ရေးသားသူ — အင်ကြင်း
သင်ရဲ့ ဘ၀ဟာ ခုဆို ဘယ်နှနာရီရှိနေပြီလဲ
စားပွဲပေါ်မှာတော့ ယူဆောင်မသွားဘဲ အမြဲတင်ထားတဲ့ စားပွဲတင် နာရီလေးက ရှိနေပါတယ်။ ပျက်နေတာလဲမဟုတ်ပါ။ ဘက်ထရီကို တမင် ဖြုတ်ထားခဲ့ခြင်းပါ။ ဒါပေမယ့်လည်း သည်နာရီလေးဟာ အမြဲတမ်း ရပ်နေတာတော့လည်း မဟုတ်ပါ။ နှစ်စဉ် မွေးနေ့ရောက်တိုင်း ၁၈ မိနစ်စီ ရှေ့ကို နာရီလက်တံကို ရွေ့ခဲ့ပါတယ်။
ခုပဲ ကျောင်းသားတယောက် ရောက်လာပြီးပြန်သွားခဲ့ပါတယ်။ သူက မနက်ဖြန် သဘက်ခါဆိုပဲ အသက်က ၃၀ ရောက်တော့မယ်ဆိုပေမယ့် သေခြာတဲ့ အောင်မြင်ပြီးမြောက်မှုတခုမှ မရှိခဲ့သေးဘဲ၊ ရှေ့ဆက် ဘယ်လို လုပ်ကိုင်ရမယ်ဆိုတာ တိကျတဲ့ ရည်မှန်းချက်ကိုလည်း အကောင်အထည် ဖော်နိုင်စွမ်း မရှိသေးဘူးလို့ ဆိုပါတယ်။ စိတ်မွမ်းကျပ်စွာ ရူးမတတ်ဖြစ်ရင်း ကြာငြောင်းတဲ့ အချိန်တွေကို ညီးတွားရင်း သည်လိုနဲ့ ကုန်ဆုံးနေလာခဲ့သည်ပေါ့။
အသက် ၃၀ အရွယ်ပင်ရောက်လာခဲ့ပြီပဲ။
>>>>>>>>>>>>>>>>>>>
လူငယ်တိုင်းလိုလို ဘ၀အတွက် လိုအပ်တဲ့ ပညာရေးမှာ ပြောရရင်၊ အဓိကဘာသာရပ်ကိုဖြစ်စေ၊ တွဲဘက်ယူရတဲ့ ဘာသာရပ်တွေမှာဖြစ်စေ ထူးချွန်တဲ့ အောင်မှတ်ကို ရဖို့ကြိုးစားရင်း ၄ နှစ်တာ ကာလအတွင်းမှာ တက္ကသိုလ်က ဘွဲ့တခုရဖို့ဟာ မလွယ်ကူလှပါဘူး။ ထပ်ပြီးတော့လည်း ခုခေတ် ကာလမှာ ဘာသာစကား သင်တန်း၊ အကူအလုပ်၊ အချိန်ပိုင်းအလုပ် စတဲ့ဟာတွေကို လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ အတွေ့အကြုံနဲ့ နေရာ(Space) ရဖို့ လုပ်ယူရပါသေးတယ်။ အဲဒီအတွက် ၆ လ၊ ၁ နှစ် ကျောင်းက ခဏနားပြီး အခြေခံယူကြခြင်းပေါ့။ ဒါမှမဟုတ် တက္ကသိုလ်မှာ တနှစ်လောက် ထပ်နေတာဖြစ်ဖြစ်၊ ကျောင်းပြောင်းတက်တာဖြစ်ဖြစ်၊ ဘာသာရပ်ပြောင်းတက်တာဖြစ်ဖြစ်၊ အလုပ်အတွက် အတွေ့အကြုံ အထောက်အကူဖြစ်ဖို့ လုပ်ရင်း ၁ နှစ်၊ ၂ နှစ်အချိန်တော့ ထပ်ကြာပါတယ်။ ဘွဲ့ရပြီးနောက် အလုပ်စာမေးပွဲဖြစ်စေ၊ နိုင်ငံခြားပညာသင်ဖို့ ပြင်ဆင်သည်ဖြစ်စေ ဟိုဟိုသည်သည် သင်တန်းအချို့ တက်ရင်း အချိန်တွေ လှည့်ပါတ် ကုန်ဆုံးရင်း သည်လိုနဲ့ အသက် ၃၀ ထဲရောက်လာပြီပေါ့။
အသက် ၃၀ ကိုရောက်လာခါနီး လူငယ်အများစုဟာ အချိန်တွေရဲ့ လျင်မြန်မူကို တုန်လှုပ်လာပါတော့တယ်။ တက္ကသိုလ် ဒုတိယနှစ်မှာ ကျောင်းသားသစ်ဘ၀ရဲ့ နေ့ရက်တွေဟာ ဘယ်လိုကုန်ဆုံးသွားလဲဆိုတာ မသိလိုက်ဘ၊ဲ တတိယနှစ်ကိုရောက်ပြီဆိုလျှင်တော့ ဘွဲ့ရဖို့ လက်တကမ်းသာလိုတော့တယ်ဆိုတဲ့ စိတ်အတွေးက ၀င်လာပါတယ်။ ရုတ်တရက်ရည်ရွယ်ထားတာမဟုတ်ဘဲ ဘွဲ့ရလိုက်ပေမယ့် အလုပ် လုပ်ရမယ့်နေရာက မရှိတဲ့ လူငယ်တွေ အတွက်ဆိုလျှင် ကုန်လွန်စီးဆင်းသွားတဲ့ တနေ့တနေ့ရဲ့ အချိန်တွေဟာ စိတ်မရှည်ခြင်းများစွာနဲ့ စိတ်ပျက်ဖွယ် အချိန်တွေအဖြစ်သာ ကျန်ရှိနေတော့တယ်။
လူ့အဖွဲ့အစည်းအတွင်းကို ပထမခြေလှမ်းကို အောင်မြင်စွာ စလှမ်းနိုင်ပါ့မလားဆိုတဲ့ စိတ်ပူပန်ခြင်းက ပျောက်ကွယ်သွားပါ့မလား။
သည်လို မျှော်လင့်ခြင်းတွေမှာ စိတ်စောမူတွေ ပါရှိနေတတ်တာ သဘာဝပါ။ မြန်မြန်ဆန်ဆန်ပင် နေရာတနေရာကို ရဖို့၊ လျင်လျင်မြန်မြန် တစုံတခုကို တည်ဆောက်ချင်နေကြခြင်းပေါ့။
ယခု သည်စာကို ဖတ်နေတဲ့ သင်လည်း မသေးတဲ့ ပူပန်မူတော့ ရှိနေမလားဆိုတာကိုတောင် မသိနိုင်ပါဘူး။
သည်အသက်အရွယ်ရောက်လာပြီး ဖြစ်ဖြစ်မြောက်မြောက် လုပ်ထားနိုင်တာ တခုမှ မရှိပါလား။
သင်ကော ဘ၀မှာ ဘယ်လောက်ထိ နေနိုင်မယ်လို့ ထင်ပါသလဲ။
သည်မေးခွန်းက သိပ်ပြီး မရေမရာမပြတ်မသားစွာ ခံစားရတယ်ဆိုလျှင် သည်လို မေးကြည့်ကြစို့။
လူဆိုတာ မွေးလာကထဲကနေ သေတဲ့အချိန်ထိကို ၂၄ နာရီအချိန်နဲ့ နှိုင်းယှဉ်တွက်ကြည့်မယ်ဆိုလျှင်၊ သင်ဟာ အခု ဘယ်အချိန်လောက်မှာ နေနေရပြီလို့ ထင်ပါသလဲ…..
နေမင်းဟာ ဘယ်လောက်ကြာကြာ တောက်ပနေနိုင်မှာတဲ့လဲ…..တကယ်လို့ တက္ကသိုလ်ကနေ ဘွဲ့ရတဲ့အချိန်မှာဆို နေ့လည်စာစားပြီး အလုပ်စလုပ်တဲ့ နေ့လည် ၁ နာရီ၊ ၂ နာရီလောက် ရှိနေပြီလား……
မရေမရာနဲ့ စိတ်ကူးယဉ်ရင်း မနေဘဲ တခါလောက် ဂဏန်းတွက်စက်ယူပြီး တွက်ကြစို့ …......
သင်က တက္ကသိုလ်ကို အသက် ၂၄ နှစ်မှာ ဘွဲ့ရတယ်ဆိုလျှင် တနေ့လုံးထဲက ဘယ်အချိန်လောက် ရောက်လာပြီဆိုတာ၊ လူတယောက်ရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်ကြည့်ရအောင်…သက်တမ်း ၈၀ နေရမယ်ဆိုလျှင်၊ ၈၀ ထဲက ၂၄ ကို ပြန်တွက်ကြည့်မယ်ဆိုရင် ၂၄ နာရီအချိန်ထဲက ဘယ်နှစ်နာရီရှိပြီလဲ။
မနက် ၇ နာရီ၊ ၁၂ မိနစ်ပေါ့။
မနက် ၇ နာရီ၊ ၁၂ မိနစ်ကို ထင်တာထက် သိပ်ပြီး စောနေသေးသလား… သည်အချိန်မှာ လူအများစုဟာ အိပ်ယာထဲကနေ ထပြီး နေ့တနေ့အတွက် ပြင်ဆင်နေတဲ့ အပိုင်းဖြစ်တယ်။ လူအများစုကတော့ မနက်ပိုင်းအိပ်ယာကနေ နိုးထပါအုံးမလားတောင် မသိနိုင်ဘူး။
မှန်ပါတယ်။ တက္ကသိုလ်ကနေ ဘွဲ့ရပြီး ၂၄ နှစ်မှာ စတင်ပြင်တဲ့အချိန် နံနက် ၇ နာရီ၊ ၁၂ မိနစ်သာဖြစ်ပါတယ်။
ဆရာတယောက်အနေနဲ့ များစွာသော လူငယ်တွေရဲ့ ကြီးပြင်းလာတဲ့အချိန်ကို စောင့်ကြည့်မယ်ဆိုရင်ကတော့ သည် ၇ နာရီ၊ ၁၂ မိနစ်ရဲ့ နိုင်းယှဉ်တိုင်းတာကြည့်မူမှာ အတော်လေးကို အဓိပါယ်ရှိတယ်လို့ တွေးကြည့်မိပါတယ်။ ကလေးဘ၀တုန်းကနဲ့ လူငယ်ဘ၀ကို ဖြတ်သန်းကုန်လွန်ရင်း လူအဖွဲ့အစည်းအသိုင်းအ၀ိုင်းရဲ့ လုပ်ဆောင်ရမယ့် အရာတွေကို လုပ်ဖို့ အသင့်ဖြစ်နေချိန် အသက်၂၄မှာတော့…… သည်အချိန်ဟာ အခုပဲ အိမ်က စထွက်ပြီး တာဝန်ထမ်းဆောင်ဖို့ ထွက်လာချိန်နဲ့ ဆင်တူပါတယ်။
သည်လိုဆိုရင် ပင်စင်ယူတဲ့ လူကြီးတယောက်ရဲ့ ဘ၀ကို ပြင်ဆင်တဲ့ အသက် ၆၀ အရွယ်ကကော…....ညနေ ၆ နာရီဖြစ်တယ်။ သည်အချိန်က လုပ်ငန်းခွင်က ၀န်ထမ်းတွေ အလုပ်ကို အဆုံးသတ်ပြီး အလုပ်ဆင်းအိမ်ပြန်လာတဲ့အချိန်၊ ညနေစာကို စားသုံးတဲ့အချိန်ပဲဖြစ်ပါတယ်။
ဘ၀နာရီရဲ့ တွက်ချက်နည်းဟာ လွယ်ကူပါတယ်။ ၂၄ နာရီအချိန်ဟာ ၁၄၄၀ မိနစ်နဲ့ ညီတယ်ဆိုပေမယ့် ဒါကို နှစ် ၈၀ အနေနဲ့ စားကြည့်ရင် ၁၈မိနစ်ဖြစ်တယ်။ ၁ နှစ်မှာ ၁၈ မိနစ်စီ၊ ၁၀ နှစ်မှာ ၃ နာရီစီ သွားနေတဲ့ အနေနဲ့ တွက်ကြည့်ရင် ခုပဲ ကိုယ့်ရဲ့ အသက်ဟာ ဘယ်အချိန်ရှိပြီဆိုတာ သိနိုင်ပါတယ်။ အသက်၂၀ မှာ မနက် ၆ နာရီ၊ ၂၉ နှစ်မှာ မနက် ၈ နာရီ၊ ၄၂ မိနစ်ရှိပြီဖြစ်တယ်။ သည်နာရီဟာ ယနေ့ လူ့ဘ၀ရဲ့ ယေဘုံယျ ပျမ်းမျှသက်တမ်း ၈၀ ကို အခြေခံပြီးကြည့်ရင် လူ့သက်တမ်းဟာ ရှေ့ကို တိုးလာသလို သင်ဘ၀ရဲ့ နေရမယ့် အခွင့်အရေးကလည်း ပိုပြီး မြင့်မားလာမှာပါပဲ။
တနေ့သောအခါက ကျင်းပခဲ့တဲ့ အသက် ၆၀ကျော်အရွယ်ကျောင်းသားဟောင်းများတွေ့ဆုံပွဲမှာ စီနီယာတယောက်က သည်လိုပြောပါတယ်။ သူဟာ ဆရာလုပ်ကိုင်နေရင်းက အထက်အရာရှိကြီး တယောက်ဟာ ရုတ်တရက် အနားပေးခံလိုက်ရလို့ အခြေအနေတွေပြောင်းလဲသွားပြီး ဘာမှပြင်ဆင်မူမရှိဘဲ သူပါ အလျင်အမြန် အလုပ်က အငြိမ်းစားယူလိုက်ရပါတယ်၊ အစမှာတော့ ထိုအထက်အရာရှိကြီးကြောင့်ဆိုပြီး အတော်ကို မကျေမနပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခုတော့ သူ့ကို တကယ်ကို ကျေးဇူးတင်မိတယ်လို့ ဆိုပါတယ်။ ပင်စင်ယူလိုက်ရတဲ့အတွက် ဘ၀မှာ အပျော်ဆုံး လောကသစ် တခုရှိသေးတယ်ဆိုတာနဲ့ ဒီလောကကို ၂ နှစ်လောက် စောပြီးသိခွင့်ရလို့ ကျေးဇူးတင်တယ်လို့လည်း သူက ဆိုပါတယ်။
မှန်ပါတယ်…… အရွယ်လွန်သူတွေအတွက် နေ၀င်တော့မယ်အချိန်၊ အနီရောင်သန်းနေတဲ့ ကောင်းကင်ရှိတဲ့ ၆ နာရီ နောက်ပိုင်းမှာတောင် တကယ့်ကို သစ်လွင်တဲ့ လောကသစ်တခုက စောင့်နေတာ ဖြစ်ပါတယ်။
ဘ၀နာရီကို ပြရရင် များစွာသောလူတွေဟာ အံ့သြကြပါလိမ့်မယ်။ တကယ်တော့ ထင်တာထက် ပိုပြီး အလွန် စောနေသေးခြင်း ဖြစ်တယ်ဆိုတာ သိရင်ပေါ့။
အသက် ၅၀ အရွယ်ရောက်တဲ့ စီနီယာတယောက်ကို “ခုဆိုရင် နေ့လည် ၃ နာရီရှိပါပေါ့လား”လို့ အသိပေးလိုက်တဲ့အခါ သူက လက်ချိုးရေတွက်ရင်း “တကယ်ပါပဲလား”လို့ ဆိုပါတယ်။ ဘွဲ့ရပြီး အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ သူငယ်ချင်းတွေကို သည်စကားကိုပြောမယ်ဆိုရင် အများစုကတော့ သူ့လမ်းကြောင်းအတိုင်း သွားနေတဲ့ လူ့ဘ၀ဟာ အတော်လေး နေရမယ်လို့ တွေးလျှင်၊ ခုမှ နံနက် ၇ နာရီ၊ ၁၂ မိနစ်အပြင် မရှိသေးပါလားလို့ ဆိုကြပါမယ်။ မှန်ပါတယ် အချိန်တွေအများကြီး ကျန်နေပါသေးတယ်။ မနက် ၇ နာရီမှာ အလုပ်ကို အနဲငယ် နောက်ကျသွားတာဟာ တနေ့လုံး အဆုံးသတ်ရောက်သွားတာမှ မဟုတ်တာမှလား..........
ငါကတော့ သိပ်နောက်ကျနေပြီ..လို့ စဉ်းစားဆုံးဖြတ်လိုက်တာဟာ တကယ့် စစ်မှန်တဲ့ ပြဿနာမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်လှည့်ဖျားလိမ်ညာခြင်းကသာ ပြဿနာဖြစ်ပါတယ်။ လက်လျော့ခြင်း ဒါမှမဟုတ် ပျက်စီးခြင်းရဲ့ အကြောင်းတရားကို ကိုယ်တိုင်မလုပ်ပဲ မဖြစ်နိုင်ပါဘူး။ သင်ဟာ ယခု စောပါသေးတယ်….အနည်းဆုံးတော့ ဘာဖြစ်ဖြစ် ပြုပြင်နိုင်လောက်တဲ့ အခြေအနေမှာပါ။
စားပွဲပေါ်မှာတင်ထားတဲ့ ဘ၀နာရီဟာ နေ့လည် ၂ နာရီ၊ ၂၄ မိနစ်ကို ညွှန်ပြနေပါတယ်။ အသက် ၄၈ နှစ်မှာ ခုမှ နေ့လည် ၂ နာရီ မိနစ် ၃၀ တောင်မရှိသေးပါပဲ…..အသက် ၅၀ ကပ်လာတာတောင် ဘာမှ လုပ်နိုင်ခဲ့တာ မရှိသေးဘူးဆိုတဲ့ အတွေးဝင်လာတိုင်း ခေါင်းကို မော့လိုက်ရင်း သည်တရက်လုံး ကျန်ရှိနေသေးတဲ့ ကိုယ့်ဘ၀ကိုတွေးရင်း၊ စားပွဲပေါ်က ဘ၀ရဲ့ နာရီလေးကို ကြည့်လိုက်မိပါတော့တယ်။
နာရီလက်တံများက ဗြောင်းပြန်သွားနေတယ် ဆိုတဲ့ ရုပ်ရှင်ထဲမှာပါတဲ့ စကားလေးတခွန်း ရှိပါတယ်။
“ဘ၀မှာ သိပ်နောက်ကျနေတာဖြစ်ဖြစ်၊ ဒါမှမဟုတ် သိပ်စောလွန်းတဲ့ အရွယ်ဆိုတာဖြစ်ဖြစ် မရှိပါဘူး”
အင်ကြင်း
12:53 am
21 July 2011.
မူရင်း...김난도 교수님, 「인생시계」, 『아프니까 청춘이다』, 쌤앵파커스, 2010.
(သည်စာထဲမှာ ပါတဲ့ လူတယောက်ရဲ့ သက်တမ်း ၈၀ဟာ မူရင်းစာထဲမှာ ကိုရီးယားလူမျိုးရဲ့ နေထိုင်နှုံး သက်တမ်းအနေနဲ့ ပါရှိပါတယ်။ မြန်မာလို နားလည်အောင် သင့်တော် ဆီလျာ်သလို ဘာသာပြန်ထားတာမို့ စာစီအမှားအယွင်းရှိလျှင် နားလည်ပေးစေလိုပါတယ်။)
Monday, July 25, 2011
ဘဝနာရီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment