Tuesday, January 3, 2012

နှလုံးသားတွေကို လမ်းခင်းကြပါစို့

ရေးသားသူ — ကျော်စွာလင်း (ရိုးမ)
ပန်းကလေးတွေ အလိုဆန္ဒအတိုင်း
ဖူးပွင့်ချင်တိုင်း ဖူးပွင့်ကြပါစေ
ချစ်ခြင်းအားဖြင့် ကမ္ဘာမြေကို အလှဆင်ခြင်းဟာ
အပြစ်ကင်းစင်တဲ့ စေတနာ …။

စမ်းရေတွေလည်းသဘာဝအတိုင်း
အနှိုင်းမဲ့ စီးဆင်းနိုင်ကြပါစေ
ငြိမ်းချမ်းစွာအေးမြခြင်းဖြင့်
လူတိုင်းရင်တွင်း ဖြတ်သန်းရှင်သန်လိုတဲ့ အကြင်နာ …။

ငှက်ကလေးများတေးဆိုနေတာ
နားလည်ခံစားပေးနိုင်ကြပါစေ
ကြည်နူးဝေမျှပေးခြင်းဆန္ဒ
လူတိုင်းနားလည်ခံစားတတ်ဖို့ပါ …။

ပန်းကလေးတွေလို
စမ်းရေတွေလို
ငှက်ကလေးတွေလို
ရင်တွင်းဖြစ် ဆန္ဒနဲ့ အလှတရား
ငြိမ်းချမ်းမှု့ ကိုယ်စီထားတတ်ကြစေဖို့….။

တို့ရင်ထဲက အလိုမကျ
အမှောင်ကျနေတဲ့ အမုန်းတရား
မခံစားတတ်ကြစေဖို့
သင်ပုန်းချေ ပန်းတွေကြဲ
စစ်ပွဲတွေလည်း အကုန်ရပ်လို့
အပြုံးတွေ ထပ်တူယှက်ရင်း
နှလုံးသားတွေကို လမ်းခင်းကြပါစို့ …။

မြန်မာပြည်ငြိမ်းချမ်းပါစေ
ကျော်စွာလင်း (ရိုးမ)
၁.၁.၂၀၁၂
http://kslinn21.blogspot.com

No comments: