Thursday, March 31, 2011

အစိုးရက မိဘလား၊ ပြည်သူက မိဘလား

ရေးသားသူ — လူထုစိန်ဝင်း

လူငယ် ဂျာနယ်သမားတစ်ယောက်က စာရေးရင်း သုံးလိုက်တဲ့ စကားလုံး တစ်လုံးနဲ့ ပက်သက်ပြီး ဘဝင်မကျသလို ဖြစ်လာလို့ စာရေးတာကို ရပ်ပြီး ရောက်လာ ဆွေးနွေးပါတယ်။ ရွေးကောက်ပွဲအပြီး ပေါ်ထွက်မယ့် အစိုးရအကြောင်း ရေးရင်းနဲ့ အစိုးရဆိုတာ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သနားကြင်နာရမယ်လို့ ရေးလိုက်တယ်။ ရေးလည်းပြီးရော ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယတွေ ဖြစ်လာတယ်။ ဒါကြောင့် ဆရာနဲ့ လာဆွေးနွေးတာလို့ ပြောပါတယ်။

တိုင်းသူပြည်သားရဲ့ မိဘလား

ဘာကို ဘဝင်မကျ သံသယတွေပွားတာလဲလို့ ဆက်မေးတော့ ရင်ဝယ်သားကဲ့သို့ ဆိုတဲ့ စကားပါ။

အဲဒီ စကားအရ အဓိပ္ပာယ်ကောက်လိုက်မယ်ဆိုရင် အစိုးရက တိုင်းသူပြည်သားများရဲ့ မိဘဆိုတဲ့ သဘောဖြစ်နေတယ်။ ဒီမိုကရေစီခေတ်မှာ အစိုးရဆိုတာ တိုင်းသူပြည်သားများက ရွေးချယ်တာဝန်ပေးတာ မဟုတ်ဘူးလား။ တာဝန်ကို အချိန်ပြည့်ထမ်းဆောင်နိုင်ဖို့အတွက် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေထဲက လစာရိက္ခာ ပေးထားခဲ့တယ်။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေဆိုတာလည်း တိုင်းသူပြည်သားများဆီက ကောက်ယူရရှိထားတဲ့ အခွန်အတုတ်တွေ ဖြစ်တာကြောင့် တိုင်းသူပြည်သားများကသာ အစိုးရရဲ့ အလုပ်ရှင်လို့ ဆိုရမှာမဟုတ်ဘူးလား စတဲ့မေးခွန်းတွေကို တသီတတန်းကြီး ဆက်မေးလိုက်ပါတယ်။ ဒီတခါ ဖြေရမှာကတော့ ကိုယ့်အလှည့်ဖြစ်သွားပါတယ်။

တရားလက်လွတ် မပြုစေဖို့

သူဘဝင်မကျဖြစ်တာ ဖြစ်သင့်ပါတယ်။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သနားကြင်နာရမယ်ဆိုတဲ့ စကားက ရှေးခေတ်ရှေးအခါ ရှင်ဘရင်စနစ် အုပ်ချုပ်တဲ့ခေတ်က သုံးလေ့ရှိတဲ့ စကားဖြစ်တယ်။ သူ့ခေတ်နဲ့ သူ့အခါတော့ လိုက်ရော ညီထွေရှိတာပေါ့။ အဲဒီခေတ်ကတော့ မင်းကို တိုင်းသူပြည်သားများက ရွေးချယ်ခန့်အပ်တာ မဟုတ်ပါဘူး။ မင်းမျိုးမင်းနွယ် အစဉ်အဆက် အမွေဆက်ခံလာပြီး ဖြစ်လာကြရတာပါ။ သူ့ခေတ် သူအခါအလျောက် ဘုရင်က အရှင်သခင် သက်ဦးဆံပိုင်ဖြစ်ပြီး တိုင်းသူပြည်သားများကို ကျေးတော်မျိုး ကျွန်တော်မျိုးအဖြစ် သဘောထားခဲ့ကြတယ်။ အဲလို အခြေအနေမှာ သက်ဦးဆံပိုင် အရှင်သခင်ဖြစ်တဲ့ ဘုရင်က တရားလက်လွတ် မပြုမိစေဖို့ ဘုရင်ဆိုတာ မိဘသဖွယ် တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သဘောထားပြီး အုပ်ချုပ်ရမယ်လို့ ပညာရှင်များက ဆိုခဲ့ကြတာဖြစ်တယ်။

ပြည်သူက အာဏာပိုင်

ခေတ်တွေ စနစ်တွေ အမျိုးမျိုး ပြောင်းသွားခဲ့ပြီဖြစ်တဲ့ ဒီခေတ်မှာတော့ သက်ဦးဆံပိုင် ဘုရင် စနစ်ဆိုတာ ချုပ်ငြိမ်းသွားပါပြီ။ ကြွင်းကျန်နေသေးတဲ့ ဘုရင်စနစ်တွေဟာလည်း သက်ဦးဆံပိုင် မဟုတ်တော့ပါဘူး။ အားလုံးဟာ တိုင်းသူပြည်သားများက ရေးဆွဲ ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ အောက်က ဘုရင်တွေ ဖြစ်နေပါပြီ။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကို နာခံရသူတွေ ဖြစ်နေပါပြီ။ အဲဒါကြောင့် ဒီမိုကရေစီစနစ်ရဲ့ လူ့အဖွဲ့အစည်းမှာ မဲဆန္ဒရှင် တိုင်းသူပြည်သားများက အာဏာအပိုင်ဆုံးသူများ ဖြစ်ကြတယ်။ ဘုရင်တို့၊ အစိုးရတို့၊ လွှတ်တော်တို့ဆိုတဲ့ အရာအားလုံးဟာ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားပြီး ပြည်သူလူထုက တာဝန်ပေး စေခိုင်းတဲ့အတိုင်း လိုက်နာဆောင်ရွက်ကြရတယ်။

ပြည်သူကသာ မိဘ

အဲဒါကြောင့် ရှေးခေဆ် အခါကတည်းက အစိုးရနဲ့ အစိုးရ ဝန်ထမ်းများကို ပြည်သူ့ဝန်ထမ်း၊ ပြည်သူ့အစေခံ (Public servant) လို့ ခေါ်ခဲ့ကြတယ်။ ပြည်သူကပေးတဲ့ လစာ ရိက္ခာကို စားနေကြသူများဖြစ်လို့ ဒီလိုခေါ်တာဟာ လျှော်ကန်သင့်မြတ်ပါတယ်။ ပြည်သူဟာ အရှင်သခင်၊ ပြည်သူဟာ အာဏာပိုင်၊ ပြည်သူဟာ အဓိက ဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ ကိုက်ညီတဲ့ အသုံးအနှုံးလည်း ဖြစ်တယ်။ အဲဒါကြောင့် ဘဝင်မကျလို့ လာရောက်ဆွေးနွေးတဲ့ လူငယ်ဂျာနယ်သမားလေးကို ဒီမိုကရေစီခေတ်မှာ အစိုးရက မိဘ မဟုတ်ဘူး၊ တိုင်းသူပြည်သား မဲဆန္ဒရှင်များကသာ မိဘ ဖြစ်တယ်လို့ အကျယ်တဝင့် ဆွေးနွေးရှင်းပြလိုက်ပါတယ်။

