပွဲ ဗိုလ်လုပွဲတွင် တောင်ကိုရီးယား အသင်းအား အနိုင်ရရှိကာ ရွှေတံဆိပ် ရရှိခဲ့ခြင်း ဖြစ်ပြီး အမျိုးသမီး ၂ဦးခတ် ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အိမ်ရှင် တရုတ်အသင်းအား အနိုင်ရရှိကာ ရွှေတံဆိပ် ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။ ငွေတံဆိပ်အား တစ်ဦးချင်း ဘိလိယက်ထိုး ပြိုင်ပွဲမှ နေသွေးဦး(၁)ခုနှင့် ဝူရှုး ပြိုင်ပွဲမှ စန္ဒီဦး(၁)ခု၊ လှေလှော်ပြိုင်ပွဲမှ ငွေတံဆိပ်(၃)ခု အသီးသီး ရရှိခဲ့ကြသည်။ မြန်မာလှေလှော်အသင်းသည် မီတာ(၂၅ဝ)၊မီတာ(၅ဝဝ)နှင့် မီတာ(၁ဝဝဝ)တို့တွင် ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ထို ၃မျိုးစလုံးတွင် ငွေတံဆိပ် ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။ တစ်ဦးချင်း ဘိလိယက်ထိုး ပြိုင်ပွဲတွင်ပင် ကျော်ဦးမှလည်း ကြေးတံဆိပ်(၁)ခု ရရှိခဲ့သည်။
အမျိုးသမီး ၂ဦးခတ် ဗိုလ်လုပွဲတွင် အိမ်ရှင် တရုတ်အသင်းအား အနိုင်ရကာ ရွှေတံဆိပ် ဆွတ်ခူး အပြီး
အမျိုးသမီး ဝူရှုး ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ရရှိခဲ့သည့် စန္ဒီဦး(ဝဲအစွန်)
၁၆ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင် နိုင်ငံပေါင်း (၄၅)နိုင်ငံမှ အားကစား အမျိုးအစားပေါင်း (၄၂)မျိုးတွင် အားကစားသမားပေါင်း (၁၄၄၅၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပါဝင်ယှဉ်ပြိုင်သည့် (၄၅)နိုင်ငံအနက် ဆုတံဆိပ် ရရှိမှု များမှာ တရုတ်နိုင်ငံမှ အားကစားသမား (၉၆ဝ)ဦး ပါဝင်ယှဉ်ပြိုင်ကာ ရွှေတံဆိပ်(၁၉၉)ခု၊ငွေတံဆိပ်(၁၁၉)ခုနှင့် ကြေးတံဆိပ်(၉၈)ခု ရရှိကာ ပထမရရှိခဲ့ပြီး၊တောင်ကိုရီးယားနိုင်ငံမှ အားကစားသမား (၇၈၈)ဦး ပါဝင်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်(၇၆)ခု၊ ငွေတံဆိပ်(၆၅)ခုနှင့် ကြေးတံဆိပ်(၉၁)ခု ရရှိကာ ဒုတိယ ရရှိခဲ့သည်။ ဂျပန်နိုင်ငံမှ အားကစားသမား (၇၂၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်(၄၈)ခု၊ငွေတံဆိပ်(၇၄)ခုနှင့် ကြေးတံဆိပ်(၉၄)ဖြင့် တတိယ ရရှိခဲ့သည်။ မြန်မာနိုင်ငံမှ အားကစားသမား (၆၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၅)ခုနှင့် ကြေးတံဆိပ်(၃)ခု ဖြင့် အဆင့်(၂၂)နေရာ ရရှိခဲ့သည်။ပါဝင်ယှဉ်ပြိုင်သော်လည်း ဆုတံဆိပ် လုံးဝမရရှိသည့် နိုင်ငံလည်း (၉)နိုင်ငံ ရှိခဲ့သည်။
Sunday, November 28, 2010
၁၆ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲ မြန်မာ ဝင်ရောက်ယှဉ်ပြိုင်၊ ဆုတံဆိပ်များ ရရှိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment