ရေးသားသူ — အင်ကြင်း
တခုသော တနင်္ဂနွေနေ့ မင်္ဂလာဆောင်မှာ အခမ်းအနားမှူး လုပ်ပေးဖို့ ပြောထားတာနဲ့ သွားဖို့ ကျမ မမေ့အောင် စနေည ကထဲက စိတ်ထဲက ပြင်ထားပေမယ့် မနက်ကျတော့ စာလုပ်ရင်း စာထဲကို အာရုံရောက်သွားပြီး အချိန်ကို မကြည့်မိတော့ပါဘူး။ နောက်မှ နာရီ ကြည့်လိုက်တော့ နောက်တောင် ကျနေပြီ။ သွားရမယ့်နေရာက ဝေးတော့ အမြန်ပြင်ဆင်ပြီး သွားဖို့လုပ်ရပါတယ်။ အခမ်းအနားမှူး လုပ်ရမှာကလဲ မင်္ဂလာဆောင်ဆိုတော့ မှားလို့ကလဲ မဖြစ်ဘူးလေ။
ဒီလိုနဲ့ အိမ်ကနေ ကမန်းကတန်း ထွက်ရင်းက လမ်းမှာ ချော်လဲ ကျပါတော့တယ်။ ဆောင်းတွင်းဆို လမ်းတွေပေါ်မှာ ကျထားတဲ့ နှင်းတွေက ရာသီဥတု အေးတော့ ရေခဲတွေဖြစ်ပြီး ချောနေတတ်ပါတယ်။ ရေခဲထဲမှာ ရူးဖိနပ်က စီးထားတော့ ချောနေတဲ့ လမ်းပေါ်မှာ ချော်ကျတာမှ လျောကနဲပဲ။ ကျမအဖြစ်က အခန်းကို ပြန်လို့လဲ မဖြစ်တော့တာနဲ့ ဘူတာရောက်မှ အိမ်သာမှာ လက်တွေကို ပြန်ဆေးရင်း သယ်လာတဲ့ အဝတ်ထုပ်ကို ပြန်စစ်ရသေးတယ်။ “တော်သေးတယ် ဘာမှမပေကုန်တာ” နဲ့လို့ သက်ပြင်းချရင်း နောက်ကျမှာ စိုးတာနဲ့ စိတ်မသက်မသာ ဖြစ်နေမိပါတော့တယ်။
မင်္ဂလာဆောင်မှာ သတို့သမီး သတို့သားက ဘာအဝတ်အစား ဝတ်မှန်းမသိတာနဲ့ အနောက်တိုင်းဝတ်စုံရော၊ (ဒီမှာ တစ်ထည်ထဲရှိတဲ့) ကျမရဲ့ မြန်မာဝတ်စုံရော ထည့်သွားတော့ သယ်ရတဲ့ အထုပ်ကလဲ လေးနေပါတယ်။ မတတ်နိုင်တော့ပါ အပြင်မှာ ရာသီဥတုက အနှုတ် ၁၅တောင် ရှိနေတာလေ၊ ရာသီဥတုက တအားအေးနေတော့ ဒါတွေ ဝတ်သွားလဲ အပေါ်က ထပ်ဝတ်ရမှာကိုး။ အထပ်ထပ် ဝတ်ရင်လဲ သိပ်အဆင်မပြေတာနဲ့ လိုတာတွေ ထည့်သွားရပါတယ်။
ဧည့်ခံပွဲ ခန်းမထဲရောက်တော့ မြန်မာတယောက်မှ မတွေ့ရပဲ ကိုရီးယား ရိုးရာဝတ်စုံတွေ ဝတ်ထားတဲ့ ကိုရီးယား အမျိုးသမီးကြီးတွေနဲ့ လူတွေအများကြီး တွေ့တော့ “ဟင် ငါတော့နေရာမှားနေလားမသိဘူး”ဆို ထင်မိ ပါသေးတယ်၊ နောက်တော့မှ ဒါသူများပွဲဆိုတာ သတိထား မိတော့တယ် နောက်တော့ လူတယောက် ထွက်လာပြီး “အမလာလာ ဒီအခန်းထဲသွား”ဆိုမှ သူ့နောက်လိုက်သွားပြီး မိပ်ကပ်လိမ်းတဲ့ အခန်းထဲ အထုပ်တွေနဲ့ ဝင်သွားလိုက်တယ်။ အခန်းထဲရောက်တော့ အဝတ်လဲနေတဲ့ မြန်မာတွေ တွေ့တော့တယ် အဲဒီကျမှ လူကြီးတယောက်က “အခမ်းအနားမှူး လာပြီ ကဲ နောက်ကျနေပြီ အဝတ်မြန်မြန် ဝင်လဲတော”့ဆိုလို့ ကျမလဲ အဝတ်လဲခန်းထဲ ဝင်ပြီး ကမန်းကတန်း လဲရတော့တယ်။
အဝတ်လဲပြီး အပြင် ထွက်လိုက်တော့ သတို့သမီးအဖေလား ဘာလားတော့မသိဘူး လူကြီးတယောက်က “ဟဲ့ဟဲ့ ငါ့သမီးရဲ့ ဘယ်လို ဖြစ်တာတုန်း ထမီကြီးကလဲ တစောင်းကြီးပါလား၊ ခါးက အဖုကြီးက ဘာကြီးလဲ အကျီ င်္အောက်မှာ လဲ အကျီ င်္ က ထွက်နေပါလား”လို့ သူက ပြောတော့မှ ကျမလဲ ကိုယ့်ကိုကိုယ် ပြန်ကြည့် မိတော့တယ် ခါးက လုံချည်ဝတ်ထားတာ လုံချည်စကို လုံးထည့်ထားတာလေ အောက်ကလဲ အေးတော့ အတွင်းက အသားကပ် အကျီ င်္ တွေ မချွတ်ပဲ ထပ်ဝတ်ထားတော့ တမျိုးကြီး ဖြစ်နေတော့တာပေါ့။ ကျမရဲ့ ဗမာရင်ဖုံးအကျီ င်္ပိတ်သားက ပါးပါးလေး ဆိုတော့ အောက်ကအကျီ င်္က ခါးကနေ ပေါ်နေတာ မသိဘူး၊ အဲဒါနဲ့ ဘေးကသူတွေကလဲ “ကဲ ပြန်လဲပါ အထဲမှာ မချမ်းပါဘူး မြန်မြန်ပြန်လုပ်”ဆိုတော့ ကျမလဲ ပြန်ပြင်ပြီး ဝတ်လိုက်ရတယ်။ ပြောတဲ့သူကလဲ အားပါးတရ “အမလေး ငါ့သမီးရယ် လှလှလေးဆိုပြီး ပွဲထုတ်မိပါတယ် ညီးကလဲ လုံချည်ဝတ်ထားတာ ဘယ်လိုကြီးလဲ” လို့ ပြောလိုက်တာနဲ့ နဂိုကထဲက အဝတ်အစားကို ဘယ်တော့မှ လှတပတလေး မဝတ်တတ်တဲ့ ကျမလဲ ပြန်ပြင်ပြီး ဝတ်ရင်းနဲ့ စိတ်တွေ ကျဉ်းကျပ်လာတော့တယ်၊ ဆက်ပြောရရင် ..ပုဝါကလည်း ကျမမှာ ပါမသွားတော့ အခမ်းအနားရောက်မှ တွေတဲ့ အမတယောက်ဆီက ခဏငှားပြီး ခြုံထားရပါတယ်။
ကျမက နဂိုကထဲက ဗမာအကျီ င်္တို့ တိုတဲ့ကျပ်တဲ့ အဝတ်အစားတွေဆို ဘယ်တော့မှ မဝတ်တတ်ဘူး ဝတ်မိရင်လဲ မလွတ်မလပ်နဲ့ အသက်ရူလို့ မဝသလို ခံစားရတယ်၊ ဒီပွဲမှာ ဝတ်တဲ့ အကျီ င်္ တောင်မှ မေမေဆီက အမွေ တောင်းထား တာလေ၊ ကျမနဲ့ မေမေက သားအမိ နှစ်ယောက်လုံး ပိန်တဲ့သူတွေဆိုတော့ မေမေ့အကျီ င်္ဆို ယူဝတ် လို့ ရတယ်လေ။ အိမ်ကပါလာတာ ဒီချိတ်လုံချည်နဲ့ ဒီအကျီ င်္တစုံပဲ ရှိတာကိုး၊ ပြန်ပြီး ထုတ်မဝတ် ကြည့်မိဘူးလေ။ နောက်တခုက ကျမ လုံချည်ဝတ်ရင် ငယ်ငယ်ကထဲက ကျွတ်မှာစိုးလို့ လုံချည်စကို အများကြီး လုံးပြီး ဝတ်တတ်တော့ ထမီက အမြဲ တစောင်းကြီးနဲ့ ခါးမှာလဲ ဗိုက်ပူသလိုကြီး ဖြစ်နေတတ်တာ တက္ကသိုလ် တက်တဲ့အထိပဲ။ ဒါနဲ့ သူငယ်ချင်းတွေက ဝိုင်းသင်ပေးကြတယ် မရပါဘူး ..ဒီပုံပဲ၊ နောက်တော့ သူတို့ လက်လျော့သွားကြတယ်။
အကျီ င်္ဆိုလဲ ခပ်ပွပွပဲ ဝတ်တတ်တော့ ကျမ သူငယ်ချင်းတွေနဲ့ စက်ချုပ်ဆိုင်က ပြောဖူးတယ် “နင်ဟာလေ စတိုင်လ်ကို မရှိဘူး”တဲ့ အဲ..စတိုင်လ်ထုတ် ဝတ်မိလဲ ပြဲသွားရတာနဲ့ စကပ် ကွဲသွားတာနဲ့ အဲလိုကလဲ ဖြစ်တတ်တော့ ကျမ စိတ်လဲမရှည်ပါ… စမတ်မကျလဲ နေပါစေတော့ဆိုပြီး အမြဲ အဆင်ပြေသလိုပဲ ဝတ်ပါတော့တယ်။ ကျမ အထက်က အမကတော့ သူကိုယ်တိုင် ချုပ်ပြီး မီးပူကို အကျအနတိုက်ပြီး စတိုင်လ်ကျကျ ဝတ်တတ် စားတတ်ပါတယ်။ ကျမကတော့ အဒေါ်တွေ ချုပ်ပေးသလိုပဲ ဝတ်ပြီး မီးပူတိုက်ရမှာလဲ ပျင်းတယ်။ ဒီမှာဆိုတော့ ကျောင်းသွားခါနီး ဂျင်းဘောင်းဘီကို ခါပြီး ကောက်ဝတ် သွားလိုက်တာပဲလေ။ အိမ်မှာတုန်းကတော့ အဒေါ်တွေ အမတွေက လုပ်ပေးသမျှကို ဝတ်စားနေခဲ့ရတာ ဆိုတော့ ကိုယ့်ဖာသာ ဘာမှ သိပ်မလုပ်တတ်တော့ဘူး၊ ဒီမှာတော့ စာကလဲများ ခုဆို အချိန်ပိုင်းကလဲ ဝင်လုပ်နေတာနဲ့ တယောက်ထဲ ဖြစ်သလိုပဲ နေတော့တယ်။ ဒါကြောင့် တခါတလေတော့ အိမ်ကို အရမ်း သတိရမိပါတယ်။
ခုလို ဧည့်ခံပွဲ တခုခု သွားတော့မယ် ဆိုရင် အိမ်က လူတွေပါ ကျမကြောင့် အလုပ်ရှုပ် ကုန်တယ်လေ။ ကျမ အဒေါ်ဆို ကျမကို ခေါင်းဖီးပေးတာက စပြီး အလှပြင် ပေးနေကျပေါ့၊ ကျမပွဲတခုခု သွားခါနီးရင် အဒေါ်တွေ အမတွေက ဘယ်လိုဝတ်သွား ဘယ်လိုလေး ပြင်ဆိုပြီး ကြည့်ပေးနေကျလေ၊ ဒီမှာတော့ ထူးထူးခြားခြား ပွဲတွေဘာတွေ သွားစရာ မရှိတော့ ဘာမှလဲ သီးသန့် ဝယ်မထားတော့ဘူး..
ရန်ကုန်မှာ တုန်းကတော့ အခမ်းအနားမှူး မကြာခဏ လုပ်ဖူးပါတယ်။ လုပ်ရတာကလဲ အလုပ်ထဲကနေ အစိုးရပွဲတွေပဲ များပါတယ်။ ပစ္စည်းအပ်တဲ့ အခမ်းအနားမျိုး၊ စကားပြော ပြိုင်ပွဲတို့၊ သင်တန်းသားတွေ ပြန်တွေ့ဆုံတဲ့ ပွဲမျိုးတွေ ဘာတွေပေါ့လေ။ ကျမရဲ့ ပထမဆုံး အခမ်းအနားမှုး လုပ်ဖူးတဲ့ ပွဲကတော့ တစ်ယောက်ထဲ လုပ်ခဲ့ရတာ မဟုတ်ပါဘူး။ ကိုပြုံးချို လို့ခေါ်တဲ့ ကိုရီးယားလေးနဲ့ အတူ အခမ်းအနားမှူး တွဲလုပ်တာပါ။ သူက လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန အောက်မှာ လုပ်အားပေး လာပြီးလုပ်ပေးတဲ့ ကောင်လေးပါ။ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ စတတ် နောက်တတ်ပြီး အမြဲလို ပြုံးနေတတ်လို့ သူ့ကိုအားလုံးက သူ့နာမည်အရင်းကို မခေါ်တော့ပဲ ကိုပြုံးချိုလို့ပဲ ခေါ်ကြပါတယ်။
ပထမဆုံး ပွဲဆိုတော့ ကျမတို့ ၂ယောက်လုံး အခမ်းအနားအတွက် ပြောရမယ့် စာတွေ သေခြာရေးပြီး တိုက်ထားတော့ ပွဲပြီးတဲ့အထိ အားလုံး အဆင်ပြေခဲ့ပါတယ်။ အခမ်းအနားမှာ ကျမပြောရမယ့် ဟာတွေကို ကျမဖာသာ ပြင်ဆင်ရေးပြီးမှ ပြောတာများပါတယ်။ ဒါတောင် တခါတလေ စိတ်လှုပ်ရှားတော့ မှားတတ်ပါသေးတယ်။ ခုတော့ မလုပ်တာကလဲ ကြာပြီဆိုတော့ ဘာကိုပြင်ရမှန်း သေခြာမသိတော့ဘူးလေ။
နောက်ပြီး ကျမလဲ မင်္ဂဆောင် အခမ်းအနားမူးတော့ တခါမှ မလုပ်ဖူးပါဘူး။ မြန်မာပြည် မှာကတော့ မင်္ဂဆောင်ဆိုရင် ဘိတ်သိတ်ဆရာက အခမ်းအနားမှူး အနေနဲ့ အရေးပါတယ်လေ။ ကိုရီးယားမှာတော့ အခမ်းအနားမှူးက အရေးကြီးပါတယ်။ ဧည့်ခံပွဲမှာ သူကပဲ အားလုံးကို တာဝန်ယူ နေရာချထားပြီး ပွဲအနေအထားပေါ် မူတည်ပြီး ပြောတတ်ဆိုတတ် ရတာဆိုတော့ ပွဲတခုလုံးကို အခမ်းအနားမှူးက ဦးဆောင်ရတာ ဖြစ်ပါတယ်။
ခုနက အခမ်းအနားမှူး လုပ်တဲ့အကြောင်း ဆက်ပြောပြပါ့မယ်။ ဒါနဲ့ ကျမပြောရမယ့် စာရွက်ကိုကောက်ယူပြီး ခန်းမထဲ ဝင်သွားတော့ ဧည့်သည်တွေ တော်တော်များများ ရောက်နေကြတာ တွေ့ရပါတယ်။ ဒါပေမယ့် ဘယ်သူက သတို့သမီး ဘယ်သူက သတို့သား ဆိုတာရော သက်ဆိုင်တဲ့ သူတွေရောကို ကျမလုံးဝ မသိတာပါ ဘယ်လောက်ညံ့လဲဆို နာမည်တောင် ကြိုမေးမထားမိဘူး ပွဲရောက်မှ သတို့သား သတို့သမီး နာမည်ကို ကြည့်ရတော့တယ်။ ခေါင်းပေါင်းကြီးနဲ့ လူကို ကျမက သတို့သားလို့ မှားပြီးထင်နေတာ.. နောက်မှ ဘိသိတ်ဆရာမှန်း သိရတော့တယ်။ ဘိတ်သိတ်ဆရာက အပြောကောင်းလို့သာ တော်ပါသေးတယ်.. မင်္ဂလာပွဲမှာ သူကပဲ ဆက်တိုက် ပြောသွားတော့တယ်။
ကျမ ခန်းမထဲ ဝင်သွားတော့ မင်္ဂလာဆောင် ခန်းမက ဝန်ထမ်း ကိုရီးယားမလေးက “အခမ်းအနားမှူးလား လာလာ နေရာယူတော”့ဆိုလို့ ကျမလဲ သူ့နောက် လိုက်သွားပါတယ်။ ပွဲစတော့မယ် လုပ်တော့ တယောက်က လာလိုက် “မပြောနဲ့အုံး” နောက်တယောက်က ”ဖတ်တော့”လို့ ပြောလိုက်နဲ့ ကျမလဲ ဘာလုပ်ရမှန်းမသိ ဖြစ်နေမိပါတယ်။ ကျမလဲ ကြောင်တောင်တောင်နဲ့ ရပ်နေရတာ မေ့ပြီး ပွဲအစီအစဉ် အစအဆုံးကို မကြေငြာလိုက်မိဘူး။ လူတွေကလဲ ထိုင်လိုက် ထလိုက်ဆိုတော့ ကျမလဲ ငေးကြည့်နေမိတယ်။ အခမ်းအနားမှူး လုပ်ရတာ တကယ်မလွယ်ပါဘူး။ တင်မိုးလွင်တို့လို ပြုံးပြုံးလေး ပြောဖို့က အတော် ကျင့်ရမယ်နဲ့တူပါရဲ့။
သတို့သား သတို့သမီးကလဲ တော်တော်နဲ့ မတွေ့ရသေးဘူး အရေးထဲ သူတို့ လျှောက်လာချိန်မှာ ဖွင့်မယ့် သီချင်းကလဲ အသံမထွက်ဘူး ဖြစ်နေပါတယ်။ ဘိသိတ်ဆရာက “အစီအစဉ် သုံးခုမြောက်ကနေ စပြီး အမ မပြောနဲ့တော့”ဆိုတာနဲ့ ကျမလဲ သူပြောတာ နားထောင် နေလိုက်တယ်။ အဲဒီတော့ ဘာသာလဲ ပြန်မပေးမိဘူး၊ သတို့သမီး သတို့သား မိဘတွေက ကိုရီးယားမှာ မရှိတော့ သူတို့အစား ဒီမှာရှိတဲ့ လူကြီးတွေကို ကန်တော့ပါတယ်။ ပြီးတော့ လပ်ထပ်လက်စွပ် ဝတ်ပေးတဲ့ ကိုရီးယား ဘုန်းတော်ကြီးက ဆုံးမသြဝါဒ ချီးမြှင့်ပေးပါတယ်။ မင်္ဂလာလက်ထပ် လက်စွပ်ဝတ်ပေးတဲ့ ကိုရီးယား ဘုန်းတော်ကြီးကိုလဲ ကျမက ထုံးစံအတိုင်း နေရာသို့ ပြန်ကြွနိုင်ပါပြီလို့ မပြောမိတော့ ဘုန်းကြီးက နေရာက ရပ်စောင့်နေတာ ကျမက မသိလိုက်ဘူး။ အဲလို..ကျမအဖြစ်က...
နောက်ထပ် မှားတာကတော့ နာမည်တွေကို သေသေခြာခြာ မေးမထားမိတော့ ကိုရီးယားလို ပြောတဲ့အချိန်မှာ စာထဲမှာ သူတို့ကလဲ ဗမာ နာမည်တွေကို ကိုရီးယားလို ရေးထားတော့ အသံထွက်တွေ မှားကုန်ရော။ အစီအစဉ် တခုပြီးတိုင်း “လက်ခုပ်တီးပြီး ချီးမြှင့်ပေးကြပါ”လို့ ကျမက မပြောခင် လက်ခုပ်တွေ တီးကြတော့ ကျမလဲ မှားပြီး လက်ခုပ်တီးပြီးမှ ပြောမိတော့တယ်။ ကျမလေ ပွဲပြီးမှ ဖိတ်တဲ့သူကို အားနာလိုက်တာ...
မင်္ဂလာဆောင်မှာ သီချင်းသီဆိုပြီး ချီးမြှင့်ပေးတဲ့ သူ (၃) ဦး ကတော့ တကယ့် အဆိုတော်တွေလိုပဲ မြန်မာသံကို ဆိုသွားတာ နားထောင်လို့ တကယ်ပဲ ကောင်းပါတယ်။ ကျမကြိုက်တဲ့ စုံတွဲသီချင်း မင်္ဂလာတေးကို တယောက်ထဲ ဆိုတာ အရမ်းကောင်းပါတယ်။
မင်္ဂလာ အခမ်းအနား ပြီးတော့ ခန်းမထဲက ဝန်ထမ်း အမျိုးသမီးက “ဒါ မြန်မာ့ ရိုးရာဝတ်စုံလား လှလိုက်တာနော်” လို့ လာပြောတော့ အဲဒီကျမှ ကျမလဲ သဘောကျပြီး စိတ်နဲနဲ သက်သာ သွားပါတော့တယ်။ ကျမရဲ့ ကိုရီးယားက မြန်မာမင်္ဂလာဆောင် အခမ်းအနားမှူး အတွေ့အကြုံကတော့ အမှားများနဲ့ တကယ့် အမှတ်တရပါပဲရှင်။
ကိုသော်တာထွန်း+မမေဇော်မောင်ဝင်း တို့ မင်္ဂလာပွဲ အမှတ်တရ။
အင်ကြင်း (Incheon, Korea)
Tuesday, January 25, 2011
အခမ်းအနားမှူး ကျမ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment