ရေးသားသူ — စိုးမိုးသူ
ကိုရီးယားက ၂၀၁၃ မြန်မာသင်္ကြန်ပွဲကြီးကတော့ ကျင်းပ ပြီးစီးသွားပါပြီ။
ကိုရီးယားဆောင်းရာသီရဲ့ လက်ကျန် လေအေး
အောက်မှာ ချမ်းတာကို ဘေးဖယ်ကာ ပြည်တွင်း
မြန်မာ့သင်္ကြန်ပွဲ အလား ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့တာ ကို တွေ့ရပါတယ်။
ကိုရီးယားရောက် မြန်မာအလုပ်သမားများအနေနဲ့ တိုင်းတပါးရောက်နေပေမယ့်လည်း မြန်မာသင်္ကြန်ရဲ့ အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားရနိုင်ဖို့ အားစိုက်ဦးစီးကျင်းပပေးတဲ့ မြန်မာအသင်းနဲ့ ပူပေါင်းကြတဲ့ အဖွဲ့အစည်း အသီးသီးရဲ့ စေတနာက ချီးကျူး ဂုဏ်ယူစရာ ကောင်းလှပါတယ်။
စည်ကားလွန်းတဲ့ သင်္ကြန်ပွဲဖြစ်တာကြောင့် အားပါးတရ ပျော်ရွှင်နေကြသူ မြန်မာတွေရဲ့ အပျော်ဓာတ်က ပွဲကျင်းပရာ နေရာကို အပမ်းဖြေ လာရောက် လည်ပတ်ကြသူ ကိုရီးယားပြည်သူအပေါင်းဆီ ကူးစက် သွားတာကိုလည်း တွေ့ရပါတယ်။
ဒီနေရာဟာ ကိုရီးယားနိုင်ငံဖြစ်နေပေမယ့် ဒီနေ့ တနေ့ ကိုတော့ မြန်မာပြည်လို သဘောထားပြီး အားပါးတရ ပျော်ရွှင်စွာ ဆင်နွှဲကြပါ
လို့ ပွဲလာသူ မြန်မာများ ပျော်ရမှာ အားနာနေ မှာစိုးလို့ အလိုက်တသိ ရက်ရက်ရောရော ခွင့်ပေးခဲ့ ပါတယ်။
သူပြောတဲ့ မြန်မာပြည်လို သဘောထားပြီး အားပါးတရ ပျော်ရွှင်စွာ ဆင်နွှဲကြပါဆိုတဲ့ စကားကို ကြားလိုက်
ရတော့ ခေါင်းနဲနဲတော့ ကြိမ်းသလို ခံစားရပါတယ်။
ဒီစကားရဲ့နောက်မှာ ဒီနေ့ပွဲအတွင်း ဖြစ်ပျက်သမျှ အရာအားလုံးဟာ မြန်မာပြည်လို သဘော ထားပြီး ပြုလုပ်မှုတွေရဲ့ ရလာဒ်ပါပဲလို့ သဘောပေါက်လိုက်ရလို့ပါ။
ကဲ သင်္ကြန်ပွဲကတော့ စ ပါပြီ။
မရိုးနိုင်တဲ့ သင်္ကြန်အကတွေ၊ ခေတ်ပေါ်တေးတွေ၊ အတူပူးပေါင်းဖျော်ဖြေပေးကြတဲ့ ကိုရီးယားလူငယ်တွေရဲ့
ဖျော်ဖြေမှုအောက်မှာ ကျနော်တို့ မြန်မာတွေကလည်း ဟန်ချက်ညီညီ အားပါးတရ အားပေးကြပါတယ်။
ပျော်လွန်းလို့ အနည်းငယ် အိုဗာဖြစ်ကြတဲ့သူတွေ ရှိပေမယ့်လည်း ရုပ်ပျက်ဆင်းပျက်ကြီးတော့ မဖြစ်ကြ တာတွေ့ရလို့ စိတ်ချမ်းသာရပါတယ်။
ပွဲစလို့မှ သိပ်မကြာသေးပါဘူး။ အမှိုက်တွေက နေရာအနှံ့ပျံ့ကြဲနေလို့ မနေနိုင်သူ ညီအကိုတစုက အမှိုက် အိတ် ဆွဲပြီး အမှိုက်လိုက်ကောက်နေတာ တွေ့ရပါတယ်။ ကုသိုလ်လည်းရ တိုင်းပြည် သိက္ခာလည်း မကျ ရအောင် အသိတရားရှိရှိနဲ့ တာဝန်ယူတတ်သူ ညီအကိုတစုကို ဓာတ်ပုံ မှတ်တမ်းတင်ထား လိုက်ပါတယ်။
စတုဒိသာမဏ္ဍပ်တခုရဲ့နောက်မှာတော့ စားကျွင်းစားကျန်တွေနဲ့ သုံးပြီးသား ပန်းကန်တွေကို တောင်လိုပုံ
ထားတာ တွေ့ရလို့ ဘယ်လိုဖြစ်တာလဲ မေးကြည့်တော့ အမှိုက်အိတ်မရှိလို့ဆိုပြီး တယောက်က ဖြစ်သလို စပုံတော့နောက်လူတွေကပါ အဲဒီနေရာမှာ လိုက်ပုံကြရင်း အခုလိုဖြစ်ရတာပါလို့ မဏ္ဍပ်တာဝန်ယူသူက စိတ်ပျက်စွာ ဖြေပါတယ်။ ဒါနဲ့ ပူချွန်းမြို့တော် အမှိုက်သိမ်းတာဝန်ခံ ၀န်ထမ်းတွေကို အပြေးသွားခေါ် အမှိုက် အိတ်၊ စားကျွင်းစားကျန် လွှင့်ပစ်တဲ့ အိတ်တွေ အမြန်ယူလာပြီး အမှိုက်ပုံ တောင်ကြီးကို ဖျိုချလိုက် ရပါတယ်။
ပွဲက အရှိန်လေးတော်တော်ရလာတော့ ယိမ်းကသူ ညီမတွေနဲ့ အတူ မြန်မာအသင်းရံပုံငွေ လိုက်
ကောက်ဖို့ နောက်က တကောက်ကောက် ပါသွားရပါတယ်။
အားလုံး သိကြတဲ့အတိုင်း ကျနော်တို့ မြန်မာ လူမျိုးတွေရဲ့ စေတနာ သဒ္ဓါတရားကတော့ သံသယဖြစ်စရာ မလိုပါဘူး၊ အားလုံး တက်တက်ကြွကြွ ၀ိုင်းလှူလိုက်ကြတာ အင်မတန် ကြည်နူးစရာ ကောင်းပါတယ်။
တချို့ ညီအကိုတွေဆိုရင် လှူလည်း လှူ မေးလည်း မေးကြပါတယ်။ အကို၊ ဘယ်အဖွဲ့က ဘာအတွက် လာကောက်တာလဲတဲ့။
ကိုရီးယားမှာကအဖွဲ့အစည်းတွေက
လည်း များသလို အဖွဲ့တိုင်းက လူမှုရေးလုပ်ငန်းတွေ တက်တက် ကြွကြွ
လုပ်နေကြတော့ ကျနော်တို့ အလှူလာမခံခင် သူတို့ဆီ ဘယ်နှစ် ဖွဲ့လောက်
အလှူလာကောက်ပြီး သွားပြီလဲတော့မသိ၊ မေးသင့် မေးထိုက်တာကို မေးသူ ညီငယ်ကို
အကိုတို့က သင်္ကြန်ပွဲ ကျင်းပတဲ့ မြန်မာအသင်းကပါ၊ နောင်နှစ်သင်္ကြန်လည်း
အခုလို စည်စည် ကားကား ကျင်းပနိုင်ဖို့ ရံပုံငွေ
ကောက်ရခြင်းဖြစ်ပါတယ်လို့ သေချာ ရှင်းပြပေးခဲ့ပါတယ်။
ကောက်ရခြင်းဖြစ်ပါတယ်လို့ သေချာ ရှင်းပြပေးခဲ့ပါတယ်။
ပွဲပြီးချိန်က တဖြည်းဖြည်း နီးကပ်လာလို့ တချို့ပြန်ကြသလို တချို့လည်း ကောင်းကောင်း မူးနေကြပါပြီ။
မူးလွန်းလို့လား မသိ ကျေးဇူးရှင် အရက်ပုလင်းကိုတောင် မြေပေါ်ပေါက်ခွဲ ဗြူးဗြဲလုပ်သူ မြန်မာတယောက် ကိုလည်း ထိမ်းရပါပြီ။ သူက သူ့ကို လာထိမ်းတဲ့ ကျနော့်ကိုတောင် သူ့အသားကို ထိရင် လုံးဝ မခံဘူးလို့ ကြိမ်းလို့ မေတ္တာရှေ့ထား နှစ်သိမ့်လိုက်ရပါတယ်။ အင်း အဲဒီ ထိရင် မခံတတ်တဲ့ စိတ်ဓာတ်ကလေးကို ကိုရီးယားလူမျိုးတွေ ရှေ့မှာ တိုင်းပြည်နဲ့ လူမျိုး သိက္ခာကို ထိစေမယ့် ဘယ်လုပ်ရပ်ကိုမှ ငါ မခံဘူး လို့ ပြောင်းပြီး ကြိမ်းဝါးလိုက်ရင် ဘယ်လောက်တောင် နားဝင်ချိုလိုက်မလဲလို့ နှမြောစွာ တွေးမိ လိုက်ပါ တယ်။
မြန်မာစင်တာက စီစဉ်တဲ့ ဦးရွှေရိုးအရုပ်ကြီး |
အဲ သိပ်မကြာပါ။ နောက်တယောက် လာပြန်ပါပြီ။
အရက်အမူးလွန်ပြီး အပေါ်ဝတ်ကိုချွတ် မရှိမဲ့ ရှိမဲ့ ဗလကိုပြပြီး ဟိုကန် ဒီကန် ဘေးကလူလဲ ဆွဲမနိုင်
လောက်အောင်ကို လူပုံအလယ်မှာ ဖြစ်ပျက်ပြနေပြန်ပါတယ်။ သူက မိုက်ကန်းကန်း အကြည့်နဲ့ ဘေးက လူတွေကို ပတ်ပြီး ဘုကြည့်ကြည့်နေလို့ တပါးသူကို ပြဿနာရှာရင် ရဲခေါ်ဖို့ စီစဉ်ထားလိုက်ပါတယ်။
သူ့လူတွေကပဲ အထိမ်းကောင်းလို့လား၊ အမူးလွန်ပြီး အားပြတ်သွားလို့လား မသိ ခဏအကြာမှာ မြင်ကွင်း က ပျောက်သွားပါတယ်။
ကိုယ်တော်ချောက မြင်ကွင်းကပျောက်သွားလို့မှ သိပ်မကြာ မလှမ်းမကမ်းက ထိုင်ခုံတန်းရှည်ပေါ်မှာ အသက် ၁၄၊ ၁၅လောက်ရှိမယ့် ကိုရီးယားမိန်းကလေး၃ယောက်ကို အရက်တွေ မူးပြီး တထွေထွေဖြစ်နေ တဲ့ မြန်မာ၅ယောက်လောက်က သင်္ကြန်ချိန်ခါကို အသုံးချပြီး ကလေးမလေးတွေကို ခေါင်းကနေ ရေကို ရွှဲနေအောင်လောင်း၊ အတင်း ပုခုံးဖက် ဓာတ်ပုံတွဲရိုက်၊ အသားချင်းထိကပ်ပြီး ကလေးမလေးရဲ့ နားကို ပါးစပ်နဲ့ အတင်းကပ်ပြီး တီးတိုးပြော၊ လက်တဘက်ကလည်း ဘောင်းဘီတိုဝတ်ထားတဲ့ ကလေးမလေး ရဲ့ ပေါင်ကို ပွတ်နေတာတွေ့ရပါတယ်။ ကလေးမလေးတွေကတော့ ကြောက်ကြောက်နဲ့ ငြိမ်နေတာတွေ့ရ ပါတယ်။
သူတို့ကိုတွေ့တော့ ကိုရီးယား အစိုးရက မကြာသေးမီက ထပ်ပြီး ပြင်းအားမြင့်လိုက်တဲ့ ကာမဆိုင်
ရာ စော်ကားမှု ဥပဒေပြစ်ဒဏ်တွေကို သတိရမိပါတယ်။ ကိုရီးယားမှာ မိန်းကလေးတွေကို အထူး အကာအ ကွယ်ပေးဖို့ အတွက် ကာမဆိုင်ရာ ဥပဒေကို ပြင်းပြင်းထန်ထန် ပြဌာန်းထားပါတယ်။ မိန်းကလေးတယောက်ကို စကားနဲ့ပဲဖြစ်ဖြစ် ကိုယ်ခန္ဓာ အစိတ်အပိုင်းကို ထိကိုင်တာပဲဖြစ်ဖြစ် မကျေနပ် လို့ ရဲတိုင်ခံရရင် ပြစ်ဒဏ်က အနဲဆုံး ဒဏ်ငွေ သိန်း၃၀နဲ့ ထောင်ဒဏ်၆လဖြစ်ပါတယ်။
ကိုရီးယားမှာ ပြစ်ဒဏ် သိန်း၂၀နဲ့ အထက် သို့မဟုတ် ထောင်ဒဏ်ကျခံရသူ နိုင်ငံခြားသားဟာ ကိုရီးယား
နိုင်ငံက ပြည်နှင်ဒဏ်ပါ တပါတည်း ခံရပါတယ်။ ဘာမဟုတ်တဲ့ တဒင်္ဂ သာယာမှုကြောင့် အီးပီအက်စ်နဲ့ အလုပ် လာလုပ်နိုင်ဖို့ ကြိုးစားခဲ့သမျှ အရာတွေ သဲထဲ ရေသွန်ဖြစ်သွားမှာကို သတိချပ်စေချင်ပါတယ်။ မိန်းကလေးဘက်က မကျေနပ်လို့ တိုင်ရင် လိမ်ပြီးတိုင်တာတောင် ၉၉ရာခိုင်နှုန်း မိန်းကလေးကို အနိုင်ပေးနေတဲ့ လက်ရှိ ကိုရီးယားနိုင်ငံရဲ့ ဥပဒေကို ကောင်းကောင်းသိထားသင့်၊ သတိထားသင့်ပါတယ်။
သင်္ကြန်ပွဲကတော့ ပြီးသွားပါပြီ။
အမှတ်တရတွေ၊ ပျော်ရွှင်မှုတွေ ကျန်ခဲ့သလို မြန်မာတချို့ရဲ့ သိက္ခာမဲ့ အဆင့်အတန်းမရှိ လုပ်ရပ်တွေ ကလည်း ထုံးစံအတိုင်း ကျန်ခဲ့ပါတယ်။
မြန်မာများ ချန်ထားခဲ့တဲ့ အမှိုက်များ |
သင်္ကြန်ပွဲကို တာဝန်ယူသူ ညီတယောက်က သူ့ ဖေ့စ်ဘွတ်မှာ ကိုရီးယားသင်္ကြန်
အမှတ်တရ ဖြတ်သန်းမှု ဆိုပြီး ဒီလို သုံးသပ်ပါတယ်။
ကျနော်တို့  မြန်မာလူမျိုးတွေ စည်းကမ်းရှိကြဖို့ 
ပြုပြင်စရာတွေ အများကြီး ရှိပါတယ်။
ပွဲလမ်းသဘင် လူ စည်စည်စုစု
ရှိလာရင် အရက်ကို လူမှန်းမသိအောင် အတိုင်းဆ မရှိ သောက်မယ်၊ မူးရင်
ရမ်းပြီး ရန်ဖြစ်မယ်။
ကိုယ့်လူမျိုး
သိက္ခာ ဆိုတာ သတိမရှိ လုပ်ချင်သလို လုပ်မယ် စည်းကမ်းမဲ့စွာ
အမှိုက်ပစ်မယ်
ဒီနေ့  ကိုရီးယားရောက် မြန်မာများရဲ့ သင်္ကြန်ပွဲ အပြီး
လူ အင်အား (20) ကျော်ရှိတာတောင်မှ ပစ်ချင်သလို ပစ်ထားခဲ့တဲ့ 
အမှိုက်တွေကို နှစ်နာရီလောက် ရှင်းတာတောင် မပြောင်ဘူး။
လူမျိုးခြား
တိုင်းပြည်ရောက်နေတာတောင် ကောင်းတဲ့ အပြုအမူတွေ အလေ့ထတွေ အတုယူ
လေ့ ကျင့်မွေးမြူပြီး ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ ဂုဏ်သိက္ခာကို
မထိန်းနိုင်သေးတဲ့ ဒီလိုလူ အများစုကြီးနဲ့  ကျနော်တို့ 
အနာဂတ်နိုင်ငံတော်ကို တိုးတက်လာအောင် လုပ်ဆောင်နိုင်ပ့ါမလားဗျာ။
တွေးရင်း ရင်လေးလာမိတယ်။ အားလုံး ကိုယ့်ကိုယ်ကို အစ ပြုပြင်ရဲတဲ့
သတ္တိတွေ အများကြီး လိုအပ်ပါတယ်။
ဒီနေ့ ဖျော်ဖြေပွဲမှာ ညီငယ်တယောက်က ငါတို့မြန်မာကွဆိုတဲ့ စာသား အထပ်ထပ်ပါတဲ့ ဇာတိမာန် တက်
ကြွဖွယ် သီချင်းကို အားပါးတရ သီဆိုဖျော်ဖြေခဲ့ပါတယ်။ စင်အောက်က မြန်မာတွေကလည်း ဇာတိမာန်
တက်တဲ့ မျက်လုံးတွေနဲ့ သူ့ရဲ့ သီချင်းကို အားပါးတရ အားပေးခဲ့ပါတယ်။ ကြားရသူ ကျနော်ကိုယ်တိုင် လည်း စာသားကြောင့် ဇာတိမာန် တက်ခဲ့ရပါတယ်။
ဒါပေမယ့် ကျနော်တို့ရဲ့ ငါတို့မြန်မာကွဆိုတဲ့ အသံဟာ ခုထိ သီချင်းတွေထဲ၊ ဆောင်ပုဒ်တွေထဲ၊ ပါးစပ်တွေ
ထဲမှာပဲ အရောင်တောက်နေဆဲပါ။ ကိုယ့်ပါးစပ်က ထွက်တဲ့ စကားကို ဘယ်လို လေးလေးနက်နက် တန်ဘိုး
ထားပြီး ဘယ်လို လိုက်နာ ကျင့်သုံးပြရမလဲဆိုတဲ့ အပေါ်မှာတော့ အလွန် အားနည်းနေတာကို တွေ့ရပါ
တယ်။
အားမနာတမ်းပြောရရင်တော့ ကျနော်တို့တွေ ကြုံးဝါးနေတဲ့ မစားရ ၀ခမန်း ပြောပြောနေကြ တဲ့ အဲဒီ မြန်မာကွဆိုတဲ့ ကြွေးကြော်သံဟာ လေပေါ၊ ငအာကြီး အဆင့်မှာပဲရှိပါသေးတယ်။ တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာကို တိုင်းတပါးသားတွေရှေ့မှာ အပြောမဟုတ် လက်တွေ့ လုပ်ပြရမယ့် အခုလို နေရာမျိုး အချိန်မျိုး အခွင့်မျိုးမှာတောင် အာတဲ့ အဆင့်မှာပဲ ရှိနေတုန်း ဆိုရင်တော့ ကျနော်တို့ နိုင်ငံက ယနေ့ ဦးစွာဖြေရှင်းရမယ့် အဓိကပြဿနာတွေထဲမှာ ကျနော်တို့ရဲ့ အဆင့်အတန်း မဲ့ စိတ်ဓာတ်တွေကိုပါ အတူ ထည့်သွင်းပြီး တပြိုင်နက်တည်း ပြင်ကြရမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
သင်္ကြန်ပွဲအတွက် အဘက်ဘက်က တာဝန်ကျေပြွှန်ကြသူ အသင်းအဖွဲ့များနဲ့ တသီးပုဂ္ဂလများအား အထူး
လေးစားဂုဏ်ယူလျှက်
စိုးမိုးသူ
1 comment:
ဒီလိုဖြစ်ကြမယ်ဆိုတာသိလို့သွားတောင်မသွားခဲ့ဘူး။
Post a Comment