မနေ့က ဂင်မဲမြို့ (Gimhae City) မှာ ဆရာတော် အရှင်ပဏ္ဍိစ္စဦးစီးတဲ့ မဇ္ဈိမယာနအဖွဲ့ရုံးခန်းနှင့် ရွှေအလင်းတန်းစာကြည့်တိုက်ဖွင့်ပွဲကို ရောက်ခဲ့ပါတယ် ။ အခမ်းအနားအပြီးမှာ မိတ်ဆွေများနှင့် စကားလက်ဆုံကျ ၊ ထွေရာလေးပါးပြောကြရင်း ၊ လွန်ခဲ့တဲ့ နွေရာသီပိတ်ရက်က ၊ ကျနော်သတင်းရေးမလို့လုပ်ပြီးခါမှ ၊ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပြန်ပေါ်လာပါတယ် ။
***********
ကိုရီးယားနွေရာသီပိတ်ရက်များရောက်ပြီဆိုတိုင်း ကိုရီးယားနိုင်ငံရောက် ကိုရွှေမြန်မာများလည်း မိမိတို့ အာသီသရှိရာ နွေရာသီအပမ်းဖြေစခန်းများသို့ သွားရောက်ပြီး အပမ်းဖြေတတ်ကြပါပြီ ။ ပင်ပမ်းခဲ့သမျှတွေ အပမ်းပြေကြစေဖို့ ဖြစ်မပေါ့ ခင်ဗျာ ။ ထူးချွန်စွာ အပမ်းဖြေခဲ့ကြသူများကို သက်ဆိုင်ရာက မှတ်တမ်းတင်ပြီး ချီးကျူး ဂုဏ်ပြုကြတာများလည်း ရှိပါသတဲ့ခင်ဗျာ ။ သည်နှစ်နွေရာသီမှာတော့ ဂုဏ်ပြုခံ ပုဂ္ဂိုလ် ၄ ဦးထဲ ကျနော်တို့ မြန်မာ ၁ ဦးလည်း ပါသတဲ့ ။ ဂုဏ်ယူစရာပေပေါ့ခင်ဗျာ ။
*********
ကိုရီးယား မီဒီယားများမှာ အားရပါးရ ဂုဏ်ပြုခံခဲ့ရတဲ့ သတင်းလေးက သည်လိုပါတဲ့ခင်ဗျာ ။ ဖတ်ကြည့်ကြပါစို့ ။
“ မြန်မာနိုင်ငံသား ကေ (၂၉နှစ်) သည် ၄င်းနေ့ မွန်းလွဲပိုင်း ၄နာရီ ၂၅ မိနစ် ခန့်တွင် ၄င်းပင်လယ် အပမ်းဖြေနေရာ အမှတ် ၈ (ရှစ်) မျှော်စင်ရှေ့ ၊ ပင်လယ်ပြင်တွင် တာယာကွင်းစီး ရေကူးအပမ်းဖြေနေသည့် ဗီယက်နမ်အမျိုးသမီး မစ္စက်စ် ယူ (၂၅နှစ် ၊ အိမ်ထောင်သည်) အား ကိုယ်ထိ လက်ရောက် ကိုင်တွယ်ပြီး မဖွယ်မရာပြုမူခဲ့ကြောင်း တိုင်ကြားခံခဲ့ရပါသည် ။”
အထူးသဖြင့် နိုင်ငံခြားသားများက မဖွယ်မရာပြုမူမှုများ ဆက်တိုက်ဖြစ်ပေါ် လျက်ရှိရာ ၊ ဆိပ်ကမ်းစောင့် ရဲတပ်ဖွဲ့က အထူးကြပ်မပ် စောင့်ရှောက်နေ သည့်အတွက် ၊ ရေကူး အပမ်းဖြေကြမည့် အမျိုးသမီးများ အနေဖြင့် ထိုသို့ ပြုမူခြင်းခံရပါက ၊ တွန့်ဆုတ်နှောင့်နှေး ကြန့်ကြာခြင်း မရှိမစေဘဲ ၊ မိမိတို့ ပတ်ဝန်းကျင်ရှိသူများထံဖြစ်စေ သို့မဟုတ် ကမ်းခြေစောင့်ရဲတပ်ဖွဲ့သို့ ဖြစ်စေ ၊ အရေးပေါ်အမှုအခင်းကိစ္စ တိုင်ကြားရန်ဖုန်းနံပတ် ၁၂၂ ထံဖြစ်စေ ရဲရဲရင့်ရင့် လျင်လျင်မြန်မြန် တိုင်ကြား နိုင်ကြပါသည် ။
**********
များမကြာသေးတဲ့ နှစ်များကလည်း ၊ ကျနော်တို့ မြန်မာ ၁ ဦး သည်လိုဖြစ်စဉ်မျိုးဖြစ်ခဲ့ဖူးတာ မြန်မာ မိတ်ဆွေများ မှတ်မိကြပါဦးမယ် ။ အဲသည် မောင်မြန်မာ က ကာယကံရှင် ကျေနပ်အောင်တောင်းပန် လျော်ကြေးပေးပြီး ကြေအေးစေလိုက်တော့ အေးအေးဆေးဆေး ပြီးဆုံးသွားပါတယ် ။
အခု မစ္စတာ ကေ ကိစ္စမှာတော့ မြန်မာပြည်ပြန်ပို့မယ်ဆိုပြီး ဖြစ်သွားပါတယ် ။ အရင်လူနှင့် မတူတော့ဘူးပေါ့ခင်ဗျာ ၊ ခေတ်ကပြောင်းသွားပြီကိုးဗျ ။ သည်တော့ အဲသည် ဖြစ်စဉ်က မပြီးပါဘူး ။ ထုံးစံအတိုင်းပေါ့ခင်ဗျာ ။ သက်ဆိုင်ရာကို အကူအညီတောင်းခံပေါ့ ။ သည်လိုမျိုး ဖြစ်စဉ်ဆိုတော့လည်း ဘယ်သူကမှ အူလှိုက်သည်းလှိုက်မကူညီချင်ကြပါဘူး ။ နောက်စက်ရုံ သူဌေးကို အကူအညီတောင်းခံ ရှေ့နေငှားပြီး ၊ ပြည်တော်မပြန်ရဖို့ ကြိုးစားပါတယ် ။ အရင်ဖြစ်စဉ်လိုမျိုး လျော်ကြေးပေးပြီး ကြေအေးဖို့ပေါ့ ။ သည်တော့ လျော်ကြေးပေးမယ်ဆိုတာကို တစ်ဖက်က လက်ခံလိုက်ပါတယ် ။
သို့သော်……………
အခုမတော့ ၊ လျော်ကြေးပေးလိုက်ရသည့်အပြင် ၊ မြန်မာပြည်သို့လည်း ပြန်ဖို့ခြင်း ခံရပါတော့မယ် ။ ချူးဆောက်ပိတ်ရက်ခံနေတော့ ၊ ချူးဆောက်ပြီးရင်တော့ ၊ အမြန်ဆုံးပြန်ရမယ်လို့ ကျန်ရစ်သော မိတ်ဆွေများက ရင်ဖွင့်လိုက်တာကို ရင်ထဲ ပူခနဲ ဖြစ်အောင် ကြားခဲ့ရကြောင်းပါ ခင်ဗျာ ။
ညီအစ်ကိုများအားလုံး ဟယ်အွန်ဒဲ မော်ကွန်းဝင်မြန်မာများ စာရင်းမှ ကင်းဝေးကြစေလိုပါကြောင်း ။
မေတ္တာဖြင့်-
ကိုဝိုင်း(မိုးညှင်း)
ရည်ညွှန်းသတင်းများ
- http://www.vop.co.kr/A00000420338.html
- http://mbn.mk.co.kr/pages/news/newsView.php?news_seq_no=1090583
- http://article.joinsmsn.com/news/article/article.asp?Total_Id=5897779
- http://www.seoul.co.kr/news/newsView.php?id=20110801800040
-
Wednesday, September 14, 2011
ဟယ်အွန်ဒဲ မော်ကွန်းဝင်မြန်မာများ
Labels:
ကိုရီးယားသတင်း,
မှတ်တမ်းဓါတ်ပုံ,
ဆောင်းပါး,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
1 comment:
ဖြစ်ရလေ...
Post a Comment