Sunday, October 23, 2011

မုဆိုးမ စစ်တမ်း

(အောက်တိုဘာ ၂၂ က ကွယ်လွန်သွားသော ကဗျာဆရာ ကြည်မောင်သန်း ၏ နောက်ဆုံး ပုံနှိပ်ကဗျာဟု ယူဆရပါသည်။
၂၀၁၁၊ နိုဝင်ဘာလထုတ် Idea မဂ္ဂဇင်းတွင် ဖော်ပြထားသောကဗျာကို မိုးမခ မှတဆင့် ထပ်ဆင့် ဖော်ပြပါသည်။)


စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးဟာ
မုဆိုးမဘ၀နဲ့ ဆယ်နှစ်ကြာမှ
နောက်အိမ်ထောင်ပြုခဲ့တယ်

သတင်းစာဆရာမကြီး လူထုဒေါ်အမာဟာ
မုဆိုးမဘ၀နဲ့ နှစ်ပေါင်းများစွာကြာမှ
ကွယ်လွန်ခဲ့တယ်

ဂျက်ကလင်းကနေဒီဟာ
မုဆိုးမဘ၀နဲ့ တော်တော်ကြာမှ
သူဌေးကြီးအိုနာစစ်နဲ့ လက်ထပ်ခဲ့တယ်

ငါ့မိတ်ဆွေမုဆိုးမ
နောက်အိမ်ထောင်ပြုပြီးမှ
သားတွေနဲ့ အမွေကိစ္စ
တရားတပေါင်ဖြစ်ရတယ်

အိမ်နားက မုဆိုးမ
သားလေး တက္ကသိုလ်ရောက်မှ
နောက်အိမ်ထောင်ပြုရရှာတယ်

ငါ့မိန်းမလည်း
မုဆိုးမဘ၀နဲ့ဆယ်နှစ်ကြာမှ
ငါနဲ့အကြောင်းပါခဲ့တယ်

ငါ့အမေလည်းမုဆိုးမ
ငါ့ယောက္ခမလည်းမုဆိုးမ
ငါ့သူငယ်ချင်းအမေလည်းမုဆိုးမ

ကြည်အေးလည်းမုဆိုးမ
ကုတ်တနေးလဒ်လည်းမုဆိုးမ
ယိုကိုအိုနီလည်းမုဆိုးမ

ကမ္ဘာကျော်မုဆိုးမ
ပန်းပွင့်လှလှတွေ ပန်လို့
လောကဓံကို အန်တုဆဲ

လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က
ငါ့အဒေါ် မုဆိုးမ
ယောက်ျားဆုံးလို့မှ ၆ လ မပြည့်သေး
နောက်အိမ်ထောင်ပြုလိုက်ရတယ်
ကလေးတွေ တပြုံတမနဲ့
လိုင်းခန်းက ဆင်းပေးရမှာ စိုးလို့။ ။

ကြည်မောင်သန်း (လှသန်း)

No comments: