Sunday, January 5, 2014

Let’s Study English by Singing Songs



သီချင်းလေးတွေ ဆိုငြီးရင်း အင်္ဂလိပ်စာ လေ့လာကြရအောင်
အမှတ်စဉ် (၃)

အခုတစ်ခေါက်တော့ အော်စီက ရော့(ခ်)အပျော့စားအဖွဲ့( A Soft Rock Band)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီအဖွဲ့လည်း မြန်မာပြည်ကို လာဖျော်ဖြေသွားသေးတယ်။ ၁၉၇၅ ခုနှစ်က ဒီအဖွဲ့ကို ကိုယ်တိုင်တေးရေးတေးဆို ဂစ်တာသမား Graham Russell နဲ့ အဓိကအဆိုတော် Russell Hitchcock တို့က စတင်တည်ထောင်ခဲ့တဲ့ အတွဲညီတဲ့သူတွေ soft rock duo(နှစ်ယောက်တွဲ) ဖြစ်ပါတယ်။ တစ်ဦးချင်းကော စုံတွဲသီချင်းတွေပါ ဆိုကြတယ်။ အခု မိန်းကလေးသံနဲ့ ပိုင်ပိုင်နိုင်နိုင်ဆိုတတ်တဲ့ Russsell Hitchcock ရဲ့သီချင်းကို မြည်းစမ်းကြည့်ကြရအောင်။

Lonely Is The Night

Really thought that I could live without you
မင်းမရှိလည်း ကိုယ်နေနိုင်တယ်လို့ တကယ်ထင်မိခဲ့တယ်။
Really thought that I could make it on my own
ကိုယ့်ဖာသာ ရှင်သန်နေနိုင်တယ်လို့ တကယ်ထင်မိခဲ့တယ်။
Sent you away yeah, I said “I didn’t need you”
“ငါနင့်ကို မလိုအပ်တော့ဘူး” လို့ ပြောပြီး နှင်ထုတ်ခဲ့မိတယ်။
I let you go I let you go I let you go
မင်းကို မတားမိခဲ့ဘူး။
Now I’m so lost without you
အခုတော့ ကိုယ်လေ မင်းမရှိလို့ မဖြစ်တော့ဘူး။
Now you’re not here and now I know
အခု မင်းမရှိတော့ ကိုယ်သိလိုက်ပါပြီ။
(Lonely is the night when I’m not with you lonely is the night
မင်းမရှိတော့ ညကအထီးကျန်လိုက်တာ။
Ain’t no/there’s no light shining through
(ကိုယ့်ဘ၀ရဲ့)အလင်းရောင်လေး မရှိတော့ဘူး။
Till you’re in my arms till you’re here by my side Lonely am I)
မင်း ကိုယ့်ရင်ခွင်ထဲ ရောက်တဲ့အထိ မင်း ကိုယ့်နဘေးမှာ ရှိတဲ့အထိ ကိုယ်အထီးကျန်နေရပြီ။
Never thought that I That I would need you
မင်းကို ကိုယ်လိုအပ်လိမ့်အုံးမယ်လို့ မထင်ခဲ့မိဘူး။
Never thought I That I’d be missing you
မင်းကို ကိုယ်လွမ်းနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။
Gotta get you back I’ve just got to find a way now
မင်း ပြန်လာမှဖြစ်မှာ။ ဒီအတွက် ကိုယ်နည်းလမ်းရှာမှ ဖြစ်တော့မယ်။
To let you know to let you know to let you know
မင်း သိစေဖို့
That I’m so lost without you and now this world just ain’t right (……there’s no light shining……. )
အခုတော့ ကိုယ်လေ မင်းမရှိလို့ မဖြစ်တော့ဘူး။ အခုတော့ လောကကြီးတစ်ခုလုံး ကမောက်ကမနဲ့ပါလား။
I can make it through the day I can fake it OK
ဟန်မပျက် နေနိုင်လိမ့်မယ်၊ အေးအေးဆေးဆေးပဲဆိုပြီး
I just smile and pretend and I tell myself I’ll be alright but lonely………..
ဟန်ဆောင်ပြုံးပြီး ကိုယ့်ကိုယ်ကို အေးအေးဆေးဆေးပဲလို့ နှစ်သိမ့်နေပေမဲ့……….

ရှင်းလင်းချက်
သီချင်းကို သေသေချာချာ နားထောင်ပါ။ စကားလုံး တစ်လုံးနဲ့တစ်လုံး အသံဆက်ယူသွားတာတွေ(link-up)ကို ဂရုစိုက်နားထောင်ပါ။ အဓိပ္ပါယ်သိရင် အလွတ်ရဖို့ သိပ်မခက်ပါဘူး။ စာရေးသူ ဘာသာပြန်ပေးတဲ့ နေရာမှာပဲ လမ်းမဆုံးပါစေနဲ့။ စာကြောင်းတစ်ကြောင်းကို နည်းလမ်းတကျ နားလည်လာတဲ့အခါ ကိုယ်ပိုင်ဥာဏ်နဲ့ကွန့်မြူးပြီး ဒီထက်ပိုကောင်းတဲ့ စကားလုံးတွေနဲ့ ဘာသာပြန်တတ်အောင် ကြိုးစားရမယ်ဆိုတဲ့စိတ်ကို ပြဌာန်းထားပါ။ နေရာတကာ ဆရာကိုအားကိုးတဲ့စိတ်ကို ဖျောက်ပါ။ တကယ်တတ်ချင်ရင် ကိုယ်တိုင်လေ့လာ(self-study)ပါ။ အင်္ဂလိပ်စာ တတ်ချင်တဲ့လူ တော်တော်များများက သဒ္ဒါစာအုပ်၊ အီဒီယမ်(idiom) လေ့လာတာနဲ့ပဲလမ်းဆုံးနေကြတယ်။ အင်္ဂလိပ်စာအုပ်တွေကို ဖတ်ဖို့တော့ စိတ်မကူးပုံမရကြဘူး။ အင်္ဂလိပ်စာသင်တဲ့ ဆရာတွေဆိုလည်း အများအားဖြင့်တော့ သူတို့သင်တဲ့ပြဌာန်းစာအုပ်ကိုတော့ ပိုင်ပိုင်နိုင်နိုင်သင်နိုင်ကြပေမဲ့ ကိုယ်တိုင် အင်္ဂလိပ်စာအုပ်တွေကို မဖတ်ကြတော့ တပည့်တွေကိုလည်း အင်္ဂလိပ်စာတတ်အောင် လမ်းမညွှန်နိုင်ကြတော့ တက်လူငယ်တွေလည်း အဲဒီနေရာမှာပဲ လမ်းဆုံးနေကြရရှာတယ်။ ဘယ်အကိစ္စ၊ ဘယ်အခြေအနေမှာမဆို (တရားအားထုတ်တာအဆုံး) ရောက်နေတဲ့နေရာလေးမှာပဲ သာယာကြေနပ်နေရင် ရှေ့မတက်နိုင်တော့ဘူး။ နားရည်ဝချင်ရင် များများနားထောင်၊ ပြောတတ်ချင်ရင် များများပြော၊ ရေးတတ်ချင်ရင် များများရေးပေါ့။ နားထောင်စမရှိရင် အစမှာတော့ သိပ်အရသာတွေ့မှာမဟုတ်ဘူး။ သီချင်းတွေကို စနစ်တကျလေ့လာ၊ လိုက်ဆိုရင်း အလွတ်ရလာပြီ ဒါမှမဟုတ် စကားလုံးတွေကို လိုက်ဖမ်းမိလာရင် နောက်ဆိုကိုယ်မသိတဲ့ သီချင်းတစ်ပုဒ်နားထောင်ရင် ဒီစကားလုံးပြီးရင် နောက်လာမဲ့ စကားလုံးကိုတောင် ခန့်မှန်းနိုင်လာပါလိမ့်မယ်။ နောက်မှ အလျဉ်းသင့်သလို ပြောသွားပါ့မယ်။

ဒီအဖွဲ့ရဲ့ သီချင်းတချို့ကို တွဲဖက်လေ့လာနိုင်အောင် ဖေါ်ပြပေးလိုက်ပါတယ်။ Every woman in the world; All out of love; Making love out of nothing at all; Even the nights are better; Just as a man; One more chance; Two less lonely people in the world; Goodbye; Without you; Young love (Visit at http://www.youtube.com/results?search_query=air+supply.)

Lonely is the night. Lonely am I. ဆိုတာတွေက အလေးအနက်ထား ပြောတဲ့အခါသုံးတဲ့ ပုံစံတွေပေါ့။ The night is lonely. I am lonely.ပါပဲ။ ကြော်ငြာတစ်ခုမှာဆိုရင် Impossible is nothing.လို့ရေးထားတာ မှတ်မိတယ်။ မဖြစ်နိုင်တာ ဘာမှမရှိဘူး။ Permanent is nothing. ဘာမှ မမြဲဘူး။ I can make it on my own. ငါ့ဖာသာ ဖြေရှင်းနိုင်တယ်။ make it ဆိုတာ သူ့အသုံးပဲ။ ကိုင်တွယ် ဖြေရှင်းနိုင်တယ်ပေါ့။ (on his own; on her own) She did it on her own. အဲဒါကို သူ့ဟာသူ လုပ်တာ။ She lives on her own. ဆိုရင်တော့ သူ တစ်ယောက်တည်း နေတာ။ Let me know when he comes here. သူဒီကိုလာရင် ငါ့ကို ပြောပါ(ငါ သိပါရစေ)။ I’ll let you know about it. မင်းကို အဲဒီအကြောင်း ပြောပြမယ်။ Let me see. ကြည့်ပါရစေ။ ဒီသီချင်းမှာ lost (unable to deal successfully with a particular situation) အခြေအနေ တစ်ခုအောက်မှာ အောင်မြင်အောင် မလုပ်နိုင်တာ။ We would be lost without your help. မင်းအကူအညီမှမရရင် ငါတို့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ We are completely lost. ငါတို့တော့ လုံးလုံးလျားလျား မျက်စိလည်နေပြီ။ We always get lost in London. ငါတို့ လန်ဒန်မှာ အမြဲမျက်စိလည်တယ်။ အဓိပ္ပါယ် မတူတာကို သတိပြုပါ။ He regretted the lost (=wasted) opportunity to apologize to her. တောင်းပန်ဖို့ အခွင့်အရေး လက်လွတ်သွားတာကို နောင်တရသွားတာ။ the lost opportunity(ဆုံးရှုံးသွားတဲ့ အခွင့်အရေး)။ I wish you were in my arms. ကိုယ့်ရင်ခွင်ထဲမှာ မင်းရှိနေရင် ကောင်းမှာ။ Sit by me. ငါ့အနားမှာထိုင်။ by my side ကိုယ့်ဘေးမှာ။

I miss you so much. အရမ်းလွမ်းတယ်။ I missed the 9:30 train. ၉နာရီခွဲရထားကို မမီတော့ဘူး။ Don’t miss your opportunity. အခွင့်အရေးကို လက်လွတ်မခံနဲ့။ The police are looking for the missing child. ပျောက်နေတဲ့ ကလေးကို ရှာနေကြတာ။ အသုံး မတူတာကို သတိပြုပါ။ gotta (=has/have got to) ရမယ်။ I’ve just got to find her. သူ့ကို ရှာတွေ့မှ ဖြစ်မယ်။ When there is a will, there is a way. လိုလျင်ကြံဆ နည်းလမ်းရ။ ain’t (=is not/ are not/has not/have not) မဟုတ်တာ။ မရှိတာ။ ဒီနေရာမှာ fake က pretend ဟန်ဆောင်တာ။ fake leather ဆိုရင် သားရေအတု။ fake ရဲ့ antonym(ဆန့်ကျင်ဘက် စကားလုံး)က genuine ပါ။ genuine(authentic) leather သားရေအစစ်။ Are you alright?(= Are you OK?) အဆင်ပြေတယ် မဟုတ်လား။ shine through (of a quality) to be easy to see or notice အရည်အသွေးကို အလွယ်တကူ မြင်နိုင်၊ သတိပြုနိုင်တာ။ ဒီသီချင်းမှာ through က အစကနေ ဆုံးခန်းတိုင်အောင်လို့ ဆိုလိုတဲ့ ၀ိဘတ်ပေါ့။ The kids are too young to sit through a concert. ကလေးတွေက ငယ်လွန်းတော့ ပွဲပြီးတဲ့အထိ ဘယ်ထိုင်နိုင်မလဲ။ too….to ပုံစံကို သုံးရင် negative sense ပါတာကိုသတိထားပါ။ ကလေးတွေ မထိုင်နိုင်ဘူးလို့ပြောတာ။ အငြင်းအဓိပ္ပါယ်မဖြစ်ချင်ရင် The coffee is so hot. တော်တော်ပူတယ်။ သောက်လို့ ရနိုင်သေးတယ်။ The coffee is too hot for me/him/her to drink. ဒါဆိုရင် မသောက်နိုင်ဘူး ဆိုတဲ့အဓိပ္ပါယ် ဖြစ်သွားပြီ။

လူငယ်တွေ အင်္ဂလိပ်စာအုပ်တွေဖတ်တတ်ဖို့ဆိုရင် အင်္ဂလိပ်လိုရေးထားတာတွေကို တစ်နေ့ကို တစ်နာရီတော့ ဖတ်စေချင်တယ်။ နာရီဝက်ဆိုလည်း မဆိုးပါဘူး။ ပုံမှန်ဖတ်ဖို့ပဲ လိုပါတယ်။ စာအုပ်တွေ လက်လှမ်းမမီရင် အင်္ဂလိပ်သတင်းစာနဲ့ စပါ။ စစချင်း ကိုယ်နဲ့ ရင်းနှီးပြီးသား ပြည်တွင်းသတင်းကို စဖတ်ပါ။ အထက်တန်းအဆင့် ကျောင်းသားတစ်ယောက်ဟာ(ပုံမှန် လေ့လာခဲ့မယ်ဆိုရင်) အဓိပ္ပါယ်ကိုခြုံငုံမိအောင်တော့ ဖတ်နိုင်ပါလိမ့်မယ်။ အစမှာ ကြုံရမဲ့ အခက်အခဲကို မကြောက်ပါနဲ့။ ရဲရဲရင်ဆိုင်လိုက်ပါ။ စာရေးသူ ပြောတဲ့အတိုင်းသာလုပ်မယ်ဆိုရင် အသက် ၂၅၊ ၃၀ တန်းလောက်ရောက်ရင် အင်္ဂလိပ်စာအုပ်တွေကို အေးအေးဆေးဆေး ဖတ်နိုင်လာမှာပါ။ လူငယ်တွေ ကြိုးစားကြစမ်းပါ။ ကုန်သွားရင် ပြန်မရနိုင်တော့တဲ့ လက်ရှိအချိန်ကို အကျိုးရှိအောင် အသုံးချနိုင်ပါစေ။ ဝေဘန် အကြံပြုတာတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ thetnaing1988@gmail.com

Let’s share our knowledge. သက်နိုင် (၀ါးပျံကုန်း)

No comments: