Sunday, January 5, 2014

၂၀၀၈ ဖွဲ့စည်းပုံ အနုလုံ ပဋိလုံ

ဦးပိုင်လား၊ ဓါးပြလား

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း (၁၅)ခန်းအပြင် နောက်ဆက်တွဲအနေနဲ့ ဇယား (၁)ကနေ (၅) အထိ ရှိပါသေးတယ်။ ဒီအထဲက ဇယား(၄)မှာတော့ “ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာဆိုချက်ပုံစံ (ပုဒ်မ ၁၂၅ ကို ရည်ညွှန်းသည်)” ဆိုပြီး အောက်ဖော်ပြပါအတိုင်း ပြဌာန်းထားပါတယ်။

ကျွန်ုပ် …………..သည် ပြည်သူ့လွှတ်တော်/ အမျိုးသားလွှတ်တော်/ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်ဧ။် ဥပဒေများကိုလည်း လိုက်နာပါမည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပါမည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ထို့ပြင် ယခုကျွန်ုပ်ထမ်းဆောင်မည်ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်/ ကျမ်းသစ္စာဆိုပါသည်။ ပုဒ်မ (၁၂၅)ကတော့လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုဖို့ ပြဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့(၇၅)ရာခိုင်နှုန်းသာ(ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မူအရတော့) ပြည်သူ့ကိုယ်စားလှယ်လို့ ခေါ်ရမှာဖြစ်ပါတယ်။ ကာချုပ်က လွှတ်တော်ထဲကို ၀င်ထိုင်ခိုင်းထားတဲ့ စစ်သား(၂၅)ရာခိုင်နှုန်းက ပြည်သူ့ကိုယ်စားလှယ် လုံးဝလုံးဝ မဟုတ်ပါဘူး။ ပိုပြီးတိကျမှန်ကန်တဲ့ စကားလုံးသုံးရရင် ကြံ့ဖွံ့ပါတီကို ထောင်ထားတဲ့ စစ်အုပ်စု၊ လက်ရှိအစိုးရအဖွဲ့တွေမှာရှိနေတဲ့ စစ်အုပ်စု၊ သူတို့ လိုရင်လိုသလို အသုံးချမဲ့ ခါးပိုက်ဆောင်စစ်တပ်ကို ချုပ်ကိုင်ထားတဲ့ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေသာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ် ဆိုတာရယ်၊ တည်ဆဲဥပဒေတွေ လိုက်နာရမယ်ဆိုတာတွေက မူအရသာမှန်ပေမဲ့ ဒီဖွဲ့စည်းပုံကိုယ်နှိုက်က ဒီမိုကရေစီနဲ့ ဖီလာဆန့်ကျင်ပြီး တရားမျှတမှုမရှိတဲ့ ဥပဒေဖြစ်နေတဲ့အတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သင့်တဲ့ ဥပဒေမဟုတ်ပါဘူး။ လက်ရှိတည်ဆဲဥပဒေတွေထဲမှာလည်း သူတို့စစ်အုပ်စုရဲ့ အချုပ်အခြာအာဏာကို ထိပါးလာရင် စကားလုံးခန့်ခန့်ကြီးတွေကိုသုံးပြီး အမှုဆင် တရားစွဲ ထောင်ချလို့ရအောင် ပြဌာန်းထားတဲ့ ဥပဒေတွေရှိနေတုန်းပါ။

အာလုံးသိနေကြတဲ့ တို့တာဝန်အရေးသုံးပါးကိုတော့ ဒီ၂၀၀၈ ဖွဲ့စည်းပုံရဲ့ စ လယ် ဆုံး သုံးပါးလုံးမှာ သေရေးရှင်ရေးတမျှ ဖေါ်ပြထားတာကို လေ့လာကြည့်ရင် တွေ့မှာပါ။ အဲဒီအရေးသုံးပါးက စကားလုံးအရ သိပ်လှပေမဲ့ နောက်ကွယ်ကအဓိပ္ပါယ်ကိုတော့ ဒီဖွဲ့စည်းပုံမှာ ပြဌာန်းထားတာတွေနဲ့ လက်ရှိလွှတ်တော်၊ အစိုးရအဖွဲ့အစည်းအသီးသီကို ကြည့်လိုက်ရင် သိပ်သိသာပါတယ်။

ကျနော်တို့က ဦးပိုင်လို့ဆိုလိုက်ရင် စစ်အုပ်စုကပိုင်တဲ့ စီပွါးရေးဦးပိုင်လီမီတက်လို့သာ သိထားကြတာပါ။ တကယ်တမ်းကျတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီမှာ၊ အစိုးရအဖွဲ့အသီးသီးမှာကိုပါ သူတို့စစ်အုပ်စုက ဦးပိုင်လုပ်ထားတာပါ။ တရားစီရင်ရေးအပိုင်းမှာလည်း အလားတူပါပဲ။ ဒီကနေ့အထိ တရားစီရင်ရေးစနစ်ဟာ စစ်အုပ်စုရဲ့အရှိန်အ၀ါအောက်က မလွတ်လပ်သေးပါဘူး။ ဒါကြောင့် စစ်အုပ်စုက ဦးပိုင်လုပ်ထားတာဟာ စီးပွါးရေးတစ်ခုတည်းမဟုတ်ဘဲ တိုင်းပြည်ရဲ့အမြင့်ဆုံး အချုပ်အခြာအာဏာကိုပါ ဦးပိုင်လုပ်ထားတာပါ။

ဒီဇင်္ဘာလ(၁၇)ရက်နေ့မနက်က မန္တလေးတိုင်း မိတ္ထီလာမြို့က စစ်တပ်ပိုင် အင်းဝဘဏ်ကို အမှတ်(၆၀၀၆) တင့်ကားတပ်ရင်း၊ ကန့်ဘလူက ဗိုလ်ကြီးဝေယံမျိုးကျော်(အသက် ၂၆ နှစ်)က ဓားပြလာတိုက်သွားတာကို အားလုံး သတိထားမိကြမှာပါ။ သူတို့စစ်တပ်က မြို့လယ်ကောင်မှာတောင် လူသတ်၊ ရေရာအနှံ့ဂိတ်စခန်းတွေဖွင့်ပြီး ဆက်ကြေးတွေကောက်၊ မုဒိန်းကျင့်တာတွေကတော့ မှတ်တမ်းမှတ်ရာတွေနဲ့ ပြဖို့ကိုမလိုတဲ့ လူတကာသိ ကိစ္စတွေပဲ။
အခုဓါးပြမှုနဲ့ဆက်စပ်ပြီး တွေးကြည့်လိုက်တော့ စစ်အုပ်စုက ကျနော်တို့တစ်နိုင်ငံလုံးကို နည်းမျိုးစုံနဲ့ ဓါးပြအကြိမ်ကြိမ် တိုက်ခဲ့ပြီးပြီ။ မဆလအရေခြုံ ဗိုလ်နေ၀င်းစစ်အုပ်စုလက်ထက်က သူတို့စိတ်ရှိတိုင်း ရိုက်ထုတ်ထားတဲ့ ငွေတွေကို တရားမ၀င်ငွေ ကြေငြာလိုက်တဲ့ အကြိမ်တိုင်းဟာ ပြည်သူတွေရဲ့ ငယ်ထိပ်ကချွေး အ၀ီစိကျအောင် ရှာဖွေစုဆောင်းထားတဲ့ ပိုက်ဆံတွေကို သူတို့စံအိမ်တွေကနေ ထိုင်ရာမထ ဓါးပြတိုက်လိုက်တာပါ။

န၀တ၊ နအဖ လက်ထက်မှာလည်း ဘုရားတည်၊ ကျောင်းဆောက်၊ ဓမ္မရုံဆောက်၊ ဘုန်းကြီးကျောင်းတွေမှာ ပရိက္ခရာရှစ်ပါးလှူတာတွေဟာ အဲဒီစစ်ခေါင်းဆောင်တွေ မလာမီ ဒါမှမဟုတ် ပြန်သွားတဲ့အခါ အာဏာပိုင်တွေက တစ်အိမ်တက်ဆင်း ပြည်သူတွေဆီက လိုက်ပြီးအနုကြမ်းစီးတာပါပဲ။ စစ်အုပ်စုက သူကြီးဘုရား ရွာသားကောင်းမှု လုပ်ရပ်တွေပေါ့။ ဒါတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ခုနကဗိုလ်ကြီးဆိုတာက ဓါးပြပိစိကွေးလေးပါ။

ကျနော်တို့နိုင်ငံကို စစ်အုပ်စုအဆက်ဆက်က နိုင်ငံရဲ့အမြင့်ဆုံး အချုပ်အခြာအာဏာကစပြီး အပိုင်စီးထားတာကို ကြည့်ရင် တစ်နိုင်ငံလုံးကို ဦးပိုင်လုပ်ထားတာလား၊ ဓါးပြတိုက်သိမ်းပိုက်ထားတာလား ဆိုတာကတော့ အလေးအနက် စဉ်းစားသင့်တဲ့ မဟာ့မဟာကိစ္စ ဖြစ်ကြောင်းပါခင်ဗျာ။

သက်နိုင်( ၂၉. ၁၂. ၂၀၁၃)

No comments: