Friday, April 1, 2011

ဆားချက်လုပ်ငန်းများလည်း E-9 အလုပ်သမား အသုံးပြုခွင့်ရ


ဂျော်လာနမ်ဒို၊ ရှီနန်းဒေသ( ဂွမ်ဂျူးကြီး အနီး)ရှိ ဆားချက်လုပ်ငန်းများတွင် နိုင်ငံခြားသား E-9 အလုပ်သမား အသုံးပြုခွင့် ရရှိထားပြီ ဖြစ်သည်။ အဆိုပါဒေသသည် ကိုရီးယားနိုင်ငံအ၀ှန်း ဆားချက်လုပ်မှု၏ ၅၇%၊ ဆားထုတ်လုပ်မှု စုစုပေါင်း၏ ၆၅% ထုတ်လုပ်လျှက် ရှိပြီး၊ ဆားချက်လုပ်သား စုစုပေါင်း ၂၁၅၀ ဦး လိုအပ်နေသော်လည်း လက်ရှိ လုပ်ငန်းခွင်အတွင်း၌ ၁၇၀၀ ဦးသာ အသုံးပြုနိုင်သေးကြောင်း သိရသည်။


ကိုရီးယား အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ လူ့စွမ်းအား အရင်းအမြစ်ဌာနသည် ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြားသား အလုပ်သမား စုစုပေါင်း အရေအတွက် ၄၈၀၀၀ ဦး ခေါ်ယူ အသုံးပြုရန် သတင်း ထုတ်ပြန်ထားသည်။ ယင်းတို့မှာ စက်မှုလုပ်ငန်း ၄၀၀၀၀ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်း ၁၆၀၀ ဦး၊ ၀န်ဆောင်မှုလုပ်ငန်း ၁၅၀ ဦး၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ၄၅၀၀ ဦး နှင့် မွေးမြူရေးလုပ်ငန်း ၁၇၅၀ ဦးတို့ ဖြစ်သည်။ သို့သော် ကိုရီးယားအစိုးရအနေနှင့် ပထမ ၆ လပတ်အတွင်း ခွဲတမ်း၏ ၇၅%ကို စက်မှုလုပ်ငန်းများ၌ အဓိကထား ခေါ်ယူ အသုံးပြုရန် ရှိနေပြီး၊ ကျန်ရှိနေသော လုပ်သားခွဲတမ်းကိုမူ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း နှင့် ရေလုပ်ငန်းတို့တွင် ဆက်လက် အသုံးပြုရန် ရည်ရွယ်ထားကြောင်း သိရသည်။

ထို့ပြင် လုပ်ငန်းခွင် သန့်ရှင်းမှု နည်းပါး၍ ကိုရီးယားနိုင်ငံသားများ လုပ်ငန်းခွင်ဝင်ရောက်မှု နည်းပါးသော ဆားချက်လုပ်ငန်း နှင့် ဆောက်လုပ်ရေး ဘေးထွက်ပစ္စည်း သန့်ရှင်းရေးလုပ်ငန်းတို့တွင်လည်း နိုင်ငံခြားသား E-9 အလုပ်သမားများကို ခေါ်ယူ အသုံးပြုရန် ရည်ရွယ်ထားကြောင်း သိရသည်။

ပြည်ပနွယ်ဖွား ကိုရီးယား လူမျိုးများကိုမူ ယခင်နှစ်လျာထားချက်အတိုင်း ၃၀၃၀၀၀ ဦး အသုံးပြုမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

No comments: