Saturday, March 23, 2013

နော်ဝေး မှ မြန်မာ တစ်ယောက်ရင်ဖွင့်သံ...

ရေးသားသူ —စိုးမိုးသူ

(ဖေ့စ်ဘွတ်မှ တဆင့် ဖြန့်ဝေသည်)
***********************
 

နှစ်ဆောင်ပြိုင် အိမ်ကြီး မီးဟုန်းဟုန်းတောက်နေတယ်။ ရရာ အထုတ်ဆွဲပြီး ဟိုဟိုဒီဒီ ဂယောက်ဂယက် ပြေးလွှားနေတဲ့ မိတ္ထီလာ မင်္ဂလာဇေယျ ရပ်ကွက်က ပြည်သူတွေ။ ၆နှစ်အရွယ် သမီးလေး လက်ကိုဆွဲပြီးပြေးနေတဲ့ အဖွားအိုရဲ့ လက်တဖက်မှာ ပိန်လိန်နေတဲ့ သံသေတ္တာတလုံး။ ကလေးငယ်ရဲ့ မျက်လုံးနဲ့ အဖွားအိုရဲ့ မျက်လုံးတွေဟာ ဆောက်တည်ရာမဲ့၊ စိုးရိမ်ပူပန်မှုအပြည့်။ အော်ခေါ်သံ၊ ဆဲဆိုသံ၊ မီးသတ်ကားဥသြသံ၊ နေအိမ် တလုံးပြီးတလုံးမြိုပြီး တဖျစ်ဖျစ် တဟူးဟူး မီးစွယ်တွေရဲ့ မာန်ဖီသံတွေက မိတ္ထီလာညကို အိပ်ရေးပျက်စေတယ်။ အိမ်ကြီးတလုံးပေါ်က ပစ္စည်းတွေအောက်ကို တွန်းချပြီး စိမ်ပြေနပြေ ထုနှက်ခွဲချေ နေတဲ့ တုတ်တပျက် ဓားတပျက် အရပ်သားတွေ ကိုလည်း ဖေ့စ်ဘွတ် Video မှတ်တမ်းတိုလေးမှာ တွေ့နေရတယ်။ တကယ့်ကို စိတ်မကောင်းစရာ အနိဋ္ဌာရုံ မြင်ကွင်းတွေပါပဲ။

အပြင်မှာတွေ့ရင် မြင်ကွင်းက ဒီထက်ပိုဆိုးမှာသေချာတယ်။ အခုဆောင်းပါးရေးနေချိန်ထိ သေဆုံးသူချည်း ၅ယောက်ထက် မနည်းဘူးဆိုလား၊ ဒဏ်ရာရသူတွေက ၅၀ လောက်တဲ့။ မီးလောင်လို့ အိုးအိမ်မဲ့သွားသူတွေက ၆၀၀ နီးပါး။ ဘုရားဘုရား အင်္ဂါနေ့ကပဲ
အေးအေးငြိမ်းငြိမ်း ရှိခဲ့တဲ့ မြန်မာပြည်မြေလတ်ပိုင်းက မိတ္ထီလာမြို့လေးရဲ့ ရပ်ကွက်လေးဟာ နောက်တနေ့ မတ်လ၂၀ ရက်နေ့မှာ မီးတဟုန်းဟုန်း တောက်နေပြီ။

ပိုဆိုးတာက ဒေါသမီး၊ လူမျိုးရေး မုန်းတီးတဲ့မီး၊ ဘာသာရေးပဋိပက္ခမီး
တွေဖြစ်တယ်။ အဲဒီမီးတွေက ငြိမ်းသတ်ရခက်တယ်။ လူ့အဖွဲ့အစည်းတခုလုံးကို တမြေ့မြေ့ကျွမ်းလောင်စေတယ်။ ပဋိပက္ခများ ရဲ့ ဓားစာခံ ခလေးငယ်တွေအပေါ် စိတ်ဒဏ်ရာကို ဖြစ်စေတယ်။ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို ဖျက်ဆီးတယ်။ ဒီမိုကရေစီကို စည်းမဲ့ကမ်းမဲ့ဖြစ်စေတယ်။


အခုလို လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကို ကျနော်တို့ နိုင်ငံမှာ တောက်လျှောက်ကြုံခဲ့ရတယ်။ လွတ်လပ်ရေး မရခင် နယ်ချဲ့က ရန်မီးမွှေးလို့ဖြစ်ခဲ့တဲ့ ကုလားဗမာရိုက်ပွဲဆိုတာ ကျနော်တို့ ငယ်ငယ် အထက်တန်း ကျောင်းသားသမိုင်းမှာတောင် သင်ရသေးတယ်။

ဒါနဲ့ပတ်သက်ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ‘ကုလားအရေး ဓါးအသွေးလောက်ပါဖူး” လို့ ပြောဖူးတယ်။ သူတို့လည်းကျွန် ငါတို့လည်းကျွန် ကျွန်ကျွန်ခြင်း သင့်မြတ်အောင်ပေါင်းဖို့ သြ၀ါဒပေးဖူးတယ်။ လွတ်လပ်ရေးရပြီး မဆလခေတ် တလျှောက်လုံးလည်း အာဏာပိုင်တွေက အဲဒီ အောက်လမ်းနည်းတွေ ပြန်သုံးပြီး လူမျိုး ဘာသာခြားတွေနဲ့ အေးအေးချမ်းချမ်း အတူနေထိုင်တဲ့ မြန်မာ့လူ့အဖွဲ့ အစည်းကို ဖျက်ဆီးခဲ့တယ်။ ရန်တိုက်ခဲ့တယ်၊ သံသယတွေဝင်အောင် လုပ်ခဲ့တယ်။

သေချာတာက နိုင်ငံရေးထွက်ပေါက်ကို ဘာသာရေးပဋိပက္ခတွေနဲ့ အသုံးချတာပဲ။ နိုင်ငံရေး ခြွတ်ခြုံကျရင် ဘာသာရေးပဋိပက္ခတွေ ဖန်တီးတတ်တယ် ဆိုတဲ့ မဆလခေတ် ထုံးစံအတိုင်း ၁၉၈၈ တပြည်လုံး ဒီမိုကရေစီ တောင်းဆိုအုံကြွမှု မတိုင်မီ အခုလို ဘာသာရေး ပဋိပက္ခတွေ ဖန်တီးတာ ကြုံဖူးတယ်။ ဖြစ်လိုက်ရင်လည်း အစ္စလမ် ဘာသာဝင်တွေနဲ့ကြီးပဲ။

ရန်ကုန်၊ ပြည်၊ တောင်ကြီး၊ တောင်ငူ၊ ပျဉ်းမနား၊ ပျော်ဘွယ်၊ လက်ပံတန်းမြို့တွေမှာ ၁၉၈၈ ဒီမိုကရေစီအရေးအခင်း မတိုင်ခင် ကပ်ပြီး ဘာသာရေးပဋိပက္ခတွေဖြစ်တယ်။ တနေရာနဲ့ တနေရာ ချိန်ကိုက်ထားသလို ဆက်တိုက်ဖြစ်တာ။ ဇာတ်လမ်းတွေကလည်း သိပ်မကွာဖူး၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို မွတ်စလင်က အဓမ္မကျင့်တဲ့ ဇာတ်လမ်းမျိုး၊ ရီးစားစကားပြောနှောက်ယှက်တဲ့ ဇာတ်လမ်းမျိုး၊ ကိုရင်လေးဆွမ်းခံတုန်း မွတ်စလင်တွေက ရန်စတဲ့ ဇာတ်လမ်းမျိုး ဒါတွေပဲ။ နောက်ဆုံးတော့ ဂျင်ဂလိမှန်ကြ၊
လေးဂွမှန်ကြ၊ သေကြ၊ မီးရှို့ကြ၊ ဒဏ်ရာရကြ နဲ့။ ကြားထဲက အစိုးရ အာဏာပိုင်တွေက နိုင်ငံရေးအမြတ်ထုတ်သွားတယ်။ လူထုက အစိုးရအပေါ်မကျေနပ်တဲ့ အမျက်တွေထားကြ၊ ကိုယ့်အချင်းချင်း သတ်ကြ ဖြတ်ကြ နဲ့ ဘာသာမတူသူချင်း အမုန်းတွေ အာဃာတတွေကြွင်းကျန်ရစ်ကြ၊ စိတ်ဒဏ်ရာတွေရကြ။

စိတ်ဒဏ်ရာဆိုတာ ဘ၀တလျောက်လုံး မသိမသာ ကပ်ပါနေတာ ဖြစ်တယ်။
တောင်ငူက ကျနော့မိတ်ဆွေ ပညာတတ် အစ္စလမ်ဘာသာဝင် တယောက် သူ့ကိုယ်တွေ့ကို ပြောဖူးတယ်။ သူ့တို့ မိသားစု
ချွေးနည်းစာလေးနဲ့ နှစ်ပေါင်းများစွာရုန်းကန် စုဆောင်းပြီး ထူထောင်လာတဲ့ အထည်ဆိုင်လေး ဖျက်ဆီးခံရပြီးတဲ့နောက် သူတို့မိသားစု ပြန်ပြီးနလံမထူနိုင်၊ မိဘတွေလည်း စိတ်ဓာတ်တွေကျ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်၊ သူတို့ မောင်နှမတွေလည်း ရန်ကုန်ရွှေ့ပြီး ကြုံသလို လည်သလို စီးပွားရှာရပ်တည်ကြရ နဲ့ အသိုက်ပျက်သွားတဲ့ အကြောင်း။ အဲဒီမိတ်ဆွေပြောပြတာတခုက စိတ်ဝင်စားဖို့ ကောင်းတယ်။ သူ့အနေနဲ့ ကာလကြာလို့ မေ့မယ်ထင်တာ လူစုလူဝေးနဲ့ ပဋိပက္ခတွေ အရေးအခင်းတွေ ဖြစ်တာနဲ့ သူဟာ ရှေ့တမ်းက တက်တက်ကြွကြွနဲ့ သွေးဆူတတ်တဲ့ အကြောင်း၊ ရန်ကုန်က ၂၀၀၇ သံဃာ့ ဆန္ဒပြပွဲမှာ လုံထိမ်းတပ်တွေကို သူဂဲနဲ့ထုခဲ့သလို မြင်မြင်ရာ ထုခွဲ ရိုက်နှက် ဖျက်ဆီးချင်တဲ့ စိတ်ကြမ်းတွေ ဘယ်က ဘယ်လို ၀င်လာမှန်းမသိတဲ့ အကြောင်း ၊ စိတ်သဘောထားနူးညံ့တယ်လို့ အများက သတ်မှတ်ခံထားရတဲ့သူဟာ လမ်းဘေးမှာ ရပ်ထားတဲ့ ကားတစီးရဲ့မှန်ကို အုတ်ခဲနဲ့ ထုခွဲဖူးတဲ့ အကြောင်း ကျနော့ကို ပြောဖူးတယ်။ ဒီတော့ မတရားအနိုင်ကျင့်ခံရသူတွေ နိုင်ထက်စီးပိုး ဖိနှိပ်ခံရသူတွေ လူအများနဲ့ အကြမ်းဖက်ခံရသူတွေရဲ့ တုန့်ပြန်မှုတွေကလည်း မလှတတ်ပါဖူး။ ထကြွပုန်ကန်ချင်စိတ် အကြမ်းဖက်ချင်စိတ် ဒါမှမဟုတ် စိုးရိမ်ပူပန်ပြီး ကြောက်ရွံ့စိတ်၊ သူရဲဘောနည်းတဲ့ စိတ္တဇတွေ စွဲကပ်တတ်ပါတယ်။ အနာဂတ်လူ့အဖွဲ့ အစည်းအတွက် သူဟာ မျှမျှတတ စဉ်းစားဆုံးဖြတ်ဖို့ အခက်တွေ့ရမှာပါ။

ဒီကနေ့အစ္စလမ်ဘာသာဝင်တွေ လူဦးရေ များပြားပြီး နိုင်ငံတကာမှာ ပျံ့နှံ့ရောက်ရှိနေတာကို ဗုဒ္ဓဘာသာဖြစ်စေ၊ ခရစ်ယာန်ဘာသာဖြစ်စေ အားကောင်းတဲ့ ဌာနေနိုင်ငံသား လူမျိုးတွေက စိုးရိမ်ပူပန်တတ်ကြပါတယ်။

ကျနော် နေထိုင်နေတဲ့ နော်ဝေးနိုင်ငံမှာ မွတ်စလင်လူမျိုးတွေ များပြားပြီး သြဇာတက်မှာ စိုးရိမ်လို့ နော်ဝေးလူမျိုး Anders Behring Breivik ဆိုတဲ့လူငယ်တယောက်ဟာ ၂၀၁၁ ခုနှစ်က အစိုးရ၀န်ကြီးများရုံးကို ဗုံးခွဲဖျက်ဆီးခဲ့သလို အာဏာရပါတီရဲ့ လူငယ်ကေဒါ ၉၀ကျော်ကိုလည်း ပစ်ခတ်လုပ်ကြံခဲ့ပါတယ်။ ဒါပေမဲ့ နော်ဝေးအစိုးရနဲ့ ပြည်သူတွေက ဒီအတွက် ၀မ်းနည်းကြေကွဲမှုတွေပြခဲ့တယ်။ Breivik ကို ဥပဒေအတိုင်းပဲ တရားစီရင်ခဲ့ပါတယ်။ သူတို့နိုင်ငံရဲ့ အမြင့်ဆုံး ထောင်ဒဏ် ၁၂နှစ် ချခဲ့တယ်။ နော်ဝေးမှာ အဲဒီကိစ္စက ဘာသာခြားလူမျိုးခြားတွေ ထူထပ်လာတဲ့ အကြောင်းတရားကိုမှီပြီးဖြစ်ခဲ့တာ ဆိုပေမဲ့ ဘာသာခြားမုန်းတီးမှုတွေ၊ နှိမ့်ချဆက်ဆံမှုတွေ မရှိပါဖူး။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးရုံမက ကလေးငယ်တွေကို အစိုးရ စာသင်ကျောင်းမှာပဲ (စာသင်ချိန်အားလပ်ရက်) အစ္စလာမ် ကိုရမ်ကျမ်းစာ သင်ကြားဖို့ ခွင့်ပြုတယ်။ ဘာသာပေါင်းစုံအကြောင်း ကျောင်းသားတွေ သင်ခန်းစာတခုအနေနဲ့ သင်ကြားရတယ်။ သူ့ဘာသာနဲ့သူ ဘာသာရေး အထိမ်းအမှတ် ပွဲတွေကို ကျင်းပပေးပါတယ်။

ဥပမာ ခရစ်စမတ်ပွဲဆိုရင်လည်း မူစလင်နဲ့ ဟိန္ဒူကလေးတွေ ကခုန်သီဆိုဖျော်ဖြေတယ်၊ ခရစ်တော်ရေရှုဖွားတော်မှုတဲ့ ပြဇာတ်ကို ဘာသာခြားတွေလည်း ၀င်ကတယ်။ သူတို့မိဘတွေကလည်း လာကြည့်ပြီး အားပေးတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ပွဲဆိုလည်း ခရစ်ယာန်တွေ၊ ထိုင်းနဲ့ ဗီယက်နမ် ဗုဒဘာသာ ကလးငယ်တွေ၊
ခေါင်းမြီးခြုံတွေ၊ သံပရာခွံဦးထုတ်တွေဆောင်းပြီး အာရဗီ ဗုံလေးနဲ့ ကနေတာပဲ၊ သိတ်ကြည်နူးစရာကောင်းတယ်။ ဘာသာခြားပေမဲ့ လူသားချင်း အတူတူဖြစ်တယ်၊ လူအချင်းချင်း ခွဲခြားဆက်ဆံစိတ် မရှိအောင် ငယ်ငယ်ကတည်းက ပုံသွင်းပေးတာပါ။

နော်ဝေးမှာ အစ္စလာမ် ဘာသာအသင်းပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာ အသင်းပဲ ဖြစ်ဖြစ်၊ ဟိန္ဒူ အသင်းပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် မှတ်ပုံတင် ထူထောင်ခွင့် ရှိသလို အစိုးရ ကိုယ်တိုင် အသင်းအဖွဲ့ဝင်တွေကို နှစ်စဉ် ငွေထောက်ပံ့သေးတယ်။
နော်ဝေးမှာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာအသင်းရှိသလို
မြန်မာပြည်ဖွား အစ္စလာမ်အသင်းတွေလည်း ရှိပါတယ်။
မြန်မာပြည်ဖွား ခရစ်ယာန်အသင်းတွေဆို လက်ချိုးရေလို့မရဘူး၊ ကရင်အမျိုးသား အသင်းတော်၊ ချင်းအမျိုးသား အသင်းတော် ထဲမှာတောင် ဂိုဏ်းမတူတဲ့အလျောက်၊ လူမျိုး မတူတဲ့အလျောက် တသီးတခြားစီ ထူထောင်ထားကြတာတွေလည်း အများကြီးပဲ။ ကွဲပြားတဲ့ အယူဝါဒနဲ့ သဘောထားတွေကို စည်းစနစ်တကျ ဥပဒေနဲ့ အညီ လက်ခံထားပါတယ်။

မနှစ် ဇွန်လက ဒေါ်အောင်ဆန်းစုကြည် အော်စလိုလာမဲ့ရက်
ဒေါ်အောင်ဆန်းစုကြည် တည်းခိုမဲ့ ဟော်တယ်ရှေ့မှာပဲ ၁၀ယောက်နီးပါးရှိတဲ့ နော်ဝေးလူမျိုး ခရစ်ယာန် အစွန်းရောက်တွေက "နော်ဝေးက မူစလင်တွေထွက်သွား” လို့ ဆန္ဒပြကြွေးကြော်ပါတယ်။ သူတို့ရဲ့မျက်နှာချင်းဆိုင်မှာ မူစလင်လူငယ်တွေ(နော်ဝေးလူမျိုး သူငယ်ချင်းတွေတောင်ပါသေးတယ်) တန်ပြန်ဆန္ဒပြနေပါတယ်။ ရဲတွေလည်း ကြိုးဝိုင်းတားပြီးစောင့်ကြပ်နေတယ်။ ဘာမှပဋိပက္ခ မဖြစ်ပါဘူး။ ကိုယ့်ဆန္ဒထုတ်ဖော် အော်ဟစ်ပြီးပြန်သွားကြတာပဲ။ တယောက်နဲ့တယောက် ဆဲဆိုအော်ဟစ်တာတောင် မရှိဖူး။
သွေးဆူတတ်တဲ့ အသက် ၁၈နှစ်နဲ့ ၂၅နှစ်ကြား လူငယ်လေးတွေပေမဲ့ သိပ်ကိုယဉ်ကျေးပါတယ်။

ဥရောပမှာလည်း ခွဲခြားဆက်ဆံမှု မရှိဘူးလို့ မဆိုလိုပါ။ ခွဲခြားဆက်ဆံမှု ဆိုတာထက် အခွင့်အရေး ပိုယူတတ်မှုနဲ့ အခွင့်အရေးတန်းတူ မထားတဲ့ လူနေမှု၊ ယဉ်ကျေးမှုပုံစံကို မလိုလားတာက များပါတယ်။

ကိုယ်တွေ့တခုပဲ ပြောပြချင်ပါတယ်။ မနှစ်က အော်စလို အပြင်ဘက်
မြို့တမြို့ကနေ ဘတ်စ်ကားနဲ့ပြန်အလာ ကားပေါ်မှာ ထိုင်ခုံတခုံပဲ လွတ်နေပါတယ်။ ကျနော်က ဇနီးကို ဦးစားပေးပြီး သွားထိုင်ဖို့ ပြောပေမဲ့ ဒူးနာပြီး ကြာကြာမရပ်နိုင်တဲ့ ကျနော့ကို ဇနီးသည်က ငဲ့ညှာပြီးမထိုင်ပါဘူး။ ပြောမရတဲ့အဆုံး ကျနော်ပဲ အသက်ခပ်ကြီးကြီး နော်ဝေး အမျိုးသမီးဘေးက ထိုင်ခုံမှာ ထိုင်တယ်။ အဲဒီအမျိုးသမီးက ကျနော်နဲ့ မထိမတို့မိအောင် အတော်လေး သတိထားနေပုံပဲ။ ဘတ်စ်ကားယိမ်းလို့ မတော်တဆ ထိရင် ကျနော့ကို တတောင်နဲ့တွက်ပါတယ်။ ၃ကြိမ်မြောက်မှာ ကျနော်က မကျေနပ်လို့ “စိတ်မကောင်းပါဘူး၊ ဒီလို ခွဲခြားဆက်ဆံတာမျိုး ဒီနိုင်ငံမှာ အခုမှကြုံတာပါ” လို့ပြောလိုက်တယ်။ ဒီတော့ အဲဒီ အမျိုးသမီးက “ ငါက မင်းတို့လို အမျိုးသမီးတွေကို အခွင့်အရေးမပေးတတ်တဲ့ လူတွေ ခဏခဏတွေ့ဖူးတယ်” လို့ ပြန်ပြောပါတယ်။ ဒီတော့မှ ကျနော်က အဖြစ်မှန်ကို သိပြီး အခြေအနေကို ရှင်းပြပါတယ်။ အဲဒီအမျိုးသမီးကြီးလည်း ကျနော့်ကို ပြန်တောင်းပန်ပါတယ်။ ဒါဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုမှာ လူကိုယ်လူချင်း နှိမ့်ချမှု၊ ခွဲခြား ဆက်ဆံမှုကို မလိုလားဖူးဆိုတာ ရှင်းရှင်းလင်းလင်းပြသနေတာဖြစ်တယ်။

ကျနော်တို့နိုင်ငံဟာ နှစ်ပေါင်းများစွာ ပွင့်လင်းပြီး လွတ်လပ်တဲ့ လူမှုစနစ်နဲ့ အလှမ်းဝေးခဲ့ရတယ်။ အာဏာရှင်စနစ်ရဲ့ ၀ါဒဖြန့်မှု၊
သွေးထိုး လှုံ့ဆော်မှုတွေထဲမှာပဲ ကျင်လည်နေခဲ့ရတယ်။ နိုင်ငံရေးကို အကြောင်းပြုပြီး လူမျိုးရေး ဘာသာရေးနဲ့ သွေးခွဲတာ အသုံးချတာတွေကို ကြုံနေရတယ်။ ပြည်သူတွေကို ပညာရေးမြှင့်တင်မပေးဘူး၊ နိုင်ငံတကာနဲ့ တံခါးပိတ်ထားတယ်၊ ကျနော်တို့ တိုင်းရင်းသားပြည်သူတွေမှာ ဆင်းရဲမွဲတေအောင် လုပ်ခံထားရတော့ အမြင်ကျယ်ခွင့်မရရှာဖူး၊ ဒီကြားထဲ ငါတို့ ဘုန်းကြီးတချို့က ငါတို့လူမျိုးမှ ငါတို့၊ ငါတို့ဘာသာမှ
ငါတို့ဆိုတဲ့ တလွဲဆံပင်ကောင်း ဇာတိမာန်တွေနဲ့ မှိုင်းတိုက်ပြီး
ပြည်သူတွေကို သွေးခွဲလှုံ့ဆော်တရားဟောတာတွေ၊ စာအုပ် တရားခွေ စီဒ်ီခွေဖြန့်တာတွေက ရှိသေးတယ်။

ပြည်သူတွေကို မိမိဆင်ခြင်တုံတရား၊ မိမိကိုယ်ပိုင်သုံးသပ်နိုင် စွမ်းအားတွေ လျော့ကျအောင် ၀ါဒမှိုင်းတွေ မတိုက်သင့်ဖူး။ သူတို့က ၇၈၆ မို့လို့ ဒို့ကလည်း ၉၆၉ ဆိုပြီး ဂိုဏ်းဂဏဖွဲ့တာဟာ ပြဿနာရဲ့ အဖြေမဟုတ်၊ ပဋိပက္ခရဲ့နိဒါန်းသာဖြစ်တယ်။

အာဏာရှင် စနစ်ကိုလက်ယပ်ခေါ်တဲ့ အကြမ်းဖက် အတွေးအခေါ်မျိုးတွေ လက်ဆင့် မကမ်းသင့်ဖူး။ လူသား တဦးချင်းစီရဲ့ တန်ဖိုးကို သိနားလည်စေတဲ့၊ လူတယောက်ချင်းစီရဲ့ ခံစားမှုကို စာနာပေးနိုင်တဲ့ လူသားစိတ်ပီသတဲ့ စိတ်ဓာတ်မျိုးတွေ မရှိသမျှ ကျနော်တို့ လူ့အဖွဲ့အစည်းက ငြိမ်းချမ်းမှာ မဟုတ်ဖူး။ မွေးရာပါ လူသားအခွင့်အရေးကို ပိတ်ပင်ထားရင် တနေ့ပြဿနာပေါ်တာပဲ။

ဒီကနေ့ မိထ္တီလာ အဓိကရုဏ်း ကနေ ထပ်မံပြီး အညှိုးတွေ ဒေါသတွေ အတုန့်အလှယ်တွေ ထပ်ယူမှာကို ပြည်သူတွေက စိုးရိမ်နေကြတယ်။
ပြည်သူတွေဟာ ဒီလို အဓိကရုဏ်းတွေ ပေါ်တိုင်း ဆောက်တည်ရာမဲ့ ဘ၀တွေနဲ့ အသစ်က ပြန်စနေရတယ်။ ကျနော်တို့နိုင်ငံမှာ ဗမာမူစလင်လည်းရှိတယ်၊ ဗမာခရစ်ယာန်တွေလည်းရှိတယ်။ ငယ်ငယ်တုံးက ရပ်ကွက်ထဲက မူစလင်အိမ်မှာ စမိုင်အစ်လုပ်ရင် စမိုင်သွားစားတယ်၊ အမဲသားအစ်လုပ်ရင် အမဲသားဟင်းတွေ လာပို့တာ အ၀စားခဲ့ဖူးပါတယ်။ ကျနော်တို့ အိမ်မှာ ၀ါကျွတ်ပွဲ၊ သင်္ကြန်နှစ်ကူးပွဲ နဲ့ ဘာသာရေးပွဲတွေလုပ်ရင် အိမ်ဘေးက ဟိန္ဒူဘာသာဝင်အိမ်တွေရော မူစလင်အိမ်တွေကိုရော အမေက မုန့်သွားပို့ခိုင်းလေ့ရှိတယ်။
မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ရန်လိုစိတ်ကင်းပြီး ဘာသာခြား လူမျိုးခြားပေမဲ့ ချစ်ချစ်ခင်ခင်နဲ့ အင်မတန်မှ ငြိမ်းချမ်းစွာ အတူနေတတ်တဲ့ ဓလေ့စရိုက်တွေရှိပါတယ်။ အဲဒါ ဇစ်မြစ်အမှန်ပါ။

မြန်မာ ဗုဒ္ဓဘာသာတွေဆိုတာ ဘာသာ လူမျိုးမခွဲ အဆင့်အတန်း မခွဲဘူး။ ပြည်သူတွေက နားလည်တယ်။ ပြည်သူတွေက ယဉ်ကျေးချင် သလောက် အာဏာရှင် နိုင်ငံရေးခေါင်းဆောင်တွေက မိုက်ရိုင်းတယ်။ အဆင့်အတန်းခွဲတယ်။ ဘယ်နိုင်ငံက နိုင်ငံသားမှတ်ပုံတင် တွေမှ ဘယ် ဘာသာ ကိုးကွယ်တယ်ဆိုပြီး မရေးထားဖူး။ ကိုးကွယ်သည့်ဘာသာကို မှတ်ပုံတင်မှာဖော်ပြတာ အဓိပ္ပါယ်မရှိဖူး။ ကိုယ့်ဖာသာ ဘယ်ဘာသာ ကိုးကွယ်ကိုးကွယ် ဘာမှခွဲခြားဆက်ဆံစရာမလိုဖူး။ အဲလိုခွဲခြားစိတ်ဟာ လူစဉ်မမှီတဲ့ ခတ်ညံ့ညံ့ စိတ်ဓာတ်ဖြစ်တယ်။

အဲလိုခွဲခြားစိတ်ရှိရင် ဘုရားလောင်း သိဒ္ဓထလည်း တောထွက်ဖြစ်မှာ မဟုတ်သလို ဗုဒ္ဓ အဖြစ်လည်း သဗ္ဘေညုတရွှေဥာဏ်တော် မရဘူး။
ပြီးတော့ဂေါတမဟာ အိန္ဒိယက ဇာတ်ခွဲခြားတဲ့စနစ်ကို အဦးဆုံးတော်လှန်အောင်မြင်သူ ဖြစ်မလာဖူး။ ကျနော်တို့ လူမျိုးဟာ တလွဲဆံပင်ကောင်း လူမျိုးတွေ မဟုတ်ဘူးဆိုတာ ဒီခေတ်မှာ သက်သေပြရတော့မယ်။

ဒီကနေ့ ဒီမိုကရေစီခေတ်ဆိုတာနဲ့ တချိန်က ဒီမိုကရေစီ
အော်သူတွေကို ထောင်ချနှိပ်စက်ခဲ့သူတွေက ကမန်းကတန်း ဒီမိုကရေစီ အရေခွံကြီး ဆွဲခြုံလိုက်တယ်။ ပြီးတော့ ဒီမိုကရေ အနှစ်သာရတွေကို ချေဖျက်ဖို့ ကြိုးစားနေတယ်။ ကိုယ့်လူမျိုး ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လုပ်နေကြတယ်။ အဲဒီအာဏာရှင်တွေကပဲ တိုင်းပြည်ရဲ့ အာဏာ စီးပွားအရင်းအမြစ်တွေ ချုပ်ကိုင်ပြီး ပြည်သူကို တခါလည်ပင်းညှစ်နေပြန်ပြီ။ ရန်တိုက်ပေးနေပြန်ပြီ။ ကျနော်တို့ ပြည်သူတွေ အမြင်ကျယ်ဖို့ လိုပါတယ်။

ပြည်သူတွေအမြင်ကျယ်ဖို့ဆိုတာကလည်း ထူးထူးထွေထွေ အားထုတ်နေစရာ မလိုပါဖူး။ ဗုဒ္ဓ ရဲ့ တရားစစ်တရားမှန်အတိုင်း ကျင့်ကြံအားထုတ် နေထိုင်ပြရုံပါပဲ။ ကိုယ့်တရားနဲ့ကိုယ်နေရုံပါပဲ။ သူများဘာသာ တပါးလူမျိုးကို အထင်သေးစရာလည်းမလိုဖူး၊ တိုက်ခိုက်စရာလည်း မလိုဖူး။ ဗုဒ္ဓဟာ ဆင်ခြင်တုံတရားနဲ့ ကျင့်ကြံအားထုတ်မှုကို လမ်းညွှန်ခဲ့တယ်။ ကျင့်ဝတ်သီလကို ထိမ်းဖို့ဟောကြားခဲ့တယ်။ ဒါဆိုလောကပါလတရားနဲ့ ပြည်စုံနေပါပြီ။ ဒီမိုကရေစီဆိုတာ ၈၈ တုံးက ကိုမင်းနောင်တို့ ဒေါ်မာမာအေးတို့ ဆိုပြခဲ့တဲ့ “ခွတ်ဒေါင်းနဲ့ အတူတိုက် “ သီချင်းလေးအတိုင်း “သူမကြိုက်တာ ကိုယ်မလုပ်၊ ကိုယ်မကြိုက်တာ သူမလုပ် ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်ကြရမည်” ဆိုတာလို ကိုယ့် အကြိုက်ဟာ သူများကို မထိခိုက်သင့်ဘူး။

ဒီမိုကရေစီခရီးမှာ ဆူးညှောင့်ခလုတ်တွေ အများကြီးနဲ့ပါ။ တချိန်က အာဏာရှင် ယန္တရားကြီး လည်ပတ်ခဲ့သူတွေဟာ အစွဲမကျွတ်သေးဘူး။
ပြည်သူတွေကို ဆေးခါးကြီးတွေ တိုက်နေတုံး။ ဘာသာရေးမှိုင်း၊ လူမျိုးရေး မှိုင်းတွေတိုက်နေတုံး။ အဲဒီမှိုင်းတွေဟာ အပေါစား အညံ့စား စည်းရုံးရေးပါ။ သိပ်လွယ်ပြီး အဆင့်နိမ့်ပါတယ်။ ဒီကနေ့ ခေတ်သစ်ကို လှမ်းမဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ ဘာသာရေးအဖွဲ့အစည်းတွေ မီဒီယာတွေ ဟာ တိုင်းပြည် ညင်ညင်သာသာ အသွင်ကူးစေဖို့ ပိုပြီးတာဝန်ကြီး ပါတယ်။ ဒီအချိန် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပြန်လည် သင့်မြတ်ရေးကို လုပ်ဖို့လိုမယ်ထင်ပါတယ်။

ကျနော်တို့ ယုံကြည်မှုတွေပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ တဖက်မှာလည်း ရန်သူမိတ်ဆွေ ခွဲခြားသိဖို့ လိုပါတယ်။ အမြင်ကျယ်ဖို့ အမြင်ကြည်ဖို့ လိုပါတယ်။ မျက်မှန်အမဲကြီးတပ်ပြီး ဟိုကြည့်ဒီကြည့် မလုပ်ကြပါနဲ့။ သေချာမြင်ရမှာလည်း မဟုတ်ပါဖူး။

ပြည်သူတွေ အန္တရယ်များပါတယ်။
တိုင်းပြည်လည်းနာတယ်။
ခေတ်သစ်ကိုသွားချင်ရင် ခေတ်ဟောင်းက အတွေးဟောင်းတွေ
လျှော်ဖွတ်လိုက်ပါ။
အမြင်မကြည်တဲ့ မျက်မှန်မဲကြီး ဖြုတ်လိုက်ပါ။

ကိုညို( အော်စလို)

1 comment:

ကိုဝိုင်း (မိုးညှင်း) said...

ကိုညိုပြောချင်တာတွေ တမန်တော်မိုဟာမက်ကြီးသဘောပေါက်ရင်သိတ်ကောင်းမှာပဲလို့ တွေးမိကြောင်းပါခင်ဗျား။