Friday, March 25, 2011

နှလုံးသားလေးတွေ မဝေးစေချင်


ဂဂါင်္မြစ်ဆီ ကိုယ်လက်သန့်စင်ဖို့ ကြွလာတဲ့ ဟိန္ဒူသူတော်စင်ကြီး တစ်ပါးဟာ မြစ်ကမ်းပါးပေါ်မှာ တစ်ဦးကို တစ်ဦး ဒေါသတကြီး အော်ဟစ်ပြောဆိုနေကြတဲ့ မိသားစုဝင် တချို့ကို မြင်တော်မူတယ်။ ဒီအခါ သူ့ရဲ့ နောက်လိုက် တပည့်တွေဖက် လှည့်ကာ ပြုံးတော်မူရင်း

“ဒေါသထွက်နေကြတဲ့ လူတွေဟာ ဘာကြောင့် တစ်ဦးကို တစ်ဦး အော်ကြီးဟစ်ကျယ် ပြောဆိုနေကြရတာလဲ” လို့ မေးတော်မူပါတယ်။

နောက်ပါတပည့်တွေလည်း ခဏတာ စဉ်းစားပြီး အဲဒီထဲက တပည့်တစ်ဦးက

“ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်စွမ်းတွေ ပျောက်ဆုံးသွားတဲ့ အတွက် အော်ဟစ်မိတာဖြစ်ပါတယ်” လို့ ပြန်လျှောက်ထားပါတယ်။

သူတော်စင်ကြီးက

“ စိတ်မထိန်းနိုင်တဲ့အတွက် ဆိုဦးတော့ ကိုယ်ဒေါသဖြစ်နေတဲ့ လူဟာ ကိုယ့်ဘေးနားမှာ ရှိနေပါလျှက်နဲ့ ဘာကြောင့် အသံကုန် အော်ဟစ် ပြောဆိုတာတွေ လုပ်နေစရာလိုလဲ။ ကိုယ်ပြောချင်တဲ့ စကားတွေကို အေးဆေးညင်သာတဲ့ လေသံနဲ့လည်း ပြောဆိုနိုင်တာပဲမဟုတ်လား” လို့ ထပ်မေးလိုက်ပြန်ပါတယ်။

တပည့်တွေကလည်း အဖြေတွေ ထပ်ပေးကြပြန်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ တစ်ဦးအဖြေကို တစ်ဦး အားရ
ကျေနပ်မှု မရှိကြဘူး။

နောက်ဆုံးမှာတော့ သူတော်စင်ကြီးက

“လူနှစ်ဦး တစ်ဦးကို တစ်ဦး စိတ်ဆိုးဒေါသ ဖြစ်ကြတဲ့အခါ သူတို့ရဲ့ နှလုံးသား နှစ်ခုဟာ တစ်ခုနဲ့ တစ်ခု အတော်လေး ကွာဝေးသွားကြတယ်။ အဲဒီတော့ သည်အကွာအဝေးကို ကာမိပြီး တစ်ဦးစကား တစ်ဦး ကြားနိုင်ဖို့ အတွက် သူတို့ဟာ သံကုန် အော်ပြောတာတွေ လုပ်လာရတယ်။

ပိုပြီးတော့ သူတို့ ဒေါသဖြစ်လေ၊ ပိုပြီး ဝေး,ဝေးသွားတဲ့ သူတို့နှလုံးသားနှစ်ခု တစ်ခုကိုတစ်ခု ကြားနေနိုင်ဖို့ ပိုပြီး အားစိုက်ကာ အော်,အော်ပြောလာရလေ ဖြစ်နေတော့တာပေါ့။

လူနှစ်ဦး ချစ်ခင်စုံမက်နေကြရင်ကော ဘာဖြစ်မယ်ထင်သလဲ။ သူတို့နှစ်ဦး တစ်ဦးကို တစ်ဦး စကားချိုသာ ပြောကြရုံမှတပါး တခြားအော်ဟစ်ပြောဆိုနေစရာ အကြောင်းမရှိဘူးလေ။ ဘာ့ကြောင့်လဲဆိုတော့ သူ့တို့နှလုံးသား နှစ်ခုဟာ အလွန်တရာ နီးကပ်နေကြလို့ပေါ့။ သူတို့ နှလုံးသား နှစ်ခုကြားက အကွာအဝေးဟာ မရှိရင်လည်းမရှိတော့ဘူး။ ရှိရင်လည်း မပြောပလောက်ရုံသာ ရှိတော့မယ်။”

ဆက်လက်ပြီး သူက

“တစ်ဦးနဲ့ တစ်ဦး ဆထက် တိုးပြီး ချစ်ခင်ကြလာတဲ့ အခါ ဘာတွေဖြစ်လာမယ် ထင်လဲ။ သူတို့ နှစ်ကိုယ်ကြား တိုးတိုးလေးသာ ပြောကြတော့မှာပေါ့။ ချစ်ခြင်းမေတ္တာတွေနဲ့ တစ်ဦးကို တစ်ဦး ပိုလို့လည်း ကျွမ်းဝင်နီးကပ်လာကြတော့မှာပေါ့။ နောက်ဆုံး တီးတိုးညှင်သာ စကားဆိုနေဖို့တောင် မလိုတော့ပဲ တစ်ဦးကို တစ်ဦးကြည့်မြင် နေရရုံနဲ့တင် ပြီးပြည့်စုံနေတော့မှာပေါ့။ ဒါကတော့ တစ်ဦးကို တစ်ဦးမေတ္တာရှိကြတဲ့ အခါ လူနှစ်ဦးရဲ့ နီးစပ်မှုပါ။”

သူက နောက်လိုက်တပည့်တွေကိုကြည့်ရင်း

“ဒါကြောင့် သင်တို့ အငြင်းအခုံတွေ ဖြစ်ကြချိန်မှာ သင်တို့ရဲ့ နှလုံးသားလေးတွေကို သည့်ထက်ပိုကာ ဝေးကွာခွင့် မပြုလိုက်ကြပါနဲ့။ နှလုံးသားလေးတွေ တစ်ခုနဲ့တစ်ခု ဒီလို ဝေးကွာနေကြစဉ်မှာလည်း စကားတွေ ထပ်ခါ ဆိုမနေကြပါနဲ့။ ဒါမှမဟုတ်ရင်တော့ ပြန်ဆုံစည်းဖို့ရာ လမ်းစ မမြင်တဲ့ အင်မတန် အလှမ်းကွာဝေးသွားတဲ့ နေ့တစ်နေ့ ဆီကို ဆိုက်ရောက်သွားပါလိမ့်မယ်။ သာဓက အနေနဲ့ ပြောရရင် ကွာရှင်းပြတ်စဲခြင်းတွေ ပြုလုပ်ရာ တရားရုံးတွေထဲမှာ ဇာတ်သိမ်းကောင်း ဇာတ်သိမ်းသွားရတာမျိုးပေါ့” လို့ ပြောဆိုရင်း စကားကို အဆုံးသတ်လိုက်ပါတော့တယ်။

မူရင်း- Why We Shout When In Anger

2 comments:

minthu said...

ကိုမိုးသစ်နိုင်ရေဗဟုတလေးတွေတင်ပေးတာကျေးဇူးပါပဲဗျာ

မိုးသစ်နိုင် said...

မှတ်ချက်လေး ရေးပေးသွားတဲ့အတွက် ကိုမင်းသူကိုလည်း ကျနော့်အနေနဲ့ အထူးပဲ ကျေးဇူးတင်မိကြောင်းပါခင်ဗျာ။