Thursday, December 25, 2014

မြန်မာစကားတွင်ပျောက်ကွယ်သွားလုပြီ ဖြစ်သည့် မွေးစားဝေါဟာရများ (အပိုင်း ၂၊ နိဂုံး)

ရေးသားသူ — ခင်မောင်စော (ဘာလင်)




ဃ။ ဗြိတိသျှကိုလိုနီခေတ်ပေါ်ရောပြွန်းထားသော ဝေါဟာရများ

၁။ ဂါတ်တဲ

အင်္ဂလိပ်စကား Guard ကို “ဂါတ် “ဟုအသံလှယ်ထားပြီး မြန်မာစကားလုံး “တဲ” နှင့် ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ ဗြိတိသျှကိုလိုနီခေတ် ကပုလိပ်ရုံးဟု၎င်း၊ ဟင်ဒူစတန်နီစကားမှလာသော “ဌာနာ”ဟု၎င်း အရပ်သုံးစကားလုံးများပေါ်ခဲ့ပါသည်။ Sub-inspector of Police ကိုအတိုကောက် အက်စ်အိုင်ပီ (S.I.P) ဟူ၌၎င်း၊ မြန်မာဘာသာဖြင့် ရာဇဝတ်အုပ် ဟူ၌၎င်း၊ Inspector of Police ကိုအတိုကောက် အိုင်ပီ (I.P) ဟူ၌၎င်း၊ မြန်မာဘာသာဖြင့်ဌာနာအုပ် ဟူ၌၎င်း ခေါ်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးချိန်က Burma Policeကိုမြန်မာမှုပြုပြီး မြန်မာနိုင်ငံရဲအဖွဲ့၊ “ဌာနာ”ကို ” ရဲဌာန”ဟုပြောင်းကာ အက်စ်အိုင်ပီကို ရဲအုပ်၊ အိုင်ပီကို ရဲမှူး ဟုပြောင်းသော်လည်း အရပ်သုံး စကားတွင်မူ ပုလိပ်ရုံး၊ ဂါတ်တဲ၊ အက်စ်အိုင်ပီ၊ အိုင်ပီ ဟူသောအသုံးများမပျောက်ကွယ်ပါ။

ရဲနှင့်သက်ဆိုင်သော ရုံးသုံး ဝေါဟာရများသည်မြန်မာဘာသာ၌ပြောင်းလဲမှုအများဆုံး ဝေါဟာရများထဲ တွင်ပါသည်။ တော်လှန်ရေးကောင်စီအစိုးရတက်စက ရဲအုပ် (S.I.P) ကို ဒုလုံခြုံရေးမှူး၊ ရဲမှူး (I.P) ကို လုံခြုံရေးမှူး၊ Deputy Superintendent of Police (Dy.S.P) ရဲဝန်ထောက် ကို ဒု ကြီးကြပ်ရေးမှူး၊ District Superintendent of Police (D.S.P) ခရိုင်ရဲဝန်ကို ကြီးကြပ်ရေးမှူး၊ စသည်ဖြင့် အခေါ်ပြောင်း သော်လည်း ၎င်းအခေါ်များသည် ငါး နှစ်ပင်မခံပါ။

မဆလခေတ်တွင် မြန်မာနိုင်ငံရဲအဖွဲ့ကို ပြည်သူ့ရဲတပ်ဖွဲ့ ဟုအမည်ပြောင်းပြီး ဂါတ်တဲကို ရဲစခန်းဟု၎င်း၊ Police Constable (PC) or Policeman ရဲသားကို ရဲတပ် သား ဟု၎င်း၊ High Constable (HC) ရဲကြပ်ကို ရဲတပ်ကြပ်ဟု၎င်း၊ Sub-inspector of Police (S.I.P)ကို ရဲအုပ် မှ ဒုရဲအုပ် ဟု၎င်း၊ Inspector of Police အိုင်ပီ (I.P) ကို ရဲမှူး မှ ရဲအုပ်ဟု၎င်း၊ Deputy Superin-tendent of Police (Dy.S.P) ကို ရဲဝန်ထောက်မှ ဒုရဲမှူး ဟု၎င်း၊ District Superintendent of Police (D.S. P) ခရိုင်ရဲဝန်ကို ရဲမှူး (Police Major) ဟု၎င်း၊ Deputy Commissioner of Police လက်ထောက် ရဲမင်းကြီးကို ဒုရဲမှူးကြီး (Police Lt. Colonel) ဟု၎င်း၊ Commissioner of Police ရဲမင်းကြီး ကို ရဲမှူးကြီး (Police Colonel) ဟု၎င်း၊ ပြောင်းခေါ်ကာ စစ်တပ်ပုံသွင်းသည်။ နဝတခေတ် Burma မှ Myanmar သို့ ပြောင်းချိန်မှပြီး Myanmar Police ဟုအင်္ဂလိပ်လိုခေါ်တွင်စေပြီး မြန်မာဘာသာဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဟုခေါ်သော်လည်း ရာထူးအခေါ်အဝေါ်များ၊ ရဲစခန်းစသည်တို့ကိုမူ ဆက်သုံးသည်။

စခန်းသည်ခေတ္တကွန်းခိုရာသာဖြစ်သည်။ အမြဲနေရသည့်နေရာမဟုတ်ပါ။ ခဏနားပြီးရှေ့ဆက်ရပါမည်။ “ကျိုက်ထီးရိုးဘုရားအတက် ရေမြောင်ကြီးစခန်းမှာနားမယ်” ဟု ကျိုက်ထီးရိုးဘုရားဖူးများပြောလေ့ရှိ သည်။ “စစ်ဆင်တွေ တသီတတန်းနဲ့ စစ်စခန်းချရာမြေ”ဟုပြည်လှဖေ၏ နတ်ရှင်နောင်သီချင်းတွင်လည်း ပါပါသည်။ မှန်ပါသည်။ ရှေ့သို့ဆက်၍စစ်ချီရပါဦးမည်။ စခန်းသည် စစ်တပ်၊ စစ်ပုလိပ်တပ်၊ စစ်ရဲတပ်များ အတွက်မှန်သော်လည်း ပုလိပ် (ဝါ) ရဲ အတွက်မှာ မမှန်၊ မဆီလျော်ပါ။ အင်္ဂလိပ်စကားတွင် camp သည် စခန်းဖြစ်သည်။ Police Camp ဟုမသုံးဘဲ Police Station ဟုသာသုံးပါသည်။ လမ်းမတော် ပုလိပ်ရုံး၊ အလုံဂါတ်တဲ၊ ကမာရွတ်ဌာနာ၊ ပုစွန်ထောင်ရဲဌာန၊ စသည်တို့မှာ အင်္ဂလိပ်ခေတ်မှယနေ့တိုင် အနှစ်တ ရာခန့် အတည်တကျ အမြဲနေနေခဲ့ရသည့်နေရာဖြစ်ပါသည်။ ခေတ္တကွန်းခိုရာစခန်းမဟုတ်ပါ။ မဆလ ခေတ်မှစ၍ ဌာနတိုင်းကိုစစ်ပုံသွင်းကာ စက်ရုံလက်ထောက်အင်ဂျင်နီယာကို အလုပ်ရုံခွဲမှူး (တပ်ခွဲမှူးကိုတု ထား) စသည်တို့လုပ်လာရာမှ မြန်မာစာနှင့်စကားလည်းပျက်ကာ ရဲစခန်း ဖြစ်လာရလေတော့၏။

၂။ စက်ရှင်မင်းကြီး

အင်္ဂလိပ်စကား Session Judgeကို “စက်ရှင် “ဟုအသံလှယ်ထားပြီး မြန်မာစကားလုံး “မင်းကြီး” နှင့် ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။”မင်းကြီး”ဟုခေါ်ထားသော်လည်း အမှန်တွင် ဗြိတိသျှကိုလိုနီခေတ်က Session Judge များသည် ရာထူးအဆုံးတွင် “ဝန်” သို့မဟုတ် “အရေးပိုင်”ထည့်ခေါ်သော ခရိုင်အဆင့် အရာရှိသာဖြစ်သည်။ ဥပမာ၊ သစ်တောဝန် (ဝါ) သစ်တောအရေးပိုင်။ ရာထူးအဆုံးတွင် “မင်းကြီး”ထည့် ခေါ်ရသော တိုင်းအဆင့် အရာရှိမဟုတ်ချေ။

၃။ ကော်မရှင်နာမင်းကြီး

အင်္ဂလိပ်စကား Commissionerကို “ ကော်မရှင်နာ “ဟုအသံလှယ်ထားပြီး မြန်မာစကားလုံး “မင်းကြီး” နှင့် ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ မြန်မာလို “တိုင်းမင်းကြီး” ဟုဘာသာပြန်ကြပါသည်။ ထို့ကြောင့် Commissioner of Police ကို တိုင်းရဲမင်းကြီး ဟုခေါ်ခဲ့ကြသည်။

၎။ စစ်ပုလိပ်

မြန်မာစကား “စစ်” နှင့် အင်္ဂလိပ်စကား Policeကို “ပုလိပ်”ဟု အသံလှယ်ထားပြီးပေါင်းစပ်ထားခြင်းဖြစ် ပါသည်။ မူရင်းအင်္ဂလိပ်စကားမှာ Paramilitary Police Force ဖြစ်သည်။ စစ်တန်းလျားတွင်နေရပြီး စစ် တပ်သဖွယ်တာဝန်ထမ်းရသော လက်နက်ကိုင်ပုလိပ်တပ်ဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ်တွင် စစ်ပုလိပ် များ၏ ၈၀%ခန့်မှာ ကုလားများဖြစ်သည်။ မြန်မာပြည်တွင်သာမက အာဖရိကတိုက်ရှိ ဗြိတိသျှ ကိုလိုနီ နိုင်ငံတိုင်း၌ တော်လှန်ရေးများ၊ သပိတ်၊ ဆန္ဒပြပွဲများကို ကုလားများဖြင့်ဖွဲ့ထားသော စစ်တပ်၊ စစ်ပုလိပ် တပ်၊ ပုလိပ်များဖြင့် နှိမ်နင်းခဲ့သဖြင့် ယနေ့တိုင် ၎င်းနိုင်ငံများတွင် တိုင်းရင်းသားများက ကုလားများကို မနှစ်သက်ကြပေ။

နိုင်ငံတိုင်း၌ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ကမ်းတက်တပ်တို့သည် ကာကွယ်ရေးဝန်ကြီးဌာနအောက် တွင်ရှိပြီး စစ်ပုလိပ်တပ်နှင့်အလားတူ လက်နက်ကိုင်များမှာ ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင်ရှိသည်။ မြန်မာပြည်တွင် ဖဆပလ အစိုးရခေတ်က ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် အတိုကောက် ယူအမ်ပီ U.M.P ဟုခေါ်သည့် Union Military Police Force ပြည်ထောင်စု စစ်ရဲတပ်၊ အရပ်သုံးစကားတွင် လဲဗျီး (Levies) ဟုခေါ်သည့် စစ်ဝန်ထမ်းတပ်၊ အတိုကောက် ဘီတီအက်ဖ် (B.T.F) Burma Territorial Force ခေါ် ဗမာ့နယ်စပ်စောင့်တပ်၊ ပျူစောထီး ဟုခေါ်သည့် ကာကွယ်ရေးတပ်များရှိခဲ့ဘူးသည်။ တပ်အားလုံး ပေါင်းလိုက်လျှင်ကြည်းတပ်ရှိတပ်သားဦးရေနီးပါးရှိခဲ့သည်။ ၎င်းတပ်များတွင် တပ်ရင်း ၂၅ ရင်းရှိသော ယူအမ်ပီ U.M.P ဟုခေါ်သည့် ပြည်ထောင်စု စစ်ရဲတပ်သည် အင်အားအကြီးဆုံးဖြစ်ပြီး စက်သေနတ်များ၊ သံချပ်ကာကားများ (Armoured Cars) နှင့်စိန်ပြောင်းများအထိရှိခဲ့သည်။

ဖဆပလ အစိုးရခေတ်ကောင်း စဉ်က ကျားကြီးဦးဗဆွေ ၊ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်ကလေး၊ စသောဆိုရှယ်လစ်ခေါင်းဆောင်များက ၎င်း၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းခေါင်စသော ရဲဘော်သုံးကျိပ်ဝင်ဝန်ကြီးများက၎င်း၊ စစ်တပ်ကတနေ့အာဏာ သိမ်းရန်ကြံခဲ့သော်ကာကွယ်နိုင်ရန် ပြည်ထောင်စုစစ်ရဲတပ်ကိုတိုးချဲ့ခဲ့သည်။ အရပ်သားများက စစ်ရဲတပ် သားများနှင့်ဗိုလ်များကို စစ်သား၊ စစ်ဗိုလ်ဟုသတ်မှတ်ထားသော်လည်း ကြည်းတပ်သားးများနှင့် ဗိုလ်များ ကမူ စစ်တပ်မဟုတ်၊ ပုလိပ်တပ်ဟုသတ်မှတ်ထားပြီးနှိမ်လေ့ရှိသည်။ စစ်ရဲတပ်သားများနှင့်ဗိုလ်များက လည်း ဖဆပလ အစိုးရအားကိုးနှင့်ပြန်တွယ်တတ်ကြ၍ ဘောလုံးပွဲ၊ လက်ဝှေ့ပွဲစသည်တို့ တွင် အသင်း နှစ်သင်းဆုံတွေ့ကြလျှင် ကြည်းတပ်သားများနှင့်စစ်ရဲတပ်သားများ ရန်ဖြစ်လေ့ရှိပြီး ထိုးပွဲ၊ ရိုက်ပွဲများဖြစ် တတ်သဖြင့် နှစ်တပ်လုံးမှတပ်ထိန်းများ၊ တပ်ရဲများ အထူးစောင့်ကြပ်ရသည်။

အိမ်စောင့်အစိုးရလက်ထက်၌ စစ်ဝန်ထမ်းတပ်များနှင့်ဘီတီအက်ဖ်များကို ကြည်းတပ်ထဲသို့ပေါင်းထည့် လိုက်သည်။ ပျူစောထီးတပ်ကိုလည်း “အရံရဲ” အဖြစ်ပြန်လည်ဖွဲ့စည်းလိုက်သည်။ ကြည်းတပ်မှ ဗိုလ်မှူး ကြီးမင်းသိန်းကို စစ်ရဲမင်းကြီး ခန့်ပြီး U.M.P ဟုခေါ်သည့် Union Military Police Force ပြည်ထောင်စု စစ်ရဲတပ်ကို ပြည်စောင့်ရဲတပ် Union Constabulary ဟုအမည်ပြောင်းလိုက်သည်။ စစ် (Military) ပါသောအမည် မထားလို၍ဖြစ်ဟန်ရှိသည်။ စစ်ရဲတပ်သားများနှင့် ဗိုလ်များက ကြည်းတပ်က သူတို့ကို လာပြီးဗိုလ်ကျသည်ဟုယူဆကာ မကြေနပ်ကြပေ။ စစ်ရဲတပ်မှအရာရှိ အချိ့ကို ၁၉၅၈ ခု အိမ်စောင့် အစိုးရမတက်နိုင်စေရန် ကြည်းတပ်ကိုတိုက်ရန်ကြံသည် ဆိုပြီးရုံးတင်စစ်ဆေးသည်။ သန့်ရှင်းဖဆပလ အစိုးရခေတ်က ပြည်ထဲရေးဝန်ကြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်ကို အရေးယူလို၍ဖြစ်သည်။ တည် မြဲဖဆပလဘက်ယိမ်းသော အထောက်တော်ဦးအုန်းမြင့်က “ခက်ဖွယ် ရယ်ကြုံပါတယ်။ လက်နက်ကယ် စုံအညီနဲ့” အမည်ဖြင့်စာအုပ်ရေးသားထုတ်ဝေသည်။ ၎င်းအမှုမပြီးမီ ရွေးကောက်ပွဲ၌ သန့်ရှင်းဖဆပလ အနိုင်ရပြီး ဗိုလ်မင်းခေါင် ပြည်ထဲရေးဝန်ကြီးပြန်ဖြစ်သဖြင့် အမှုပြီးသွားသည်။

နောက်ပိုင်းတွင် ကြည်း တပ်မှ ဗိုလ်မှူးကြီးတန်ယုဆိုင် ပြည်စောင့်ရဲတပ်မှူးချုပ်ဖြစ်လာသည်။ ၁၉၆၂ မတ်လ စစ်တပ်က အာဏာ သိမ်းပြီးအောက်တိုဘာလဆန်းတွင် ပြည်စောင့်ရဲတပ် Union Constabulary ကိုဖျက်သိမ်းကာ တပ် ရင်းပေါင်းအစိတ်လောက်ကို ကြည်းတပ်ထဲသို့ပေါင်းထည့်လိုက်သည်။ ပြည်စောင့်ရဲတပ်မှ ဒုဗိုလ်မှူးကြီး အဆင့်ရှိသူများကို ကြည်းတပ်၌ဗိုလ်မှူး၊ ပြည်စောင့်ရဲတပ်မှ ဗိုလ်မှူးအဆင့်ရှိသူများကို ကြည်းတပ်၌ ဗိုလ်ကြီး၊ ပြည်စောင့်ရဲတပ်မှ ဗိုလ်ကြီး အဆင့် ရှိသူများကို ကြည်းတပ်၌ဗိုလ်၊ စသည်ဖြင့် ရာထူးတဆင့် စီချလိုက်သော်လည်း ပြည်စောင့်ရဲတပ်မှဗိုလ်နှင့် အောက်တပ်သားအဆင့်အထိကိုမူ မူလရာထူးအတိုင်း လွှဲပြောင်းလက်ခံသည်။

၅။ ဒေါက်ကတ်လှည်း

အင်္ဂလိပ်စကား Dog Cartကို “ ဒေါက်ကတ်”ဟု အသံလှယ်ထားပြီး မြန်မာစကားလုံး”လှည်း” နှင့် ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ” ဒေါက်ကတ်”ဟုခေါ်ထားသော်လည်း အမှန်တွင် မြင်းဆွဲသောလှည်း သာဖြစ်သည်။ ခွေးဆွဲသောလှည်းမဟုတ်ပါ။ အင်္ဂလိပ်အဘိဓာန်က “a light, two-wheeled, horse-drawn vehicle for ordinary driving, with two transverse seats back to back, and originally having a box under the rear seat for carrying a dog.” ဟုအနက်ပေးထားပါသည်။ ဆရာကြီးရွှေ ဥဒေါင်း၏ဝထ္ထုများတွင် ဒေါက်ကတ်လှည်းဆိုသောစကားလုံး ပါလေ့ရှိသည်။

၆။ ပလိပ်ရောဂါ

အင်္ဂလိပ်စကား Plagueကို “ပလိပ်”ဟုအသံလှယ်ထားပြီး ပါဠိမှမွေးစားထားသည့် မြန်မာစကားလုံး “ရော ဂါ ” နှင့် ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ကြွက်များမှတဆင့် လူများထံကူးစက်တတ်သည့်ကပ်ရောဂါဖြစ် သည်။ မြန်မာအသံထွက်တွင် “ပုလိပ်” (police) နှင့်တူနေသဖြင့် ရဲအဖွဲ့ဝင်ဖြစ်နေသောသူငယ်ချင်းကို “ဟေ့ကောင်၊ မင်းပလိပ်ဖြစ်နေတယ်ဆို” ဟူသော အဓိပ္ပါယ်နှစ်ခွထွက်သည့်မေးခွန်းဖြင့်နောက်လေ့ရှိ သည်။

င။ ဘန်းစကားများ

၁။ နတ်သမီး

အင်္ဂလိပ်ခေတ်ကစ၍ ပြည်သူပိုင်သိမ်းအပြီး ၆၇ခုလောက်အထိ နတ်သမီးတံဆိပ်ပါသော သစ်သားမီးချစ် များရှိခဲ့သည်။ ဘူးခွံစက္ကူနီပေါ်၌ နတ်သမီးရုပ်ကလေးနှင့် “ဥတုသုံးပါးခံသည်” ဟုရေးထား၏။ မိုးဥတု၌ အစိုမပြန်၊ ဆောင်းရာသီတွင် အေးသော်လည်းမီးတောက်လွယ်သည်။ နွေဥတု၌ပူပြင်းသော်လည်း မိမိ အလိုအလျောက် မီးထမတောက်နိုင်ပါ ဟုဆိုလိုသည်။ သို့ရာတွင်ကာလသားများက “ဥတုသုံးပါးခံသည်” ဆိုသည့်စကားကို ကိုယ်လိုရာဆွဲတွေးပြီး ” ပြည့်တန်ဆာ”ကို “နတ်သမီး” ဟုဘန်းစကား၌ခေါ်ကြသဖြင့် “နတ်သမီး”ဟူသောဘန်းစကားပေါ်လာသည်။

၂။ ဂျစ်လေဒီ

ဂျပန်ခေတ်ပြီးစ အင်္ဂလိပ်တပ်များဝင်လာချိန်ကပေါ်ခဲ့သောဘန်းစကားဖြစ်သည်။ မြန်မာများထွင်သော အင်္ဂလိပ်ဝေါဟာရ Jeep Lady ကို “ဂျစ်လေဒီ” ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။ မဟာမိတ်တပ်များ က စစ်ဗိုလ်များ Jeep ဂျစ်ကားစီးချိန်ဖြစ်သဖြင့် ၎င်းစစ်ဗိုလ်များနှင့်ပေါင်း၍ ဂျစ်ကားစီးပြီး ခန္ဓာကိုယ်နှင့် ရင်းကာ “ပိုက်ဆံရှာ”သည့်မိန်းမဟုအဓိပ္ပါယ်ရသော Jeep Lady ဂျစ်လေဒီ ဆိုသည့် ဘန်းစကားပေါ် ခဲ့သည်။

၃။ “ပြည်တော် သာသွားပြီ”

ဖဆပလ အစိုးရခေတ်က “ပြည်တော်သာ”စီမံကိန်းကိုအစွဲပြု၍ပေါ်လာသောစကားဖြစ်သည်။ ပြည်တော် သာကား၊ ပြည်တော်သာတိုက်၊ ပြည်တော်သာကျောင်း ဆိုသည့်စကားလုံးများပေါ်ခဲ့ပါသည်။ “ပြည်တော် သာသွားပြီ” ဟူသောဘန်းစကားလည်းပေါ်လာသည်။ အဆင်ပြသွားပြီ၊ ဇိမ်ကျသွားပြီ ဟုဆိုလိုသည်။ ဥပ မာ။ “ဒီငနဲနဲ့ငတိမ အစကမိဘသဘောမတူဘူးဆို၊ အခုတော့ “ပြည်တော်သာသွားပြီ” ပါလား။

၎။ ကာတစ်နှင့်ဝါဟစ်

ဗြိတိသျှကိုလိုနီခေတ်ကပေါ်ခဲ့သောမန္တလေးသုံးဘန်းစကားများဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ်က မန္တလေးမြို့လယ်၌ ကာတစ် (Curtis) ဆိုသူ၏ဆေးဆိုင်ရှိပြီး ဆေးဖေါ်သည့်ဆုံပုံနှင့် ကာတစ်ဆေးဆိုင် (Curtis Pharmacy)ဆိုသောဆိုင်းဘုတ်ကြီးရှိရာကာလသားများကကိုယ်လိုရာဆွဲတွေးပြီး မိန်းမတင်ပဆုံ ကို “ကာတစ်”ဟုဘန်းစကား၌ခေါ်ကြသည်။ ကာတစ်ဆိုသူ၏ဆေးဆိုင် နှင့်ကပ်လျက်တွင် “ဝါဟစ်” (Wahid) ဆိုသည့်ကုလားဆိုင်ရှိရာ ကာလသားများက မိန်းမရင်သားကို “ဝါဟစ်”ဟုဘန်းစကား၌ ခေါ်ကြလေတော့သည်။”ဒီစမူ ကာတစ်ရော ဝါဟစ်ပါ တယ်ဖြိုးပါလား” ဆိုသောဗြိတိသျှကိုလိုနီခေတ်က ပေါ်ခဲ့သောမန္တလေးသုံးဘန်းစကားသည်၎င်း၊ သဘင်သည်ဆိုင်းသမားများသုံးသော “ဘွဲ့ရော စည်ရော ကိတ်တယ်” ဆိုသောဘန်းစကားသည်၎င်း၊ ယခုခေတ်လူငယ်များသုံးနေကြသည့် “ဘီရာဂျီပါ အိုကေဘဲ” ဆိုသောဘန်းစကားသည်၎င်း၊ အနက်တူပင်ဖြစ်သည်။

၅။ ၇ မိုင်ခွဲရောက်နေပြီ

ရန်ကုန်မြို့ ရှစ်မိုင်တံတားလေးအရပ်တွင် စိတ္တဇဆေးရုံ (အရပ်အခေါ်”အရူးထောင်)ရှိသဖြင့် တယောက် ယောက်ကို “ကြောင်နေပြီ၊ ရူးတော့မယ်။ စိတ္တဇဆေးရုံရောက်ဖို့နီးနေပြီ”စသည်ဖြင့်နောက်လိုသောအခါ “သူကတော့ ၇ မိုင်ခွဲရောက်နေပြီ ” ဟုပြောလေ့ရှိသည်။ ရန်ကုန်သုံးဘန်းစကားဖြစ်သည်။

၆။ ယူပြန်ဘီတပ်

ဖဆပလ အစိုးရခေတ်က အတိုကောက် ယူအမ်ပီ U.M.P ဟုခေါ်သည့် Union Military Police Force ပြည်ထောင်စု စစ်ရဲတပ်ရှိခဲ့သည်။ စစ်ရဲတပ်များမှာ ဖဆပလ အစိုးရအဖွဲ့ဝင် ဆိုရှယ်လစ်ပါတီ၏ ခါးပိုက် ဆောင်တပ်များဟု နာမည်ကြီးသည်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲများ၌ “တပ်ဦး” က အမြဲနိုင်ကာ ဆိုရှယ်လစ်များထောင်ပေးသည့် “ရဲခေါင်”ကို ကျောင်းသားထုကြီးကမကြိုက်ကြ။ ထို့ကြောင့် ကျောင်းသားသပိတ်များ၊ ဆန္ဒပြပွဲများကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်ကလေးကိုယ်တိုင် စစ်ရဲများ ကိုဦးစီးပြီးဖြိုခွဲကာ စစ်ရဲတပ်ဌာနချုပ်၌ ကျောင်းသားစစ်ဆေး ညှင်းဆဲရေးစခန်းဖွင့်လှစ်လေ့ရှိကြောင်း စာရေးဆရာမကြီးဒေါ်ခင်ဆွေဦး၏ဝတ္ထုအချို့တွင်ပါပါသည်။

သင်္ကြန်အချိန်တွင် တက္ကသိုလ်နှင့် ကျောင်း ပေါင်းစုံကျောင်းသားတို့ သည် ယခုခေတ် ပြည်သူ့ ဥယျာဉ်ဖြစ်နေသည့် ပြည်ထောင်စုစစ်ရဲတပ်ဌာနချုပ် ရှေ့သို့သွားပြီး စစ်ရဲတပ်၏ အင်္ဂလိပ်အမည်မှာ Union Military Police (UMP) ဖြစ်သဖြင့် မြန်မာသံဖြင့် “ယူအမ်ပီ” ဟု မခေါ်ဘဲ အဓိပ္ပါယ်ဖြင့် “ယူပြန်ဘီ” တပ်ဟုခေါ်ကာ “ယူပြန်ဘီတပ်လာမယ်ဆို၊ သမီးပျို လေးတွေ တခြားရွာတွေ မြန်မြန်ပို့ကြ။ ယူပြန်ဘီတပ်ပြန်သွားရင်၊ ထဘီစုတ်မကျန်သယ်သွားဆိုဘဲ” စသည့်သံချပ်များထိုးကာ သရော်လေ့ရှိပါသည်။

၇။ စစ်ပုလိပ်ရောဂါ၊ ယူပြန်ဘီနာ

အင်္ဂလိပ်စကား ဆစ်ဖလစ် syphilis ကို “စစ်ပုလိပ်”ဟုအသံလှယ်ထားပြီး ပါဠိမှမွေးစားထားသည့် မြန်မာစကားလုံး “ရောဂါ ” နှင့် ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ဗြိတိသျှကိုလိုနီခေတ်တွင် စစ်ပုလိပ်များ ကို ချဉ်နေသူများ က ချိုးနှိမ်သည့်သဘောနှင့်ထွင်ခဲ့ဟန်ရှိပါသည်။ ၎င်းကာလသားရောဂါအကြောင်း သုတေသနစခဲ့သူ အီတလီဆရာဝန် Giovanni Fracastoro (1478-1553) က ထိုရောဂါကို “ပြင်သစ် ရောဂါ၊ ပြင်သစ်နာ”ဟု ချိုးနှိမ်ခေါ်ခဲ့သည့်သဘောမျိုးပါပေ။ ဖဆပလ အစိုးရခေတ်က စစ်ပုလိပ်တပ်သည် ယူအမ်ပီဟုခေါ်သည့် စစ်ရဲတပ်ဖြစ်ပြီး ၎င်း”ယူပြန်ဘီတပ်”မှာလည်းကျောင်းသားထုကြီး၏ “ချဉ်ဖတ်” ဖြစ် ရကား ကျောင်းသားများ က “စစ်ပုလိပ်ရောဂါ” ခေါ် ဆစ်ဖလစ်ကို “ယူပြန်ဘီနာ”ဟု အမည်သစ်ထွင်ပေး လိုက်ကြတော့၏။ သူငယ်ချင်းတယောက်ယောက်နေမကောင်း၍ တက္ကသိုလ်ဆေးရုံသို့သွားလျှင် “ယူပြန် ဘီနာရလို့ ဒီကောင် ပင်နီစလင်သွားထိုးရပြီထင်တယ်”ဟုနောက်လေ့ရှိသည်။ တက္ကသိုလ်ကျောင်းသား သုံးဘန်းစကားဖြစ်သည်။

၈။ “ခွန်နစ်ပဲ”

မြန်မာပြည်တွင် ၁၉၅၃ ခုနှစ် ပြားတရာတကျပ် စနစ်သို့မပြောင်းမီက မူး၊ပဲများသုံးနေသေးရာ အတို အားဖြင့် သုံးကျပ်ခြောက်မူးတပဲကို ၃ိ ၆ူး ၁ဲ ဟုရေးကြသည်။ “ရဲ” စာလုံးပေါင်း မှာ ခွန်နစ်ပဲ အတိုအားဖြင့် ၇ဲ နှင့်အလွန်ဆင်သဖြင့် ပုလိပ်ခေါ်ရဲကို ဘန်းစကား၌ “ခွန်နစ်ပဲ” ဟုခေါ်လေ့ရှိခဲ့သည်။

၉။ “တိုးတိုးသား”

ဦးနုခေတ်က ကျွဲနွားသတ်ခွင့်၊ အမဲသားရောင်းခွင့်တို့ကို တရားဝင်ပိတ်ပင်ထားပါသည်။ သို့သော် အမဲ သားခိုးပေါ်ပြီး ဝယ်သူကလည်းတိုးတိုးမေးရကာ ရောင်းသူကလည်းတိုးတိုးဖြေရပြီး လျှိ့ဝှက်ရောင်းဝယ် သော “မှောင်ခိုဈေး”လုပ်ကြသဖြင့် “တိုးတိုးသား” ဟုခေါ်ခဲ့သည်။ “အမဲသားမပေါ်ရ၊ နွားသားပေါ်ကြ သည်။ ကုလားစု၌ခိုးပေါ်သည်။ “တိုးတိုးသား”ဟုခေါ်ပါသည်။ တပ်ထဲမှတော့ပြောင်ပေါ်သည်။ ဘုရား အလောင်းကြီး မျက်စေ့မှိတ်ကာပုတီးစိတ်နေ၏။ ဒါပေမဲ့ပြည်တော်သာပါသည်”။ ဆိုသောပြက်လုံးလည်း ခေတ်စားခဲ့ပါသည်။

၁၀။ ဇိမ်မယ်

ပြည့်တန်ဆာကို “ဇိမ်မယ်” ဟုဘန်းစကား၌ခေါ်ကြသည်။ ရန်ကုန်သုံးဘန်းစကားဖြစ်သည်။ အခြားအရပ် တွင်နေသူများ ၎င်းဘန်းစကားကို မသိသူ များ၏။

တခါက တောမှရန်ကုန်သို့ ပထမဆုံးအကြိမ်ရောက်လာသူ လူရိုးကြီးတယောက်သည် ဗိုလ်ချုပ်ဈေးထဲ၌ ခေတ်မီမှန်လုံကားကလေးကို ကိုယ်တိုင်မောင်းပြီး ဈေးဝယ်လာသူ ခပ်ချောချောမိန်းမရွယ်တယောက် ကိုမြင်လေရာ သူ့အဖော်တောသူတောသားများအား ထိုမိန်းမရွယ်ကို လက်ညှိုးထိုးပြကာ “မမြင်ဘူးရင် ကြည့်ထားကြ၊ ဇိမ်မယ်ဆိုတာ ဒီိမိန်းမလို ဝတ်စားသွားလာနေထိုင်တာ” ဟုပြောလိုက်ရာ ထိုမိန်းမရွယ် လည်း အလွန်ဒေါသထွက်သွားပြီး ပုလိပ်ခေါ်ကာ အသရဖျက်မှုနှင့်တရားစွဲရန် တိုင်တော့၏။ ပုလိပ်က ထိုတောသားလူရိုးကြီးအား အဘယ့်ကြောင့် ဂုဏ်သိက္ခာရှိ အမျိုးကောင်းသမီးအား ” ဇိမ်မယ်” ဟုယိုး စွပ်ရကြောင်းမေးသောအခါ “ဒီလောက်စည်းစိမ်နဲ့နေရတဲ့မိန်းကလေးဟာ ဇိမ်ရှိတဲ့ဘဝရောက်နေတာ ကြောင့် ကျုပ်က “ဇိမ်မယ်” လို့ပြောမိတာ ကျုပ်ဘာမှားလို့လဲဗျာ။ ခုတော့နေရင်းထိုင်ရင်းရုံးရောက်၊ ဂါတ် ရောက် ဖြစ်ရတော့မယ်။ဒါကြောင့် ဆရာစိန်ကတော့ “ထိပ်ခတ်၊ ကြိုးချည် ခံရကိန်းရှိတယ်လို့ ဟောလိုက် သားဘဲ” ဟုပြောလိုက်မှ ပုလိပ်က “ဦးကြီးကတောသား လူရိုးကြီးမို့ မသိသေးဘူးထင်ပါရဲ့။ ရန်ကုန်မှာ ဇိမ်မယ် ဆိုတာ ပြည့်တန်ဆာမ ကို ခေါ်တာဟုတည့်တည့်ပြောလိုက်မှ “အမယ်လေးဗျာ၊ ဇိမ်မယ် ဆိုတာ ဖာသယ်၊ ကန်တော့ပါရဲ့ သူငယ်မရယ်” ဟုထိုင်ရှိခိုးတော့မလို တောင်းပန်နေလေတော့ရာ မိန်းမရွယ်မှာ လည်း “ငိုအားထက် ရယ်အားသန်”ဆိုသကဲ့သို့ဖြစ်သွားပြီး တရားမစွဲနိုင်ဘဲ ခွင့်လွှတ်လိုက်ရလေတော့ သည်ဟူ၏။

ဇာတိ၊ ဇရာ၊ ဗျာဒိ၊ မရဏာဆိုသောစကားအတိုင်း နုပျိုရာမှအိုမင်းရင့်ရော်ကာကွယ်လွန်ကြပြီး လူဟောင်း များနေရာသို့လူသစ်များရောက်ရှိလာသည့်နည်းတူ၊ ဝေါဟာရအသစ်များက အဟောင်း များနေရာသို့ ဝင်ရောက်လာခြင်းမှာလည်းဓမ္မတာဖြစ်ပါသည်။ လက်ရှိသုံးနေဆဲဘာသာစကားတိုင်း (living languages) မှာ အမြဲအစဉ် ဝေါဟာရ ပြောင်းလဲမှုများ ရှိခဲ့သည်၊ ရှိနေသည်၊ နောင်လည်းရှိနေဦးမည်ဆိုသည့်အချက် အတိုင်း ကောင်းသော ဝေါဟာရပြောင်းလဲမှုများကိုလက်ခံရမည်ဖြစ်သကဲ့သို့ပင် အဆိုးဘက်နွယ်သော ဝေါဟာရပြောင်းလဲမှုများကိုတော့ လက်မခံသင့်ပါ။ ဘန်းစကားဆိုသည်မှာတခေတ်ဟောင်း၍ တခေတ် ပြောင်းသည်နှင့်အတူ ပျောက်ကွယ်သွားလေ့ရှိပါသော်လည်း စကားပုံများမှာမူထိုသို့ဖြစ်လေ့မရှိပါ။

ကိုးကားသောကျမ်းများ။
၁။ လှသမိန်၊ မြန်မာစာအဆီအနှစ်၊ ပညာအလင်းပြတိုက်၊ ရန်ကုန်၊ ၁၉၆၆
၂။ လှသမိန်၊ မြန်မာစာအရသာ၊ ပညာအလင်းပြတိုက်၊ ရန်ကုန်၊ ၁၉၆၈
၃။ လှသမိန်၊ မြန်မာဘန်းစကားများ၊ ပညာအလင်းပြတိုက်၊ ရန်ကုန်၊ ၁၉၆၇
၎။ မြန်မာစာအဖွဲ့၊ မြန်မာအဘိဓာန်၊ ရန်ကုန်၊ ၁၉၈၇
၅။ မြန်မာစာအဖွဲ့၊ Myanmar English Dictionary, ရန်ကုန်၊ ၁၉၉၃
၆။ Gehard Naumann, Le Francှais Pratique, VEB Verlag Enzyklopaedie, Leipzig, 1980
၇။ Gisela Liebold, Harald Liebold, Woerterbuch Deutsch -Franzoesisch, VEB Verlag Enzyklopaedie, Leipzig, 1983
၈။ Patricia Forbes and Margaret Ledésert, French-English, English-French Dictionary, George G. Harap & Co. Ltd. London, 1977
၉။ U Tin Htway, Word-Borrowing and Word-Making in Burmese Language, South Asian Digest of Regional Writing, Vol. 4: Essays on Transliteration, University of Heidelberg, Germany, 1975

မှတ်ချက်။ ကဝိလက္ခဏာသတ်ပုံကျမ်းလာ သတ်ပုံသတ်ညွှန်းများကိုသာသုံးထားပါကြောင်း။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, December 23, 2014

မြန်မာစကားတွင်ပျောက်ကွယ်သွားလုပြီ ဖြစ်သည့် မွေးစားဝေါဟာရများ (အပိုင်း ၁)

ရေးသားသူ — ခင်မောင်စော (ဘာလင်)




မြန်မာတို့အတွက် အခြားဘာသာများမှစကားလုံးများကို မွေးစားစကားလုံးများတီထွင်ခြင်းသည် အဆန်း မဟုတ်ပါ။ ရှေးပဝေဏီကပင် ပါဠိ၊ သင်္သကရိုက် စကားလုံးများကို မွေးစားဝေါဟာရများတီထွင်ခဲ့ကြပါ သည်။ ပုဂံခေတ်တွင်မွန်ဘာသာမှ မွေးစားသောစကားလုံးများပေါ်လာသည်။ ဟံသာဝတီဆင်ဖြူများရှင် (ဘုရင့်နောင်)နှင့်ကုန်းဘောင် ဆင်ဖြူရှင် (မြေဒူးမင်း)တို့လက်ထက်တွင် ယိုးဒယားကိုအောင်နိုင်ပြီးသုံ့ပန်း များခေါ်လာခဲ့ရာမှ ယိုးဒယားဘာသာမှ မွေးစားသော စကားလုံးများပေါ်လာသည်။ သုခုမအနုပညာ၊ သ ဘင် စသည်တို့တွင် ဖိန်းချားသီချင်းစသည့် ယိုးဒယားဘာသာမှ အသံဖလှယ်ပြီး မွေးစားသော စကားလုံး များပေါ်လာသည်။ စားဖွယ်တို့တွင်လည်း မုန့်လုပ်ဆောင်းသည် ယိုးဒယားစကား လုပ်ဆောင်း (ကြမ်း ပေါက်မှကျွံကျသောမုန့် (ဝါ) ဆန်ခါတိုက်မုန့်)၊ ဆနွင်းမကင်းသည် ယိုးဒယားစကား ကနွမ်မော်ဂန်း (ဒယ် အိုးဖုတ်မုန့်)၊ ခဲလံကျည်တောက် (ကောက်ညှင်းကျည်တောက်)သည် ယိုးဒယားစကားခေါက်လမ် (ဝါး ကျည်တောက်ထဲက ကောက်ညှင်း) တို့မှ မြန်မာမှုပြုထားခြင်းဖြစ်ပြီး ကလေးကစားနည်းတခုဖြစ်သော “စွတ်ကပါစိ၊ နံပါစိ” မှာလည်း မူရင်းယိုးဒယားဘာသာမှ အသံဖလှယ်ပြီး မွေးစားသော စကားလုံးဖြစ်ပါ သည်။ အချိုကလည်း ခဲလံကျည်တောက် (ကောက်ညှင်းကျည်တောက်)သည် ရှမ်းစကားခေါက်လမ်မှ လာသည်ဟုယူဆသည်။ မည်သို့ပင်ဖြစ်စေအသံဖလှယ်ပြီး မွေးစားသော စကားလုံးသာ ဖြစ်ပေ၏။

ကုန်းဘောင်ခေတ် နှောင်းပိုင်း ရတနာပုံနေပြည်တော်ခေတ်၌ “ဖရန်စစ်”တို့နှင့်မဟာမိတ်ဖြစ်ရာ ပြင်သစ် ဘာသာမှ မွေးစား သောစကားလုံးများပေါ်လာသည်။ ဗြိတိသျှကိုလိုနီခေတ်သို့ရောက်သောအခါ ခေါ် တောအစ၊ ကျူလီယာအလယ်၊ ပန်ချာဘီအဆုံး၊ ကုလားနွယ်တိုင်းမသိ၊ ထုပတိ သောကုလားများ တံခါး မရှိ ဓားမရှိ ဝင်လာကြသည်မှာ မြန်မာပြည်လူဦးရေ ၁၄ သန်းတွင်ကုလားက ၁.၇ သန်းရှိနေရာတွင် အင်္ဂ လိပ်ဘာသာမှမွေး စားသောစကားလုံးများသာမကဘဲ ကုလားစကားများမှ မွေးစားသောစကားလုံးများ လည်း ပေါ်လာသည်။

ဆရာလှသမိန်ကမြန်မာတို့သည် မွေးစားစကားလုံးများတီထွင်ရာ၌ နည်း ၆ မျိုးသုံးခဲ့ကြောင်းနှင့်၎င်းတို့မှာ

၁။ တိုက်ရိုက်ယူခြင်း၊ ဥပမာများ၊ ဓမ္မတာ၊ ဆန္ဒ၊ ရေဒီယို၊ ကင်မရာ၊
၂။ မြန်မာမှုပြုခြင်း၊ ဥပမာများ၊ ဧဝံဂလိ(အီဗန်ဂျဲလိစ်)၊ ပုလိပ် (ပုလစ်)၊ ကိုဓ (ကုဒ်)၊ ဒက်ထိ (ဒက်ဟိ)၊ ဥပဒ် (ဥပဒ္ဒဝ)၊ ရဟန်း (အရဟန္တ)၊
၃။ အသံလှယ်ယူခြင်း၊ ဥပမာများ၊ ဟိုက်ဒရိုဂျင်၊ ဒီမိုကရေစီ၊ ကွန်မြူနစ်၊
၎။ ထပ်တူဘာပြန်ခြင်း၊ ဥပမာများ၊ ပြည့်တန်ဆာ (နာဂရသောဘိနီ)၊ တဖက်ကမ်းခတ် (ပါရဂူ)၊ ကြက်ခြေနီ (Red Cross)၊ ကြိုးနီစနစ် (Red Tape System)၊
၅။ ရောပြွန်းခြင်း၊ ဥပမာများ၊ ဆင်းရဲဒုက္ခ၊ တရားဓမ္မ၊ ကိတ်မုန့်၊ ရှပ်အင်္ကျီ၊
၆။ သံယောင်လိုက်ခြင်း၊ ဥပမာများ၊ ယမ်းတမ်းသန်းတန်း (ယန္တံသန္တံ)၊ ရောကောသောကော (သောကောရောဂေါ)၊

စာရေးသူကမူ တိုက်ရိုက်ယူခြင်းနှင့်အသံလှယ်ယူခြင်းတို့မှာ တတန်းတစားတည်းဖြစ်သည်ဟုထင်မြင် ယူဆပါသည်။ ဆရာလှသမိန် ပေးထားသောဥပမာများကသက်သေပြနေပါသည်။ ထို့ကြောင့် မွေးစား စကားလုံးများတီထွင်ရာ၌ နည်း ၅ မျိုးသာသုံးခဲ့သည်ဟုထင်မြင်ယူဆပါသည်။

၎င်းပြင် ဆရာလှသမိန်က ဒက်ထိသည် အင်္ဂလိပ်စကား dead heat ကိုမြန်မာမှုပြုခြင်းဖြစ်သည် ဟုရေး ခဲ့ပါသည်။ဤအချက်တွင်လည်း စာရေးသူသည် ဆရာလှသမိန်ကိုလေးစားကြည်ညိုသော်လည်း ဆရာ ၏အဆိုအမိန့်ကိုလက်မခံလိုပါ။ အကြောင်းမှာအင်္ဂလိပ်စကားတွင် dead heat သည် “ပြိင်တူပန်းဝင် သည်၊ အရှုံး အနိုင်မရှိသရေကျသည် ဟု အဓိပ္ပါယ်ရသော်လည်း မြန်မာမှုပြုထားသည်ဟု ဆရာကဆို ထားသည့် မြန်မာ ဒက်ထိ တွင်မူ ပက်ပင်း၊ ရင်ဆိုင်၊ တည့်တည့်၊ တန်းတန်းမတ်မတ် (face to face, exactly, precisely) စသော အဓိပ္ပါယ်ပြောင်းသွားသည့် အတွက်ဖြစ်ပါသည်။ ၎င်းပြင် ဒက်ကနဲ (quickly, immediately); ဒိုးကနဲ ဒက်ကနဲ (responding immediately) စသောကြိယာဝိသေသနများ ရှိနေသည်ကိုလည်းမမေ့အပ်ပါ။ တခါတရံ တိုက်ဆိုင်မှုများရှိတတ်ပါသည်။ ဥပမာ အင်္ဂလိပ်ကြိယာ pay နှင့်မြန်မာကြိယာ “ပေး”၊ အင်္ဂလိပ်နာမ် womb နှင့်မြန်မာနာမ် “ဝမ်း”၊ ဂျာမန်နာမ် Bauch နှင့်မြန်မာနာမ် “ဗိုက်” တို့ အသံထွက်ချင်းရော အဓိပ္ပါယ်ချင်းပါ နီးစပ်မှုများရှိသော်လည်း အသံလှယ်ထားခြင်းမဟုတ် သည်ကိုသတိချပ်ရပေမည်။

ဤစာတမ်းတွင် မွေးစားဝေါဟာရများအားလုံးအကြောင်းတင်ပြမည်မဟုတ်ပါ။ မြန်မာစကားတွင်ပျောက် ကွယ်သွားလုပြီဖြစ်သည့် မွေးစားစကားလုံးများအကြောင်းကိုသာတင်ပြပါမည်။

က။ ပြင်သစ်အသံထွက်မှအင်္ဂလိပ်အသံထွက်သို့ပြောင်းသွားသောဝေါဟာရများ

ဗြိတိသျှကိုလိုနီခေတ်သို့ရောက် သောအခါ ပြင်သစ်ဘာသာမှအသံဖလှယ်ပြီး မွေးစားသောစကားလုံး များနေရာတွင် အင်္ဂလိပ်ဘာသာမှ အသံဖလှယ်ပြီး မွေးစားသောစကားလုံးများနှင့်အစားထိုးသည်။

ဥပမာများမှာ

၁။ ပြင်သစ်ဘာသာမှ oxygène ကို ကုန်းဘောင်ခေတ်နှောင်းပိုင်း၌ “အုပ်ဇူဇင်”ဟုအသံလှယ်ထားသည်။ အင်္ဂလိပ်ခေတ်၌ “အောက်စီဂျင်” ဟုပြင်သော်လည်း သိပ္ပံပညာမသင်ဘူးသူများ၊ အထူးဖြင့် အင်္ဂလိပ်စာ မတတ်သူများကမူ “အုပ်ဇူဇင်”ဟု သာခေါ်မြဲအတိုင်းခေါ်ခဲ့ကြပါသည်။ ကျောင်းသုံး ဒေါင်းတံဆိပ်မြန်မာ ဖတ်စာတွင်လည်း “အုပ်ဇူဇင်” ဟုသာရေးထားပါသည်။ အရပ်သုံးစကားတွင် “အုပ်ဇူဇင်” ဟူသော အ သုံးသည် ၁၉၆၂ အလွန်ပိုင်းအထိ သုံးနေခဲ့ဆဲပါ။

၂။ ပြင်သစ်ဘာသာမှ bière ကို “ဗျစ်” ဟုအသံလှယ်ပြီး မွေးစားသောစကားလုံးကို အင်္ဂလိပ်ဘာသာ beer “ဘီယာ”ဟုပြောင်းရာတွင်မူ အရပ်သုံးစကား၌လျှင်မြန်စွာပြောင်းနိုင်ခဲ့သော်လည်း “မန္တလေး ဗျစ်နှင့် အရက်ချက်စက်ရုံ” ဟူသော အမည်မှာ ပြည်သူပိုင်သိမ်းပြီးချိန်အထိရှိနေခဲ့သေးသည်။

၃။ ကော်ဖီနှင့်ကာဖီ နှစ်ခုလုံးကိုမြန်မာတို့လက်ခုပ်လက်ဝါးသုံးခဲ့ကြရာ ကော်ဖီသည် အင်္ဂလိပ်စကား coffeeမှ အသံဖလှယ်ထားပြီး ကာဖီသည် ပြင်သစ်ဘာသာ café မှလာသည်။ ယခုခေတ်တွင် ကော်ဖီ က ပို၍အသုံးတွင်ကျယ်နေသော်လည်း စာရေးသူတို့ငယ်စဉ်က အထူးဖြင့် အင်္ဂလိပ်စာမတတ်သူများကမူ ကာဖီ ဟုသာသုံးကြပါသည်။ တောသားများ ကော်ဖီနှင့်ပေါင်မုန့်ခြောက်ကို ပထမဆုံးအကြိမ် စားဘူး သောက်ဘူးခဲ့စဉ်ကအရသာအလွန်တွေ့သွားပုံကို စာရေးဆရာကြီးဦးရန်အောင်က “ကာဖီရည် ကောင်း ပါပေရဲ့ အထူး၊ ပေါင်မုန့်ခြောက်ကိုလ၊ တကြွပ်ကြွပ်ဝါးခါပ၊ စားရမေ့ဘူး” ဟု ၁၉၆၁ ခုနှစ်လောက်က မြဝ တီမဂ္ဂဇင်းတွင်ပါသည့် “နှစ်ဇာတ်တစိတ်” ဝထ္ထုတွင်ရေးခဲ့ပါသည်။ ၎င်းဝထ္ထုမှာ မူရင်း ဆရာမင်းသုဝဏ် ၏ “နှစ်ဇာတ်တစိတ်” ကဗျာကို ဇတ်လမ်းဆင်ကာ ဝထ္ထုအဖြစ်ရေးခဲ့ခြင်းဖြစ်ပါသည်။

လက်ဖက်ရည်၊ ကော်ဖီနှင့်ဖုတ်မုန့်စုံရောင်းသောဆိုင်များကိုလည်း “လ္ဘက်ရည်ဆိုင်”၊ “လက်ဘက်ရည် ဆိုင်”၊ “ကဖီး”၊ “ကာဖေး” စသည်ဖြင့်ခေါ်ကြသည်။ ရန်ကုန်မြို့ရှိ”ဆန်းကဖီး” Sun Café မှာ ဗိုလ်ချုပ် အောင်ဆန်း၏မိန့်ခွန်းထဲပါသည် အထိနာမည်ကြီးခဲ့သည်။

၎။ ကပ္ပီတန်
ပေါ်တူဂီစကား Capitano ကိုမြန်မာမှုပြုထားခြင်းဖြစ်သည်။ မာလိန်မှူးဟုလည်းခေါ်သည်။ ဗြိတိသျှကိုလို နီ ခေတ်တွင် အင်္ဂလိပ်အသံထွက် ကက်ပတိန် Captain ဟုပြင်သဖြင့်သင်္ဘောကက်ပတိန်ဆိုသည့် ဝေါဟာရပေါ်လာသည်။ ယခုခေတ်တွင်ရေယာဉ်ဦးစီးမှူးဟု၎င်း၊ သင်္ဘောဦးစီးမှူးဟု၎င်း ဘာသာပြန်ထား သော်လည်း အရပ်သုံးစကားတွင် “သင်္ဘောကက်ပတိန်” ဟုသာသုံးနေဆဲပါ။

၅။ မှတ်ပုံတင်ပြီးပို့သောချောစာများကို “ရေစစ္စရီ”လုပ်သည်ဟုအသံလှယ်ထားသည်။ မြန်မာစာအဖွဲ့ ထုတ် မြန်မာအဘိဓာန်တွင် အင်္ဂလိပ်စကား registry မှလာကြောင်းပြဆိုထားသည်။ သို့ရာတွင် အင်္ဂလိပ် အသံထွက်မှာ “ရေစစ္စရီ” မဟုတ်ဘဲ “ရယ်ဂျစ်ထြီ” ဖြစ်နေသည်။ “ရေစစ္စရီ” သည်ပြင်သစ်အသံထွက် ဆန်နေသော်လည်းပြင်သစ်ဘာသာ၌ ချောစာများမှတ်ပုံတင်သည် ဆိုသောကြိယာကို recommander မှတ်ပုံတင်ပြီးပို့သောချောစာများကို lettre recommandrée ဟုသာခေါ်သဖြင့် ပြင်သစ်ဘာသာမှ အသံ လှယ်ခြင်းမဖြစ်နိုင်ပါ။ ဗြိတိသျှကိုလိုနီ ခေတ်ဦးပိုင်းက အသံလှယ်ရာတွင်ပြင်သစ်အငွေ့အသက် လွှမ်းမိုး မှုများ ကျန်နေသေး၍ပင်လော သို့မဟုတ် အင်္ဂလိပ်စကား registry ကိုမြန်မာမှုပြုခြင်းပင်လောဟုတွေးရ တော့မလိုဖြစ်နေပါသည်။ အခန်း(ခ) ဗြိတိသျှကိုလိုနီခေတ်တွင် မြန်မာမှုပြုထားသော ဝေါဟာရများတွင် ထည့်သွင်းရန် အသံထွက်အနီးစပ်ဆုံး မြန်မာဝေါဟာရရှာကြည့်ရာ ရေစ္စလီငှက်ကိုသာတွေ့ရသည်။ အသံလှယ်ထားသည်က “ရေစစ္စလီ”မဟုတ် ဘဲ “ရေစစ္စရီ”ဖြစ်နေသဖြင့် မည်သည့်ကဏ္ဍတွင် ထည့်သင့် သနည်းဟုစဉ်းစားရာတွင် အခက်ကြုံရသည်။

၆။ ဘီရို၊ ဗီရို
ဘီရို/ဗီရိုကို Myanmar English Dictionary စာမျက်နှာ ၃၁၃ ၌ ပုံဖြင့် two wheeled bullock cart with a wooden, box-like body. [Fr. Bureau] ဟုဖော်ပြထားသည်။ “ဘီရိုပေါ် မောင်နှံတင်၍ ဆောင်ရာအ ရှင် ဇာတာနွမ်းလို့ မြန်းရရှာလေပြီ” ဟု အင်္ဂလိပ်ခေတ်ကဆရာရွှေတိုင်ညွန့်ရေးစပ်ပြီး ဒေါ်စိန်ပါတီသီဆိုခဲ့ သည့် “ပါတော်မူ”သီချင်း၌လည်းပါပါသည်။ စာရေးသူအတွက်ဘဝင်မကျသည်မှာ အနောက်တိုင်းသား များသည် နွားဆွဲသောရထား/လှည်းများကိုစီးလေ့မရှိ၍ပင်ဖြစ်သည်။ French-English Dictionary ၌ bureau ကိုကြည့်ရာ bureau [byro] (pl bureaux) nom masculin [meuble -généralement] desk; [ – à rabat] bureau; bureau à cylindre roll-top desk; [pièce d’une maison] study; [lieu de travail] office စသောအနက်များသာပေးထားပါသည်။ သေတ္တာ၊ ရထား၊ လှည်း စသည်တို့နှင့် နီးစပ်သောအနက်စိုးစဉ်းမျှပြမထားပါ။ ပို၍သေချာစေရန် French – German Dictionary ကိုကြည့်ရာတွင်လည်း အလားတူအနက်ပင်ပေးထားပါသည်။ နောက်ဆုံးအဆင့်အဖြစ် အင်္ဂလိပ် – ပြင် သစ် နှင့် ဂျာမန် – ပြင်သစ် အဘိဓာန်များ၌ှကြည့်ရာ သေတ္တာကို ပြင်သစ်လို boite, အမိုးမပါသော ရထားကို ပြင်သစ်လို calèche, ရထားလုံးကို ပြင်သစ်လို carosse, လှည်းကို ပြင်သစ်လို charette ဟုခေါ်ကြောင်းသာတွေ့ရပါသည်။ ဘီရို၊ ဘီိဒိုစသောအသံထွက် ဆင်တူရိုးမှားကိုသော်မျှ မတွေ့ရသဖြင့် Myanmar English Dictionary စာမျက်နှာ ၃၁၃ ၌ ပုံဖြင့် two wheeled bullock cart with a wooden, box-like body. ဟုဖော်ပြထားသည့် ဘီရို/ဗီရိုလှည်း၏ မူရင်းဇာစ်မြစ်ဗီဇ (etymology) သည် ပြင်သစ်ဘာသာမှမဟုတ်ကြောင်း သေချာသွားပါသည်။ မြန်မာစာအဖွဲ့သည် နိုင်ငံခြားဘာသာသိပ္ပံရှိ ပြင် သစ်ဘာသာဌာနနှင့်ဆက်သွယ်မေးမြန်းခဲ့လျှင်သော်၎င်း၊ သို့မဟုတ်ယခုစာရေးသူ လုပ်ခဲ့သည့်နည်း အ တိုင်း အင်္ဂလိပ် – ပြင်သစ်နှင့် ပြင်သစ် – အင်္ဂလိပ် အဘိဓာန်များ၌ကြည့်ခဲ့လျှင်သော်၎င်း ဤအမှားမျိုးနှင့် ကြုံရမည်မဟုတ်ပေ။ ဝေါဟာရ၏မူရင်းဇာစ်မြစ်ဗီဇ (etymology) ကို အဘိဓာန်၌ပေးရာတွင် ကြားဘူး နားဝဖြင့်မလုပ်သင့်ပါ။ အထပ်ထပ်အခါခါစစ်ဆးသင့်ပါသည်။

ကောင်းပါပြီ။ ဘီရို/ဗီရို လှည်း၏ မူရင်း ဇာစ်မြစ်ဗီဇ (etymology)သည် ဘယ်ကလာသနည်း။ အဝတ် ထည့်သည့် ဘီရို/”ဘီဒို”သဏ္ဌန်လှည်းဖြစ်၍ ပင်လော။ မှန်ခဲ့လျှင် ဘီရို/”ဘီဒို”၏ မူရင်း ဇာစ်မြစ်ဗီဇ (etymology) သည် ဘယ်ကလာသနည်း။ ကုလားစကားတခုခုမှလာသလော။

ခ။ ဗြိတိသျှကိုလိုနီခေတ်တွင် မြန်မာမှုပြုထားသော ဝေါဟာရများ

၁။ သဗြုသီး
အင်္ဂလိပ်စကား deputy ကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့် မြန်မာမှုပြုခြင်းဖြစ်ပါသည်။

ထို့ကြောင့် Deputy Township Officer ကို သဗြုသီးမြို့အုပ်၊ Deputy Road Engineerကို သဗြုသီး လမ်းဗိုလ်၊ Deputy Station Master ကို သဗြုသီးရုံပိုင် စသည်ဖြင့်အရပ်သုံးစကားများပေါ်ခဲ့ပါသည်။ ယခုခေတ် တွင်တော့ “သဗြုသီး” ကို “လက်ထောက်” ဆိုသောဝေါဟာရနှင့်အစားထိုးခဲ့ပြီ။

၂။ ပိန္နဲသီး
ဘောလုံးပွဲ ကြည့်သူများသုံးစကား (Soccer Fans’ Jargon) ဖြစ်သည်။ အင်္ဂလိပ်စကား penalty ကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့် မြန်မာမှုပြုခြင်းဖြစ်ပါသည်။

“ဒီနေ့ ရက်ဖရီ က ဘသောင်း ဆိုတော့ ပိန္နဲသီး ဘယ်နှစ်လုံးပေးမလဲကြည့်ရမယ်ဟေ့” ဟူသောစကားကို ၁၉၆၀ ခု နှစ်များအထိရန်ကုန်မြို့အောင်ဆန်းကွင်း၌ ပင်နယ်တီပေးလွယ်သည်ဟုနာမည်ကြီးခဲ့သည့် မြို့မ ကျောင်းဆရာ ဦးဘသောင်း ဒိုင်လုပ်မည့်နေ့များတွင် “ရှေးမီနောက်မီဘောဝါသနာအိုးကြီးများ”ထံမှကြား ခဲ့ရပါသည်။ ယခုခေတ်တွင်တော့ “ပိန္နဲသီး” ကို “ပြစ်ဒါဏ်ဘော” ဆိုသောဝေါဟာရနှင့်အစားထိုးခဲ့ပြီ။

ထိုနည်းတူစွာပင် ယခင် ၅ – ၃ – ၂ – ၁ ဘောလုံးကစားနည်းပုံစံ အရခေါ်ခဲ့သော လက်ဝင်း Left Wing (နံပတ် ၁၁)၊ လက်အင်နာ Left Inner (နံပတ် ၁၀)၊ စင်တာဖော်ဝပ် Centre Forward (နံပတ် ၉)၊ရိုက် အင်နာ Right Inner (နံပတ် ၈)၊ ရိုက်ဝင်း Right Wing (နံပတ် ၇)၊ လက်ဟတ် Left Half-back (နံပတ် ၆)၊ စင်တာဟတ် Centre Half-back (နံပတ် ၅)၊ ရိုက်ဟတ် Right Half-back (နံပတ် ၄)၊ လက်ဘက် Left Back (နံပတ် ၃)၊ ရိုက်ဘက် Right Back(နံပတ် ၂)၊စသောအသုံးတို့သည် ဘောလုံး ကစားနည်းပုံစံပြောင်း သွားသဖြင့် မြန်မာစကား၌သာမကဘဲ ဘောလုံးကစားနည်း တည်ထွင်ခဲ့သည့် အင်္ဂလိပ်စကား၌ပင်ခေတ် ကုန်သွားခဲ့ပေပြီ။ ဂိုးလီဗာ Goal Keeper (နံပတ် ၁) ကို ယခုခေတ်တွင် “ဂိုးသမား (ဝါ) ဂိုးစောင့်”ဆိုသည့် ဝေါဟာရနှင့်အစားထိုးခဲ့ပြီ ဖြစ်ပါသည်။

၃။ သမ္ဗန်စာ
အင်္ဂလိပ်စကား Summons ကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့် “သမ္ဗန်” ဟု မြန်မာမှုပြုခြင်း ဖြစ်ပါသည်။ မြန်မာလို “ဆင့်ခေါ်စာ” ဟုပြန်နိုင်ပါသည်။ ၎င်းစာလာပို့သူကို “သမ္ဗန်ပျာတာ”၊ ၎င်းစာကို လက်နှိပ်စက်ဖြင့် ရိုက်ပေးသူကို “သမ္ဗန်စာရေး”စသော ဝေါဟာရသစ်များပေါ်လာသည်။

၎။ ဘီးလစ်
အင်္ဂလိပ်စကား bailiff ကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့် “ဘီးလစ်” ဟု မြန်မာမှုပြုခြင်းဖြစ် ပါသည်။ မြန်မာလို “တရားရုံး ပစ္စည်းထိန်းသူ” ဟုပြန်နိုင်ပါသည်။ ဘီးလစ်စာရေးဆိုသော ဝေါဟာရသစ် ပေါ်လာသည်။

၅။ ပြီစီဒင့်
အင်္ဂလိပ်စကား precedent ကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့် “ပြီစီဒင့်” ဟု မြန်မာမှုပြုခြင်း ဖြစ်ပါသည်။ မြန်မာစကားဖြင့် “ယခင်ကအလားတူသေါ်၎င်း ဆင်တူရိုးမှားအမှုကိစ္စတွင်၎င်း ချမှတ်ခဲ့ သည့် ဖြတ်ထုံးဟောင်းကိုကိုးကားပြီးချမှတ်သည့်စီရင်ချက်”ဟုပြန် နိုင်ပါသည်။ ပြီစီဒင့် ဆိုသောဝေါဟာရ သစ် ပေါ်လာသည်။

၆။ ပုလိပ်
အင်္ဂလိပ်စကား police ကို “ပုလိပ်”ဟု မြန်မာမှုပြုထားခြင်းဖြစ်ပါသည်။ Police Constable (PC) or Policeman ကို ပုလိပ်သား ဟုတချို့လူများကခေါ်ခဲ့ကြသည်။

“ငါဟဲ့ယောက်ျား၊ ဧကရီနှိပ်ဘွဲ့တံဆိပ်နှင့် ပုလိပ်သား” အစချီသည့် “ပုလိပ်ပတ်တိုက်”ပေါ်ခဲ့ဘူးသည်။

ဗြိတိသျှကိုလိုနီခေတ်ဦးတွင် မြန်မာပြည်ပုလိပ်များ၊ အထူးသဖြင့်ရန်ကုန်ပုလိပ်များ၏ ၈၀%ခန့်မှာ ကုလား များဖြစ်သည်။ “ဂါတ်တဲလေး ပေါ်မှာနော်ဗျာ၊ ကျွန်တော်ဟာ အငယ်ဆုံးပါဘဲ၊ ပန်ချာပီပုလိပ်ကြီးတွေဝိုင်း ပါလို့၊ ကြောက်အားလန့်အားပို၊ ငိုယိုကာရှိခိုးတောင်းပန်ပါသော်လဲ၊ လက်ထိပ်ကခတ်ထားဆဲ” ဟု ၂၀ ရာစုအစပိုင်းလောက်က ဇာတ်မင်းသားတဦး ချွဲချွဲနွဲ့နွဲ့သီိဆိုခဲ့သည်ကိုထောက်၍လည်းသိနိုင်ပါသည်။

ကိုလိုနီခေတ်က နယ်ချဲ့ လက်ကိုင်တုတ် ပုလိပ်အချို့ကြောင့် ပုလိပ်များနာမည်ပျက်ခဲ့ရပြီး ယောက်ျား ဖျင်းလျှင် ပုလိပ်၊ မိန်းမဖျင်းလျှင် “ကွိတ်” ဆိုသောစကားပုံတခု ပေါ်လာသည်။ “ကွိတ်”ဆိုသည်မှာ “မိန်းမရွှင်၊ ကြေးစားမကို အင်္ဂလိပ်ခေတ်က ခေါ်သော ဘန်းစကား ဖြစ်သည်။

ဂျပန်ခေတ်မှစပြီး “ရဲ” ဟု အမည်ပြောင်းခဲ့သော်လည်း အရပ်သုံးစကား ၌လျှင်မြန်စွာမပြောင်းနိုင်ခဲ့ပေ။ ယခုခေတ်၌ ရဲကားများတွင် ယခင်ကဲ့သို့ မြန်မာစာဖြင့် “ရဲ” ဟုရေးမထားတော့ဘဲ အင်္ဂလိပ်စာဖြင့် Police ဟုသာတွေ့ရပါသည်။ အင်္ဂလိပ်စကားသုံးနိုင်ငံများတွင်ရောပြင်သစ်စကားသုံးနိုင်ငံများတွင်ပါ ရဲကားများ တွင် Police, ဂျာမန်စကားသုံးနိုင်ငံများတွင် Polizei, စကင်ဒီနေဗီယန်နိုင်ငံများတွင် Politi, စပိန်စကား သုံးနိုင်ငံများတွင်Policia ဟုရေးထားတတ်သဖြင့် အပြည်ပြည်က လူတကာ နားလည်နိုင်သည့် အမည်ကို သုံးသည်ဖြစ်၍လက်ခံကြိုဆိုရပေမည်။ ကြာလျှင် အရပ်သုံးစကား၌ “ပုလိပ်”ဟူသောအသုံး ပြန်၍ခေတ် စားလာနိုင်လေသည်။

၇။ ဆားပုလင်း
အင်္ဂလိပ်စကား surveillanceကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့် “ဆားပုလင်း” ဟု မြန်မာမှု ပြုခြင်းဖြစ်ပါသည်။ မြန်မာစကားဖြင့် “နောက်ကွယ်မှစောင့် ကြည့်ထောက်လှန်းနေမှု” ဟုပြန်နိုင်ပါသည်။ အရပ်သုံးစကား၌ “ဆားပုလင်း”ဟူ၍၎င်း “လူဆိုးထိန်း ပုလိပ်” ဟူသောအသုံး ပေါ်လာသည်။ မဆလ ခေတ်က ဆရာမင်းသိင်္ခ၏ “ဆားပုလင်းနှင်းမောင်” ဝထ္ထု များနှင့်အသံထွက်ဇာတ်လမ်းများ ခေတ်စားခဲ့ သဖြင့်အင်္ဂလိပ်ခေတ်သုံး“ဆားပုလင်း” ဆိုသောဝေါဟာရ ပြန်လည်အသက်ဝင်လာသည်။

၈။ စာသင်
အင်္ဂလိပ်စကား sergeantကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့် “စာသင်” ဟု မြန်မာမှုပြုခြင်းဖြစ် ပါသည်။ ယခုခေတ်တွင်တော့ “စာသင်” ကို “တပ်ကြပ်” ဆိုသောဝေါဟာရနှင့်အစားထိုးခဲ့ပြီ။

၉။ ဂေါ်ရာ
ကုလားစကားများမှ Gora ကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့် ” ဂေါ်ရာ” ဟု မြန်မာမှုပြုကာ မွေးစားသောစကားလုံးဖြစ်ပါသည်။ အနောက်တိုင်းသားဟုအဓိပ္ပါယ်ရ၏။ “အရှေ့ပြုဗ္ဗာ၊ အနောက်ဂေါ ယာ” ဆိုသော မြန်မာ – ပါဠိစာချိုးရှိပါသည်။ မျက်နှာဖြူတပ်ကြပ် အထူးသဖြင့်စကော့တလန်သားတပ် ကြပ်များကို ” ဂေါ်ရာစာသင်”ဟုခေါ်သည်။ ရန်ုကုန်မြို့ရွှေတိဂုံဘုရားအနီး၌ ဂေါ်ရာကုန်းဟုခေါ်သော တောင်ကုန်းတခုရှိ၏။ အင်္ဂလိပ်ခေတ်ကစကော့တလန်တပ်သားများတပ်စွဲရာကုန်းဖြစ်သဖြင့် ဂေါ်ရာကုန်း ဟုအမည်တွင်သွားသည်။

“ဂေါ်ရာစာသင်” များသည်မြန်မာပြည်တွင်နာမည်ကောင်းရခဲ့ဟန်မရှိပါ။ ၁၉၃၆ ခု၌ တက္ကသိုလ်ကျောင်းသားများသပိတ်မှောက်ကြရာ မူလတန်း (Primary)၊ အလယ်တန်း (Secondary)နှင့်အထက်တန်း (Higher Grade) ဆရာဖြစ်သင်ကျောင်းများမှ ဆရာမလောင်းများကို ကျောင်းမတက်ရန်သပိတ်တားရာတွင်မအောင်မြင်သဖြင့်တက္ကသိုလ်ကျောင်းသားများက ပထမတွင် “သပိတ်မမှောက်တဲ့ကျောင်းသူတွေ၊ ဒေါက်တာဘမော် နင်တို့လင်လား”ဟုကလိပြီးသံချပ်ထိုးကြရာ၌ ခပ်စွာစွာ၊ခပ်ရွဲ့ရွဲ့ကျောင်းသူအချို့က ” ဒေါက်တာဘမော်ကိုလင်တော်ရရင် နန်းရင်းဝန်ကတော်တောင် ဖြစ်မှာ၊ ဒို့ဘာမှနာစရာမရှိဘူး”ဟုပြန်ရွဲ့ကြသဖြင့် ကျောင်းသားများအကြံထုတ်ပြီး “သပိတ်မမှောက်တဲ့ ကျောင်းသူတွေ၊ ဂေါ်ရာစာသင် နင်တို့လင်လား”ဟုပြောင်းပြီးသံချပ်ထိုးရာတွင်မူကား ” ဂေါ်ရာစာသင် ကိုတော့ လင်မတော်ချင်ဘူး” ဟုဆိုကာ သပိတ်မှောက်ကြသည်ဟု ထိုစဉ်ကဆရာမလောင်းများဖြစ်ခဲ့ ကြသော ကျွန်တော်တို့၏ကျေးဇူးရှင်ဆရာမကြီးများထံမှကြားခဲ့ဘူးပါသည်။

၁၀။ စပါးလင်
လေသင်္ဘော Air Ship ကိုအရပ်သုံးစကား၌ခေါ်သော ဇက်ပလင် Zeppelin ကို အသံထွက်အနီးစပ် ဆုံးမြန်မာဝေါဟာရဖြင့် “စပါးလင်” ဟု မြန်မာမှုပြုခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ငယ်စဉ်ကသင်ခဲ့ရသော ဒေါင်းတံဆိပ် တတိယတန်းမြန်မာဖတ်စာတွင် လေယာဉ်ပျံနှင့်လေသင်္ဘောအကြောင်း၌ ” လေသင်္ဘော မျိုးစုံတွင် ဂျာမနီပြည်မှ ဇက်ပလင်အမည်ရှိအမတ်ကြီးတည်ထွင်သော လေသင်္ဘောမျိးမှာ အထူးကောင်း မွန်သဖြင့် နောင်တွင် လေသင်္ဘောများကို ဇက်ပလင် ဟုသာခေါ်ကြလေတော့သည်” ဟုရေးထားပါသည်။ ၁၉၃၇ ခု မေလက ပထမဆုံးအကြိမ် အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပျံသော ဟင်းဒဲန်ဘုဂ် (Hindenburg) ဟုအမည်ပေးထားသည့် ဂျာမန်လေသင်္ဘော (ဇက်ပလင်) နယူးယောက်လေသင်္ဘော ဆိပ်ပေါ်ရောက်နေပြီး ဆိုက်ကပ်ရန်လုပ်နေစဉ် မီးလောင်ပေါက်ကွဲသွားသဖြင့် ခရီးသည်များစွာသေကျေ မှုဖြစ်ပြီးနောက်ပိုင်း လေသင်္ဘော (ဇက်ပလင်) ခေတ်ကုန်သွားသည့်နည်းတူ လေသင်္ဘော (ဇက်ပလင်) ကို “စပါးလင်” ဟု မြန်မာမှုပြုထားသည့်ဝေါဟာရသည်လည်း ခေတ်ကုန်သွားလေသည်။

ဂ။ ဗြိတိသျှကိုလိုနီခေတ်တွင် အသံလှယ်ထားသော ဝေါဟာရများ

၁။ ဘာဆာ
တက္ကသိုလ်၊ ကောလိပ်များသုံးစကား (University/College Jargon) ဖြစ်သည်။ အင်္ဂလိပ်စကား bursar ကို “ဘာဆာ”ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။ မြန်မာလို “တက္ကသိုလ်၊ ကောလိပ်များ ၏ငွေစာရင်း နှင့်ဘဏ္ဍာရေးမှူး” ဖြစ်ပါသည်။

၂။ ကေဂျီ (KG)
အင်္ဂလိပ်စကား Kindergarten ၏အတိုကောက် KGကို အသံလှယ်ထားခြင်းဖြစ်ပါသည်။ မူရင်းမှာ ဂျာမန် စကားဖြစ်သည်။ Kinder = Children = ကလေးများ၊ Garten = Garden = ဥယျာဉ်။ အင်္ဂလိပ် အဘိ ဓာန် တွင် Kindergarten ကို a school or class for young children between the ages of four and six years ဟုဆိုထားသဖြင့် မြန်မာလို သူငယ်တန်းဟုပြန်ထားခြင်းမှာ ဆီလျော်ပါ သည်။ စာရေးသူ တို့ ငယ်စဉ်က ခရစ်ယာန်သာသနာပြု ကျောင်းများတွင် ကေဂျီ KG ကို LKG (Lower Kindergarten) သူငယ်တန်း ကလေး၊ MKG (Middle Kindergarten) သူငယ်တန်းအလတ်၊ HKG (Higher Kinder-garten) သူငယ် တန်းအကြီး အဖြစ်သုံးတန်း ထားသည်။ နောက်ပိုင်းပေါ်လာသည့် “မူကြိုကျောင်း”များ အလားတူပင်ဖြစ်သည်။

၃။ ဗြန်ဒီ
အင်္ဂလိပ်စကား Brandy ကို ” ဗြန်ဒီ”ဟု ကုန်းဘောင်ခေတ်နှောင်းပိုင်း ရတနာပုံနေပြည်တော်ခေတ်၌ ယောအတွင်းဝန်ဦးဘိုးလှိုင်က အသံလှယ်ထားခြင်းဖြစ်ပါသည်။ ယခုခေတ် တွင်တော့ ” ဗြန်ဒီ” ကို “ဘရန်ဒီ” ဆိုသောစာလုံးပေါင်း နှင့်အစားထိုးခဲ့ပြီ။ ” ဗြန်ဒီ”စာလုံးပေါင်းကိုကြည့်ခြင်းဖြင့် ကုန်းဘောင် ခေတ်နှောင်းပိုင်း ရတနာပုံနေပြည်တော်ခေတ်အထိမြန်မာစာလုံးပေါင်းပုံနှင့်ရခိုင်စာလုံးပေါင်းပုံ နီးစပ် နေသေးကြောင်းထင်ရှားသည်။ ရခိုင်တို့က program ကို “ပြောဂြမ်း” ဟုအသံလှယ်ပုံနှင့်ယှဉ်ကြည့်ပါ။

၎။ အင်စပက်တော်
အင်္ဂလိပ်စကား Inspector ကို “အင်စပက်တော်”ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။ ပုလိပ် အင်စပက်တော်၊ ယစ်မျိုးအင်စပက်တော်၊ ကျန်းမာရေးအင်စပက်တော်၊ စသောဝေါဟာရသစ်များပေါ်လာသည်။

၅။ ကွန်ပေါင်ဒါ
ဆေးရုံသုံးစကား (Hospital Jargon) ဖြစ်သည်။အင်္ဂလိပ်စကား Compounder ကို “ကွန်ပေါင်ဒါ “ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။ မြန်မာစကားဖြင့် “ဆေးစပ်သူ (ဝါ) ဆေးဖေါ်သူ” ဟုပြန်နိုင်ပါသည်။ အရပ်သုံးစကား၌ “ဆေးရုံကွန်ပေါင်ဒါ ” ဟူသောအသုံးပေါ်လာသည်။

၆။ ဝါဒါ
အကျဉ်းထောင်သုံးစကား (Prison Jargon) ဖြစ်သည်။ ဗြိတိသျှအင်္ဂလိပ်စကား (British English) Warder ကို “ဝါဒါ”ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။ မြန်မာလို ” ထောင်ကြပ်” ဟုပြန်ပါသည်။ “ထောင်ဝါဒါ၊ ထောင်ပျာတာ” စသည်ဖြင့်အရပ်သုံးစကားလုံးများပေါ်ခဲ့ပါသည်။

၇။ ဝါဒင်
တက္ကသိုလ်၊ ကောလိပ်များသုံးစကား (University/College Jargon) ဖြစ်သည်။ ဗြိတိသျှအင်္ဂလိပ်စကား (British English) Warden ကို “ဝါဒင်”ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။ မြန်မာလို “အဆောင်မှူး” ဟုပြန်ပါသည်။ အမေရိကန်သုံးအင်္ဂလိပ်စကား (American English) တွင်မူ Warden သည် အကျဉ်း ထောင်တခု၏အကြီးဆုံးအရာရှိ (ဝါ) ထောင်ပိုင်ကြီးဖြစ်သည်။

၈။ ကပ်စတန်
အင်္ဂလိပ်စကား Customs ကို “ကပ်စတန်”ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးချိန်က အကောက်ရုံး ဟုခေါ်ခဲ့ပြီးယခုခေတ်တွင်အကောက်အခွန်ဦးစီးဌာန ဟုခေါ်နေသည်။

၉။ ပိုင်းလော့
အင်္ဂလိပ်စကား pilot ကို “ပိုင်းလော့”ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။ မြန်မာလို လေယာဉ်ပျံ ပိုင်း လော့နှင့်သင်္ဘောပိုင်းလော့ ဟူသာအခေါ်တို့ရှိခဲ့သည်။ ယခုခေတ်တွင်လေယာဉ်မှူးနှင့်ရေကြောင်းပြအရာ ရှိ ဆိုသောဝေါဟာရများဖြင့်အစားထိုးလိုက်ပြီဖြစ်သည်။

၁၀။ ဂေါ်ဝါနာ
အင်္ဂလိပ်စကား Governor ကို “ ဂေါ်ဝါနာ”ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။ မြန်မာလိုဘုရင်ခံဟု၎င်း ဘုရင်ခံမင်းကြီးဟု၎င်းဘာသာပြန်ကြပါသည်။ ထို့ကြောင့် Lt. Governor ကို ဒုတိယဘုရင်ခံဟု၎င်း၊ ဒုတိ ယဘုရင်ခံမင်းကြီးဟု၎င်းဘာသာပြန်ကြပါသည်။

ဘုရင်ခံ ဆိုသောဝေါဟာရအကြောင်းနှင့်ပတ်သက်၍ ပြောလိုသည်မှာမင်းတုန်းမင်းခေတ်အစ ဦးနေဝင်း ခေတ်အဆုံး မြန်မာ “စာနယ်ဇင်း” များတွင် အမေရိကန်ပြည်နယ်များမှ Governor များကို ပြည်နယ် ဘုရင်ခံဟုသာရေးခဲ့ကြပါသည်။ ယခုခေတ်တွင် အချို့လူများက ” ပြည်နယ်အုပ်ချုပ်ရေးမှူး” ဟု မြန်မာ လိုဘာသာပြန်ခဲ့ကြပါသည်။ မြန်မာစကား၌ ဝန်ကြီးသည် အုပ်ချုပ်ရေးမှူးထက် ရာထူးကြီးပါသည်။ ဘုရင် ခံ သည် ဝန်ကြီးထက်မြင့်သော ရာထူးဖြစ်ပါသည်။ ဝန်ကြီးချုပ် (တချိန်က ရုပ်သေးစကားအတိုင်း နန်းရင်း ဝန်ဟုခေါ်ခဲ့သော) ဒေါက်တာ ဗမော်၊ ဂဠုန်ဦးစော တို့မှာ အင်္ဂလိပ်ဘုရင်ခံ Governor ၏ လက်အောက် တွင် Prime minister တာဝန်ယူရပါသည်။ ၎င်းတို့အောက်တွင် ဝန်ကြီးများ ministers ရှိပါသည်။ ယနေ့ တိုင် ကနေဒါ၊ ဩစတြေးလျတို့မှ Governor General များကို ဘုရင်ခံချုပ် ဟု မြန်မာလို ဘာသာပြန်နေ ဆဲပင်ဖြစ်ပါသည်။

အင်္ဂလိပ်အဘိဓာန်တွင် governor ကို “the representative of the Crown in a British colony” ဟုအဓိပ္ပါယ်ပေးကာ အမေရိကန်အဘိဓာန်တွင် governor ကို “the executive head of a state in the U.S.” ဟုအဓိပ္ပါယ်ပေးပါသည်။ အုပ်ချုပ်ရေးမှူးဆိုလျှင် administrator သာဖြစ်ပါ လိမ့်မည်။ ထို့ကြောင့် governor ကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟု မြန်မာလိုဘာသာမပြန်သင့်ပါ။ အချို့လူ များကလည်း ယခု မြန်မာပြည်၏ပြည်နယ်များက Chief Minister များကိုခေါ်သည့်အတိုင်း အမေရိကန် ပြည်နယ်များမှ Governor များ နှင့် Lt. Governor များကို ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်ဟု မြန်မာလို ဘာ သာပြန်နေကြပါသည်။ အမေရိကန်ပြည်ထောင်စုမှာရော အမေရိကန်ပြည်နယ်များမှာပါ ဝန်ကြီးချုပ် premier, prime ministerဆိုသောအသုံးများမရှိပါ။ ထို့ ကြောင့်ဝန်ကြီးချုပ်၊ ဒု ဝန်ကြီးချုပ် ဟု မြန်မာလို ဘာသာမပြန်သင့်ပါ။

(ဆက်လက်ဖော်ပြပါမည်)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, December 19, 2014

နိုင်ငံရေးဆွေးနွေးပွဲဖိတ်ကြားခြင်း

ရေးသားသူ —အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, December 16, 2014

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ဖိတ်ကြားလွှာ

     ရေးသားသူ — စောထွန်းထွန်း

ကရင်သက္ကရာဇ် ၂၇၅၄ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ဖိတ်ကြားလွှာ 

ကိုရီးယားနိုင်ငံရောက် တိုင်းရင်းသား ညီအကို၊ မောင်နှမများ အားလုံးနှင့် အဖွဲ့စည်း အသီးသီးက တာဝန်ရှိသူများနှင့်၊ အဖွဲ့ဝင်များ အားလုံးတို့ခင်ဗျား 

ကရင်သက္ကရာဇ် ၂၇၅၄ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို လာမည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် တနင်္ဂနွေနေ့ နံနက် ၁၁း၀၀ နာရီအချိန်မှ ညနေ ၄း၀၀ နာရီအချိန်အထိ အင်ချွန်းမြို့ ဆန်းဂုံးခန်းမ ( 인천광역시 남동구 은봉로 60 번길 46 상공회의소 ) တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကြွရောက် အားပေး ချီးမြင့်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ 

ယခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ကရင်ရိုးရာ ဒုံးယိမ်း အက၊ တေးဂီတတို့ဖြင့် စိတ်နှလုံး ပျော်ရွင်စွာ ဖျော်ဖြေတင်ဆက်ကာ ကြွရောက် လာကြသည့် ဧည့်သည်တော်တို့အား ၀က်သားချိုချက်၊ ကရင်လူမျိုးတို့၏ ရိုးရာဟင်းလျာ အစားအသောက်တို့ဖြင့် တည်ခင်း ဧည့်ခံမည်ဖြစ်ပါသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီ ( ကိုရီးယားနိုင်ငံ )

လမ်းညွန်- 
အင်ချွန်း (ဆုံဒို - အိုအီဒို ) ရထား အဝါလိုင်း နမ်ဒေါင်းအင်တာစပက် (Namdong Induspark) ဘူတာ ထွက်ပေါက် ၂ မှထွက်လျှင် လမ်းညွှန်များတွေ့ ရပါမည်၊၊ 

인천 광역시 남동구 노현동 447 
인천광역시 남동구 은봉로 60 번길 46 상공회의소 



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, December 9, 2014

ဝမရှိဘဲ ဝိလုပ်၍မရပါ

ရေးသားသူ — အရှင်စန္ဒိမာ (မွန်စိန်တောရ)



ယနေ့မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အာဏာဆုပ်ကိုင်ထားကြဆဲ စစ်ဗိုလ်ချုပ်တွေအကြား သဘောထားတင်းမာသူ စနစ်ဟောင်းကိုဖက်တွယ်ချင်သူတွေနဲ့ သဘောထားပျော့ပြောင်းသူ အပြောင်းအလဲကို လိုလားသူတွေရဲ့ အားပြိုင်မှုရှိတယ်လို့ ထင်မြင်ယူဆကြတယ်။ ဥပမာ အစိုးရနဲ့ လွှတ်တော်အကြား အားပြိုင်မှုပုံစံမျိုးလည်း ပါဝင်ပေလိမ့်မယ်။ ဒီအားပြိုင်မှုမှာ သဘောထားတင်းမာသူတွေ အသာစီးရထားတဲ့သဘော တွေ့နေရတယ်။ သို့သော် ထိုအားပြိုင်မှုတွေဟာ အစစ်အမှန်မဟုတ်ဘဲ စစ်ဗိုလ်ချုပ်တွေရဲ့ စစ်အာဏာတည်မြဲရေး အန္တိမရည်မှန်းချက်အတွက် ဟန်ပြအနေနဲ့ ကျရာအခန်းမှ သရုပ်ဆောင်နေကြခြင်းသာ ဖြစ်တယ်လို့ မြင်ကြသူတွေလည်း ရှိကြတယ်။ ဒီလိုမြင်ခြင်းဟာလည်း အကြောင်းမဲ့တော့ မဟုတ်ပါ။ ဦးသိန်းစိန်အစိုးရတက်လာချိန်ကနေ ကြည့်လိုက်ရင် အစိုးရနဲ့ လွှတ်တော်မှာ အာဏာခွဲဝေယူထားကြတဲ့ စစ်ဗိုလ်ဟောင်းတွေရဲ့ အနှစ်မပါတဲ့ ခုတမျိုး တော်ကြာတမျိုး ပြောဆိုလုပ်ဆောင်နေကြပုံတွေက နဂိုရှိခဲ့တဲ့ စစ်အုပ်စုအပေါ် လူထုရဲ့ အယုံအကြည်ကင်းမဲ့မှုကို ခိုင်မာစေခဲ့တယ်။

အစိုးရလုပ်ရပ်တွေကို ထောက်ခံနေကြသူတွေထဲမှာ ရရှိစံစားနေကြရတဲ့ ကိုယ်ကျိုးစီးပွါးတွေ အပွန်းအပဲ့မခံနိုင်တာကြောင့် တင်းမာတဲ့ အာဏာရှင်ထိပ်သီးကြီးတွေရဲ့ ယိမ်းနွဲ့ရာကို အလိုက်သင့်ကနေကြသူတွေက အများစုဖြစ်နိုင်ပါတယ်။ ထိုအထဲမှာ မဆလဟောင်းတွေ ကြံ့ဖွံ့တွေ စစ်တပ်အဆက်အနွယ်တွေ ခရိုနီတွေပါဝင်သလို ပညာရှင်အမည်ခံထားသူတချို့နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခဲ့ကြဖူးသူတချို့တောင် ပါဝင်နေမယ် ထင်ပါတယ်။ ပြည်တွင်းမှ ဒီမိုကရေစီအမည်နာမ ခံယူထားကြသူတချို့သာမက ယုတ်အစွဆုံး လက်နက်ကိုင်တိုင်းရင်းသားအင်အားစု တစိတ်တဒေသထဲကတောင် အာဏာရှိစစ်အုပ်စုရဲ့ ယိမ်းနွဲ့ရာ လိုက်ပါချင်ကြသူတွေကို တွေ့လာရပါတယ်။ ထိုသူတွေကလည်း အာဏာရှိသူတွေရဲ့ မတရားမှုတွေကို ဝေဖန်ထောက်ပြသူတွေ ပွင့်ပွင့်လင်းလင်း ကန့်ကွက်ရှုတ်ချကြသူတွေကို အစိုးရလုပ်သမျှအကောင်းမမြင် ထိပ်တိုက်တွေ့ချင်သူတွေအဖြစ် သက်မှတ်ကြတယ်။

ဖြစ်စဉ်တခုကို ဝါးလုံးသိမ်း မှတ်ချက်ချသုံးသပ်ပြောဆိုဖို့ မသင့်ဘူးဆိုတာကိုလည်း သတိပြုဆင်ခြင်ရမယ့် အချက်တခုအဖြစ် လက်ခံပါတယ်။ မြန်မာ့ဆိုလစ်လမ်းစဉ်ပါတီ တန်ခိုးထွားခဲ့စဉ်က မြို့နယ်ပါတီယူနစ် ထိပ်တန်းတာဝန်ရှိသူတဦးရဲ့ ဇနီးသည်ဟာ ခင်ပွန်းဖြစ်သူရဲ့ လစာနဲ့ မိသားစုစားဝတ်နေရေးအတွက် မလောက်မငှတာကြောင့် အိမ်မှာ တနိုင်တပိုင်အနေနဲ့ ပဲ အာလူး စတဲ့ အသီးအနှံတွေကို ကြော်လှော်ထုတ်ပိုးကာ အိမ်ဆိုင်လေးတွေ ကွမ်းယာဆိုင်လေးတွေဆီကို သွားရောက်ဖြန့်ဖြူးရောင်းချပြီး မိသားစုစားဝတ်နေရေးကို တဖက်တလမ်းမှ ဖြည့်ဆည်းပေးခဲ့ရတယ်လို့ သူတို့နဲ့ နီးစပ်သူတချို့ထံမှတဆင့် ကြားသိခဲ့ရဖူးပါတယ်။

မိုးခါးရေသောက်တတ်တဲ့ လောကထဲမှာ ထိုကဲ့သို့ ကိုယ်ကျင့်တရားဖြူစင်မြင့်မြတ်သူ ပုဂ္ဂိုလ်မျိုးဟာ ရှားရှားပါးပါး ရှိကောင်းရှိနိုင်ပေမယ့် ရေရှည်ရပ်တည်နိုင်ဖို့ အတော်ပင် ခက်ခဲပေလိမ့်မယ်။ ဒါကြောင့် ယခုခေတ် ကြံ့ဖွံ့တွေနဲ့ စစ်တပ်အသိုင်းအဝိုင်းအားလုံးကို ဝါးလုံးသိမ်းအပြစ်မြင်ရန် မသင့်တာကို လက်ခံနိုင်ပေမယ့် လူမှန်လူကောင်းတွေ ခေါင်းဖေါ်ခွင့်မရအောင် အာဏာရှင်စနစ်ဆိုးလက်မဲကြီးတွေရဲ့ အချိန်မရွေး ဂုတ်ဆွဲခံသွားရနိုင်တဲ့ အန္တရာယ်ကလည်း ရှိနေတာကြောင့် စစ်တပ်နဲ့ အစိုးရယန္တယားထဲမှာ ဒီလိုစိတ်ဓါတ်ဖြူစင်သူတယောက်တလေမျှ ရှိမှ ရှိနိုင်ပါတော့မလားလို့ တွေးမိပါတယ်။ ၂၀၀၈ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ထိုးခဲ့လို့ ထောင်၂ နှစ် အချခံလိုက်ရတဲ့ ဗိုလ်မှူးကျော်စွာဝင်းဟာ အာဏာရှင်လက်မဲကြီးတွေရဲ့ ဂုတ်ဆွဲခံရတဲ့ နောက်ဆုံးသားကောင်အဖြစ် ကျရောက်သွားခဲ့ရပြီ မဟုတ်ပါလား။

လူတွေအကြား အမြင်မတူတာ သဘာဝကျပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ ကိုယ်ကျိုးရှာမှု ငါတကောကောမှုတွေနဲ့ လူထုဘဝတခုလုံးကို နင်းခြေဖျက်ဆီးခဲ့ကြသူတွေရဲ့ အတောမသတ်နိုင်သေးတဲ့ ဝိသမလောဘ လိမ်လည်လှည့်ပတ် လူသားမဆန်တဲ့ လုပ်ရပ်တွေကို ထင်ထင်ရှားရှား တွေ့မြင်နေရပါလျှက် အချိန်ယူရမယ် စိတ်ရှည်ရမယ် သီးခံရမယ် စတဲ့ ကြားကောင်းရုံမျှ အိညက်အိညက်စကားလုံးတွေကို သစ္စာတရားတပါးလို ကြိုဆိုထောက်ခံ ဝါဒဖြန့်ပေးနေကြသူတွေဟာ ဘယ်လိုလူစားမျိုးဖြစ်မလဲဆိုတာ လွယ်လွယ်နဲ့ နားလည်သဘောပေါက်နိုင်ပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အမြင်မတူတာ ရှိနိုင်ပေမယ့် အနိုင်ကျင့်မှုတွေ မတရားမှုတွေ မမျှတမှုတွေရဲ့ ဒဏ်ကို လူးလှိမ့်ခံနေကြရတဲ့ သာမာန်ပြည်သူတွေ လူထုဘက်မှ ရပ်တည်ကာကွယ် အဖြစ်မှန်ကို ထုတ်ဖေါ်ရေးသားပေးနေကြတဲ့ သတင်းသမား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ဖမ်းဆီးထောင်ချမှုတွေ လျှော့ကျသွားမှု မရှိသေးတာကတော့ ငြင်းမရတဲ့ လက်ရှိအနေအထားတွေပါ။

ယခု ဂေါဝိန်ဆိပ်က ဆင်းရဲသားပြည်သူတွေရဲ့ တဲအိမ်တွေ အဓမ္မဖယ်ရှားခံကြရတဲ့ဖြစ်ရပ်မျိုးတွေဟာ မြန်မာပြည်မှာ ဖြစ်နေကျ မရိုးနိုင်တဲ့ ဖြစ်စဉ်တွေပါ။ နော်ဝေးဘုရင်ကြီးကိုယ်တိုင် တွေ့မြင်သွားခဲ့တဲ့ ကိုယ့်နိုင်ငံသားအောက်ခြေလူတန်းစားတွေအပေါ် အကြင်အနာမဲ့တဲ့ လုပ်ရပ်အတွက် အစိုးရအာဏာပိုင်တွေ ရှက်တတ်မယ်တော့ သိပ်မထင်မိပါဘူး။ သမီးကလေးရွာသူရွာသားများ ခံစားခဲ့ရတဲ့ ဒုက္ခတွေ၊ သံဆူးကြိုးအုတ်တံတိုင်းကြီးတွေကို ခက်ခက်ခဲခဲ ကျော်တက်ပြီး နေ့စဉ်ကျောင်းသွားနေကြရတဲ့ ကလေးတွေရဲ့ ဒုက္ခတွေ၊ တရားလိုဖြစ်ရမယ့်သူတွေက တရားခံဘဝရောက်ကာ ထောင်နန်းစံနေကြရတဲ့ လယ်သမားတွေရဲ့ ဒုက္ခတွေကို နော်ဝေးဘုရင်ကြီး မြင်နိုင်သိနိုင်ခဲ့မယ်ဆိုရင် မဖြစ်ဖူးမြဲ ဖြစ်လေစွတကားလို့ အံ့သြစိတ်မကောင်းခြင်းကြီးစွာ ဖြစ်အုံးမှာ သေချာပါတယ်။

ဂေါဝိန်ဆိပ်ဖြစ်ရပ်ဟာ နော်ဝေးဘုရင်ကို အဖားလွန်ကဲတဲ့ အစိုးရရဲ့ ရှက်ဖွယ်အလိမ်ပေါ်မှုတခုပါ။ ဝမရှိဘဲ ဝိလုပ်၍မရပါ။ အရှိကို အရှိအတိုင်းလက်ခံပြီး စေတနာမှန်ဖြင့် အရာရာကို ရိုးသားစွာ ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဂေါဝိန်ဆိပ်ဖြစ်ရပ်ဟာ အာဏာလက်ဝယ်ရှိသူတွေ စိတ်ထားမှန်ဖို့ လိုအပ်နေကြောင်း ကမ္ဘာကို မီးမောင်းထိုးပြ အသိပေးကြော်ငြာလိုက်သလို ဖြစ်စေခဲ့ပါတယ်။

မိုးမခ မှကူးယူဖော်ပြသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ငါတို့ မျက်နှာကောင်းမရဘူး – ဘယ်သူမှမချီးကျူးဘူး

ရေးသားသူ —တူမောင်ညို



ရေခဲတောင်တက်၊ ခေါင်းလောင်းဆယ်၊ မျိုးစောင့်ဥပဒေ၊ စသဖြင့် ထွင်လုံးတွေ အစီအရီဆိုသလို ပေါ်ပေါက်နေပါတယ်။

အဲဒီထဲကနေ နောက်ဆုံးပေါ်လာတာတစ်ခုက “ခေတ်အဆက်ဆက်ကျဆုံးသွားတဲ့သူရဲကောင်းစစ်သည်များ အလေးပြုပွဲ” တဲ့။ “ဘီဘီစီ၊ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ” တို့မှာ ဒီသတင်းတွေပါသလားတော့ မသိပါဘူး။

(FB) မိတ်ဆွေ တစ်ဦးက (share) လို့ ရှေ့ဆုံးတန်းမှာ နေရာယူ အလေးပြုနေကြတဲ့ ဗိုလ်နေဝင်းမြေး၂ ယောက်နဲ့ ဗိုလ်ထွန်း ကြည်တို့ ဓါတ်ပုံတွေ တွေ့ရတယ်။

အချို့လည်း ဒီပွဲဟာ ဗိုလ်နေဝင်းမြေး အေးနေဝင်းနဲ့ကျော်နေဝင်းတို့ ညီအစ်ကိုက စပွန်ဆာလုပ်ပေးတာလို့ ပြောကြတယ်။ ဘယ်လောက်မှန်မည်တော့မသိပါ။ ဒီပွဲရဲ့ရှေ့ဆုံးတန်းမှာတော့ သူတို့ညီအစ်ကို ကိုတော့တွေ့ရပါတယ်။

သူတို့ညီအစ်ကိုနဲ့မေးဖြေ၊ ဗိုလ်ထွန်းကြည် နဲ့ မေးဖြေ ဗွီဒီယို အပိုင်းကလေးလည်းကြည့်ရပါတယ်။

စစ်အုပ်စုသူရဲကောင်းလား – ပြည်သူ့သူရဲကောင်းလား

ပြည်တွင်းစစ် (၁၉၄၈ ကနေ ဒီကနေ့အထိ) စစ်တပ်ဘက်က ကျဆုံးသူတွေဟာ “အရှင့်အမှုတော်ထမ်း”တွေသာဖြစ်ပါတယ်။ သူရဲကောင်းလို့ဆိုရင်လည်း “အရှင့်သူရဲကောင်း”၊ “စစ်အုပ်စုသူရဲကောင်း” တော့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။“ပြည်သူ့သူရဲကောင်း”တော့ လုံးဝမဟုတ်ပါ။

ပြည်သူ့သူရဲကောင်း၊ ပြည်သူ့အာဇာနည် ဖြစ်ဖို့ ဆိုရင်တော့ ပြည်သူ့ဘက်က ပြတ်ပြတ်သားသားရပ်တည်၊ ပြည်သူ့အကျိုး အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်မှသာဖြစ်နိုင်ပါတယ်။

ပြည်သူ့သူရဲကောင်း၊ပြည်သူ့အာဇာနည်ဆိုတာ အကန့်အသတ်မရှိတဲ့ ပြည်သူ့အကျိုးအတွက်၊ အကန့်အသတ်ရှိတဲ့မိမိအသက် ကို ရဲရဲဝံ့ဝံ့ပိုင်းဖြတ်စွန့်လွှတ်သူတွေကိုသာ ပြည်သူတွေကပေးအပ်တာဖြစ်ပါတယ်။ “အာဇာနည်မျိုး”ဆိုပြီးလည်း မျိုးရိုးသီးသန့် မရှိနိုင်ပါ။ အာဇာနည်ရဲ့ မိခင်၊ ဖခင်၊ ဇနီးမယား၊လင်ယောက်ျား၊ သားသမီးမြေးမြစ်ရယ်လို့တော့ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

၁၉၆၂ မတ် ၂ နောက်ပိုင်းကြတော့ စည်းကပိုပြီး ပြတ်သားသွားပါတယ်။

“သူရ”တွေ၊“သီဟသူရ”တွေဆိုတာ စစ်အုပ်စုရဲ့ အာဏာတည်မြဲရေးအတွက် “တုံးတိုက်ကျားကိုက်”လုပ်တဲ့သူတွေအတွက် စစ်အုပ်စုထိပ်သီးက ထွင်ပြီးပေးသနားတဲ့ ဘွဲ့တံဆိပ်တွေသာဖြစ်ပါတယ်။

ပဒေသရာဇ်ဘုရင်ခေတ်ကတော့ သားချစ်တော့“သတိုး”၊ ကျွန်ချစ်တော့ “နေမျိုး” ဆိုပြီး မြှောက်စားသလိုပေါ့။

တနည်းပြောရရင် ဗိုလ်အောင်မင်း အာချောင်မိတဲ့အတွက် တောင်းပန်ရတဲ့စကားလိုပေါ့။ သွေးချင်းညီအစ်ကိုချင်းတိုက် လို့ သတ်လို့ဖြတ်လို့ရတဲ့ဟာတွေပါ။

ဒီပွဲဘာကြောင့် ကောက်ခါငင်ကာ ပေါ်လာရသလဲ

ကာချုပ်ပြောသလို “၁၀၅- မမနဲ့ သတိပေးပစ်ခတ်”လိုက်လို့ လိုင်ဇာက ဗိုလ်သင်တန်းကျောင်းကို ထိမှန်သွားသလိုပါပဲ။ MPC ရုံးအနားမှာ ကျင်းပသွားတဲ့ လိုင်ဇာမှာကျဆုံးသွားသူများအတွက် “ဆုတောင်းပွဲဆုတောင်းသံ” က (၁၀၅ – မမ) ထိတာထက် ထိချက် ပိုပြင်းထန်သွားတဲ့ ပုံပါပဲ။ စစ်အုပ်စု အသည်းကို တိုက်ရိုက်ထိသွားပြီး နာကျင်ခံခက်ဖြစ်သွားပုံရပါတယ်။

ဒါကြောင့် ဒီဖြစ်ရပ်ကို တုန့်ပြန်ဖို့အတွက် စစ်အုပ်စုတပည့်သားမြေးတစ်စုက ဒီပွဲကို ဖော်ထုတ်လာတာလို့ ယူဆပါတယ်။

တကယ်တော့ လိုင်ဇာမှာကျဆုံးသူများအတွက် ဆုတောင်းပွဲဟာ ပြည်တွင်းစစ်ရဲ့အနိဌာရုံကိုဖော်ပြတာဖြစ်ပြီး ပြည်တွင်း စစ်ရပ်စဲဖို့တောင်းဆိုသံလည်းဖြစ်ပါတယ်။တနည်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို တောင်းဆိုတာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို ငြိမ်းချမ်းရေးတောင်းဆိုတဲ့ ဆုတောင်းပွဲကို စစ်အုပ်စုတပည့်သားမြေးတစ်စုက တန်ပြန်လိုက်တဲ့ပုံစံကတော့ ဂိုဏ်းဂဏဆန်လွန်းပြီး၊ ပြည်တွင်းစစ်ကိုအမွှမ်းတင်တဲ့သဘော၊ ပြည်တွင်းစစ်မှာ အုပ်စိုးသူအစိုးရ အဆက်ဆက်ဘက်က ၊ အစိုးရစစ်တပ် ဘက်က တိုက်ခိုက်သတ်ဖြတ်ခဲ့တာတွေဟာ မှန်တယ်၊ ဒီလိုတိုက်ခိုက်ခဲ့မှုတွေ၊ တိုက်ခိုက်သတ်ဖြတ်ခဲ့သူတွေဟာ သူရဲကောင်းတွေဖြစ် တယ်ဆိုပြီး ငါတကောကောတဲ့ လုပ်ရပ်သာဖြစ်နေပါတော့တယ်။

တနည်းအားဖြင့်ပြောရရင် ပြည်တွင်းစစ်ဆိုတာ အစိုးရစစ်တပ်က လူမျိုးစုံပြည် သူများအပေါ် အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်တဲ့ စစ်ပွဲဖြစ်ပါတယ်။ ဒီစစ်ပွဲကို ဘယ်သူကမှမလိုလားပါဘူး။ အကြမ်းဖက်၊ အနိုင့်ထက် စစ်ပြုလာရင်တော့လည်း ရရာလက်နက်စွဲ ကိုင်ပြီး ခုခံကြရမှာပဲ မဟုတ်ပါလား။

ဒီပွဲလုပ်ကြတဲ့ စစ်အုပ်စု တပည့်သားမြေးတစ်စုမှာ သွေးရိုးသားရိုးသဘောထားရှိတယ် ဆိုရင်၊ မြော်မြင်တတ်တယ် ဆိုရင် ပြည်တွင်း စစ်ကြီးရပ်ဆိုင်းပြီး ပြည်တွင်းငြိမ်း ချမ်းရေးရပ်စဲဖို့ တောင်းဆိုရမှာပေါ့။ သူတို့ဆီက ဒီတောင်းဆိုသံ မကြားရပါဘူး။ သူတို့ရင်ထဲ မှာ ဒီဆန္ဒလည်းရှိပုံမရပါဘူး။ တကယ်တော့ ပြည်တွင်းစစ်နဲ့ ကုဋေကြွယ်သူဋ္ဌေးကြီးတွေ ဖြစ်လာသူတွေဟာ လက်တစ်ဆုပ်စာ စစ်အုပ်စု ထိပ်သီးတစ်စုပဲဖြစ်ပါတယ်။ အောက်ခြေက စစ်ဗိုလ်စစ်သားအများစုက မွဲတေဆင်းရဲလှပါတယ်။ “ဗိုလ်ချုပ်တွေက တိုက်ဆောက်၊ ရဲဘော်တွေက ချိုင်းထောက်၊ ပြည်သူတွေက ဗိုက်မှောက်” ဆိုတဲ့(မဆလ) အစိုးရလက်ထက်မှာ ပေါ်လာတဲ့ စကားတစ်ခွန်းဟာ ဒီနေ့ထိ မှန်နေတုန်းပါ။

ဗိုလ်ထွန်းကြည်ကတော့ ဒီပွဲမှာ အခုလို ဝန်ခံ ရင်ဖွင့်သွားတယ် “ဒါတွေကိုလူမသိဘူးကွ၊ ဘယ်သူကများချီးကျူးခဲ့သလဲ၊ ငါတို့ မျက်နှာကောင်းမရဘူး၊ ဘယ်သူမှ မချီးကျူးဘူး” လို့ ပြောသွားပါတယ်။

ဗိုလ်ထွန်းကြည်ထည့်ပြောမသွားတာက “ငါတို့လို ဗိုလ်ချုပ်ထိပ်သီးတွေကတော့ အငြိမ်းစားပဲယူယူ/ အဖြုတ်ခံရလို့ပဲဖြစ်ဖြစ် တပ်ကထွက်ပြီဆိုရင် ကိုယ်ပိုင်အိမ်၊ခြံ၊ ကုမ္ပဏီလုပ်ငန်းတွေနဲ့ ချမ်းချမ်းသာသာနေထိုင်နိုင်ပြီး မင်းတို့ အများစု အောက်ခြေစစ်သားတွေ ဘဝကတော့ဆင်းရဲမွဲတေလှပါတယ်” ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

မိုးမခမှ ကူးယူဖော်ပြပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, December 3, 2014

မိုးလုံးပြည့် မုသားဝါဒီများကို လူထု အားနဲ့ အန်တုပါ

ရေးသားသူ — ငြိမ်းချမ်းအေး



ရွှေပြည်ကြီး ပြောင်းလဲနေတယ် ဆိုတာတော့ မယုံမရှိကြပါနဲ့ အမှန်ပါပဲ။ တချိန်က “VOA လိမ်နေသည်”၊ “မိုးလုံးပြည့် မုသားဝါဒီများ တိုင်းပြည်ပျက်အောင် လုပ်နေသည်”၊ နေ့ည မပြတ် အော်ခဲ့သူများ အခု VOA ကနေပဲ တဆင့် စကားတွေ ပြောခဲ့ပါပြီ။ ပြောခဲ့တာကလည်း တချိန်က သူတို့ စွပ်စွဲခဲ့သလို မုသားဝါဒ၊ အလိမ်၊ အညာ၊ ကလိမ်ကကျစ်၊ ကောက်ကျစ် စဉ်းလဲမှုတွေ အပြည့်ပါပဲ။

ဗိုလ်ချုပ်မှူးကြီး ဆိုသူက အမေရိကား အသံ မြန်မာပိုင်း အစီအစဉ်နဲ့ ပထမဆုံး အကြိမ် လက်ခံ စကားပြောခြင်းမှာ ဒီလို ဆိုပါတယ်။ “(၂၀၀၈) ဖွဲ့စည်းပုံ ဟာ မဲပေးခွင့်ရှိသူ (၂၇) သန်း ကျော်ထဲက (၂၆) သန်းကျော်လောက် မဲပေးခဲ့တယ်၊ ထောက်ခံမဲ (၉၂.၄၈) ရာခိုင်နှုန်း ရခဲ့ပါတယ်” တဲ့။

(၂၀၀၈) ခု ဆန္ဒခံယူပွဲမှာ ထုတ်ပြန်ခဲ့တဲ့ တိုင်းပြည် လူဦးရေ (၅၇) သန်း က (၂၀၁၄) သန်းခေါင်စာရင်း ကောက်ချိန် (၅၁) သန်းကျော် ဖြစ်သွားတဲ့ နေ့မြင် ညပျောက် သင်္ခါရ နဲ့ “အိုင်ဆေး ကိုနှင်းမောင်” မလုပ်ရဘဲ ပေါ်လာခဲ့တဲ့ “လူ (၆) သန်း ပျောက်မှု” အကြောင်း၊ (၂၀၀၈) ခုနှစ် တုန်းက ထောက်ခံမဲ ဆိုသည်များ နာဂစ် လူသေ အလောင်း အရေ အတွက် သိန်းချီ နဲ့ အတူ ဘိုးဘိုးအောင် တန်ခိုး ဆတိုး တိုးခဲ့မှု အကြောင်း၊ သေနတ်ပြောင်းဝ၊ စစ်ဖိနပ် အောက် မှာ ပြားပြားဝပ်ရင်း ဘဝပြောင်းရတဲ့ လူထု ဆန္ဒ အကြောင်း စတဲ့ အတိတ် သမိုင်း ကို ပြည်သူများ ခမျာ ငတုံးငအကြီးတွေလို မသိ ကျိုးကျွန် ပြု မေ့ပစ်နိုင်မယ့် အတိုင်း စစ်ဗိုလ်ကြီး ပါးစပ်က ထောက်ခံမဲ (၉၂.၄၈) ရာခိုင်နှုန်း အကြောင်းကို ထည့် ပြောထွက်ပါ့။

ဒီ တွေ့ဆုံမေးမြန်းခန်းမှာ အသည်းကြားက မဲ တပြား အစား အလောင်းကြားက မဲ အများ ဆွဲထုတ်ခဲ့တဲ့ (၂၀၀၈) ဖွဲ့စည်းပုံ လူထု ဆန္ဒခံယူပွဲရဲ့ တရားဝင်မှု အပေါ် “ဗြောင်လိမ် ဗြောက်လိမ်” မြည်တဲ့ အစိုးရ ရုပ်သံ သတင်းကြေညာ အဖွင့်တီးလုံး သံလို ရုပ်တည်ကြီးနဲ့ လိမ်ညာ စကားဆိုခဲ့တဲ့ အပြင် ဒီ စစ်ဖွဲ့စည်းပုံ ကို “အသက်လို ကာကွယ်စောင့်ရှောက်မည့်” အကြောင်း လည်း ဗိုလ်ချုပ်ကြီးမင်း ပါးစပ်က ဖွင့်ဟ ‘ဗြောင်’ စိန်ခေါ်သွားခဲ့ပါသေးတယ်။ လတ်တလော တောင်းဆိုထားတဲ့ လူထု ဆန္ဒ လက်မှတ် ငါးသန်းကျ သင်္ချာ မကျွမ်းတဲ့ စစ်ဗိုလ်ကြီးက မပြောပလောက်ပါတဲ့။ လူထု ကို ခြိမ်းခြောက်တဲ့ နေရာမှာ၊ လိုတမျိုး မလိုတမျိုး ပြောတဲ့ နေရာမှာ အစဉ်အဆက် စစ်ခေါင်းဆောင်များ ခြေရာ နင်းနိုင်တဲ့ အန္တေဝါသိက ကြီး ပီသပါပေတယ်။

စစ်ဖွဲ့စည်းပုံ ပြင်ရေး (၄၃၆) ဂိတ်ဝ ပိတ်ဆို့လိုခြင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် တာဆီးနေတဲ့ (၅၉ (စ) ကို မပြင်လိုခြင်းတွေကို လူဦးရေ များပြားတဲ့ အိမ်နီးချင်းနိုင်ငံတွေ နဲ့ ဆက်စပ် ဆို၊ ပထဝီ နိုင်ငံရေး ဆိုပြီး စကားလုံး ခပ်ကြီးကြီးသုံး၊ ထုံးစံအတိုင်း ဘာ ဖြစ်ဖြစ် အတိတ် ကိုလိုနီ သမိုင်း ကို အပြစ်ပုံချ အကြောင်းပြ ကာလည်း ဆိုသွားပါသေးတယ်။

၅၉ (ခ) မှာ “မိမိနှင့် မိမိ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက် အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်” ဆိုပြီး ကန့်သတ်ပြီးသားကို မှ ထပ် ပုဒ်မ ၅၉ (ဃ) နဲ့ “သမ္မတ လုပ်မယ့်သူဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး အမြင်ရှိရမယ်” ချုပ်မှု၊ ၅၉ (စ) ပါ “မိဘ၊ ဇနီး၊ ခင်ပွန်း၊ တရားဝင် သားသမီး တဦးဦး၊ သားသမီးများရဲ့ ဇနီး၊ ခင်ပွန်းတွေဟာ တိုင်းတပါး နိုင်ငံသား မဖြစ်စေရ” ဆိုပြီး အနားသပ် နှိပ်ကွပ်မှုတွေဟာ ဓမ္မဓိဋ္ဌာန် မကျ ပုဂ္ဂလဓိဋ္ဌာန် သက်သက်၊ ရည်ရွယ်ချက် ရှိရှိ ကြံစည်ခဲ့ခြင်းဆိုတာ ထင်ရှားနေပြီး ဖြစ်တယ်။

ကမ္ဘာ မှာ ဘယ် နိုင်ငံမှာမှ ဒီလောက် ကန့်သတ်မှု များတဲ့ တိုင်းပြည် အကြီးအကဲ ဖြစ်ခွင့် သတ်မှတ်မှု မရှိပါ။ ယဉ်ကျေးမှု မြင့်မား၊ ဘာသာတရား ကိုင်းရှိုင်း၊ ရှေးရိုးစွဲများ ပေါများတဲ့ အိန္ဒိယ လိုနိုင်ငံမျိုး မှာတောင် ဒီလို ဇနီး၊ ခင်ပွန်း၊ သားသမီး အထိလိုက်ပြီး နိုင်ငံခြား တိုင်းပြည် တခုခုနဲ့ တနည်းနည်း မပတ်သက်ရဘူး ဆိုတာမျိုး ကန့်သတ်ထားချက် မတွေ့ရပါ။ အမေရိကားလို သမ္မတလောင်းတွေ တိုင်းပြည် နယ်နိမိတ်အတွင်းမှာ မွေးရမယ် ဆိုတဲ့ အချက်တောင် မပါပါ။ ဒါကြောင့် အီတလီ တပြည်သူ ဆိုနီရာဂန္ဒီ (ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီရဲ့ ကျန်ရစ်သူ ဇနီး) ဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေး ကဏ္ဍ မှာ အရေးပါခဲ့တဲ့ အမျိုးသား ကွန်ဂရက်ပါတီ ကို နှစ်ပေါင်းများစွာ ဦးဆောင်နိုင်ခဲ့သလို ဆန္ဒ ရှိရင် ဝန်ကြီးချုပ် ရာထူးကို တက်ယူနိုင်တဲ့ အနေအထား ရှိခဲ့တယ်။

အခု ၂၀၀၈ ဖွဲ့စည်းပုံ က ဒါမျိုးလည်း မဖြစ်နိုင်၊ ၅၉ (ခ) နဲ့ ထိပ်က ပိတ်ပြီးသား ကို သက်သက် ၅၉ (ဃ)၊ ၅၉ (စ) ထပ်ဆင့် ပါလာခြင်းဟာ ပုဂ္ဂိုလ်ရေး နှိပ်ကွပ်လိုမှု မဟုတ်လို့ ဘာအရေးလဲ ဆိုတာ ဝေ့လည်ကြောင်ပတ် စကားတွေမပါဘဲ စစ်သားပီပီ သတ္တိရှိရင် ‘ဒဲ့’ ဆိုစမ်းပါ ဗိုလ်ချုပ်မှူးကြီး ခင်ဗျာ။

ဒီ စကား ကာကွယ်မှု သဘောဟာ ၅၉ (စ) ပြုတ် ရင် ဘယ်နိုင်ငံ ဖြစ်သွားမယ် ဟစ်ကြွေး အွန်လိုင်း၊ ပြင်ပ အမုန်းတရား မှိုင်းတိုက် သွေးထိုးနေတဲ့ မျိုးချစ်ဇာနည် သာကီသွေးများ နဲ့ ပုလင်းတူ ဘူးဆို့ တလေသံတည်း ထွက်နေသလိုလည်း ဖြစ်တာမို့ ဒီ လူမျိုး၊ ဘာသာရေး ဆက်စပ် လှုံ့ဆော်မှု ပဋိပက္ခတွေ တွေ ဖန်တီး လမ်းလွှဲခြင်းဟာ ဘယ်သူ့ စနက်၊ ဘာသာရေး အဓိကရုဏ်း တခုခုဖြစ်တိုင်း ကော်မရှင်ဖွဲ့ ရှာနေတဲ့ နောက်ကွယ် က ကြိုးဆွဲသူ လက်မည်းကြီး ဆိုသူ ဘယ်သူဖြစ်ကြောင်း သွယ်ဝိုက် ဖွင့်ဟ ဝန်ခံနေသလိုလည်း ဖြစ်နေပြန်တယ်။ ကိုယ့် စကား ဘယ် ရောက်လို့ ဘယ် ပေါက်မှန်းမသိ ဆိုတာကော သတိပြုမိပါရဲ့လား စစ်ဗိုလ်ကြီး ခင်ဗျာ။

ပြည်တွင်းစစ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး အတွက် ကိုလည်း ထုံးစံအတိုင်း ကာချုပ် စစ်တပ်မူ (၆) ချက် ကို လက်ကိုင်ထား၊ ဒါကို မလိုက်နာရင် အမြောက်စာ မိမယ်၊ လတ်တလော ကချင် ဖြစ်စဉ် မြင်တယ် မဟုတ်လား၊ ကချင် တွေက သွေးတိုးစမ်းတာကိုး ဆိုပြီး မောက်မောက်မာမာ ပြောခဲ့ပါသေးတယ်။ တိုင်းရင်းသားတွေရဲ့ ပန်းတိုင် ပင်လုံ စိတ်ဓာတ်၊ ကတိ ကဝတ် နဲ့ ဖက်ဒရယ်မူ ဆိုသူ ရန်သူ သဘော ကလည်း မပြောင်းမလဲကြောင်း ဗိုလ်ချုပ်အောင်ဆန်း နာမည်တောင် အသုံးချ စစ်ဗိုလ်ပီပီ ကျည်ကာယူ ဆိုခဲ့ပြန်တယ်။ တပ်မတော် ရဲ့ စစ်မှန်တဲ့ သဘောထားတွေလို့ ယူဆရမှာပေါ့။

စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကိုလည်း အောက်ခြေက စစ်သည်များ စည်းကမ်းပျက်ဟန် “မတထောင်သားတွေ” ဆိုပြီး ငယ်သား ကို နင်းချ “ခေါင်းရှောင်” စကားလည်း ဆိုခဲ့ပါတယ်။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး များ တစုရဲ့ ငို့ဘ အကျိုး အတွက် တရားမဲ့ မူဝါဒ တွေ အဓမ္မ ဖော်ဆောင် စစ်တပ် ကို ဓားစာခံ လုပ် အသုံးချ နေတာကိုကျ ကွယ်ဝှက် ထိမ်ချန် ထားတယ်။

ဒီလို လက်ရှိ အာဏာ အရှိဆုံး စစ်ခေါင်းဆောင် ရဲ့ အော့ကြောလန် စကား တွေ နားဆင်ခဲ့ရသလို မျှဉ်းမျှဉ်းလေးနဲ့ အပျော့ဆွဲ တတ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဆိုသူရဲ့ ပလီစိချောက်ချက် အပြောတွေကိုလည်း VOA မှာပဲ ကြားလိုက်ရပါသေးတယ်။ သူက အခြေခံ ဥပဒေ ပြင်ရေး ကို လွှတ်တော် ကို ပြန် ဘော်လီဘော ပုတ်ထုတ်တယ်၊ စစ်ပွဲတွေ မရပ်သေးတာကို စစ်တပ် ကို လှမ်း ဖြေရှင်းဖို့ ဆို၊ ကိုယ်တိုင်ကျ မင်းသား ယောင်ဆောင်တယ်။ မင်းသားတော့ မင်းသားပါပဲ၊ ဒါပေမဲ့ ဟိုအရင် ခေတ်စားခဲ့တဲ့ ပလေးဘွိုင် အဖွဲ့ က ပုလဲ ရဲ့ သီချင်းလို “ဘီလူးခေါင်းလေးနဲ့ မင်းသား” ပါ။ လိမ်တယ်၊ ညာတယ်၊ လူညာကြီး ရယ်၊ ယုံအောင် ဖြီးတတ်တယ် ဆိုတဲ့ တလိမ်၊ နှစ်လိမ် ပွေလိမ်ရှုပ်တယ် ရှေးသီချင်းကို ပင်တိုင် ဆိုတတ်တဲ့ ဘီလူးခေါင်းမင်းသားပါ။

မိုးလုံးပြည့် မုသားဝါဒ ဇာတ်လမ်းက မပြီးသေးပါဘူး။ လွှတ်တော် နာယက ဆိုသူလည်း ပါပါသေးတယ်။ သူက လတ်တလောတင် (၂၀၁၅) ရွေးကောက်ပွဲ ကို (၂၀၀၈) စစ်ဖွဲ့စည်းပုံ အတိုင်း မပြင်မဆင် ကျင်းပမယ်၊ ကျူပ် သမ္မတ လုပ်ဖို့ ရည်မှန်းတယ် ထုတ်ပြောခဲ့သူပါ။ ဒီ VOA အမေး-အဖြေ မှာလည်း ဟိုဒီ အကြောင်းပြ လွှဲချရင်း ဒါကိုပဲ ထပ်လောင်း အတည်ပြုသွားခဲ့တယ်။

ပြည်သူများ ဒီရက်ပိုင်း ဆိုခဲ့သလို မုသားလှိုင်းလုံး ရိုက်ခံ ထိခဲ့သလို တဖက်ကလည်း လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသံ ကိုလည်း VOA မှာ ကြားခဲ့ရပါတယ်။ သူက လွှတ်တော် ဝင်ရခြင်း ရည်မှန်းချက် လူထု ဆန္ဒ အတိုင်း ဖွဲ့စည်းပုံ မပြင်နိုင် ဖြစ်နေမှု၊ ၂၀၁၅ မျှော်လင့်ချက် မဲ့သွားမှု၊ စစ်ပွဲတွေ မရပ်သေးမှု၊ လက်ပံတောင်းတောင် အရေး က အစ အခု ကျောင်းသား အရေး ထိ လူထု လှုပ်ရှားမှု ဖြစ်စဉ်တွေကို ဒီချုပ် ဝန်းရံမှု အားနည်းခဲ့မှု စတဲ့ ထောက်ပြစရာ အစုစုကိုလည်း ပြန်လည် ကာကွယ် ဆိုသွားတယ်။ ထုံးစံအတိုင်း တရားဥပဒေ စိုးမိုးရေး ကိုလည်း ထည့်ပြောတယ်။ တွေ့ဆုံဆွေးနွေးရေး ကိုလည်း မဆုတ်မနစ် မျှော်လင့်နေတယ်။ စစ်လွှတ်တော် နိုင်ငံရေးကိုပဲ ဆက်လျှောက်မယ့်ဟန်လည်း ထင်ရှားစေတယ်။ စစ်ခေါင်းဆောင် အသစ်/အဟောင်း တွေကို အခြေခံဥပဒေပြင်ဖို့ရာ သတ္တိ ရှိကြဖို့ ထပ်မံ တိုက်တွန်းတယ်။

လူထု ခေါင်းဆောင်ကို စစ်ခေါင်းဆောင်များ လို မုသားဝါဒီ အဖြစ် ပြည်သူက တွဲလျက် မမြင်စေဖို့ ဒီထက်ပိုတဲ့ အလုပ်ကောင်း၊ စီစဉ်မှုကောင်းများ ချပြ လုပ်ဆောင်နိုင်ဖို့တော့ လိုနေပါသေးတယ်။ အခုပဲ တဖက် စစ်အုပ်စု ရဲ့ ချွေးသိပ်ရေး၊ အချိန်ဆွဲရေး အစီအစဉ်သစ် က စနေပါပြီ။ သမ္မတ အသံ အဖြစ် နိုင်ငံရေး ထိပ်သီး ဆွေးနွေးပွဲတွေ ဆက်လက် လုပ်မယ် ကတိပေးတယ်။ စစ်လွှတ်တော် အသံ အဖြစ်လည်း အခြေခံဥပဒေ ပြင်နိုင်ရေး သမ္မတ၊ ကာချုပ်၊ လွှတ်တော် နှစ်ခု ဥက္ကဌများ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တဦး တွေ့ဆုံမယ် ဆိုကာ လေသံ အသစ် ပစ်တယ်။

စစ်အုပ်စု အကြိုက် (၂၀၀၈) စစ်ဖွဲ့စည်းပုံ အဖြစ် နောက်ဆုံးမှာ အဆုံးသတ်ခဲ့တဲ့ (၁၉၉၃) အမျိုးသားညီလာခံ (ကျိုက္ကဆံ + ညောင်နှစ်ပင်) မှာ တိုင်းရင်းသားတွေ အပါအဝင် ဆယ်စုနှစ်ချီ ရှည်ကြာတက်ရင်း အချည်းနှီး ဖြစ်ခဲ့တဲ့ သဘောထား မမှန်တဲ့ တွေ့ဆုံဆွေးနွေးရေး သရုပ်၊ အခု ငြိမ်းချမ်းရေး ပွဲစားများကတဆင့် ဖော်ဆောင်နေတဲ့ အနှစ်မဲ့ အကြိမ်ကြိမ်ပျက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာတွေရဲ့ သမိုင်း နဲ့ အကြိမ်ကြိမ် သတင်းစာ မျက်နှာဖုံး မှာပါခဲ့တဲ့ တွေ့ဆုံပွဲ ဆိုတာတွေရဲ့ အလုပ်မဖြစ်ခဲ့မှု ရာဇဝင်တွေကို လူထုခေါင်းဆောင် အနေနဲ့ သင်ခန်းစာ ယူ ဒီတခါ အကျိုးထွက်၊ အလုပ်ဖြစ် လမ်းပေါက်အောင် ကြိုတင် ပြင်ဆင်နိုင်ရပါမယ်။ ထမင်း လက်ဆုံ စားရုံ၊ သတင်းစား မှာ ဓာတ်ပုံ ထည့် နိုင်ငံတကာ နဲ့ ပြည်သူ ကို ဝါဒဖြန့် ကောင်းရုံ သက်သက် အသုံးချခံ မဖြစ်ဖို့ စစ်လွှတ်တော် အချုပ်အနှောင် ပြင်ပ လူထု အား ကို အခြေပြုရင်း တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းကို အစစ်အမှန် ဖြစ်စေဖို့ လိုပါတယ်။

အခြေခံ လူထု လူအများ တိုင်းရင်းသား လူမျိုးစုံ ရဲ့ ဘဝ တွေ နစ်နာလှပါပြီ။ လက်ချည်း ဗလာ အပြောသက်သက် လက်တွေ့ အကျိုးမဲ့တဲ့ (၁၄) ပွင့်၊ (၆) ပွင့်၊ (၄) ပွင့် တွေ့ဆုံပွဲတွေ၊ တောင်းဆိုမှုတွေ ရပ်သင့်ပါပြီ။ အကြိမ်ကြိမ် လှည့်စားခံနေခြင်း ဟာ လှည့်စားသူ အပြစ် မဟုတ်တော့ပါ၊ ယုံသူ အပြစ်သာ ဖြစ်ပါမယ်။ ၂၀၁၅ အလွန် အခြေခံဥပဒေ ပြင်ရေး ဒီမိုကရေစီ အိပ်မက် မက်နေတာဟာ ရူးသွပ်မိုက်မဲ ရာ ကျလွန်းပါတယ်။ အသာစီး ထပ်မံ ရယူပြီး စစ်အုပ်စု ဟာ အဲ့ဒီ အချိန်မှာလည်း တနည်းနည်း အချိန်ဆွဲ အာဏာ သက်ဆိုးရှည်ဖို့ အသစ်တဖန် ကြံစည်ဦးမှာပါပဲ။

နိဂုံးချုပ် ရရင် စစ်အုပ်စု လမ်းကြောင်းရာ မျှော မလိုက်၊ ကိုယ့် လမ်းကို ကိုယ် ထွင်ကြပါစို့။ ထွက်ပေါက်တွေ မတောင်းဘဲ၊ မရှာတော့ဘဲ၊ ဖောက်ထွက်ကြပါစို့။ ခေတ်အဆက်ဆက် စစ်အုပ်စုရဲ့ အာဏာသိမ်းမှုကို တော်လှန်ရေး အရေခြုံခဲ့မှု၊ ဆိုရှယ်လစ် အရေခြုံခဲ့မှု သမိုင်းကို သင်ခန်းစာယူ၊ လက်ရှိ အာဏာဆက်ကိုင် ဒီမိုကရေစီ အရေခြုံ နေမှုကို အရှင်းသား မျက်မှောက်ပြု နိုင်ရပါမယ်။ သမ္မတ၊ လွှတ်တော် ဘာတွေ အပေါ်ယံ ရှိနေနေ တသမတ်တည်း မပြောင်းလဲသေးတဲ့ အတွင်း အဇ္ဈတ္တ သန္တာန် ပါ စစ်သွေး စစ်ရောင် စစ်ဝါဒ နဂို မူလ ပုံ သဏ္ဌာန် ကို အတိုင်းသား ထွင်းဖောက် မြင်နိုင်ရပါမယ်။ ဒီမိုကရေစီ “ကကြီး၊ ခခွေး” “အသုံးလုံး” ဖြစ်တဲ့ ပြည်သူ့ အင်အား လူထု လူပ်ရှားမှု ကို အခြေခံ ဗဟိုပြုကာ အာဏာ လက်ဝက် ဆက်လက် ဆုပ်ကိုင် ထားလိုသူ မိုးလုံးပြည့် မုသားဝါဒီ များရဲ့ ကလိမ်စေ့ ငြမ်းဆင် အပြော၊ အလုပ်၊ လမ်းကြောင်း စီစဉ်မှုတွေကို လိမ္မာ ပါးနပ်စွာနဲ့ လူထုအားကို အသုံးချ (၂၀၁၅) မတိုင်မီ အန်တုဖို့ လိုနေပြီ ဖြစ်ကြောင်းပါ ခင်ဗျာ။

(မိုးမခမှကူးယူဖော်ပြသည်)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, December 2, 2014

ခါးပိုက်ဆောင်ဒီမိုကရေစီနဲ့ ခါးပိုက်ဆောင်အတိုက်အခံ

ရေးသားသူ — တူမောင်ညို



ယနေ့ စစ်အုပ်စုဟာ ယခင် (နဝတ-နအဖ) စစ်အုပ်စုလို ထစ်ကနဲရှိရင် “အကြမ်းဖက်ဖိနှိပ်ချေမှုန်း” ဆိုတဲ့ နည်းတစ်ခုထဲ သာမကတော့ဘဲ။ အကွက်ဆင်လှည့်ဖြားတဲ့ “ဗြောင်လိမ်လည်မှု”ကိုပါ အတွဲအဖက်မိမိ ကျင့်သုံးလာနေတာဖြစ်တယ်။ ဒီလိုကျင့်သုံး လာ နိုင်စေဖို့ “၂၀၀၈အခြေခံဥပဒေ”၊ အဲဒီအခြေခံဥပဒေနဲ့ ဆက်စပ်အဆွယ်အပွား ယန္တယားတွေကို ဖန်တီးထားနိုင်ခဲ့လို့ဖြစ်တယ်။ ဗြောင် လိမ်ညာမှုက အကြမ်းဖက်မှုကို ဖုံးကွယ်ပေးပြီး၊ အပြန်အလှန်အားဖြင့် အကြမ်းဖက်မှုနဲ့ ဗြောင်လိမ်ညာမှုကို တည်တံ့ခိုင်မြဲစေတယ်။

စစ်အုပ်စုက “တပ်မတော်”ကို ခါးပိုက်ဆောင်တပ်အဖြစ် ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ထားတဲ့ အောက်မှာစိတ်ကြိုက်ရေးဆွဲအတည်ပြု ထားတဲ့ “၂၀၀၈ အခြေခံဥပဒေ”၊ ဒီ ဥပဒေအရ တစ်ဆက်ထဲဖန်တီးထားတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ ယန္တယား တွေအဆင့်ဆင့် ဖန်တီးထားတယ်။ အဲဒီအထဲမှာ ကြံ့ဖွံ့ပါတီ၊ ရွေးကောက်ပွဲကော်မရှင် နဲ့ စွမ်းအားရှင်တို့ကိုပါ ထည့်သွင်းထားရမယ်။

ဒီယန္တယားတွေကို လိုသလို လည်ပတ်ခုတ်မောင်းစေခြင်းဖြင့် အကြမ်းဖက်မှုနဲ့ ဗြောင်လိမ်ညာမှုကို သင်းတို့စိတ်ကြိုက် အသုံး တော်ခံစေနိုင်ခဲ့တယ်။ “ ၁၄ပွင့်” တို့၊ “၆ ပွင့်” တို့၊ “လာလတ္တံအပွင့်” တို့ဆိုတာ ဒီယန္တယားရဲ့ အထွက်ပစ္စည်းတွေပဲဖြစ်တယ်။

မိတ်အင်သိန်းစိန်၊ မိတ်အင်ရွှေမန်း၊ မိတ်အင်မင်းအောင်လှိုင် ဆိုပြီး ပုဂ္ဂလိအမည်တွေကွဲပြားချင်ကွဲပြားနေမှာဖြစ်ပေမယ့်၊ သူတို့ “အကြမ်းဖက်/လိမ်ညာလှည့်ဖြား”လို့ ရရှိလာသမျှအကျိုးအမြတ်တွေတော့ သူတို့အားလုံးရဲ့ပင်မကုမ္ပဏီဖြစ်တဲ့ စစ်အုပ်စုကုမ္ပဏီထဲကို သာ တိုက်ရိုက်စီးဝင်သွားကြမှာပဲဖြစ်ပါတယ်။

လောလောဆယ် “အီဘိုလာ”ထက် ဆိုးဝါးပြင်းထန်တဲ့ ထိပ်သီးရောဂါနဲ့ အပွင့်ဗိုင်းရပ်စ်ကို သူတို့ဖြန့်ဖြူးနေပါတယ်။ အခုအဲဒီ ရောဂါ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေထဲမှာ ကူးစက်ပြန့်ပွားနေပါတယ်။

ယခုလတ်တလောတွင် အစိုးရနဲ့လွှတ်တော်၊ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး၊ (ဗိုလ်)ဦးသိန်းစိန်၊(ဗိုလ်) ဦးရွှေမန်း၊ ကာချုပ်ဗိုလ်မင်း အောင်လှိုင်တို့အကြား ထွေလီကာလီတွေ၊ မိုးပြောချိုးပြော ပြောနေကြသည်မှာအခြားမဟုတ်ပါ၊အတိုက်အခံအင်အားစုများကို ပရိယာယ် ဆင်၊ ဂွင်သွင်းပြီး လှည့်စားဖြို ခွဲဖို့ “ညာသံပေး”တောချောက်နေခြင်းသာဖြစ်ပါတယ်။ “၂၀၀၈အခြေခံဥပဒေ” အနှစ်သာရနဲ့ပတ်သက်ပြီး သူတို့အကြားမှာ ကွဲပြားမှု၊ ခြားနားမှုလုံးဝမရှိပါ။ ပြင်ဆင်ရေးဆိုသည်မှာလည်း သူတို့စိတ်ကြိုက်ပြင်ဆင်ရေးသာဖြစ်ပါတယ်။ ပြင်ဆင်ရေး နဲ့ပတ်သက်ပြီး ဘယ်ပုဒ်မ၊ဘယ်စကားလုံးကိုဘယ်လိုပြင်မယ်၊ ဘယ်လိုစကားလုံးနဲ့အစားထိုးမယ်ဆိုတဲ့အထိ သူတို့အချင်းချင်းအကြားမှာ စည်းဝါးရိုက်ထားပြီးသားဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ဆိုသူမှာအစိုးရနဲ့လွှတ်တော်အကြား၊ အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးအကြား ဗိုလ်သိန်းစိန်နဲ့ ဗိုလ်ရွှေ မန်းနှင့်ဗိုလ်မင်းအောင်လှိုင်တို့ အကြားမှာ “ကြိုတင်သင်ပြညွန်ကြား” ထားသည့်အတိုင်း ပြည်သူအများ ထင်ရောင်ထင်မှားဖြစ်စေရန် အလို့ငှာ လိုအပ်သလို အကွက်ဆင်ပေးသူ၊ ချွန်ပေးသူ၊ ဖွပေးသူ၊ ဆွပေးသူ၊ ဆီထိုးပေးသူ၊ သဲပက်ပေးသူ၊ မှိုင်းတိုက်ပေးသူ၊ လေပင့်ပေး သူ၊ ဖာထေးပေးသူ စသဖြင့် ဗလောင်းဗလဲစကားတွေကို လျှာအရိုးမရှိတိုင်း ကြက်တူရွေးတစ်ကောင်ကဲ့သို့ ပြောနေသူသာဖြစ်ပါတယ်။ ဒီလိုပြောဖို့တာဝန်ဟာ သူ့အဓိကတာဝန်ပဲဖြစ်ပါတယ်။

အတိုက်အခံလို့ ခေါ်တာမကြိုက်သော ကျနော်တို့ အတိုက်အခံတွေ အနေနဲ့လည်း ဒီအကွက်တွေ၊ ဒီအချက်တွေကို မြင်ထား၊ သိထားပြီးဖြစ်မှာပါ။ မိတ်ဖြစ်ဆွေဖြစ်ထမင်းစားပွဲ မလာဝံ့၊ မလာရဲတဲ့ စစ်သားကြီးလုံးလုံး၊ ဗိုလ်မှူးကြီးရှုံးလောက်တဲ့ စစ်ဗိုလ်အမတ်တွေ ရဲ့ သူရသတ္တိရှိမှုကိုတိုင်းပြည်နဲ့လူထုက ပြက်ပြက်ထင်ထင်သိကြရပြီပဲ။ ဒီတော့ မိတ်ဆွေဖြစ်ထမင်းပွဲတောင် မလာဝံ့ရင်၊ နိုင်ငံရေးဆွေး နွေးပွဲဆိုရင်တော့ အဘယ်ဆိုဖွယ်ရာမရှိတော့ပါပြီ။

လွှတ်တော်ထဲသွားကြရတဲ့ စစ်ဗိုလ်အမတ်တွေဆိုတာ အမြင့်ဆုံး “ဗိုလ်မှူးချုပ်”အဆင့်နဲ့ အနိမ့်ဆုံးက “ဗိုလ်ကြီး- ဗိုလ်မှူး” အဆင့်တွေသာဖြစ်ပါတယ်။ အများစုက ဗိုလ်မှူးအဆင့်တွေသာများပါတယ်။

စစ်ဗိုလ်စစ်သားဆိုတာ လှေနဲ့မြင်းလိုပါပဲ။

စီးတဲ့သူ၊စေတဲ့သူ၊ နှင်တဲ့အတိုင်းသာ သွားလာ၊ သွားလာလှုပ်ရှားစမြဲဖြစ်ပါတယ်။ သူတို့ဟာ ဦးနှောက် (ကိုယ်ပိုင်ဆင်ခြင်မှု) မသုံးကြပါ။ သုံး၍လည်းမဖြစ်ပါ၊ သူတို့ အင်စတီကျူးရှင်းသဘာဝကိုက အထက်အမိန့်နဲ့ပေးတဲ့ တာဝန်ကို အကြွင်းမဲ့နာခံထမ်းရွက်ဖို့သာ ဖြစ်ပါတယ်။ စောဒကတက်ခွင့်လုံးဝမရှိပါ။ ရေဗူးပေါက်တာမလိုချင်/ရေပါဖို့အဓိက ဖြစ်ပါတယ်။

စစ်အုပ်စုအဆက်ဆက်က စစ်တပ်ရဲ့ ဒီလိုဖွဲ့စည်းမှုသဘာဝကို သူတို့အကျိုးအတွက် ပိုင်ပိုင်နိုင်နိုင် အသုံးချနေတာဖြစ်ပါတယ်။ စစ်တပ်ကို သူတို့စိတ်ကြိုက် ကြိုးကိုင်အမိန့်ပေး စေခိုင်းနေတာသာဖြစ်ပါတယ်။

စစ်အုပ်စုက ကြည်း-ရေ-လေ တပ်မတော်ကြီး တစ်ခုလုံးကို အထက်အမိန့်ဆိုတဲ့သံနှောင်ကြိုးနဲ့ တင်းတင်းကြပ်ကြပ် ချုပ်ကိုင် ထားပြီး ခါးပိုက်ဆောင်တပ်အဖြစ်အသုံးချနေတာပဲဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော် အာဏာရယူထားနိုင်လေတော့ ဒီအပြုအမူနဲ့ အလေ့ အကျင့်ဟာ စစ်တပ်ထဲမှာ ကိုးကွယ်မှုတစ်ခုလို အရိုးစွဲနေစေခဲ့ပါတယ်။ ဒါကြောင့် တပ်မတော်ထဲက တကယ့်တိုင်းချစ် ပြည်ချစ် စစ်ဗိုလ်၊ စစ်သားတွေကို ဒီချုပ်ကိုင်မှုကနေ လွတ်မြောက်အောင် ရုန်းထွက်နိုင်စေကြရပါမယ်။

တပ်မတော်ကြီးကို “ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့ တစ်လက်ကိုင်ခါးပိုက်ဆောင်တပ်” ဆိုတဲ့ ဘဝဆိုးကနေ “ဗိုလ်ချုပ် အောင်ဆန်း- ဗိုလ်ချုပ်ကျော်ဇော” တို့ ရည်ရွယ်မျှော်မှန်းခဲ့ကြတဲ့ ၊ ပြည်သူ့အကျိုးကို ကာကွယ်တဲ့ တပ်မတော်၊ ဒီမိုကရေစီကိုကာကွယ် တဲ့တပ်မတော်ဖြစ်အောင် ပြုပြင်ပြောင်းလဲယူရပါ့မယ်။

တပ်မတော်ကို “ခါးပိုက်ဆောင်တပ်”ဘဝကနေ ပြည်သူ့အကျိုးပြုတပ်မတော်ဘဝသို့ မပြုပြင်မပြောင်းလဲနိုင်သမျှ ကာလပတ် လုံး ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေအတွက် အာမခံချက်မရှိနိုင်ပါ။

စစ်အုပ်စုက “တပ်မတော်” ခါးပိုက်ဆောင်တပ်အဖြစ် ပြီး နိုင်ငံရေး၊ စီးပွားရေးဘက်ပေါင်းစုံမှာ လွှမ်းမိုးချုပ်ခြယ်လှယ်နေတာကို ကုန်စင်အောင် ဖယ်ရှားရှင်းလင်းပစ်ရေးဟာ ယနေ့ ဒီမိုကရေစီအရေးရဲ့သော့ချက်အကျဆုံး လုပ်ငန်းတာဝန်လည်းဖြစ်ပါတယ်။

ယခုအခါမှာ စစ်အုပ်စုက“ခါးပိုက်ဆောင်တပ်မတော်”လုပ်ထားနိုင်ခဲ့သလို၊ “ခါးပိုက်ဆောင်ဥပဒေ”၊“ခါးပိုက်ဆောင်လွှတ်တော်” တို့ကိုပါ ဖန်တီးလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ “ခါးပိုက်ဆောင်အတိုက်အခံ” တွေတောင်အရှင်မွှေးနေချင်း “ကြီး” နေကြပြီမဟုတ်ပါလား။

“မြန်မာနိုင်ငံရဲ့ဒီမိုကရေစီဟာ ‘တပ်မတော်’က ပေးသလောက်ပဲရမှာပါ၊ ‘တပ်မတော်’ အလိုရှိသလောက်ပဲ ကျမတို့လွှတ်တော် သက်တမ်းက ရှိမှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည့်ကပြောဖူးပါတယ်၊ အဲဒီစကားကို ယခုလိုပြင်ဆင်ဖြည့်စွက်ပါရစေ။

“မြန်မာနိုင်ငံရဲ့ဒီမိုကရေစီဟာ ‘စစ်အုပ်စု’ ကပေးသလောက်ပဲရမှာပါ၊ ‘စစ်အုပ်စု’ အလိုရှိသလောက်ပဲ လွှတ်တော်နဲ့အတိုက်အခံ သက်တမ်းကရှိနေမှာပါ”။

(မိုးမခမှ ကူးယူဖော်ပြသည်)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

နာဇီပါတီ ဗမာပြည်

ရေးသားသူ — ငြိမ်းချမ်းအေး








ဒီဇင်ဘာ (၁) ရက်နေ့ ထုတ် အစိုးရ သတင်းစာ ပါ ပြည်ထောင်စုအစိုးရအဖွဲ့ က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် လွှတ်တော်သို့ တင်သွင်းခဲ့သည် ဆိုသည့် “ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း”

ကိုးကွယ်ယုံကြည်မှု သဘော၊ ဘာသာတရား ဟာ ပုဂ္ဂလိက ကိစ္စ သက်သက်၊ တကိုယ်ရေ ဆန္ဒ၊ လွတ်လပ်စွာ ရွေးချယ်မှု သာ ဖြစ်ရမယ်။ ဘယ် အာဏာပိုင်၊ အစိုးရ၊ ဥပဒေ၊ ဘုန်းကြီး၊ ဘာသာရေး ခေါင်းဆောင် ဆီက မှ ခွင့်တောင်း စရာ မလိုဘူး။ အသိအမှတ်ပြုခံစရာ အတည်ပြုချက်ယူစရာ မလိုဘူး။

ယုံကြည်မှု ရှိလို့ ကိုးကွယ်ပြီ ဆိုရင် ဘုရား နဲ့ လူကြားမှာ ဘယ် အရာ က မှ ကြားခံ စရာ မလိုဘူး။

အဲ့သလိုပဲ ယုံကြည်မှု မရှိလို့ မကိုးကွယ် ဘူး၊ ပြောင်းမယ် ဆိုရင်လည်း ဘယ့် သူကောင်းသား ကို မှ ဦးတင် ခွင့်ခံစရာမလိုဘူး။ ဘုရား ကိစ္စ မှာ ခွင့်တိုင် စရာ အကြောင်းမရှိဘူး။ ခွင့်မဲ့ ပျက်ကွက် ဆိုတာ မရှိဘူး။

ကိုယ့် ဘာသာ ကြိုက်တဲ့ အယူဝါဒ တခုကို ဒီနေ့ ကိုးကွယ်မယ်၊ နောက်နေ့ မကြိုက်ရင် မကိုးကွယ်ဘူး၊ တခြား ရှိပြီး အယူဝါဒ ဘာသာ တခုခုကို ပြောင်း ကိုးကွယ်ချင် ကိုးကွယ်မယ်။ ကိုယ့်ဘာသာ ဘာသာအယူဝါဒအသစ် တခု ကို ထူထောင်ချင် ထူထောင်မယ်၊ ဘာသာမဲ့ အဖြစ်လည်း နေချင်နေမယ်။

သူတပါး ကို မထိခိုက်သရွေ့ မစော်ကားသရွေ့ ငါသာလျှင် ဘုရား ဧကန် ဖြစ်တယ် ဆိုခွင့် ရှိတယ်။ ယုံကြည်သူများက နောက်လိုက် လိမ့်မယ်။

ဒါတွေ အားလုံးကို ဥပဒေ နဲ့ ချုပ်နှောင်ထားစရာ အကြောင်းမရှိဘူး။ လူသားတဦး ရဲ့ လွတ်လပ်တဲ့ အခွင့်အရေး သက်သက်ပဲ တည်ရှိနေသင့်တယ်။

ကိုးကွယ် ရာ ဘာသာ ဆိုတာ လူသားရဲ့ တဦးချင်း ဘဝ ကိစ္စသက်သက်။ ဘယ် ဘုရား ကို ရှိခိုး မယ်၊ မရှိခိုးဘူး ဆိုတာ ဟာ ကိုယ့် ဘာသာ ည ကျ ဘယ် ယောက်ျား နဲ့ အိပ်မယ်၊ ဘယ် မိန်းမ နဲ့ အိပ် မယ်၊ ယောက်ျားချင်း လိင်ဆက်ဆံမယ်၊ ဒါမှမဟုတ် မိန်းမချင်း အိပ်မယ် ဆိုတဲ့ အရွယ်ရောက်ပြီး လူသား တဦးရဲ့ ကာမ ဆက်ဆံပုံ ရွေးချယ်ခွင့်လိုပဲ အစိုးရ၊ လွှတ်တော်၊ ဥပဒေ၊ ဘုန်းကြီးကျောင်း (ဘုရားကျောင်း) ကနေ မိဘ၊ မောင်ဖွား၊ သူငယ်ချင်း၊ အပေါင်းအသင်း အထိ ဘယ်သူ့အ ပူ၊ ဘယ်သူ အ ရေး မှ မဟုတ်ဘူး။

လက်ယာ အရင်းရှင် စနစ် မှာ အဖောက်ပြန်ဆုံးက ဖက်ဆစ် စနစ် ပဲ။ လူသား အချင်းချင်း စီးပွား ဖိနှိပ် ရုံမက လူမှု နိုင်ငံရေး အခွင့်အရေး ကို ဖိနှိပ် ရက်စက်မှု အပေါင်း၊ လူမဆန်မှု အပေါင်း သရဖူ ဆောင်းခဲ့တာ ဖက်ဆစ် နိုင်ငံ၊ စနစ်တွေပဲ။

အခု စစ်ခရိုနီ အရင်းရှင် စနစ် တိုင်းပြည်မှာ အခြေတည်ရုံမက မူဝါဒ တွေ၊ ဥပဒေ တွေ၊ သဘောထားတွေ ဟာ အစွန်းရောက်လာပြီး စစ်အာဏာရှင် ဖက်ဆစ် တိုင်းပြည် ကနေ စစ်ခရိုနီ အရင်းရှင် ဖက်ဆစ် တိုင်းပြည် ကို ဦးတည် နေပြီ။

စစ်အာဏာရှင်စ နစ် ခေတ်မှာတော့ စစ်တပ် ကို အသုံးချ လူထု ကို ဖိနှိပ်မှု ပုံစံ ဖက်ဆစ် တိုင်းပြည် ဖြစ်ခဲ့တယ်။ အခု စစ်ခရိုနီ အရင်းရှင် ဖက်ဆစ် တိုင်းပြည်မှာတော့ ဖိနှိပ်လိုသူ တွေ ဟာ လွှတ်တော် ကို အသုံးချ၊ ဥပဒေ ကို အသုံးချ လူသား အခွင့်အရေး ကို ထိန်းချုပ် ခြယ်လှယ် လွှမ်းမိုးစေတယ်။

အခု ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဥပဒေ အတွက် ခပ် လွယ်လွယ် ခပ် တိမ် တိမ် လူပြိန်း အများ နဲ့ အမျိုး ဘာသာ သာသနာ အသံကြားရင် အမြီးကုပ် ခေါင်းငုံ့ လက်ခံချင်သူများ အကြိုက် ဘာ အကြောင်းပြ သလဲ။ မိန်းကလေး များ ဘာသာကွဲ နဲ့ အိမ်ထောင်ကျ ရင် ဇွတ် ဘာသာပြောင်းရမှု မဖြစ်အောင် ကာကွယ် နိုင်တာပေါ့ ဆိုပြီး အကြောင်းရှာတယ်။ ဒီ ကိစ္စ မျိုးတွေ အားလုံး အတွက် ဗုဒ္ဓ ဘာသာ မြန်မာ အမျိုးသမီးများ အတွက် အထူး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ၊ အမွေဆက်ခံ ခြင်း ဆိုင်ရာ တည်ဆဲ ဥပဒေ တွေ ရှိပြီး ဖြစ်တယ်။

အခုမှ အပိုဆာဒါး အစွန်းရောက် အမျိုးသားရေး မှိုင်းလုံး နဲ့ အတူ အမျိုး၊ ဘာသာ၊ သာသနာ သကာဖုံးထားတဲ့ နာဇီခေတ် ဥပဒေ တွေ သွတ်သင်း လာစရာ မလိုဘူး။

ဗုဒ္ဓ ဘာသာ မြန်မာ မို့ လက်သင့် မခံတောင် နှာစီး ငြိမ်နေကြရင် နောင် တနေ့မှာ ဥပဒေ ပြု လွှတ်တော် ဆိုတဲ့ နေရာမှာ စစ်သား တင်မက ဘုန်းကြီး ပါ မြင်ရမယ်။ ပညာ၊ ကျန်းမာ၊ လူမှု၊ စီးပွား၊ နိုင်ငံရေး အရာရာမှာ စစ်အုပ်စု ရဲ့ ဖိနှိပ်မှု ကို ခံရရုံမက ဘာသာရေး ခေါင်းဆောင်များ ရဲ့ သဘောကျ ခြယ်လှယ်မှုကိုလည်း ခံရမယ်။

ဒီနေ့ ကိုးကွယ် ရာ အမှု၊ အိမ်ထောင်မှု သားမွေး အပြု ကို ဘာသာရေး ခေါင်းဆောင် တချို့ ဝင် စွက်ဖက် လာပြီ။ နောက် တနေ့ ဘာ ဝတ်၊ ဘာ စား၊ ဘာ ပြော အထိ ပါ (ဥပဒေ အရ) လာ စွက်ဖက်မယ်။

တိုင်းပြည် အနာဂတ် ကို ဘာသာရေး ခေါင်းဆောင်များ လွှမ်းမိုးခံ ဗမာပြည် ကို မြင်ချင်သလား။

မိမိ သား၊ မြေး မျိုးဆက် ဘာ ဝတ်၊ ဘာ စား၊ ဘာ ကိုးကွယ်၊ ဘယ်သူနဲ့ အိပ် ကို ဘုန်းကြီး အလိုကျ ဆောင်ရွက် နေရတဲ့ အဖြစ် မြင်ချင်လား။

လူနည်းစု ဘာသာ လူမျိုး တွေ ကို နှိပ်ကွပ် လို တာ ပဲ၊ ငါတို့ အနေသာကြီး မထင်လေနဲ့။ ဒီနေ့ လူနည်းစု တွေကို ပစ်မှတ်ထားတယ် ဆိုရင် နောင် တနေ့မှာ လူများစု တွေလည်း ခံရမယ်။

အခုလည်း ခံ နေရတာပါပဲ။ တုံးအောက် က ဖားချင်း မှာ စနစ် က အထိုက်အလျောက် ပစားပေးမှုကြောင့် နည်းနည်း အနေ၊ အစား ချောင်နေတော့ ခံ လို့ ခံရမှန်း မသိချင် ဖြစ်နေကြတာ များတယ်။ သွေးက တစိမ့်စိမ့် ထွက်၊ အနာ က တမျှဉ်းမျှဉ်း ဆိုတော့ အနာမှန်း ခံရမှန်း မသိ ဖြစ်နေတာလည်း ပါတယ်။ နောက် တခု က အနာကို ယဉ်ပါး တပ်မက် သွားတာလို့လည်း ဆိုနိုင်တယ်။

တလျှောက်လုံး သက်ဦးဆံပိုင် ပဒေသရာဇ် ခေတ်၊ ဒီဘက်မှာ စစ်အာဏာရှင် ခေတ် နဲ့ သာ ရင်းနှီးကျွမ်းဝင် နေရတော့ အုပ်စိုးသူ မင်း နဲ့ မင်းဆရာ ဘုန်းကြီး အလိုကျ နေ ထိုင် လာခဲ့ရတဲ့ လူမှု ဘဝ ကို ကျင့်သားရ နေ၊ ဓလေ့ ဖြစ်နေတော့ ဖိနှိပ်လို့ ဖိနှိပ်မှန်း မသိ၊ လူသား အခြေခံ အခွင့်အရေး ချိုးဖောက်လို့ ချိုးဖောက် ခံရမှန်း မသိ ဖြစ်နေကြတယ်။ ဒီ ဖိနှိပ်ခံရမှု ပုံစံခွက် ကို ခေါက်ရိုးကျိုးနေတယ်။

ဒီ အနေအထား မှာ တသက်လုံး မှိုင်းတိုက် ခံထားရတဲ့ သည်းခြေကြိုက် အမျိုး၊ ဘာသာ သာသနာ ပါလာတော့ ထိထိရောက်ရောက် ကန့်ကွက်လိုမှု နည်းကြတယ်။

အခု လွှတ်တော် ကို ရောက် လာပြီ ဖြစ်တဲ့

၁) ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊
(၂) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း၊
(၃) မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း နဲ့
(၄) တစ်လင် တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကြမ်း

(၄) ခုမှာ ဗမာလူ့အဖွဲ့အစည်းရဲ့ အစဉ်အဆက် ယောက်ျားကြီး ဝါဒီ များ အားသာ အလွဲသုံးစားပြုရာ ဖြစ်နေတဲ့ တရားဝင် မယားပြိုင် ယူခွင့် ရှိနေမှု ကို ပဲ ပယ်ဖျက် တစ်လင် တစ်မယား ဥပဒေကိုပဲ ပြဋ္ဌာန်း ဖို့ တောင်းဆိုရပါမယ်။

ကျန် (၃) ခု ကိုတော့ လူများစု၊ လူနည်းစု၊ အမျိုးသား၊ အမျိုးသမီး အားလုံး ၂၀၀၈ စစ်ကျွန် ဖွဲ့စည်းပုံ လိုပဲ ပြင်းပြင်းထန်ထန် အရေးပေး ကန့်ကွက်ရမှာပါ။

အဲ့သလိုမှ မဟုတ်ရင် ဖိနှိပ်မှု၊ လူ့ အခွင့်အရေး ချိုးဖောက်မှုများက လွှတ်တော် က အတည်ပြု တရားဝင် ပြဋ္ဌာန်း ကျင့်သုံးနိုင်ရာ နာဇီ ပါတီ ဗမာပြည် ကို အနာဂတ် မျိုးဆက် ခံစားရမှာ ဖြစ်ကြောင်းပါ ခင်ဗျာ။

ငြိမ်းချမ်းအေး
ဒီဇင်ဘာ ၀၁၊ ၂၀၁၄
(မိုးမခ မှကူးယူဖော်ပြသည်)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာ အလုပ်သမားတစ်ဦး အလိုရှိသည်

- ရာဘာ ပရက်စ် (အန္တရာယ် မရှိပါ)
- မြန်မာအလုပ်သမားများ ၃ ၊ ၄ ဆက် (၁၀နှစ်ကျော်) လုပ်လာသော အလုပ်ရုံဖြစ်သည် ။
- ညှိနှိုင်းလစာ
- အလုပ်ချိန် = ကိုရီးယား အလုပ်ချိန် (တစ်နေ့၈နာရီ)
- ထမင်း ၂ နှပ် ကျွေး (နေ့လည်စာ ၊ ညနေစာ)
- စနေ ၊ တနင်္ဂနွေနှင့် အနီရက်များ အားလုံးပိတ်
- အလုပ်ခွင် လွတ်လပ်မှုရှိ၍ ၊ အေးအေးလူလူလုပ်နိုင်သော အလုပ်ရုံဖြစ်သည်
- ဗီဇာ တစ်ခုခု ရှိဖို့ လိုအပ်ပါသည်
- ဂုရိုဘူတာအနီး ၀၂-၂၆၃၃-၄၂၀၀
- ကိုယ်တိုင်ဗျူးပါ ။ အခက်အခဲရှိပါက ၀၁၀-၅၅၄၉-၂၄၅၇ ထံ အကူအညီတောင်းနိုင်ပါသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ကျေးဇူးအထူးတင်ရှိပါကြောင်း

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)






(၃၀၊၁၁၊၂၀၁၄) တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် မြန်မာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲသို့ ဘူချွန်း၊ အင်ချွန်း၊ ဘူဖျောင်း၊ ဆိုးလ်၊ ရှီဟွန်း၊ ဂျောင်ဂီဒို-ဂွမ်ဂျူး၊ ဂျော်လာဒို-ဂွမ်ဂျူး၊ ဘူဆန်၊ ဂင်မဲ မြို့များမှ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ပညာရေး၊ မီဒီယာစသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြပြီး မြန်မာလူမှုအသိုင်းအ၀န်းအတွက် လိုအပ်ချက်များကို တက်ကြွစွာ ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ တက်ရောက်သည့် အောက်ပါ အဖွဲ့အစည်းများကို ကျေးဇူးတင်ပါသည်။

• မြန်မာအသင်း (ကိုရီးယား)
• အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ
• ဂွမ်ဂျူး မြန်မာလူမှုရေးအသင်း / ဂွမ်ဂျူး ဘောလုံးအသင်း
• ရွှေအလင်းတန်း မြန်မာလူမှုရေးအသင်း
• ရှီဟွန်း မြန်မာမိသားစု လူမှုရေးအသင်း
• ကရင်လူငယ်အဖွဲ့အစည်း (ကိုရီးယား) / ကရင်လူငယ် ဘောလုံးအသင်း
• ချင်းလူမှုရေးအသင်း
• ရခိုင်လူမှုရေးအသင်း
• မြန်မာစင်တာ
• ကိုရီးယားနိုင်ငံရောက် မြန်မာကျောင်းသားများအသင်း
• ထောင်စုပြတင်းဂျာနယ် / ဟန်းဂုရွာ
• အဖြူရောင်မေတ္တာလူငယ်များ (ကိုရီးယား)
• ဂွမ်ဂျူး ဓမ္မယာန ကရုဏာရှင်များအသင်း
• အနော်မာအဖွဲ့ (ကိုရီးယား)
• Rainbow Band / The Mirror တေးဂီတအဖွဲ့
• မျိုးချစ်မောင် ဒိုးအဖွဲ့
• မွန်လူမှုရေးအသင်း (ကိုရီးယား) (လေ့လာသူ)
• ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယား) (လေ့လာသူ)
• နွားထိုးကြီးအသင်း (လေ့လာသူ)

ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကူညီပေးကြသည့် ဘူချွန်းရွှေ့ပြောင်းအလုပ်သမားရိပ်သာ၊ ဓာတ်ပုံ ရုပ်သံ ရိုက်ကူးပေးသည့် ညီအကိုများ၊ နေ့လယ်စာနှင့် ငွေကြေးထောက်ပံ့သည့် အလှူရှင်များ၊ စိတ်ပါဝင်စားစွာ တက်ရောက်ကြသူများ အားလုံးကို ကျင်းပရေးကော်မတီက ကျေးဇူးတင်ပါသည်။

ကျင်းပရေးကော်မတီ၊ မြန်မာအသင်း (ကိုရီးယား)
မြန်မာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၄။ ဘူချွန်းမြို့၊ နိုဝင်ဘာ ၃၀

 တွေ့ဆုံဆွေးနွေးပွဲသို့ အဖွဲ့အစည်းပေါင်း ၂၀ နှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြပြီး အောက်ပါအချက်များကို သဘောတူညီကြပါသည်။

အဖွဲ့အစည်းများဆိုင်ရာကဏ္ဍ

၁။ အမျိုးသားရေးဆိုင်ရာ ကိစ္စများ၊ လတ်တလော ဖြေရှင်းတုံ့ပြန်ရမည့် ကိစ္စများတွင် အဖွဲ့အစည်းများအားလုံး စုပေါင်းလုပ်ဆောင်ရန်။
၂။ အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် “အလုပ်အဖွဲ့” စုထားပြီး ကွန်ရက်တစ်ခု တည်ဆောက်ရန်၊ ယင်းအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်သွားရန်။

အလုပ်သမားရေးရာကဏ္ဍ

၃။ အလုပ်သမားရေး ပြဿနာများကို ဖြေရှင်းပေးနိုင်ရန်အတွက် ဒေသဆိုင်ရာ ကိုရီးယားအဖွဲ့များနှင့် ချိတ်ဆက်ထားရန်၊ မိမိတို့ လွှမ်းခြုံနိုင်သော ဒေသများကို သတ်မှတ်လုပ်ဆောင်သွားရန်။
၎။ အလုပ်သမားဥပဒေဆိုင်ရာ ဆွေးနွေးပွဲများကို ဒေသဆိုင်ရာအလိုက် လုပ်ဆောင်သွားရန်၊ နီးစပ်ရာ အဖွဲ့အစည်းများက အားထုတ်လုပ်ဆောင်သွားရန်။

လူမှုရေး နိုင်ငံရေး ကဏ္ဍ

၅။ မြန်မာနိုင်ငံအတွင်း တမျိုးသားလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်မှာ အဖွဲ့အစည်းများ စုပေါင်း၍ ထိရောက်သည့် ကူညီထောက်ပံ့မှုများ လုပ်ဆောင်သွားရန်။
၆။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုရီုးယားရောက် မြန်မာနိုင်ငံသားတိုင်း လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ရအောင် လှုပ်ရှားသွားရန်

အထက်ပါ အချက် ၆-ချက်ကို တက်ရောက်ဆွေးနွေးကြသည့် အဖွဲ့အစည်းများက တညီတညွတ်တည်း သဘောတူညီကြပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>