ရေးသားသူ — အင်ကြင်း
ကျမ မနက်က လမ်းမှာ လီလီနဲ့တွေ့သည်။
"ဟယ် လီလီရေ မတွေ့ရတာ ကြာလှပြီ လှလာလိုက်တာ ဘယ်သွားမလို့လဲ" ဆိုတော့
"ငါ အဆောင်ပြောင်းမလို့ အခန်းသွားကြည့်မလို့လေ လှအောင် တမင်ပြင်ထားတာဟ ငါ့ချစ်သူနဲ့ ကွဲသွားပြီ"
"ဟင် ဟုတ်လား နင်ပြောပြတဲ့ ကိုရီးယား ကောင်လေးလား"
" အေး.... ရည်းစားနဲ့ ပြတ်တော့ တမင် လှအောင်လုပ်ထားရတာ စိတ်တော့ ညစ်တာပေါ့၊ နောက်မှ နင် ငါ့အခန်း အသစ်ကို လာလည် ထမင်းအတူစားကြမယ်"....
လီလီနဲ့ ကျမက ကျောင်းမှာ မနှစ်က အတန်းအတူ တက်ရင်း ခင်သွားကြသောသူငယ်ချင်းတွေ။ အတန်းက အနောက်တိုင်း ဒဿနိက အထူးယူတဲ့ ပါမောက္ခ သင်တဲ့ အတန်းပေါ့၊ ဆရာက အလွန် အဆူသန်သည်။ စာသင်ရာတွင်လည်း အားနဲ့ မာန်နဲ့ သင်တတ်သည်။ အတန်းတွင် ကျမတို့ နှစ်ယောက်သာ တခြားဘာသာမှ ဖြစ်ပြီး ကျန်တာ သူတို့ဆိုင်ရာဘာသာရပ်က ကိုရီးယား ကျောင်းသားတွေဖြစ်သည်။ ကျမက အာရှနှိုင်းယှဉ်သမိုင်း၊ လီလီက ကိုရီးယား ဘာသာစကား အထူးပြု ယူသူဖြစ်သည်။၊ လီလီနှင့် ကျမက ပျော့စိပျော့စိနှင့် ဆရာကိုကြောက်တာကြောင့် အသံကလည်း မထွက်ကြ၊ နှစ်ယောက်လုံးက စကားပြောရင် ချွဲသလို ပြောတတ်တာကြောင့် ထင်သည် ကျမတို့ နှစ်ယောက်ကိုတော့ ဆရာက သိပ်မဆူပါ။ ကျမက မြန်မာဆိုတော့ ဒီဘက်ဌာနမှာ မမြင်ဖူးတော့ ကျမကို ဆရာက တခြားသူတွေရှေ့ ထွက်ပြီး မြန်မာလို စာကြောင်းရေးခိုင်းသည်။ ကျောင်းသားတွေက ကျမရေးပြတဲ့ မြန်မာစာကို မမြင်ဖူးတော့ လုံးလုံးလေးတွေ ဆိုပြီး တအံ့တသြနဲ့လေ၊ ဆရာကလည်း အရှေ့တောင်အာရှ ဘာသာရပ်သည် စိတ်ဝင်စားဖို့ ကောင်းသည်ဟု ပြောသည်။ လီလီ့ အကြောင်းကိုလည်း မေးသည်။
လီလီက တရုတ်မလေးပါ။ ကျောင်းမှာ တရုတ်ကျောင်းသားတွေ များသည်။ လီလီက အတန်းထဲတွင် ဆရာကို ပြောပြရာတွင် ကျမသည် တအံ့တသြ ဖြစ်ရသည်။ သူက သူ့အထက်က အကိုကို မွေးပြီး ထပ်မွေးလို့ သူ့အဖေ အဖမ်းခံရသည်တဲ့၊ နောက်တော့ သူ့အတွက် ငယ်ငယ်က နှစ်စဉ် အခွန်ဆောင်ရသည်။ အခွန်ဆောင်ရတာ တော်တော်များသည်။ သူ့ညီမလေး ကိုတော့ သူ့အဒေါ်ကို မွေးစားဖို့ ပေးလိုက်ရသည်တဲ့၊ ဆရာက လီလီ့ကို အတော် ဈေးကြီးတာပဲဟု ပြုံးရင်း ပြောခဲ့သည်။ အဲဒီတုန်းက အတန်းမှာ သင်ရတဲ့ စာအုပ်ကလဲ Michel Foucaltရဲ့ ဒဿနတွေကို အင်္ဂလိပ်လို သင်ရသည်။ စာတစ်ကြောင်း တစ်ကြောင်းကိုပဲ အရှည်ကြီးပါ။ ကျမတို့ နှစ်ယောက် အလွန်ခက်သော စာတွေကို ကလယ်ကလယ်နဲ့ အတူ လုပ်ကြရင်း ခင်သွားကြသည်။ သည့်နောက် ကျောင်းက လေ့လာရေးခရီး ဂျယ်ဂျူဒိုကို သွားရင်း ပိုခင်သွားသည်။ အဲဒီတုန်းက လီလီက သူ့ချစ်သူ ကောင်လေးအကြောင်း ပြောပြသည်။ တကယ်တော့ လီလီက စကားနဲသည်။ ကျမကိုသာ ပြောပြခြင်းဖြစ်သည်။ သူက ခုစိတ်ညစ်နေကြောင်း ပြောသွားသေးသည်။ ကျမလည်း စိတ်မကောင်းပါ။
လီလီ့လို တခြား တရုတ်ကျောင်းသား သူငယ်ချင်းတွေ ကျမတွင် ပေါပေမယ့် ကျောင်းတွင် ဗီယက်နမ် တွေလည်း များသည်။ ကျမတို့ ဌာနတွင် ၈ယောက်လောက် ရှိသည်။ ကျမတို့ မေဂျာတွင် လက်ရှိ ၂ယောက်ရှိသည်။ ကျမ အရင်အဆောင်က ဗီယက်နမ်မလေးကို သတိရမိသည်။ ကျမ မနှစ်မိုးတွင်းမှာ မြန်မာပြည်ကို စာတမ်းအတွက် ပြန်သွားကာ ၂လလောက် ကြာပြီး ကိုရီးယားကို ပြန်လာတော့ ကျောင်းပြီးလို့ပြန်သွားတဲ့ ဗီယက်နမ်မလေး အခန်းကို နေဖို့ ပြောထားတော့ လေဆိပ်ကနေ အဲဒီအဆောင်ကို တန်းသွားရသည်။ ကျမမှာ အထုပ်အပိုးတွေနဲ့ အတော် ဒုက္ခရောက်ခဲ့သည်။ ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ မြန်မာသူငယ်ချင်းက ကူလို့သာ တော်သေးသည်။ ကျမရောက်ပြီး နောက်တော့ အဲဒီအဆောင်က ကျမ အခန်းဘေးတွင် နေသည့် ဗီယက်နမ်မ ပိန်ပိန်လေးက အခန်းကိုလာကာ မိတ်ဖွဲ့သည်။
မြန်မာက ကျမတယောက်သာရှိပြီး အဆောင်တွင် ကျန်သည့် ကျောင်းသားတွေက တရုတ်တွေဖြစ်သည်။ အဆောင်တွင် ကောင်လေးက တစ်ယောက်သာရှိသည်။ ကျန်တာ ကောင်မလေးတွေ၊ တချို့က တခန်းထဲ ၂ယောက် အတူနေသည်။ အဲလိုနေရင် အခန်းခ သက်သာသည်။ တော်တော်များများကတော့ တယောက်စီသာ နေလေ့ရှိသည်။ ခုနက ကောင်မလေးအကြောင်း ပြောပြပါမည်။ သူက သူ့ရီးစားတွေအကြောင်း ကျမကို လာလာပြောပြသည်။ သူက ဒီမှာ အလုပ်လဲလုပ်သည်။ ဘာသာစကား လာသင်ပေမယ့် ကျမတို့လို့ ကျောင်းဗီဇာနဲ့ မတူပဲကွာသည်။ သူ့ကောင်လေးတွေက ကိုရီးယား ကောင်လေးတွေ။ ကောင်လေးတွေ ဆိုတာ ရည်းစားတွေပါ တပြိုင်နက်တော့ မဟုတ်ပါ။ ပထမ ရည်းစားနဲ့ ပြတ်တော့ ငိုလိုက်ရတာ နေမကောင်းဖြစ်ပြီး ဆေးရုံတောင် ရောက်ကြောင်းနဲ့ အစုံပြောပြသည်။ ကျမရောက်တော့ နောက်တယောက် နောက်၂ ပါတ်လောက် နေတော့ ပြတ်သွားသည်။ နောက် တပါတ်လောက်နေတော့ အသစ်တယောက်၊ ကိုရီးယား ကျောင်းသားလေးပဲ ဖြစ်ပါသည်။
ကျမက "နင်ကိုရီးယားဆို အဲလိုပဲ နေမှာပေါ့ ဗီယက်နမ်ကိုပဲ ကြိုက်ပါလား" ဆိုတော့ သူက မကြိုက်ဘူးလို့ ဆိုသည်။
ဟုတ်မှာပေါ့ ဗီယက်နမ် ကောင်လေးတွေက ဖြူပေမယ့် ဘာကွာမှန်းတော့ မသိပါ ကိုရီးယား ကောင်လေးတွေက ရှိုးအပြည့်မို့ ထင်သည် ပိုကြည့်ကောင်းသည်။ အရပ်မြင့်မြင့် တောင့်တောင့်လေးတွေ များသည်ကိုး။ သူက သူ့ရည်းစား အကြောင်း ပြောရင် ပျော်နေသည်။ သူကပြောသည် "ငါတို့က နိုင်ငံခြားမှာ မိသားစုနဲ့ခွဲပြီး လာနေနေရတာ အထီးကျန်တယ် ရည်းစားတော့ ရှာထားရမယ်"တဲ့၊ သူပြောသလိုပါပဲ တကယ်တော့ ကျမတို့တွေက အလုပ်ဘယ်လောက်များ နေနေ အချိန်မရှိ အမြဲ ပြေးလွှားနေရပေမယ့် မိသားစုနဲ့ ဝေးနေရတော့ လွတ်လပ်ပေမယ့် တခါတလေ အထီးကျန်တာပဲပေါ့။ ဒီတော့ တယောက်ထဲ ရှိတဲ့အချိန်မှာ ကွန်ပြူတာ အင်တာနက်က အမြဲ အဖော်လို နေကြရသည်။ သူဆို မနက်အစောကြီး ကွန်ပြူတာဖွင့်ပြီး သူ့အမေနဲ့ အွန်လိုင်းက စကားပြော (Chatting)နေတာ ကျမအခန်းက ကြားရမြဲ၊ တခြား ကျောင်းသားတွေလည်း သည်လိုပါပဲ။ သည်အဆောင်မှာ ကျန်တဲ့ ကျောင်းသူတွေအသံကလည်း မနက်ဆို မပျင်းရအောင် ကြားရပါသည်။ နောက်ပြီး သူ့လိုပဲ အဆောင်က ကျန်တဲ့ တရုတ်မလေးတွေလည်း ဒီမှာ အာရဘိုက်ခေါ်တဲ့ အချိန်ပိုင်း အလုပ်တွေကို အပြေးအလွှား လုပ်ကြသည်။ မဟာတက်နေတဲ့ ကျောင်းသား တွေကတော့ စာများတော့ အဲဒီအလုပ် လုပ်လေ့ မရှိကြပါ။
အဆောင်က အကြောင်း ပြန်ပြောပါအုံးမည်။ ကျမတို့ ကျောင်းပါတ်ဝန်းကျင်တွင် အပြင်ဆောင်တွေ တအား ပေါပါသည်။ အခန်းတိုင်းကတော့ အမြဲအပြည့်ပါ။ ကျောင်းသားတွေကလည်း အဆောင်ပေါတော့ မကြိုက်တာနဲ့ အဆောင် မကြာခဏ ပြောင်းကြသည်။ နေရာကလည်း တဆောင်နဲ့တဆောင် နီးတော့ သူငယ်ချင်း အချင်းချင်း ကူကာ အထုပ်သယ်ကာ ပြောင်းကြသည်။ ကျောင်းသားတွေဆိုတော့ နှမြောရကောင်းမှန်း မသိဘူးထင်ပါသည်။ အဝတ်အစား၊ ဖိနပ်၊ အိုးခွက် ပန်းကန်တွေကအစ အသစ်တွေကို ဒီအတိုင်း ပစ်ထားကာ ပြောင်းကြသည်။ နောက်တော့ အသစ် ပြန်ဝယ်ကြသည်။ နိုင်ငံခြားသား ကျောင်းသားတွေကတော့ အချင်းချင်း ပေးပစ်ခဲ့တာကို ပြန်သုံးတာ၊ ငှားသုံးကြတာလည်း ရှိသည်။ တခါတလေ အခန်းထဲမှာ ကျန်ခဲ့လို့ အိမ်ရှင်က မသိမ်းရင် ဒီအတိုင်း သုံးရရင်သုံး မဟုတ်လဲ ရှင်းပစ်ရသည်။ ကျမလည်း အဆောင် ပြောင်းတုန်းက အဝတ်တွေ(အထူးသဖြင့် လေးတဲ့ အနွေးထည်တွေ)မသယ်နိုင်တော့ ခဏခဏ လွှင့်ပစ်လိုက်ဖူးသည်။ အဲလိုလုပ်တာကို ကျမ အရင် အလုပ်တုန်းက ဆရာက နင်လည်း ဒီက ကိုရီးယား ကျောင်းသားတွေလိုပဲ အနှမြောမရှိဘူးလို့ ဆူသည်။ ကိုယ်မှ မသယ်နိုင်ဘဲကိုး..ထားပါတော့။ ကျမလည်း အဆောင်ပြောင်းတာ ခုဆို ၄ ခုရှိပြီ။ ဒါတောင် အဆောင်ပြောင်းတာ ကျမက အနည်းဆုံး၊ တခြား သူငယ်ချင်းတွေဆို ၃လတခါလောက် ပြောင်းနေသည်။
အဆောင်မှာ ကျောင်းသားပေါင်းစုံ တွေ့ရသည်။ အထူးသဖြင့် နိုင်ငံခြားသားဆို တရုတ်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတွေ၊ အများအားဖြင့် ကိုရီးယား ကျောင်းသားတွေပေါ့၊ ကျန်တဲ့ အနောက်တိုင်းသား၊ ပါကစ္စတန်ု၊ အိန္ဒိယ ကျောင်းသားတွေက သီးသန့် နေကြသည်။ ထိုင်းနဲ့ ဂျပန်ကတော့ သည်ကျောင်းတွင် ရှားသည်။ သည်နေရာတွင် အတင်း ပြောလိုက်ရအုံးမည်၊ တရုတ် ကျောင်းသူတွေရှိတဲ့ အဆောင်ဆို ဟင်းအလွန်ချက်စားကြကာ ညစ်ပတ်သည်၊ ဗီယက်နမ်မတွေ များလျှင်တော့ စကားများတာ အလွန်ကို ဆူညံသည်။ သူတို့ အသံကလည်း ထောက်တောက်တောက်ကြီး အသံက ယိုးဒယားနဲ့တော့ ဆင်သလိုပါပဲ။ အဆောင်မှာ တခါတလေ စကားများ ရန်ဖြစ်ကြတာလည်း ရှိသည်။ ကျမတောင် ဖြစ်ဖူးသည် (နောက်တော့မှ ရေးပါမည်)။
ကျမခုနကပြောတဲ့ အဆောင်က ကျောင်းသားတွေအတွက် မီးဖိုသီးသန့် မပါပါ။ အခန်းထဲတွင် ဂက်စ်မီးဖို အသေးလေးတွေနဲ့ ချက်စားကြသည်။ အဆောင်က အဖွားကြီးကလည်း ပိုင်ရှင်မဟုတ်ပါ။ လာစောင့်ပေးသည် ထင်ပါသည်။ မနက်ဆို ထွက်သွားပြီး ညနေဆိုမှ ပြန်ရောက်လာသည်။ များသော အားဖြင့် အဆောင်ရှင်က အပေါ်ထပ်ဖြစ်စေ ဘေးမှာဖြစ်စေ သီးသန့်နေပေမယ့် အခန်းတွေမှာ အိမ်ရှင်နှင့် အတူတွဲရှိသည်။ ကျောင်းသားတွေ ချက်စားဖို့ မီးဖိုနဲ့ သီးသန့် ရေခဲသေတ္တာ တစ်လုံး ပေးထားလေ့ရှိသည်။ အဆောင်ရှင်တွေက သိပ်ချက်စားတာ မကြိုက်ပါ ဂက်စ်ကုန်တယ် ဘာတယ်နဲ့ ...တခါတလေ ခေါက်ဆွဲပြုတ်တာတော့ ဘာမှ သိပ်မပြောပေမယ့် နေ့တိုင်းချက်ရင် ပြောချင်သည်။
ရေချိုးခန်း အိမ်သာကတော့ ဘုံသုံးရသည် အဲဒီမှာ အဝတ်လျှော်စက် ရှိသည်။ အဆောင်တိုင်း အဝတ်လျှော်စက် ကတော့ ရှိသည်။ အချိန်မရတော့ ဘယ်သူမှလည်း လက်နဲ့ မလျှော်နိုင်ကြပါ။ အများအားဖြင့် ကျောင်းသားတွေက ညဥ့်နက်အထိ လျှောက်လည် စာလည်းကျက်ပေါ့၊ မနက်ဆို ၁ဝနာရီလောက်မှ ထကြကာ အိမ်သာကို အလုအယက် ဝင်ကြသည် တခါတလေ စောင့်နေရတတ်သေးသည်။ မနက်ဘက် အတန်းရှိလျှင် အိပ်ချင်မူးတူးနဲ့ ကပိုကရိုနဲ့ ပြေးကြတာ မဆန်းတော့ပါ။ ကိုရီးယား ကျောင်းသားတွေဆို လမ်းမှာပင် သွားပွတ်တန်ကြီး တန်းလန်း နဲ့ တိုက်ရင်းသွားတဲ့ သူပင် တွေ့ရတတ်သေးသည်။
ဆက်ပါဦးမည်။
(မှတ်ချက်)
သူ သူမနဲ့ ကျောင်းသူ ကျောင်းသားကို ရေးရတာရှည်လို့ သူနဲ့ ကျောင်းသားလို့ပဲရေးထားပါတယ်။
Friday, June 17, 2011
"ကျမတို့ နိုင်ငံခြား ကျောင်းသားဘဝ" (၁) (우리의 유학 생활 -1)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment