Sunday, March 16, 2014

သူ့ကို သိန်း၃၀ ဒဏ်ရိုက်မှာလား

ရေးသားသူ — စိုးမိုးသူ
 
သူ့နံမည်က အောင်---

အခု ဒဲဂူး လ၀က အချုပ်ထောင်မှာ။
စက်ရုံစက်ပစ္စည်းဖျက်ဆီးမှုနဲ့ ရဲအတိုင်ခံရပြီး ရဲက လက်ထိပ်ခတ်ဖမ်းဆီးခဲ့တယ်။

အိုဗာစတေးနေထိုင်သူဖြစ်တာကြောင့် အခု ဒဲဂူး လ၀က အချုပ်ထောင်မှာ
မြန်မာပြည်အနှင်ခံရမယ့်နေ့ကို စောင့်နေရတယ်။
ဘာတွေဖြစ်ကုန်တာလဲ။
သူဘာလို့ ရဲအဖမ်းခံရတာလဲ။
ဘာလို့ အိုဗာစတေးဖြစ်ရတာလဲ။

ဖြစ်ပုံက
မနေ့ကည သူကိုင်တဲ့ စက်က ပျက်တယ်။
ကကြီးဦးလေးကြီး သင်ပေးထားတဲ့အတိုင်း စက်အဖုံးကိုဖွင့် ဟိုလှန်ဒီလှန်စစ်
နောက်ဆုံးတော့ သူ့အရင် စီနီယာ ကမ်ဘောဒီးယားအလုပ်သမားကို အကူညီတောင်းခဲ့တယ်။
ကမ်ဘောဒီးယားလည်း မနိုင် အဆိုင်းခေါင်းဆောင်ကကြီးသားလည်း မနိုင်တဲ့စက်ကို အဆုံးမှာတော့ ပါဝါပိတ်ပြစ်ခဲ့ရတယ်။
ဒီညတော့ သူလည်း အခြားအလုပ်ပြောင်းလုပ်ခဲ့တယ်။

တညလုံး အလုပ်လုပ်ခဲ့ရလို့ အရမ်းပင်ပန်းနေတဲ့သူ
မနက်အလုပ်ပြီးပြီးချင်း အိပ်ယာထဲလှဲပျော်အိပ်ပျော်သွားလိုက်တာ ရဲတွေ သူ့အခန်းထဲဝင်လာပြီး
ဘာအကြောင်းမှ မပြောပြပဲ သူ့ကို ရာဇ၀တ်သားလို လက်ထိတ်တန်းခတ်ပြီး ခေါ်သွားတယ်။

သူ့ကို အနီးရှိ ရဲစခန်းငယ်လေးထဲကို ခေါ်သွားပြီး ဘာကြောင့်အဖမ်းခံရတယ်ဆိုတာကို
သိရှိကြောင်း လက်မှတ်ထိုးခိုင်းပြီး ရဲဌာနကြီးကို ထပ်မံခေါ်ဆောင်သွားတယ်။

အခုထိ သူဘာလို့ အဖမ်းခံရသလဲဆိုတာ သေချာမသိပေမယ့်
သူကိုင်တဲ့စက်ရဲ့ မီးကြိုးတွေကို ဖြတ်လို့ စက်ရုံပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့ ရဲကို တိုင်လို့
ခုလို အဖမ်းခံနေရတာလို့ သူနည်းနည်း နားလည်လိုက်တယ်။

ရဲဌာနကြီးကို ရောက်တော့ ကျနော်နဲ့သူ ဖုန်းစကားပြောတယ်။
စက်ကို သူဘာမှ မလုပ်ခဲ့ကြောင်း၊
ရဲတွေက သူ့ကို ဘာမှ ကောင်းကောင်းမရှင်းပြပဲ ရာဇ၀တ်သားလို လက်ထိပ်ခတ်ခဲ့ကြောင်း ၀မ်းပန်းတနည်းပြောရှာတယ်။

မကြာမီ
ကျနော်နဲ့ သူ့ကိုစစ်မယ့် ရဲနဲ့ စကားပြောဖြစ်တယ်။
စကားစစချင်း ရဲကို ကျနော်မေးလိုက်တယ်။
အမှုအကြောင်းမပြောခင် ခင်ဗျားတို့ ရဲတွေလုပ်ရပ်ကို နဲနဲမေးမယ်။

ရာဇ၀တ်သားပဲဖြစ်စေ မဖမ်းခင်မှာ မိမိတို့ဟာ ရဲဖြစ်ကြောင်း ရဲကတ်ထုတ်ပြရပြီး
ဘာကြောင့်ဖမ်းရတယ်၊ အမှုအတွက် ရှေ့နေငှားခွင့်ရှိတယ်စသည် အသိပေးရပြီး
ပြစ်မှုထင်ရှားမရှိသေးတဲ့ တဘက်သတ်စွတ်စွဲချက်နဲ့တင် လက်ထိပ်ခတ်ဖမ်းဆီးတာ
ရဲကျင့်ဝတ်နဲ့ညီသလားဆိုတာ ဖြေပါ။

ရဲငြင်းပြီ။
အမှုကိုရှင်းပြပါတယ်တဲ့။ဘာကြောင့်ဖမ်းရတယ်ဆိုတာလည်း သိရှိကြောင်း လက်မှတ်ထိုးထားတာတွေ သက်သေပြနိုင်ပါတယ်တဲ့။
ဖမ်းပြီးတော့မှ အနီးနား ရဲစခန်းလေးမှာ လက်မှတ်အတင်းထိုးခိုင်းတာကို လာပြောနေတယ်။ဒီရဲကို ဆက်ပြောရင် ဆဲဖို့ပဲကျန်တော့တယ်။

ဒါနဲ့ အမှုအကြောင်းစစ်ကြတယ်။
ရဲဌာနဘက်က ဖုန်းစပီကာဖွင့်ထားပြီး ရဲက သူ့ကို မေးတာကို ကျနော်က ကြားထဲက ဘာသာပြန်ပေးတာ။

သူ့စက်ပျက်လို့ သူကလှည့်ပတ်ကြည့်တာတွေ စီစီတီဗွီမှာ ပေါ်လို့ မီးကြိုးပြတ်နေတာ သူပဲဆိုပြီး တိုင်တာတဲ့။
ကျနော်လည်း ဘာသာပြန်ပေးရင်း ရဲကို ပြောလိုက်တယ်။

သူ့စက်ပျက်တာ သူက မစစ်လို့ ဘယ်သူစစ်မလဲ။
ပြီးတော့ ဘယ်လိုစစ်ပါလို့ ခိုင်းထားတဲ့အတိုင်းလုပ်တာ အဲ့ဒါ အပြစ်လား။
မင်းတို့က တိုင်တိုင်း အတိုင်ခံရသူကို လက်ထိပ်ခတ်လိုက်ဖမ်းပေးနေရတဲ့ တာဝန်ပဲရှိလား။
သူ့အပြင် တခြား အလုပ်သမားတွေ စက်ကို အတူလာစစ်ပေးတာကော စီစီတီဗွီမှာ မပေါ်ဘူးတဲ့လား။
မင်းတို့ စီစီတီဗွီကိုကော ကြည့်ပြီးလို့ သူ့ကို ဖမ်းထားတာလား။
အဲ့ဒါတွေကို မစစ်ဆေးပဲ သူ့ကိုပဲ မဲပြီးစစ်တာ မင်းတို့ မလွန်ဘူးလား။
ကျနော်လည်း တင်းတင်းနဲ့ ရဲကို ဖိကောပြစ်လိုက်တယ်။

ရဲလည်း အမှုကိုစစ်ရင်း ဒီအမှုဟာ သဘာဝမကျဘူးဆိုတာ တဖြေးဖြေးနားလည်သွားတယ်။
အမှုမှန်ပေါ်အောင် စီစီတီဗွီကို ကြည့်ပါမယ်လို့ပြောပြီး အမှုစစ်တာကို ရပ်လိုက်တယ်။

ဒါပေမယ့် ပြသနာက သူက အခု အိုဗာစတေးဖြစ်တာမို့ လ၀ကလက်ကိုအပ်ရမယ်တဲ့။
ဘာလို့ အိုဗာစတေးဖြစ်တာလဲတဲ့။
ဘာလို့ သူ့စက်ရုံမှာ သူမနေပဲ သူများစက်ရုံမှာ အလုပ်လာလုပ်နေရတာလဲ
မေးပေးပါတဲ့။

အောင်---ကဖြေပါတယ်။

အကိုရယ်
ကျနော် စိုက်ပျိုးရေးက ပြေးလာတာပါ။
ဘာလို့လဲဆိုတော့
သူဌေးက အရမ်းဆိုးတယ်အကို
နေ့တိုင်း ဆဲဆိုကြိမ်းမောင်းနေတာပဲတလလုံး နားရက်ကလည်း မရှိ။
အလုပ်ချိန်ကလည်း ရှည်တဲ့အပြင် လစာကလည်း နှိမ်ပြီးပေး၊ လစာထုတ်ရက်လည်း တခါမှ မမှန်တော့
နောက်ဆုံး ကျနော် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲလွန်းလို့ ကျနော့်သူငယ်ချင်းရှိတဲ့ စက်ရုံကို ထွက်ပြေးလာခဲ့ရတာပါ။
အခု သူငယ်ချင်းစက်ရုံမှာ နေ့ဆိုင်း ညဆိုင်း အလုပ်လုပ်နေတာ ၅လရှိပါပြီ။

အမှုစစ်ရဲလည်း အောင်---က ဘာလို့ အိုဗာစတေးဖြစ်ရသလဲ သိပြီးနောက် သက်ပြင်းရှည်ကြီးချပြီး
ကိုရီးယားရဲ့ အီးပီအက်စ်စနစ်ကို တရှဲရှဲနဲ့ စတင် ပြစ်တင်ပါတော့တယ်။

ကျနော်က
ခင်ဗျားတို့ သူ့ကို အခု လ၀က အချုပ်ထောင်ကို မပို့ဖို့ ကျနော်တောင်းဆိုပါတယ်။
သူတို့ ကိုရီးယားမှာ ဘ၀ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ အတွက်
အချိန်ကုန် ငွေကုန်ကြိုးစားခဲ့ရသလို
 မိသားစုနဲ့ဝေးရာ တိုင်းတပါးမှာလည်း တိရစ္ဆာန်လိုရိုင်းစိုင်းတဲ့ အလုပ်ရှင်အောက်မှာ
အလွန် ပင်ပန်းဆင်းရဲစွာ ဖိနှိပ်ခံခဲ့ရလို့
နောက်ဆုံး မနေနိုင် သည်းမခံနိုင်တော့လွန်းလို့ ထွက်ပြေးလာခဲ့ရတာကို
ခင်ဗျားတို့က လ၀က ဥပဒေချိုးဖောက်တယ်ဆိုပြီး ဖမ်းဆီးချုပ်နှောင် 
လ၀ကအချုပ်ထောင်ကို ပို့ပြစ်ပြီး တိုင်းပြည်ကနေ နှင်ထုတ်ပြစ်မယ်ဆိုတာ
အရမ်းကို ရက်စက်လွန်းပါတယ်။
လူတယောက် အရောင်းစားခံနေရတာကို မကြည့်ပဲ
ဥပဒေချိုးဖောက်တာကိုပဲကြည့်တာ
လူက အရင်လား ဥပဒေက အရင်လားဗျာ။
အဲ့လိုတော့ မလုပ်ပါနဲ့ဗျာ။တောင်းပန်ပါတယ်။

ရဲက သက်ပြင်းရှည် ထပ်ချပြီး ကျနော်တို့လည်း တာဝန်အရမို့လို့ပါ။တကယ်စိတ်မကောင်းပါဘူးလို့ပြောပါတယ်။

အင်းလေ။ ဘယ်တတ်နိုင်ပါ့မလဲ။
ကျနော်တို့ နိုင်ငံသားတွေကို ကိုယ့်နိုင်ငံအစိုးရကတောင် မညှာတာတာ
သူများနိုင်ငံအစိုးရ၀န်ထမ်းထံ ညှာတာပေးဖို့တောင်းဆိုနေရတာကိုက
တော်တော် ရှက်စရာကောင်းသလို အဖြစ်ကလည်း ဆိုးဝါးလွန်းပါတယ်။

ကျနော်က ရဲကို
နောက်ဆုံးအနေနဲ့တောင်းဆိုချင်ပါတယ်ဗျာ။
မိမိမိသားစုအတွက်
ဖခင်ကောင်းပီသစွာ

မိမိမိဘများအတွက်
သားကောင်းပီသစွာ

မိမိညီအကိုမောင်နှမများအတွက်
အကိုကောင်းပီသစွာ

တိုင်းတပါးမှာ ဆင်းရဲဒုက္ခခံပြီး အလုပ်လာရောက်လုပ်ကိုင်ရင်း အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ရတဲ့ သူ့ကို
ကြင်ကြင်နာနာ ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး အမိနိုင်ငံကို ပြန်နိုင်အောင် လုပ်ပေးဖို့
ကျနော် ခင်ဗျားကို အလေးအနက် တောင်းဆိုပါတယ်

ရဲကလည်း ဟုတ်ကဲ့ပါ။စိတ်ချပါ။အရမ်းစိတ်မကောင်းပါဘူးဗျာတဲ့။

သြော် တိုင်းတပါးက ရဲကတောင် ကိုယ့်နိုင်ငံသားရဲ့ အဖြစ်ဟာ ဆိုးဝါးလွန်းလို့ သနားတတ် စိတ်မကောင်းတတ်တယ်
ကျနော်တို့ နိုင်ငံက လူမဆန်တဲ့ ခွေးသူတောင်းစားအစိုးရကတော့ ကိုယ့်နိုင်ငံသားတွေ ဒုက္ခရောက်နေတာကို ဘယ်လို
ကာကွယ်ပေးရမလဲ စိတ်မကူးဘူး။ ဘယ်လို ခွက်ကျပြီး နှိုက်စားရမလဲကိုပဲသိတယ်။
တောက် ရေးရင် ဒေါသထွက်လာလို့ ပယ်ပယ်နှယ်နှယ် ဆဲမိတော့မယ်။

No comments: