Friday, March 11, 2011

ရွှေ့ပြောင်းသူများအသံလွင့်ဌာန နှစ်ပတ်လည်အစည်းအဝေး နှင့်ရွေးချယ်တင်မြောက်ပွဲ(၂၀၁၁) ကျင်းပပြီးစီး

လွန်ခဲ့သော မတ်လ ၆ ရက် ၊ တနင်္ဂနွေနေ့ နေ့လည် ၂ နာရီမှအချိန်က ရွှေ့ပြောင်းသူများ အသံလွင့်ဌာန တည်ရှိရာ ဆောအူးလ်မြို့ ယုံဆန်မြို့နယ်ရှိ ဆုယူနောမ်မော (수유너머) အဆောက်အဦးတွင် ၂၀၁၁ခုနှစ် ရွှေ့ပြောင်းသူများအသံလွင့်ဌာန နှစ်ပတ်လည် အစည်းအဝေးနှင့်အထွေထွေ ရွေးချယ်တင်မြောက်ပွဲကို ကျင်းပခဲ့ရာ ဆန္ဒမေးပေးခွင့်ရှိသူ ၂၉ ဦးတက်ရောက်ခဲ့ကြောင်း နှင့် အစည်းအဝေးကို ညနေ ၇နာရီခွဲအချိန်တွင် ဂုဏ်ပြုညစာစားပွဲဖြင့် အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည် ။အစည်းအဝေးတွင် ၂၀၁၀ ခုနှစ်ဆောင်ရွက်မှုအစီရင်ခံစာတင်သွင်းခြင်း ၊ ဘဏ္ဍာရေးအစီရင်ခံစာ တင်သွင်းခြင်း ၊ စာရင်းစစ်အစီရင်ခံစာတင်သွင်းခြင်း ၊ ဖွဲ့စည်းပုံဖြင်ဆင်ရန် တင်ပြခြင်းနှင့်ဆွေးနွေးခြင်းများ ၊ အစီရင်ခံစာအပေါ် အစည်းအဝေး တက်ရောက်သူများက မေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးခြင်းများ ၊ အမှုဆောင်ဒါရိုက်တာအဖွဲ့ (이사회) နှင့် လုပ်ငန်းကော်မတီ (운영윔원회) အမှုဆောင်အသစ်များ ရွေးကောက်တင်မြောက်ခြင်း ၊ ၂၀၁၁ ခုနှစ်လုပ်ငန်းစီမံချက်များ ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း အမှုဆောင် ဒါရိုက်တာအဖွဲ့ သစ်တွင် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ (공동대표) အဖြစ် ကိုရီးယားလူမျိုး မစ္စတာ လီဗြောင်းဟန်နှင့်အတူ ပူးတွဲ ရွေးကောက်တင်မြောက်ခံရသည့် မြန်မာနိုင်ငံသား ကိုအောင်တင်ထွန်းက ဟန်းဂုရွာသို့ပြောသည် ။


ဖွဲ့စည်းပုံပြင်ဆင်ခြင်းအစီအစဉ်တွင် အသံလွင့်ဌာနအမည် ပြောင်းလဲပြင်ဆင်ရန် တင်ပြဆွေးနွေးမဲပေးရွေးချယ်ခဲ့ကြရာ အသံလွင့်ဌာနအမည်ကို ယခင်ကိုရီးယားဘာသာဖြင့် 이주노동자의방송 အင်္ဂလိပ်ဘာသာဖြင့်Migrant Worker Television: MWTV မြန်မာဘာသာဖြင့် ရွှေ့ပြောင်းအလုပ်သမားအသံလွင့်ဌာန ဟုခေါ်တွင်ခဲ့ရာမှ ယခုအခါ ကိုရီးယားဘာသာဖြင့်이주민방송 အင်္ဂလိပ်ဘာသာဖြင့် Migrant World TV: MWTV မြန်မာဘာသာဖြင့် ရွှေ့ပြောင်းသူများအသံလွင့်ဌာန အဖြစ် ပြောင်းလဲ ခေါ်ဝေါ်ရန် ညှိနှိုင်းဆွေးနွေး မဲပေးရွေးချယ်ခဲ့ကြကြောင်း သိရသည် ။

အဆိုပါ အသံလွင့်ဌာနကို ၂၀၀၅ ခုနှစ်မှ စတင်ခဲ့ကြောင်းနှင့် ရွှေ့ပြောင်းသူများကိုယ်တိုင် ပါဝင်ထုတ်လွင့်နေကြောင်း ၊ ၄င်းအသံလွင့် ဌာနအနေဖြင့် သတင်းအစီအစဉ် ၊ ပညာပေးအစီအစဉ် ၊ ဖျော်ဖြေရေးအစီအစဉ် ၊ စသည့် ဗဟုမီဒီယာအစီအစဉ်များဖြင့် ရွှေ့ပြောင်းသူတို့အား အဓိကပရိသတ်များ (Target Audience) အဖြစ်ဦးတည်ကာ စီစဉ်ထုတ်လွင့် တင်ပြပေးနေသည်ဟု ဆိုပါသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, March 10, 2011

မြန်မာအလုပ်သမား ၃ ဦး အလိုရှိသည်

Gyeonggido, Pocheon
ငရုတ် စိုက်ခင်း
ဗီဇာရှိဖို့မလိုပါ ။
နေစရာပေး ၊ ထမင်းကျွေး ။
လစာ ကိုယ့်ဟာကိုယ်ဗျူးပါ ။
မြန်မာလူခံ(ရွှေခံ) မရှိပါ ။
ဆက်သွယ်ရန်-
011-229-6061

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာကပ္ပိယတစ်ဦးအလိုရှိသည်

ကိုရီးယားထေရဝါဒဗုဒ္ဓဘာသာ ဓမ္မရိပ်သာ တစ်ခုက မကြာမှီ ၁၀ ရက် တရားစခန်းကျင်းပမည်ဖြစ်ကြောင်း ၊ တရားစခန်းသို့ မြန်မာနိုင်ငံမှ ဆရာတော်ကြီး တစ်ပါး ကြွရောက်၍ တရားစစ် တရားပြပေးတော်မူမည်ဖြစ်ကြောင်း ၊ ဆရာတော်ကြီး ကိုရီးယားနိုင်ငံအတွင်း မတ်လ ၁၉ မှ ၂၇ ထိ သီတင်းသုံးစဉ်ကာလ ဆွမ်းကွမ်းဝေယျာဝစ္စအဆင်ပြေစိမ့်သောငှာ ၊ ဆွမ်းချက်မှ အစပြု၍ ဝေယျာဝစ္စဆောင်ရွက်ပေးနိုင်မည့်သူတစ်ဦး အလိုရှိကြောင်း နှင့် ဆောင်ရွက်ပေးနိုင်မည့်သူများ ၀၁၀-၂၃၃၁-၂၄၅၇ ထံ အမြန်ဆုံး ဆက်သွယ်ပါမည့်အကြောင်း သက်ဆိုင်ရာက မေတ္တာရပ်ခံထားပါသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ပြည်ထောင်စုနေ့ ကျေးဇူးတင်လွှာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 9, 2011

လူလိမ်


ယာဉ်ထိန်းရဲအရာရှိတစ်ယောက်ဟာ လူတစ်ယောက်ကို မြန်နှုန်းကျော်ပြီး မောင်းတဲ့အတွက် လမ်းဘေး ကားထိုးရပ်ခိုင်းလိုက်တယ်။

“ခင်ဗျားရဲ့ ယာဉ်မောင်းလိုင်စင်ကို ကြည့်ခွင့်ပြုပါ။”

“ကျုပ် အရက်မူးပြီး ကားမောင်းတဲ့အတွက် လိုင်စင်ရုပ်သိမ်းခံထားရတယ်။”

“ဒါဆို ကားပိုင်ရှင်ကတ်ပြား ကြည့်ခွင့်ပြုပါ။”

“ကျုပ် ဒီကားကိုခိုးလာတာ။ ဒါပေမယ့် ကျုပ်သေနတ်ကို လက်အိတ်ပုံးထဲ ထည့်လိုက်တဲ့ အချိန်မှာ အဲဒီကတ်ပြားကို ပုံးထဲမှာ တွေ့မိတယ်။”

“လက်အိတ်ပုံးထဲက သေနတ်”

“ဟုတ်တယ်။ အဲဒီမှာ ကျုပ်သေနတ်ထည့်ထားတယ်။ ဒီကားပိုင်ရှင် အမျိုးသမီးကြီးကို သတ်ပြီးတော့ပေါ့။ သူ့ကိုတော့ ကားနောက်ဖုံးထဲမှာ ထိုးသိပ်ထည့်ထားတယ်။”

ဒါတွေကြားပြီးတဲ့နောက် ရဲအရာရှိဟာ စခန်းမှူးကို ဖုန်းဆက်ခေါ်လိုက်တယ်။

ကားဟာ ခဏတွင်းချင်းပဲ ရဲအ၀ိုင်းခံလိုက်ရတယ်။

စခန်းမှူးဟာ ယာဉ်မောင်းနားကို တိုးကပ်သွားတယ်။

“ခင်ဗျားလိုင်စင်ကို ကျနော်ကြည့်နိုင်မလား။”

“အသေအချာပေါ့။ ရော့ ဟောဒီမှာ။”

“ဒီကားက ဘယ်သူ့ကားလဲဗျ။”

“ကျုပ်ကားပါဗျာ။”

“ခင်ဗျားရဲ့ လက်အိတ်ပုံးကို တဖြေးဖြေး ဖွင့်ပြနိုင်မလား။”

လက်အိတ်ပုံးထဲမှာ ဘာမျှမရှိ။

“ခင်ဗျားရဲ့ ကားနောက်ဖုံးကိုကော ဖွင့်ပြနိုင်မလား။”

ကားနောက်ဖုံး ပွင့်သွားတယ်။ ဘယ်သူမျှမရှိ။

“ဒီရဲအရာရှိကတော့ ကားနောက်ဖုံးထဲမှာ အလောင်းတစ်လောင်ရှိတယ်လို့ သူ့ကို ခင်ဗျား ပြောဆိုခဲ့တယ် ဆိုပါလား။”

“အဲဒီလူလိမ် ကျုပ် မြန်နှုန်းကျော်မောင်းတယ်လို့လည်း ခင်ဗျားကို ရွှီးခဲ့ဦးမယ်ဆိုတာ ကျုပ် လောင်ကြေးထပ်ပြီးတော့တောင် ပြောရဲပါရဲ့ဗျာ။”

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 8, 2011

ရွှေမြင့်မိုရ် မြန်မာ ဆိုင်ဖွင့်မည့်သတင်း

လာမည့် မတ်လ ၁၉ ရက် စနေနေနေ့တွင် အန်ဆန်းမြို့၌ မြန်မာတို့အတွက် မြန်မာဆိုင်သစ် တစ်ဆိုင် ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း ၊ ဆိုင်အမည်ကို ရွှေမြင့်မိုရ် ဟု အမည်ပေးထာကြောင်းနှင့် ဆိုင်ဖွင့်ပွဲကို အလျင်အမြန်စီစဉ်ရခြင်းဖြစ်သဖြင့် သီးသန့်ဖိတ်စာများမပို့နိုင်ဘဲ ကိုရီးယားနိုင်ငံရောက် မြန်မာမိတ်ဆွေများအားလုံးတို့ကို ဟန်ဂုရွာမှ တစ်ဆင့်ဖိတ်ကြားအပ်ပါကြောင်း ၊ မိတ်ဆွေရင်းခြာပမာ သဘောထားပြီး ကြွရောက်အားပေးချီးမြှင့်နိုင်ကြပါကြောင်း ဆိုင်ရှင်များက ပြောပါသည် ။
မြန်မာ ဆိုင်ဖွင့်ပွဲ အစီအစဉ်မှာ-
၁၉-၃-၂၀၁၁
မနက် ၇ နာရီ မှ ညနေ ၇ နာရီ အထိ
လမ်းညွှန်မှာ -
အန်စမ်းဈေးလမ်းမဆုံးခင်လမ်းဘယ်ဘက်ကိုဝင်ပါရန်
အခက်အခဲရှိပါက -
ဖုန်း ၀၃၁-၄၉၃-၇၄၆၆

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အို ၊ ဖခင်

ရေးသားသူ — မောင်ဂျစ်

သမာဖုထွက်
ပုခုံးထက်သို.
ကုန်းရုံးကြုံးတင်
ဖော့ရိုးမျှင်လို
ပြုလုပ်ဝန်နှောင်
မောင်လုပ်ဆောင်သည်
ရှေ့နောက်နေမြဲ
ပြေးလွှားဆဲနှင့်
ကျိတ်ခဲအားတင်း
ခရီးပြင်းကို
နှင်လျှင်းသွက်လက်
ချွေးဒီးထွက်လျက်
ချမ်းအေးနေလည်း
မမှုသေးဘဲ
ပြင်းသက်ရှိုက်ရှု
မောဟိုက်မူလည်း
မငြူမငြီး
ချစ်ဇနီးနှင့်
သမီးသားတွေ
စားဝတ်နေနှင့်
ထွေထွေကွက်လပ်
စဉ်ဖြည့်စွက်ဖို.
အဝေးရောက်တယ်
ဘ၀လယ်က
မောပန်းမထင် ---------
---------------အို ဖခင်


မောင်ဂျစ်
ကိုဝိုင်း....
ကိုရီးယားရောက်ထဲက အိမ်က မိသားစုကို သတိယလို.စပ်ထားတဲ.ကဗျာလေးတစ်ပုဒ်ကို ဟန်းဂုရွာမှာ တင်ပေးလို့အဆင်ပြေမလားအကို ။
တကယ်လို့အဆင်ပြေခဲ့ရင် ပေးပို့သူ ( မောင်ဂျစ် ) နဲ. ဖော်ပြပေးပါနော်။
ကဗျာခေါင်းစဉ်က တော့ ( အို .... ဖခင် ) လို. ပေးထားပါတယ်ဗျာ။
ခင်မင်စွာဖြင့်

မောင်ဂျစ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အဖြူရောင်မေတ္တာ လူငယ်များ ( ကိုရီးယား ) ၏ စုစည်းမှု တစ်နှစ်ပြည့် ဆွမ်းကျွေး အလှူတော်

ကျနော်တို့ အဖြူရောင်မေတ္တာ လူငယ်များ ( ကိုရီးယား )၊၏ စုစည်းမှုသည် မတ်လ ၁၄ ရက်နေ့တွင် ၁နှစ် ပြည့်မြောက်မည်ဖြစ်ပါသည်။ ထို စုစည်းမှု အထိမ်းအမှတ်အဖြစ် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ် များအား ဆွမ်းဆက်ကပ် လှူဒါန်းမည် ဖြစ်ပါသဖြင့် ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမ အပေါင်းတို့နှင့်အတူ ကုသိုလ်ယူလိုပါသဖြင့် ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် -
နေရာ။ ။ မြန်မာ ဗုဒ္ဓသာသာ သာသနာပြုကျောင်း ၊ ဘူဖြောင်း
နေ့ရက်။ ။ 2011 ခုနှစ် မတ်လ 13 ရက် ( တနင်္ဂနွေနေ. )
အလှူတော်မင်္ဂလာ အချိန်၊၊ နံနက် ( ၆ ) နာရီမှ နေ့လည် (၂) နာရီအထိ။
စတုဒီသာ ကျွေးမွေးခြင်း အစီအစဉ်
အချိန်။ ။နံနက် 6 နာရီမှ 9 နာရီအထိ
မြန်မာ အလွမ်းပြေ ကောက်ညှင်းပေါင်း ။ ငါးရံ့ခြောက်ဖုတ်နှင့် လက်ဘက်ရည်။
နေ့လည် 10 နာရီမှ 2 နာရီအထိ
နေ့လယ်ပိုင်း - အုန်းထမင်း၊ ကြက်သားဟင်း၊ ချဉ်ပေါင်ဟင်းချို၊ ငံပြာရည်ချက် နှင့် အချဉ်သုပ်။
ပရဟိတ လုပ်ငန်းများကို စိတ်ဝင်စားသော ညီအစ်ကိုမောင်နှမများကိုလည်း ကျွန်တော်တို့ အဖြူရောင်မေတ္တာလူငယ်များ ( ကိုရီးယား ) က အမြဲတမ်း လက်ကမ်းကြိုနေမည်ဖြစ်ပြီး နောင် ဆက်လက်လှူဒါန်းသွားမည့် အလှူများတွင်လည်း တတ်စွမ်းနိုင်သမျှ အတူတကွ ဆက်လက် ဆောင်ရွက်လိုပါကြောင်း သတင်းစကား ပါးလိုက်ပါရစေခင်ဗျား။။။။
အဖြူရောင်မေတ္တာလူငယ်များ ( ကိုရီးယား )
http://whiteloveforpeople.ning.com

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, March 3, 2011

အလှူတော်ဖိတ်ကြားစာ

ကိုရီးယားနိုင်ငံရောက်မြန်မာ ညီအစ်ကိုမောင်နှမအပေါင်းတို့ ခင်ဗျာ....
ဘူဖြောင်း ဂါဂျာဒေါင် မီဒွန်း ပရိဘောဂစက်ရုံ (믿음가구) မှ မြန်မာသူငယ်ချင်းများစုပေါင်းပြီး ဓမ္မဒူတကျောင်း (ကိုရီးယား) ၌ ဆွမ်းကျွေးနှင့် အလှူဒါနများ ကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ကုသိုလ်တော်ယူကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်.....
ရက်စွဲ.....
၂၀၁၁ ခုနှစ် ဧပြီလ ၃ရက် (တနင်္ဂနွေနေ့ )
အချိန်……..
နေ့လည် ၁၁ နာရီမှ ၁နာရီခွဲအချိန်ထိ
အကျွေးအမွေးအစီအစဉ်....
မြန်မာဒံပေါက် နှင့်  အချိုရည်များ


လေးစားမှုဖြင့်-
မီဒွန်းပရိဘောဂစက်ရုံမှ မြန်မာညီအစ်ကိုများ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 2, 2011

ပုရွဲဆိတ်နဲ့ ယင်ကောင်တို့ရဲ့ အရည်အချင်း

ပုရွဲဆိတ်နဲ့ ယင်ကောင်တို့ဟာ အလုပ်ကြိုးစားကြတယ်လို့ သတင်းကြီးကြတယ်။
ယင်ကောင်ဟာ မနားမနေ လှည့်လည်ပျံသန်းပြီးတော့၊ ပုရွဲဆိတ်ဟာလည်း မနားမနေ လှည့်လည်သွားလာနေကြတယ်လေ။

အဲဒီလိုနဲ့ တစ်ရက်မှာတော့ ပုရွဲဆိတ်နဲ့ ယင်ကောင်တို့ အချင်းချင်း ဆုံမိကြတဲ့အခါ စကားအခြေအတင် ဖြစ်ကြတာပေါ့။

ယင်ကောင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တယ်။
“ ငါ့ရဲ့ ထူးခြားတဲ့ အစွမ်းအစက တွေးမိတာထက်တောင် လွန်နေသေးတယ် ”

“ ဘယ်လို အစွမ်းအစများပါလိမ့် ”

“ ငါက မင်းလိုမျိုး ချွေးဒီးဒီးကျအောင် မလုပ်ပဲနဲ့လည်း ဗိုက်တင်းအောင် စားလို့ရတယ်ကွ ”

“ အဲဒါ ဂုဏ်ယူစရာလား ”

“ နတ်တင်တဲ့အခါ နတ်တွေ စားမယ့်အစားအသောက်တွေကို သူတို့ အရင် အရသာမြည်းလို့ရတယ်။ ဘုရင်ကြီးရဲ့ ခေါင်း၊ နှာခေါင်း၊ ပါးစပ်ပေါ်မှာလည်း စိတ်ထင်သလို နားလို့ရတယ်။ ဒီလောက်ပဲလို့ ထင်လား။ လှပချောမောတဲ့ မင်းသမီးလေးကိုလည်း နမ်းလို့ ရတယ်။ ဒါတွေဟာ ဘယ်သူမှ မလုပ်နိုင်တဲ့ ငါ့ရဲ့ ခန့်ညား လှပတဲ့ စွန့်စားမှုတွေပဲကွ။ မင်းလို တောသားတွေ တွေးတောင် မတွေးမိတဲ့ ကိစ္စတွေပဲ ”

ပုရွဲဆိတ်က ပြန်ပြောလိုက်တယ်။

“ လက်တစ်ချောင်းတောင် မချိုးပဲ ဗိုက်တင်းအောင်စားသေး၊ နတ်တင်တဲ့အခါလည်း စားဦးစားဖျား စားသေး၊ ဘုရင်ကြီးရဲ့ မျက်နှာပေါ်မှာ အသက်ကို ရင်းပြီးတော့လည်း နားရ၊ ပြီးတော့ လှပချောမောတဲ့ မင်းသမီးလေးကို နမ်းတာကပါသေး…. ဒါ ဂုဏ်ယူစရာ အလုပ်မျိုးလား။ ဒါပေမယ့် အဲဒါတွေဟာ သူတို့တွေက မဖိတ်ခေါ်ဘဲ လုပ်တာမဟုတ်လား။ ဒါဆို ငါက အလုပ်လုပ်ပြီး ရှာဖွေစုဆောင်းသိုမှီးထားတဲ့ အစားအစာတွေနဲ့ ချမ်းအေးလှတဲ့ ဆောင်းရာသီကို သက်တောင့်သက်သာ ဖြတ်သန်းနေတဲ့အချိန်မှာ မင်းက ဘာနဲ့ စားသောက်ပြီး နေထိုင်မှာလဲ ”

“ စားစရာတွေက နေရာတိုင်းမှာ အပြည့်ရှိတယ်ကွ ”

“ ဒီလိုပဲ ပြောရမယ်လေ။ ဟိုနေရာ ဒီနေရာမှာ ပြန့်ကျဲနေတဲ့ အကြွင်းအကျန်တွေကို ကောက်စားရမှာ မဟုတ်လား။ ဗိုက်တင်းအောင် စားတယ်ဆိုတာလည်း အားထုတ်မှု ရှိရတယ်ကွ၊ မှတ်ထား ”။ ။


သင်ခန်းစာ။ ။ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ရရှိလာတဲ့အရာဟာ တန်ဖိုးရှိပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, February 28, 2011

ကျေးဇူးတင်လွှာ

ရေးသားသူ — အဖြူရောင်မေတ္တာလူငယ်များ(ကိုရီးယား)

ကျွန်တော်တို့ အဖြူရောင်မေတ္တာလူငယ်များ ရန်ပုံငွေဈေးရောင်းပွဲ ကျင်းပနိုင်ရန် -
- နေရာစီစဉ်ပေးသော မြန်မာအသင်း (korea) မှ ဥက္ကဌ ဦးခင်မောင်ရင်နှင့်တကွ အမှုဆောင်များအားလုံး၊
- ရန်ပုံငွေဈေးရောင်းပွဲအတွက် ကြော်ငြာ v 9 ၊ ပိုစတာ ဒီဇိုင်းဖန်တီးပေးသော ကိုရဲလင်းထွန်း ၊ ကိုဇော်မင်းထွန်း ၊ ကိုဝင်းလှိုင် (နန်းတော်ရှေ့) ၊ ကိုသန်းထွေး ၊ ကိုယဉ်ဝင်းအောင် ။
- အကျွေးအမွေးအစီအစဉ် အတွက် ဦးဆောင်စီစဉ်ပေးသော(ကိုကြီး) တင်ယဉ်ထွန်း(ကြာဇံကြော်) ၊ ကိုအောင်မျိုးဦး(ကော်ပြန့်ကြော် )၊ ကိုကျော်ဝင်းကို (ကြက်ကြော်) ၊ ကိုဇော်မင်းထွန်း (အဖျော်ယမကာ)၊ ကိုစိန်ဝင်း(သစ်သီးအချိုပွဲ)၊ ကိုရဲနောင်(ဝက်သားဒုတ်ထိုး )၊ ဂျင်းနှင့်လက်ဖက် သုတ်ပေးသော ကိုကျော်ဌေး။
- တေးသံသာများဖြင့် ဖျော်ဖြေပေးခဲ.ကြသည့် ညီအစ်ကို မောင်နှမ များနှင့် အကောင်းဆုံး တီးခတ်ဖျော်ဖြေပေးခဲ့ကြသည့် RAINBOW BAND နှင့် THE MIRRORS BANDS တို့မှညီအစ်ကိုများ၊ မြန်မာ့ရိုးရာအကများကို ပန်တျာကျောင်းဆင်းပီသစွာ ကပြတင်ဆက်သွားသောညီမငယ်မေထားနှင့် ပရိသတ်များအား ဟဒယရွှင်ဆေးတိုက်ကျွေးသွားခဲ့သော အဖြူရောင်မေတ္တာအငြိမ့်မှ ညီမစကွီနှင့် အဖြူရောင်ညီအစ်ကိုများဖြစ်ကြသော ကိုကျော်မင်းဦး၊ ကိုအောင်ကိုမြင့်၊ ကိုပြည့်ဖြိုးကျော်၊ ကိုအောင်ကိုလတ်၊ အတွဲညီညီနဲ့အခမ်းအနားအစီအစဉ်များ ကိုဆောင်ရွက်ပေးခဲ့ကြတဲ့ ကိုဇော်ဇော်နှင့် ညီမငယ် ဖြူဖြူအောင်။
- ဗီဒီယိုမှတ်တမ်းတင်ပေးကြတဲ့ကိုရဲမြင့်၊ ကိုထွန်းထွန်းနှင့် ကိုနေလင်းသူ၊ ကင်မရာ မှတ်တမ်းတင်ပေးကြတဲ့ ကိုရဲနိင်ဝင်း၊ လက်မှတ်များကို အားသွန်ခွန်စိုက် ရောင်းပေးကြတဲ့ အစ်မရွှေမာသန်း၊ နော်ပိုးပိုး(အန်ဆန်)နှင့် ညီအစ်ကိုများအားလုံး။
- ကိုယ်တိုင်ကိုယ်ကျ လာရောက်အားမပေးနိုင်သော်လည်း အဝေးမှ အလှုငွေပါဝင်ပေးပြီးအားပေးနေတဲ့ ကိုမြင့်သိန်းဦး(MDSME, Busan)၊
- MWTV မှ မှတ်တမ်းတင်ပေးသော ကိုစိုးမိုးသူနှင့် ကိုဝိုင်း ၊
- အခမ်းနားပြင်ဆင်ပေးကြသော အဖြူရောင်မေတ္တာလူငယ်များ (korea) အဖွဲ့ဝင်များနှင့်ကျေးဇူးတင်ထိုက်သူများအားလုံး ၊
- ပွဲလက်မှတ်များအားပေးပြီးမလာဖြစ်ကြတဲ့ သူငယ်ချင်းများ၊
- လာရောက်တက်ရောက်အားပေးကြတဲ့ သူငယ်ချင်းများအားလုံးတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း…

အဖြူရောင်မေတ္တာလူငယ်များ(korea)
၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, February 27, 2011

မြန်မာ အလုပ်သမား ၂ ဦး အလိုရှိသည်

aluminium Cutting (အလျူမီနီယမ် ဖြတ်တောက်ခြင်း လုပ်ငန်း)
Daejeon Metropolitan City
အမျိုးသား သို့မဟုတ် အမျိုးသမီး
ဗီဇာ ရှိ / မရှိ ။
နေစရာ = ပေးသည် ။
ထမင်း = ကျွေးသည် ။
မြန်မာ(ရွှေခံ) ရှိသည် ။
နာရီစား (လရှင်း) ၊ တစ်နာရီ ၄၁၅၀ (4150 won) .
အလုပ်ချိန် ၊ ၈နာရီခွဲ မှ ၆နာရီ ။ (နောက်ပိုင်း အချိန်ပို ၊ တစ်ဆခွဲနှုန်း)
ပုံမှန် ည ၈နာရီခွဲထိ လုပ်ရလေ့ရှိပါသည် ။
ဗုဒ္ဓဟူးနေ့ တစ်နေ့တည်းသာ ၆ နာရီထိ ။
စနေနေ့ ၄နာရီခွဲ သိမ်း ။

ဆက်သွယ်ရန်-
(ကိုရွှေခံ) - 010-4170-2219
(ကိုရီးယား)- 010-6281-9794

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ချစ်လိုက်၊ တစ်ကြိမ်မှ အသည်းမကွဲဖူးသလိုမျိုး...

Dance. As if no one is watching.
Love. As if never been hurt.
Sing. As if no one is listening.
Work. As if no money is needed.
Live. As if it’s last day in your life.

Alfred D Souza

춤추라, 아무도 바라보고 있지 않은 것처럼.
사랑하라, 한번도 상처받지 않은 것처럼.
노래하라, 아무도 듣고 있지 않은 것처럼.
일하라, 돈이 필요하지 않은 것처럼.
살라, 오늘이 마지막 날인 것처럼.

알프레드 디 수자
(လျူရှီဝှါး ဘာသာပြန်)

ဘဝ

ကခုန်လိုက်၊ ဘယ်သူမှ ကြည့်မနေသလိုမျိုး။

ချစ်လိုက်၊ တစ်ကြိမ်မှ အသည်းမကွဲဘူးသလိုမျိုး။

သီဆိုလိုက်၊ ဘယ်သူမှ နားထောင်မနေသလိုမျိုး။

လုပ်ကိုင်လိုက်၊ ငွေကြေးကို လိုအပ်မနေသလိုမျိုး။

ရှင်သန်လိုက်၊ ဒီနေ့ဟာ  ဘ၀ရဲ့ နောက်ဆုံးနေ့ရက်ဖြစ်နေသလိုမျိုး။ ။


အဲလ်ဖရက် ဒီ ဆူဇာ 



ပုံလေးက ဒီက ယူပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, February 26, 2011

ဗမာစာသည် တို့စာ

တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး၏ အရေးကြီးဆုံး ယဉ်ကျေးမှုပစ္စည်းမှာ ယင်းတိုင်းပြည်၊ ယင်းလူမျိုးတို့၏ ဘာသာစကားပင် ဖြစ်လေသည်။ တိုင်းပြည်တစ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိုနိုင်ငံ၏ စာပေအဆင့်အတန်းဖြင့်သာ တိုင်းတာနိုင်ပေသည်။ စာပေသည် ဉာဏ်ပညာသို့ သွားရာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ မိမိတို့ နိုင်ငံသူနိုင်ငံသား အားလုံး အသိဉာဏ်
ဖွံ့ ဖြိုး တိုးတက်စေရန် စာပေဖြင့်သာ စွမ်းဆောင်နိုင်ပေသည်။ ထို့ကြောင့် စာပေ ဖွံ့ဖြိုးတိုးတက်မှုသည် လွန်စွာ အရေးကြီးလှပေသည်။

စာပေဖွံ့ဖြိုးလျှင် တိုင်းပြည် ကြီးပွားတိုးတက်၍၊ တိုင်းပြည် ကြီးပွားတိုးတက်လျှင် စာပေသည်လည်း ဖွံ့ဖြိုးတိုးတက်ရလေသည်။ စာပေကို ရေကန်နှင့် နှိုင်းသော် တိုင်းပြည်သည် ကြာပွင့်ဟု ဆိုရပေမည်။ ရေမြင့်မှ ကြာတင့်သကဲ့သို့ စာပေမြင့်မှ လူမျိုးရော တိုင်းပြည်ပါ တင့်တယ်နိုင်ပေသည်။ လူတို့သည် ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်၏ ဘာသာစကားကိုသာလျှင် အလေးထား သင်ယူကြပေသည်။ ထို့ကြောင့် မိမိတိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုလျှင် မိမိတို့ဘာသာစကားကို တန်ဖိုးထားတတ်ရပေမည်။ မိမိဘာသာစကားကို တန်ဖိုးမထားလျှင် စာပေအဆင့်အတန်း နိမ့်ကျပြီး အသိဉာဏ် နည်းပါးကာ နိုင်ငံတကာအလယ်၌် တိုင်းပြည်ပါ မျက်နှာငယ်ရပေလိမ့်မည်။

ခေတ်အဆက်ဆက်မှ ဉာဏ်ပညာ အတွေးအခေါ်တို့သည် စာပေ၌သာ တည်ရှိလေသည်။ ဉာဏ်ပညာဖြင့်သာ လူသားတို့သည် ကြီးပွားတိုးတက်နိုင်ကြကုန်၏။ လူတစ်ဦးတစ်ယောက်၏ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်မှုသည် ထိုသူ တစ်ဦးတစ်ယောက်၏ ဘ၀ ကြီးပွားတိုးတက်ဖို့ရာ ကောင်းသော အထောက်အပံ့ဖြစ်လေသည်။ သို့ရာတွင် တစ်ဦးတစ်ယောက်မျှသာ ကြီးပွားတိုးတက်ရုံမျှဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ်ပေ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ရန် ထိုတိုင်းပြည်၌ နေထိုင်ကြကုန်သော တိုင်းသူပြည်သားတိုင်း ဉာဏ်ပညာရှိဖို့ရာ လွန်စွာ လိုအပ်လှပေသည်။ ထိုသို့ နိုင်ငံသားတိုင်း အသိဉာဏ်ပညာမြင့်မားဖို့ရန် စာပေဖြင့် စွမ်းဆောင်ရန်သာ ရှိလေသည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံသည် ၎င်းတို့၏ ဘာသာစကား၌့ ကမ္ဘာအရပ်ရပ်ရှိ အသိဉာဏ်ပညာ၊ အတတ်ပညာတို့ကို ရှင်သန်စေ၏။ မိမိတို့၏ ဘာသာစကားဖြင့် အလိုရှိရာ အသိဉာဏ်ပညာ၊ အတတ်ပညာတို့ကို ဆည်းပူးနိုင်မှသာ ထိုလူမျိုးတို့သည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်လေသည်။

ယနေ့ကမ္ဘာသည် နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံနေကြရာ နိုင်ငံတကာ စာပေနှင့် ဘာသာစကားများကို ကျွမ်းကျင်တတ်မြောက်မှသာ လူတန်းစေ့နိုင်ကြပေသည်။ တစ်ဦးတစ်ယောက်သည် နိုင်ငံခြားဘာသာစာပေကို ကျွမ်းကျင်တတ်မြောက်သော် ထိုနိုင်ငံ၏ ဘာသာစကား၌ ရှိသော အသိပညာ အတတ်ပညာတို့ကို ဆည်းပူးနိုင်လေသည်။ သို့သော် ထိုအသိပညာ အတတ်ပညာတို့ကို မိမိတို့ ဘာသာစကားဖြင့် ပြောင်းလဲနိုင်ပါက မိမိတို့ တိုင်းသူပြည်သားတိုင်း မိမိတို့ ဘာသာစကားဖြင့်ပင် အခြားတိုင်းပြည်၏ အသိပညာ အတတ်ပညာတို့ကို လွယ်ကူစွာ ဆည်းပူးနိုင်ကြ၍ တိုင်းပြည်လည်း လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လေသည်။ မိမိတို့တိုင်းပြည်ကို ဆင်းရဲတွင်းမှ ရုန်းထွက်စေလိုလျှင် မိမိတို့ ဘာသာစကားကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဖို့ရာ ထိုနိုင်ငံရှိ တိုင်းသူပြည်သားတိုင်းတွင် တာဝန်ရှိလေသည်။ အထူးသဖြင့် ခေတ်ပညာတတ် လူငယ်များ၌ ပို၍ တာဝန်ရှိပေသည်။

ယနေ့ ခေတ်ပညာတတ် လူငယ်အများစုမှာ နိုင်ငံခြားဘာသာစကား အမျိုးမျိုးကို ကျွမ်းကျင်စွာ တတ်မြောက်ကြပါ၏။ သို့သော် မိမိတို့ တိုင်းပြည်၏ ဘာသာစကားကိုမူ ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ကြခြင်း မရှိချေ။ ထိုမျှသာမကသေး။ ပြောဆိုရေးသားရာတွင် အမှားမှား အယွင်းယွင်း ပြောဆိုရေးသားကြလေသည်။ ထို့ကြောင့်ပင် မိမိတို့ ဘာသာစကားမှာ ခိုင်မာအားကောင်း မလာပဲ၊ တဖြည်းဖြည်း ယိုယွင်းပျက်စီးကာ နောက်ဆုံး၌ ဘာသာစကားပါ ပျောက်ကွယ်ပြီး တိုင်းပြည်လည်း ကျွန်ဘ၀ ရောက်ရပေလိမ့်မည်။ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ကိုလိုနီနယ်ချဲ့တို့သည် တိုင်းပြည်တစ်ပြည်ကို သိမ်းပိုက်ပြီးပါက ထိုတိုင်းပြည်ကို ကျွန်သက်ရှည်အောင် ပြုကြရာတွင် အဓိက အသုံးပြုသော နည်းလမ်းမှာ ထိုတိုင်းပြည်၏ ဘာသာစာပေကို တိမ်ကောပျောက်ကွယ်အောင် ပြုလုပ်ခဲ့ကြခြင်းပင် မဟုတ်ပါလား။ ဘာသာစာပေ ပျောက်ကွယ်မှသာ ထိုတိုင်းပြည်တွင် နေထိုင်ကြသော လူမျိုးတို့သည်လည်း အသိဉာဏ်ပညာ တစ်စတစ်စ မှေးမှိန်သွားကာ လူနုံလူအများအဖြစ် သူတစ်ပါးပြုသမျှ ခေါင်းငုံ့ခံကြမည် မဟုတ်ပါလော။

ထို့ကြောင့် တစ်ချိန်က တိုင်းပြည်ကို ကျွန်ဘ၀မှ လွတ်မြောက်၍ ကြီးပွားတိုးတက်လိုကြသော သခင်လူငယ်တစ်စုသည် တို့ဗမာအစည်းအရုံးကို တည်ထောင်၍ နယ်ချဲ့တို့ကို တော်လှန်ကြရာတွင် ဘာသာစကား၏ အရေးပါပုံကို သိရှိလာခဲ့ကြ၍ နယ်ချဲ့တော်လှန်ရေးအတွက် လူထုကို အလင်းပြခဲ့သော ကြွေးကြော်သံမှာ

ဗမာပြည်သည် တို့ပြည်
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား
ဗမာပြည်ကို ချစ်ပါ
ဗမာစာကို ချီးမြှင့်ပါ
ဗမာစကားကို လေးစားပါ …
ဟူ၍ ဖြစ်လေသည်။

ထိုမျှသာ မကသေး။ ထိုကြွေးကြော်သံမှာ လွတ်လပ်ရေးရဖို့ရန်မျှသာ မျှော်မြင်ခဲ့ကြသည် မဟုတ်ပေ။ ထိုအကြောင်းကို ဆရာတင်မောင်သန်းက သခင်နိုင်ငံတော်စာအုပ်တွင် ဤသို့ ရေးသားထားလေသည်။“ထိုစဉ်က ကျနော်တို့ နိုင်ငံသည် အင်္ဂလိပ်လက်အောက်ရောက်နေရလေရာ နေမ၀င်အင်ပါယာကိုလည်းကောင်း၊ အင်္ဂလိပ်စာကိုလည်းကောင်း၊ အင်္ဂလိပ်စကားနှင့် ယဉ်ကျေးမှုကိုလည်းကောင်း အထင်ကြီးနေကြသောကြောင့် မြန်မာများ အဖက်ဖက်မှ မျိုးချစ်စိတ်ဓာတ်ထက်သန်ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ရန် လှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် ထိုကြွေးကြော်သံများကို ကြွေးကြော်ခဲ့သည်ဟု ကျနော် ယူဆခဲ့ပါသည်။ အလယ်တန်းကျောင်းသားဘ၀ သမိုင်းသင်ခဲ့ရစဉ်ကလည်း ဆရာက ထိုသို့ပင် ရှင်းခဲ့သည်ဟု ကျနော် မှတ်သားမိပါသည်။
သို့သော် နိုင်ငံပြုစာစုအမှတ် ၂ နိုးကြားရေးစာတမ်း ၈ စောင်ကို ဖတ်ရသောအခါတွင်မှ ကျနော်အယူအဆ၊ ကျနော့်အမှတ်အသားမှာ မပြည့်စုံကြောင်း သိရပါတော့သည်။ တို့ဗမာအစည်းအရုံး၏ မြော်မြင်မှုမှာ လွတ်လပ်ရေးအတွက်မျှ မဟုတ်ကြောင်း နားလည်ရပါတော့သည်။

စာဖတ်သူများ ထင်ရှားစေသောငှာ ဦးဘခိုင်(ဖေဘီယန်)၏ မြန်မာပြည်နိုင်ငံရေးရာဇ၀င်စာအုပ်တွင် ဖော်ပြခဲ့သည့်အတိုင်း နိုးကြားရေးစာတမ်း ၈ စောင်အနက်မှ အမှတ် ၂ ‘တို့ပြေ တို့မြေနှင့် တို့စာပေ’တွင်ပါသော စာပိုဒ်အချို့ကို ကောက်နှုတ်ဖော်ပြအပ်ပါသည်။ စာလုံးပေါင်းမှာ တိုဗမာစာတမ်းတွင်ပါသည့်အတိုင်း ဖြစ်ပါသည်။

“ပညာဟူသည် တိုင်းပြည်ကြီးပွားရေး၏ အခြေခံဖြစ်၏။ ထို့ကြောင့် ပညာသင်ကြားရေးသည် အရေးကြီး၏။ တိုင်းသူပြည်သား လူအများတို့ ပြန့်ပြောစွာ ပညာတတ်မြောက်နိုင်စေရန် ကိုယ့်မြေ ကိုယ့်ပြေ ကိုယ့်စာ ကိုယ့်ပေဖြင့်သာ ပညာသင်အပ်၏။ ကိုယ့်စာကိုယ့်ပေရှိလျှက် မျိုးခြားတိုင်းခြား စာဖြင့်သင်ကြားရန် ကြံစည်ခြင်းကား တိုးတက်မှုနှင့် ဆန့်ကျင်၏။ အမေကျော် ကြီးတော်လွမ်းခြင်း ဖြစ်၏။

ဂျပန်တို့သည် ကိုယ့်စာကိုယ်ပေဖြင့်သာ ပညာသင်ကြားကြ၏။ ထို့ကြောင့် တန်ခိုးကြီး၏။ လူတန်းဝင်၏။ မြန်မာတို့အား ယနေ့တိုင် ကိုယ့်စာကိုယ့်ပေဖြင့် အဟုတ်အတတ်ပညာမသင်ကြားရသေး။ ထို့ကြောင့် အောက်ကျ၏။ နောက်ကျ၏။ လူတန်းစားမ၀င်ဘဲ ရှိ၏။ သူတပါးတို့၏ အစေအပါးသာခံရ၏။ အချို့သောတိုင်းကြီးပြည်ကြီးများက မြန်မာပြည်သည် မြေပုံပင် ဘယ်ဆီဘယ်နားတွင်ရှိသည်ဟု မသိကြပေ။ သိထိုက်ဖွယ်အကြောင်းလည်း မရှိ။ သို့ရာတွင် ဂျပန်တို့ အကြောင်းကိုကား ကမ္ဘာအရပ်ရပ်က သိကြ၏။ အဘယ်ကြောင့်နည်း။ လူတန်းစားဝင်၍တည်း။

တရုတ်တို့လည်း ကိုယ့်စာကိုယ်ပေဖြင့်သာ အတတ်ပညာကို သင်ကြားကြ၏။ ထို့ကြောင့် ပညာတတ်ပေါ၏။ အောက်ကျနောက်ကျဘ၀မှလွတ် လူတန်းဝင်ခဲ့ကြ၏။ လွန်ခဲ့သော အနှစ် နှစ်ဆယ်ကပင် တိုင်းကြီးနိုင်ငံတို့က တရုတ်တို့ကို လူဟူ၍မထင်ခဲ့ကြသေး။ ထို့ကြောင့် တရုတ်ပြည်ကို ဘုံပစ္စည်းကဲ့သို့လည်းကောင်း၊ စတုဒိသာလေးမျက်နှာမှ လာသမျှ ၀င်လိုတိုင်းဝင်၊ ထွက်လိုတိုင်းထွက်နိုင်သော သာလာယံဇရပ်ကြီးကဲ့သို့လည်းကောင်း အောက်မေ့၍ မိမိတို့ မိမွေဘမွေကို စေသကဲ့သို့ ပြင်သစ်က မည်သည့်အပိုင်းကိုယူမည်၊ ရုရှားက မည်သည့်အပိုင်းကိုယူမည် စသည်ဖြင့် မသေမီကပင် အမွေဝေလျက် ရှိကြ၏။ စင်စစ်သော်ကား ထိုစဉ်အခါက တရုတ်ပြည်ကို တစုံတခုသော တိုင်းနိုင်ငံက လက်နက်အင်အားဖြင့် အနိုင်အထက်သိမ်းပိုက် ယူငင်ခြင်း မပြုခဲ့ကြသည်မှာ တရုတ်ကိုကြောက်၍မဟုတ်၊ ယူချင်သူများသဖြင့် အဝေမတည့် အချင်းချင်း ကြောက်ကြသောကြောင့်သာဖြစ်၏။ သို့သော် ယခုအခါ တရုတ်တို့သည် အောက်ကျနောက်ကျဘ၀ကိုလွန် လူတန်းဝင်ခဲ့ကြလေပြီ။ ပညာဆည်းပူး၍ ကိုယ့်တိုင်းပြည်၌ ပညာတတ် ပေါများစိမ့်သောငှာ ကိုယ့်စာကိုယ့်ပေဖြင့် ပစ္စက္ခခေတ်ပွေ အတတ်ပညာ အသီးသီးတို့ကို သင်ကြားနိုင်ရန် ပညာရေးဌာနမှ ကိုယ်ဖိရင်ဖိ လုပ်ဆောင်လျက်ရှိချေပြီ။ ယခုအခါ ဘာသာပြန်ရာတွင် ဝေါဟာရအသုံးအနှုန်း တညီတညွှတ်တည်းရှိစေရန် ပညာရှိကြီး ၁၂၂ဦးတို့ကို သင်းဖွဲ့ စုံစမ်းလျှက် ရှိချေပြီ။ ကိုယ့်စာကိုယ့်ပေဖြင့် သိုးဆောင်းပညာရပ်များကို ဂျပန်တို့က စသင်ကြားခဲ့သည်မှာ အနှစ် ၅၀ ခန့်သာ ရှိသေး၏။ ဤမျှသောကာလအတွင်း လူမွှေးလူတောင် ပေါက်အောင် တတ်နိုင်ခဲ့ကြ၏။ အထက်မြန်မာပြည်ကို ကုလားမင်းကြီးစိုးသည်မှာ ၄၄ နှစ်ရှိပြီဖြစ်၍ အနှစ် ၅၀ ပင် ဆိုနိုင်ပြီ။ သို့ရာတွင် မြန်မာတို့သည် ဂျပန်တို့၏ ခြေဖျားကိုပင် မမှီသေး။

ကိုယ့်စာကိုယ့်ပေဖြင့် အတတ်ပညာကိုမသင်ကြားရဘဲ ယခုကဲ့သို့ တိုးတက်မှုကို ကျောခိုင်းခရီးသွားလျက်နေပါမူ နောင်ပွင့်လတ္တံ့သော အရိမေတ္တယျဘုရား ရွှေလက်ထက်တော်တိုင်အောင် ထင်းခွေ ရေခပ်ဘ၀မှ တက်ကြရလိမ့်မည်မဟုတ်။ ဥပမာ သြစတြေးလျကျွန်းတွင် လူဖြူမျိုးတို့ဝင်လာသဖြင့် တိုင်းရင်းသားဇာတိလူတို့ အမျိုးပြုတ်ခဲ့ရသကဲ့သို့တည်း။… … … …
… … … ။ ငါတို့သည် မငိုကြွေးကြကုန်လင့်၊ မပူဆွေးကြကုန်လင့်။ ငါတို့၏ အသက်နှင့်ကိုယ်မြဲသမျှကာလပတ်လုံး ငါတို့ပြေ၊ ငါတို့မြေ၊ ငါတို့စာ၊ ငါတို့ပေဖြင့်သာ ပညာအရပ်ရပ် အတတ်အမျိုးမျိုးတို့ကို သင်ကြား၍ ကမ္ဘာပေါ်ရှိ ပထမတန်း ‘တစ်’ ဂဏန်းလူမျိုးများနှင့် ရင်ဘောင်တန်း တတ်နိုင်အောင် ကြိုးစားကြကုန်အံ့။”
(မူရင်းသတ်ပုံအတိုင်း)


လွတ်လပ်ရေးခေတ် မြန်မာလူငယ်များ၏ စာပေအပေါ် တန်ဖိုးထားမှုတို့ကြောင့် လွတ်လပ်ရေးခေတ်၌ မြန်မာစာပေသည် ကောင်းစွာဖွံ့ဖြိုး၍ တိုင်းပြည်စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်ကာ ဗမာနိုင်ငံ(BURMA)ဟူ၍ ကမ္ဘာ့အလယ် ထည်ဝါခဲ့ပေသည်။ သို့သော် အာဏာရှင်အဆက်ဆက် လက်အောက်၌မူ မြန်မာစာပေ၏ အဆင့်အတန်းမှာ တဖြည်းဖြည်း နိမ့်ကျသထက်နိမ့်ကျကာ တိုင်းပြည်လည်း ဆင်းရဲနွံတွင်းသို့ ရောက်ရှိခဲ့ရလေသည်။

တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ပြန်လည်လုပ်ဆောင်လိုပါက အသိဉာဏ်ပညာရှိသူတို့က မိမိတို့ အသိဉာဏ်ပညာကို မျှဝေထွန်းညှိဖို့ရာ လွန်စွာ လိုအပ်လှ၏။ အချို့သောသူတို့၏ အတွေးအခေါ်၊ အယူအဆများသည် လူအများကို ဦးဆောင်ဦးရွက် ပြုနိုင်လောက်အောင် ကောင်းမွန်လှပေ၏။ သို့သော် ထိုသူတို့သည် မိမိတို့ ဘာသာစကားကိုမူ ကျွမ်းကျင်ပိုင်နိုင်မှု မရှိပဲ၊ ကချော်ကချွတ်သာ ရေးတတ်ကြလေ၏။ ပြောဆိုရာ၌တွင်လည်း လွဲမှားကြသေးသည်။ ထိုသူတို့သည် မည်မျှပင် အတွေးအခေါ်ကောင်းစေကာမူ မိမိတို့၏ အသိဉာဏ်ဆီမီးကို လူအများအား ကူးညှိပေးနိုင်သူ ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးလျှင် မိမိတို့ ဘာသာစကားကို တန်ဖိုးထား၍၊ မိမိတို့ ဘာသာစကားကို ယခုထက် ပို၍ ပြည့်စုံလာစေရန် အားထုတ် ကြိုးစားကြရမည်ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပေသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>