အသုံးအနှုံးများ

ဓလေ့ ထုံးစံနဲ့ စကားလုံး ဝေါဟာရ အသုံးအနှုံးများဟာ ခေတ်ကို ကျော်လွန်ပြီး တည်တံ့နေလေ့ရှိတယ်။ ဘုရင်ကို မိဘနေရာ သက်ဦးဆံပိုင် အရှင်သခင် နေရာထားပြီး ပြောဆိုခဲ့တဲ့ အသုံးအနှုံးများဟာ သမ္မတခေတ်အထိ ဆက်ပြီး သုံးစွဲနေကြတယ်။ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို အာဏာပိုင်အဖွဲ့အစည်းများလို့ သုံးစွဲနေတာဟာလည်း မသင့်တော်တော့ဘူး။ ပြုပြင်ဖို့ ကောင်းတာကြာပြီ။ “ပညတ်သွားရာ ဓာတ်သက်ပါ” ဆိုတဲ့ စကားအတိုင်း အသုံးအနှုံး ဝေါဟာရကြောင့် လူတွေရဲ့ စိတ်ဓာတ်တွေပါ ပြောင်းသွားတတ်တယ်။ ဒီမိုကရေစီခေတ်မှာ အာဏာပိုင်တာဟာ ပြည်သူတွေဖြစ်တယ်။ ဝန်ထမ်းတွေ မဟုတ်ဘူး။ နောင်တချိန်မှာ ဒီလို အခေါ်အဝေါ် အသုံးအနှုံးတွေက စပြီး ပြုပြင်ကြရပါလိမ့်မယ်။

ရုံးတစ်လုံး ဓားတစ်စင်း

အာဏာပိုင်ဆိုတဲ့ စကားလုံးကြောင့် ပြည်သူ့ဝန်ထမ်း (Public Servant) တွေက သူတို့ကိုယ်သူတို့ ရုံးတစ်လုံး ဓားတစ်စင်းနဲ့ အာဏာပိုင်စိုးတဲ့ အရှင်သခင်အဖြစ် မှတ်ယူသွားတတ်ကြတယ်။ သူတို့ကို လစာ ရိက္ခာပေးထားတဲ့ တိုင်းသူပြည်သားများကို ကျေးတော်မျိုး ကျွန်တော်မျိုးများအဖြစ် သဘောထားပြီး အာဏာ ပါဝါပြ ဟိန်းကြ ဟောက်ကြတယ်။ ဒီစရိုက်တွေ ပပျောက်အောင် မနည်းကြီး လုပ်ရပါလိမ့်မယ်။ အမြစ်တွယ်ခဲ့တာ ကြာလှပြီ။ မျက်နှာဖြူ အရှင်ခင်ကြီးများခေတ်က သူတို့ကို သခင်ခေါ်ပြီး ဒူးတုပ် ခစားစေခဲ့ရာက စခဲ့တဲ့ အကျင့်ဖြစ်တယ်။

ဒီမိုကရေစီ စနစ် တည်ဆောက်မယ်ဆိုတဲ့ လူတွေရဲ့ ခေါင်းထဲမှာ အမြစ်တွယ်နေတဲ့ အတွေးအခေါ်ဟောင်း၊ စိတ်ဓာတ်ဟောင်းတွေကို လုံးဝ ရှင်းလင်း ဖယ်ရှားပစ်ဖို့ လိုပါတယ်။ “ပညတ်သွားရာ ဓာတ်သက်ပါ” မဖြစ်ရလေအောင် အခေါ်အဝေါ် အသုံးအနှုံးတွေကအစ ပြုပြင်ပြောင်းလဲ ပစ်ရပါတယ်။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သနားကြင်နာရမယ်ဆိုတဲ့ အပြောအဆို အသုံးအနှုံးမျိုးကိုလည်း ပျောက်အောင်လုပ်ရပါမယ်။ အစိုးရက မိဘ မဟုတ်ဘူး။ ပြည်သူကသာ မိဘ ဖြစ်တယ်ဆိုတဲ့ စကားကို နားထဲ စွဲအောင် လုပ်ပေးဖို့လည်း အထူးလိုအပ်ပါတယ်။ ဒါမှ ဒီမိုကရေစီနဲ့ လိုက်လျောညီထွေ ဖြစ်မှာပါ။

လူထုစိန်ဝင်း
၃၁.၁၀.၁၀

(ကောင်းကင် အင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်။)


No comments: