Saturday, March 16, 2013

၁၉၈၈၊ မတ် ၁၆ တံတားနီ အရေးအခင်း

 
၁၉၈၈ ခုနှစ် မတ် ၁၆ တံတားနီနေ့ အရေးအခင်းကို ဘာတီးလ် လင့်တနာ ရေးသားထားသော ဒေါမာန်ဟုန် ဗမာပြည် ဒီမိုကရေစီ တိုက်ပွဲ စာအုပ် (၁၉၉၀ ခုနှစ် ထုတ်)နှင့် အင်တာနက်က ဖတ်ရှု့ထားသမျှကို စုစည်းပြီး ရေးသား လိုက်ပါသည်။ ၁၉၈၈ ခုနှစ် မတ်လအတွင်း ကျဆုံးသွားကြသော သူရဲကောင်း အပေါင်းက အလေးပြု ဦးညွှန့်ပါသည်။ သမိုင်းနှင့် သူရဲကောင်းတို့၏ စိတ်ဓာတ်ကို မည်သည့်နည်းနှင့်မျှ ဖျက်ဆီး၍ မရ။ ။
ဇ်ာမိုးအောင် (ကိုရီးယား)  
၁၉၈၈ ခုနှစ် မတ် ၁၃၊ ၁၄၊ ၁၅ ရက်တွင် ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှု၊ ရိုက်နှက်မှု၊ ဖမ်းဆီးမှုအကြောင်းတွေသည် မတ် ၁၆ ရက်မှာ အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကို ပျံ့နှံ့သွားခဲ့ပါသည်။ ဆန္ဒပြပွဲများကနေ အစိုးရ ဆန့်ကျင်ရေး အသွင်သို့ သိသိသာသာ ကူးပြောင်းလာသည်။ ရန်ကုန်တက္ကသိုလ် (ပင်မ) ၀င်းအတွင်းမှာ ကျောင်းသားထောင်ပေါင်းများစွာ စုရုံးကြပြီး သူတို့၏ ညီနောင် စက်မှုတက္ကသိုလ် ကျောင်းသားများကို ထောက်ခံကြောင်း ဆန္ဒပြနေကြသည်။ ဘွဲ့နှင်းသဘင် ခန်းမရှေ့၌ ကျောင်းသားများက လက်ကမ်းစာရွက်များ ဖြန့်ဝေ ဆန္ဒ ထုတ်ဖော် ပြသနေကြသည်။ မွန်းလွဲ ၁ နာရီအချိန်တွင် ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ချစ်ဆွေက ကျောင်းသားထုကို ပြေရာပြေကြောင်း မွန့်ခွန်းပြောခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦးဘသန်းဟက်က ကျောင်းသားများရဲ့ လိုလားချက်ကို မေးမြန်းသည့်အခါ ကျောင်းသားအုပ်ကြီးက “ဖက်ဆစ်အစိုးရ ဖြုတ်ချရေး .. တို့အရေး တို့အရေး တို့အရေး” ဟု သံပြိုင်ဖြေကြားခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်တို့ကလည်း ကျောင်းသားများရဲ့ စိတ်ကို နားလည်သွားပြီး ဒေါက်တာ ချစ်ဆွေက ကျောင်းသားများကို ကျောင်းဝန်းအတွင်းက မထွက်ရင် ဘာမှ မဖြစ်စေရဘူးလို့လည်း အာမခံချက် ပေးခဲ့ပါသေးသည်။ ၄င်းနောက် ကျောင်းသားတွေလည်း တက္ကသိုလ်ဝန်းအတွင်းရှိ ကျောင်းဆောင်များဖြစ်သည့် မန္တလေးဆောင်၊ အမရဆောင်၊ တောင်ငူဆောင်တွေကို လှည့်လည်ချီတက်ရင်းက ဒီမိုကရေစီ ရရှိရေး တို့အရေး၊ တစ်ပါတီ အာဏာရှင် စနစ် ကျဆုံးပါစေဟု ကြွေးကြော် ဆန္ဒ ထုတ်ဖော်ကြရာ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ကြသလို ဆေးတက္ကသိုလ် ကျောင်းသားအချို့လည်း ပါဝင်လာကြသည်။ ကျောင်းသားများထဲက အလှည်ကျ ဟောပြောနေကြရာ ဟောပြောနေသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်သို့ ချီတက်ကြစို့ ဟု လှုံ့ဆော်လိုက်ရာ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာ တပြိုင်နက် ထောက်ခံခဲ့ကြပါသည်။ ကျောင်းသားများအားလုံး စုစည်းကြပြီး ညီညွတ်စွာနှင့် ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမှ စတင်ထွက်ခွာခဲ့ကြပါတယ်။ အဓိပတိလမ်းမထိပ် ကျောင်းသားထုကြီး၏ ရှေ့ဆုံးက ကျောင်းသား တစ်ဦးက ခေတ်အဆက်ဆက် ကျောင်းသားတော်လှန်ရေးတိုင်းမှာ အသုံးပြုခဲ့ကြသည့် ခွပ်ဒေါင်းအလံကြီးကို ကိုင်ဆောင် လွှင့်တင်ကာ ချီတက်လာကြပါသည်။ ကျောင်းသားများ ချီတက်ရာ ပြည်လမ်း တလျှောက်လုံးတွင် အထက်တန်းကျောင်းသားများလည်း ကျောင်းဝတ်စုံများနှင့် ၀င်ရောက်ပူးပေါင်း ပါဝင်လက်တွဲလာကြရာ ကျောင်းသားအုပ်ကြီးလည်း တဖြည်းဖြည်း အင်အားကြီးမားလာခဲ့ပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကို ညီညွတ်စွာ သံပြိုင်ကြွေးကြော်လာကြပါသည်။ ကျောင်းသားအုပ်ကြီး ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနှင့် ပြည်လမ်းထောင့်ရှိ တံတားဖြူကို အကျော်မှာ သံဆူးကြိုးခွေများနဲ့ ပိတ်ဆို့ ကာရံထား တာကို တွေ့လိုက်ရတာနှင့် ကျောင်းသားထုကြီးသည် ရုတ်တရက် ရပ်တန့်သွားခဲ့ပါသည်။ လက်နက်ကိုင် စစ်သားများက ကျောင်းသားအုပ်ဆီသို့ သေနတ်များနဲ့ ချိန်ထားပြီး တိုက်ပွဲဝင် အသင့်အနေအထားနှင့် စောင့်နေကြပြီး ဘရင်းကယ်ရီယာများကလည်း စစ်သားများနောက်ကနေ ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ်ထားကြသည်။ ကျောင်းသားများ အားလုံး အမျိုးသားသီချင်းနှင့် တပ်မတော်သီချင်းကို သံပြိုင် သီဆို ဟစ်ကြွေးလိုက်ကြသည်။ အဲသည့်အချိန်မှာ ကျောင်းသားအုပ်ရဲ့ နောက်ဖက်ကနေ ရာပေါင်းများစွာသော လုံထိန်းများက သေနတ်များ ဒိုင်းများ တုတ်များနှင့် ပိတ်ဆို့ ၀ိုင်းရံလိုက်ကြသည်ကို တွေ့လိုက်ကြရသည်။ ကျောင်းသားများ အသက်ရှုရပ်မတတ် ရုတ်တရက် ကြက်သေသေသွားကြသည်။ ပိတ်မိနေကြပြီလေ။ အရှေ့မှာ စစ်တပ်၊ အနောက်မှာ လုံထိန်းတပ်၊ ညာဘက်မှာ အင်းလျားကန်ဘောင်၊ ဘယ်ဘက်မှာ ကာရံထားသော ခြံစည်းရိုးများနှင့် လေးဘက်လေးတန် ပိတ်မိနေကြကာ သတ်ကွင်းထဲသို့ အလိုလို ရောက်သွားကြရပါတော့သည်။ ထိုအချိန်မှာ အမိန့်ပေးသံ ထွက်ပေါ်လာပြီး လုံထိန်းများက ကျောင်းသားအုပ်ထဲသို့ နံပါတ်တုတ်များနှင့် ၀င်ရိုက်ကြပါတော့သည်။ နံပါတ်တုတ်များနှင့် ရိုက်သံက ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသည့် အသံများနှင့်အတူ အတိုင်းသား ကြားနေရသည်။ ကျောင်းသားများ ခြေဦးတည့်ရာသို့ ထွက်ပြေးကြရာ ကန်ဘောင်ပေါ်တက်ပြေးသူက တက်ပြေး၊ တချို့ကလည်း အင်းလျားကန်ထဲသို့ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာပြီး ပြေးသူက ပြေးကြရတော့သည်။ လုံထိန်းများက မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ကြသည်။ တချို့ လုံထိန်းများက ကျောင်းသူများကို မဲရိုက်ရင်း လက်ဝတ် ရတနာများကိုပါ ချွတ်ယူကြသေးသည်။ ပြည်လမ်းမပေါ်မှာ ကျောင်းသူကျောင်းသားများ သွေးအလိမ်းလိမ်းနှင့် အတုန်းအရုံး လဲကျကုန်ကြသည်။ ကျောင်းသားအချို့ကလည်း နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြသည်။ ကန်ဘောင်ပေါ် တက်ပြေးကြသည့် ကျောင်းသားများ နောက်ကို လိုက်ရိုက်ပြီး မပြေးနိုင်တဲ့သည့် ကျောင်းသားကျောင်းသူတွေကို ဖမ်းပြီး အင်းလျားကန်ထဲ မောင်းသွင်းကာ ခေါင်းကို ရေနှစ်သတ်ကြသည်။ အင်းလျားကန် ရေပြင်လည်း သွေးချင်းချင်းနီလို့ တံတားဖြူလည်း ကျောင်းသားကျောင်းသူတို့၏ သွေးတွေနဲ့  စွန်းထင်းခဲ့ကြရသည်။ ကျောင်းသားများ နောက်က လုံထိန်းကားများက မောင်းဝင်လာကြပြီး လမ်းမတလျှောက် လဲကျနေသူ၊ ဒဏ်ရာရသူနှင့် သေဆုံးသူများကို ကားပေါ်ပစ်တင်လိုက်ကြသည်။ ဖမ်းဆီးမိသည့် ကျောင်းသားတွေကိုလည်း ကားပေါ်ဆွဲတင်သွားကြကာ ကားတွေ မောင်းထွက်သွားပြီးနောက် မီးသတ်ကားတွေ စောင့်ဆိုင်းရာက ချက်ခြင်း ၀င်ရောက်လာကြပြီး မီးသတ်ပိုက်များနဲ့ ပြည်လမ်းတလျှောက် အင်းလျားကန်ဘောင် နဲ့ သွေးစွန်းနေသော တံတားဖြူ ကို ဆေးကြောသုတ်သင် လိုက်ကြသည်။ ထိုနေ့မှာ ကျောင်းသားကျောင်းသူ ဦးရေ ၁၀၀ ခန့် သေဆုံးကြမည်ဟု ခန့်မှန်းကြသည်။ ထိုသို့ ကျောင်းသားများအား ရိုက်နှက်သတ်ဖြတ်ရန်ကို အသေးစိတ် စီစဉ်ထားသော အစီအစဉ် တစ်ခုသာ ဖြစ်ပေသည်။ ထိုကဲ့သို့ အကွက်ချထားပြီး မြန်မာ့အသံ အဆောက်အဦးအတွင်းမှ အမိန့်ပေး စီစဉ် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အမိန့်ပေး စီစဉ် ညွှန်ကြားခဲ့သူမှာ မဆလ ဥက္ကဌ တစ်ပါတီ အာဏာရှင် ဦးနေ၀င်း၏ ညာလက်ရုံး မဆလ အထွေထွေ အတွင်းရေးမှူး၊ လုံထိန်းတို့၏ အကြီးအကဲ ဦးစိန်လွင် ( စိန်လွင် ၆ တန်း တစ်ဇောက်ကန်း ဟု အမည်တွင်ခဲ့သူ) ဖြစ်သည်။ တံတားဖြူ လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ပြီး မတ်လ (၁၆) ရက်နေ့ ည (၁၂) နာရီ ခန့်မှာ အနီရောင် ပစ်ကပ်ကား တစ်စီး အင်းလျားကန်ဘောင်မှာ ရပ်လိုက်ပါသည်။ ကားပေါ်တွင် ပါလာသော မိန်းကလေး (၃) ယောက်ကို ကားပေါ်မှ ဒရွတ်တိုက် ဆွဲခေါ်သွားပြီးနောက် ခေတ္တအကြာမှာ ပစ်ကပ်ကားက ပြန်ထွက်သွားပေမယ့် အမျိုးသမီး ၃ဦးက ပြန် မပါသွားတာကို လက်ဘက်ရည် သောက်နေသည့် ကိုလင်းက ပြောပါသည်။ ကိုလင်းက ကျောင်းသားအရေးအခင်းအပြီး တုန်လှုပ် ချောက်ခြားမှုများ ပြေစေရန် လက်ဘက်ရည်ဆိုင်ထိုင်ရန် ထွက်လာခဲ့သော ကိုလင်းက ဆက်လက် ပြောရာတွင် မိန်းကလေး (၃) ယောက်မှာ အောက်ပိုင်း တစ်ခုလုံး သွေးများနှင့် မြင်မကောင်းရှုမကောင့်နှင့် သတိရ တစ်ချက် မရတစ်ချက် ဖြစ်နေသည့်ကို တွေ့ရတော့ လဘက်ရည်ဆိုင်ထဲ တိတ်တဆိတ် သယ်လာခဲ့ကြသည်။ မနက်မိုးလင်းသည့်အထိ စောင့်ပြီး မနက် (၅) နာရီ လောက်မှာ ဆေးရုံကြီးကို ပို့ခဲ့ရပါသည်။ ရန်ကုန်ဆေးရုံကြီးမှာလည်း တခြားသော မတရားပြုကျင့်ခံရသည့် မိန်းကလေးများ ရောက်လာခဲ့တယ်လို့ သူနာပြုဆရာမ တစ်ယောက်က ပြောပြပါသည်။ မိန်းကလေးတစ်ယောက်မှာ အုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့်ခံရသည့်အတွက် သားအိမ်ကွဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါသည်။ ၁၉၈၈ ခုနှစ် မတ်လ (၁၇) ရက် ကြာသပတေးနေ့ တွင် ပြည်သူများပါ မခံမရပ်နိုင် ပေါက်ကွဲ လု အချိန်ဖြစ်နေသည်ကို သိနေသည့် မဆလက အဆိုပါ အရေးအခင်း ပြဿနာများကို စုံစမ်းစစ်ဆေးရန် အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပြီး ဖြစ်ကြောင်း ကြေညာလိုက်သည်။ သို့သော ပထမဦးဆုံး သေဆုံးရသူ မောင်ဖုန်းမော် ကိစ္စကိုသာ စုံစမ်းမည်ဟု ဆိုသည်။ မောင်ဖုန်းမော်သည် ဓားထိုးခံရပြီး သေဆုံးခြင်း မဟုတ်၊ သေနတ်ဒဏ်ရာဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း မမျှော်လင့်ဘဲ မဆလ တစ်ပါတီ အစိုးရက ၀န်ခံလာသည်။ သို့သော် တံတားဖြူ ပစ်ခတ်မှုကို တလုံးတပါဒမျှ မဟခဲ့ပေ။ ပြည်သူ့တရားသူကြီးအဖွဲ့ဝင် ဦးဘမော် ဦးစီးပြီး ပြည်သူ့ ဥပဒေ အကျိုးဆောင်အဖွဲ့က ဦးလှတင့်နှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့က ဒေါက်တာ မောင်ရှိန်တို့ကို ၃ ဦး ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ပြည်သူဆိုသော အသုံးအနှုန်းမှာ မဆလ တစ်ပါတီက ဆိုရှယ်လစ် ဒီမိုကရေစီဆိုပြီး လှည့်စားထားသော ထွင်လုံးဖြစ်သည်။ စိတ်တွင်း ရင်တွင်းဖြစ်မဟုတ်သော အပေါ်ယံ ဆီဝှေ့သော စကားရပ် အသုံးအနှုန်းဖြစ်သည်။ မည်သို့ဆိုစေ စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့ပေးလိုက်ခြင်းသည် မကြုံဘူးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ ကျောင်းသာများ၏ အောင်ပွဲတစ်ရပ်ဖြစ်သည်။ အဲဒီလို စုံစမ်းစစ်ဆေးရေး ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းသည် ကျောင်းသားများကို မငြိမ်သက်သွားစေသည့်အပြင် ရှေ့ဆက် တိုက်ပွဲဝင်ရန် တွန်းအားပေးသလို ဖြစ်နေသည်။ ရန်ကုန်တက္ကသိုလ် (ပင်မ) ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ကျောင်းသား နှစ်ထောင်ကျော် ထပ်မံ စုဝေးခဲ့ကြပြီး၊ လွတ်လပ်သော ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ကြပါသည်။ အဲဒီနောက် အပန်းဖြေရိပ်သာအနီးမှာရှိသည် စင်မြင့်ပေါ်မှာ ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ကျောင်းသားဖြစ်သော ကိုမင်းဇေယျာ (ယခု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်)၊ ကိုမောင်မောင်ကျော် နှင့် မယုယုမော်တို့က ဟောပြောခဲ့ကြပါသည်။ ၁၉၈၈ ခုနှစ် မတ် ၁၇ ကြာသပတေးနေ့မှာ ကိုဖုန်းမော်၏ ဈာပနကို ကြံတောသုဿာန်တွင် မီးသင်္ဂြိုဟ်မှာဖြစ်လို့ ကျောင်းသား ထောင်ပေါင်းများစွာက ကြံတောသုဿာန်မှာ အကြာကြီး စောင့်နေခဲ့ကြပေမယ့် မွန်းလွဲ (၁) နာရီခန့်မှာ ကိုဖုန်းမော်အလောင်းကို မထင်မရှား အခေါင်းထဲထည့်ပြီး သယ်ဆောင်လာသည့် ကားကို ပုလိပ်အစောင့်အရှောက် အပြည့်အစုံနှင့် မောင်းယူသွားပြီး တာမွေသင်္ချိုင်းမှာ မဆလအာဏာပိုင်တွေက သင်္ဂြိုဟ်လိုက်ကြရာ ကျောင်းသားများ အကြီးအကျယ် ပေါက်ကွဲခဲ့ကြသည်။ ကျောင်းသားများ ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းအတွင်းသို့ ပြန်လာသောအခါ ကျောင်းဝန်း တစ်ခုလုံးကို လည်ပတ်အနီရောင် စည်းထားသော စစ်သား တစ်ထောင်ကျော်၊ လုံထိန်းများ တစ်ထောင်ကျော်တို့သည် ဘရင်းကယ်ရီယာများနှင့် ၀ိုင်းရံပိတ်ဆို့ထားတာကို တွေ့လိုက်ရပါသည်။ ပါမောက္ခချုပ် ဒေါက်တာ ချစ်ဆွေက ထပ်မံ မိန့်ခွန်းခြွေပြီး ကျောင်းသားများအတွက် လုံခြုံမှု ရှိပါတယ်၊ ဒါပေမယ့် အပြင်တော့ မထွက်နဲ့ ဟု ထပ်ကွန့်ပေမယ့် ကျောင်းဝန်းကို ၀ိုင်းထားတဲ့ စစ်သားတွေ လုံထိန်းတွေက နေ့လည် (၂) နာရီလောက်မှာ ကျောင်းဝန်းအတွင်း သေနတ်များ နံပါတ်တုတ်များနှင့် ကျောင်းဝန်းကို ၀င်စီးလိုက်ကြပါတော့သည်။ မျက်ရည်ယိုဗုံးတွေကို ကျောင်းသားအုပ်ထဲ ပစ်သွင်းကြသည်။ အချုပ်ကားတွေလည်း ကျောင်းဝင်းထဲ ၀င်လာပြီး ကျောင်းသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ ကျောင်းဆောင်တွေထဲက ကျောင်းသားတွေကို ထွက်ခိုင်းကာ မင်းတို့ကို မဖမ်းဘူးဟု ပြောပေမယ့် ထွက်လာသော ကျောင်းသားများ အားလုံးကို အချုပ်ကားပေါ် တင်ကာ၊ ခေါ်ဆောင် သွားကြသည်။ အချုပ်ကားထဲကို ကျောင်းသားကျောင်းသူများ အဆမတန် တင်ဆောင်လာသည့်အတွက် ကားထဲမှာ မွန်းကျပ်ပြီး သေဆုံးခဲ့တဲ့ ဒဏ်ရာရ ကျောင်းသားတွေလည်း ရှိခဲ့ပါသည်။ ဖမ်းဆီခေါ်လာသည့် ကျောင်းသားတွေကို အင်းစိန်ထောင်ထဲ ပို့လိုက်ကြသည်။ ရန်ကုန် ပင်မ တက္ကသိုလ် နယ်မြေ၊ လှိုင်နယ်မြေ၊ ဗိုလ်တထောင်နယ်မြေ၊ ကြည်မြင့်တိုင်နယ်မြေ၊ ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် အထက်တန်းကျောင်းတို့ကို ကိုအောင်ဝင်းနှင့် ကျောင်းသား တစ်စုက လျှို့ဝှက်စွာ ဆက်သွယ်ခဲ့သည်။ ပြန်ကြားရေးဌာနကို ဖွင့်လှစ်ပြီး လက်ကမ်း စာစောင်များကို ဖြန့်ဝေကြသည်။ ၁၉၈၈ ခုနှစ် မတ်လ (၁၈) ရက် သောကြာနေ့မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ကျောင်းသားသမဂ္ဂက ကိုဖုန်းမော် အရေးအခင်းနှင့် တံတားဖြူအရေးအခင်းအပြင် ဆက်စပ်နေသော ပြဿနာများကို ဖြစ်ရပ်မှန်အတိုင်း ကြေညာပေးရန် မ.ဆ.လ အစိုးရကို တောင်းဆိုလိုက်ကြသည်။ အဲဒီနောက် တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများက မြို့ထဲသို့ ၀င်ရောက်ဆန္ဒပြရန် ဆုံးဖြတ်လိုက်ကြတယ်။ ကျောင်းသားကျောင်းသူများက အုပ်စုလိုက် အစုငယ်လေးတွေ ကိုယ်စီနဲ့ ဆူးလေဘုရားမှာ မွန်းတည့် (၁၂) နာရီမှာ ကျောင်းသား ၃၀၀ ခန့် စုစည်းခဲ့ကြပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ ဆူးလေဘုရားကို ပတ်ပြီး စီတန်းလှည့်လည် ဆန္ဒပြကြပါသည်။ နာရီအနည်းငယ် အတွင်း ပြည်သူတွေပါ ပူးပေါင်းပါဝင်လာပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြလူအုပ်ကြီး ဖြစ်ခဲ့တယ်။ ဆူးလေဘုရားအနီး တာဝန်ကျနေသည့် ရဲသား ၅၀ ခန့်သည် လူအုပ်ကြီးကို မြင်ပြီး ထွက်ပြေးသွားကြသည်။ သို့သော် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော လုံထိန်း တပ်များ ရောက်လာပြီး နံပါတ်တုတ်များနှင့် ၀င်ရိုက်ကာ လူစု ခွဲစေခဲ့သည်။ နိုင်ငံခြား သံရုံးများ ရှိသည့် နယ်မြေ ဖြစ်သဖြင့် အချုပ်ကားများ၊ စစ်တပ်ကားများ ရောက်လာပြီး ဆန္ဒပြနေသည့် သူများကို အတင်းအဓမ္မ ဖမ်းဆီးပြီး အင်းစိန်ထောင်ကို ခေါ်ဆောင်သွားကြသည်။ လုံထိန်းများက များစွာသော လူအုပ်ကြီး ဖြိုခွဲရန် ကြိုးစားပေမယ့် အချည်းအနှီးသာ ဖြစ်ခဲ့ရသည်။ လူအုပ်ကြီးထဲက တချို့က သိမ်ကြီးဈေး ညာဘက်ရှိ ကုန်တိုက်ကြီး၏ အောက်ခြေကို မီးရှို့ကြသည်။ မီးစွဲ လောင်နေသည့် ကုန်တိုက်ကို မီးငြိမ်းသတ်ရန် ရောက်ရှိလာသည့် မီးသတ်ကား ၃ စီးထဲက ပထမ မီးသတ်ကို ဒေါသထွက်နေသော လူထုကြီးက မီးရှို့ ဖျက်ဆီးလိုက်ရာ နောက်ကား ၂စီးက နောက်ပြန်လှည့်ကာ မောင်းနှင် ထွက်ပြေးသွားတော့သည်။ ထိုနေ့က ကရင်ပြည်နယ် ဘားအံတွင် စခန်းချထားသော တပ်မ ၂၂က စစ်သားများ မြောက်များစွာ ရောက်ရှိလာပြီးနောက် ယင်းမြို့တွင် အခြေချနေသော တပ်မ ၄၄၊ ရန်ကုန် မှော်ဘီ လေတပ်စခန်းတွင် စခန်းချထားသော တပ်မ ၇၇ တို့ ရောက်ချလာကြသည်။ သံချပ်ကာ ကားများက စမ်းချောင်းရှိ သမတ အိမ်တော်နှင့် အင်းလျားကန်နား အေဒီလမ်းရှိ ဦးနေ၀င်း နေအိမ်တို့ကို စောင့်ကြပ်ပေးလျက် ရှိသည်။ ကျောင်းသားများ နောက်ထပ် အင်အား မဖြည့်ဆည်းနိုင်ရန် ရွှေတိဂုံ ဘုရားလမ်း တလျှောက်တွင် ဘရင်းကယ်ရီယာဖြင့် စောင့်ကြပ် ပိတ်ဆိုးထားလိုက်သည်။ မြင်မြင်သမျှ လူများကို ဖမ်းဆီးရန် အမိန့်ထုတ်လားလိုက်သည်။ သောကြာနေ့ ဗလီက ဘုရား ရှိခိုးပြန်လာကြသော မွတ်ဆလင်များကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြသည်။ ဆန္ဒပြပွဲသို့ ပူးပေါင်းရန် ရထားကြုံဖြင့် ဆင်းလာကြသော မန္တလေး တက္ကသိုလ်က ကျောင်းသား ၇၀၊ ပျဉ်းမနား ရေဆင်း တက္ကသိုလ်က ကျောင်းသား ၂၀တို့ကို လှည်းကူးဘူတာမှ တားဆီးကာ ပြန်ပို့လိုက်ကြသည်။ တစ်ပတ်အတွင်း ဆန္ဒပြမှုများကြောင့် ရန်ကုန်မြို့ကြီးသည် တုန်လှုပ် ချောက်ခြားစရာ တိတ်ဆိတ် ငြိမ်သက်နေပြီး မြန်မာ့အသံလွှင့်ရုံး နောက်ဘက်ရှိ ကြံတော သုဿာန်ရှိ မီးသဂြို င်္ဟ်စက်ကြီးက မီးခိုးခေါင်းတိုင်ကြီးမှ မီးခိုးများ ဆက်တိုက် ထွက်ပေါ်နေလေတော့သည်။ မဆလ တစ်ပါတီအစိုးရက သတ်ဖြတ်လိုက်သော ရဟန်းရှင်၊ လူ၊ ကျောင်းသားများ၏ ရုပ်အလောင်းများ၊ မသေမရှင် ရုပ်အလောင်းများကို ဖျောက်ဖျက်ပစ်ရန် မီးရှို့နေခြင်း ဖြစ်သလို ည မထွက်ရ အမိန့်ကို မထုတ်ပြန်ဘဲ စစ်တပ်များက တစ်လမ်း ၀င်၊ တစ်လမ်း ထွက် အပြင် မထွက်ကြရန် အမိန့် ပေး ကြေညာလျက် ရှိနေပါတော့သည်။

No comments: