Saturday, September 6, 2008

ပကတိတန်ဖိုး

လူနှစ်ရာလောက် ရှိတဲ့အခန်း တစ်ခန်းထဲမှာပေါ့။ လူသိထင်ရှားလှတဲ့ ဟောပြောရေးသမားတစ်ယောက်ဟာ ဒေါ်လာ ၂၀ တန်တစ်ရွက်ကို ကိုင်မြှောက်ထားရင်း “ဒီငွေကို ဘယ်သူလိုချင်ပါသလဲခင်ဗျာ” လို့ မေးကာ သူ့ရဲ့ နှီးနှောဖလှယ်ပွဲကို စတင်လိုက်ပါတယ်။

ပရိသတ်ကြီးက အလိုရှိကြောင်း ဖော်ပြဖို့ သူတို့ရဲ့လက်တွေကို စပြီး မြှောက်လိုက်ကြပါတယ်။ ဒီအခါ ဟောပြောသူက “ကျနော် ဒီဒေါ်လာ ၂၀ ကို မိတ်ဆွေတို့ထဲက တစ်ယောက်ယောက်ကို ပေးသွားမှာပါ။ ဒါပေမယ့် ပထမ ဒီလိုလေးတော့ လုပ်ခွင့်ပြုပါ။” သူဟာ ပြောပြောဆိုဆို ငွေစက္ကူကို ချေမွပစ်လိုက်ပါတယ်။ ပြီးမှ “ဒါကိုဘယ်သူ လိုချင်သေးလဲဗျို့” လို့ မေးလိုက်ပါတယ်။ ပရိသတ်ရဲ့ လက်တွေကလည်းအရင်အတိုင်း ထောင်နေကြဆဲပါပဲ။

“ကောင်းပြီ။ ဒီလို လုပ်လိုက်မယ်ဆိုရင်ကောဗျာ။” သူကတုန့်ပြန် ပြောရင်း ငွေစက္ကူကို ကြမ်းပြင်ပေါ် ပစ်ချပြီး သူ့ဖိနပ်နဲ့ ပွတ်တိုက် ချေမွလိုက်ပြန်ပါတယ်။ ပြီးတဲ့နောက် ငွေစက္ကူကို ပြန်ကောက်ယူပါတယ်။ ခုတော့ ဒီဒေါ်လာ ၂၀တန်ဟာ ညစ်ပတ်ပြီး တွန့်လိမ် ကြေမွနေပါပြီ။ “ကဲ အခု ဒီငွေကို ဘယ်သူလိုချင်သေးသလဲခင်ဗျာ” လို့ ထပ်ပြီးမေးလိုက်ပြန်ပါတယ်။ ပရိသတ်ကြီးရဲ့ လက်တွေက မိုးပေါ်ထောင်မြဲ ထောင်နေဆဲပါ။

ဟောပြောသူက “မိတ်ဆွေတို့ ကျနော်တို့အားလုံး အလွန်တရာ တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုကို ရရှိခဲ့ကြပါပြီ။ ကျနော်ဟာ ၂၀တန်ငွေစက္ကူကို ဘယ်လိုပဲ ညစ်ပေစုတ်ပြတ်အောင် လုပ်ခဲ့လုပ်ခဲ့ မိတ်ဆွေတို့က ဒီငွေစက္ကူလေးကို အလိုရှိနေကြဆဲပါပဲ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့တန်ဖိုးက ဘယ်နည်းနဲ့မှ လျော့ကျ မသွားဘူးလေ။ ဒီငွေစက္ကူဟာ ဒေါ်လာ ၂၀တန်မြဲ တန်နေဆဲမဟုတ်ပါလားခင်ဗျာ။

ဒီလိုပဲ ကျနော်တို့ကိုယ်တိုင် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ၊ ကျနော်တို့ရဲ့ ဘ၀လမ်းဆီ ၀င်လာတဲ့ လောကဓံ တရားတွေကြောင့် ကျနော်တို့ဟာ အောက်ကျ နောက်ကျဖြစ်ကြရတာ၊အချေအမွ ခံကြရတာ၊နောက်ပြီးတော့ မသတီစရာအဖြစ်ထဲ ရောက်သွားရတာတွေ ကျနော်တို့ရဲ့ ဘ၀တွေထဲမှာ အကြိမ်ကြိမ် အခါခါ ကြုံရတတ်ပါတယ်။ ဒီအခါ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိ အသုံးမ၀င်တော့သလိုမျိုး ခံစားကြရပါတယ်။ ဒါပေမယ့် ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့၊ ဘာတွေပဲဖြစ်လာ ဖြစ်လာ၊ မိတ်ဆွေ တို့ရဲ့ ဘ၀တန်ဖိုးကတော့ လျှော့ပါး ဆုံးရှုံးသွားစရာ လုံးဝမရှိပါဘူး။ ညစ်ထေးချင် ညစ်ထေးမယ်၊ စင်ကြယ်ချင် စင်ကြယ်မယ်၊၊ ကြေမွချင် ကြေမွနေမယ်၊ လှလှပပ ခေါက်ချင် ခေါက်ထားမယ်။ ဘယ်လိုပဲဖြစ်နေနေ မိတ်ဆွေတို့ကို ချစ်မေတ္တာရှိနေသူတွေ အတွက်တော့ မိတ်ဆွေတို့ဟာ အဖိုးအနဂ္ဃ ထိုက်နေဦးမှာဖြစ်ပါတယ်” လို့ပြောဆိုရင်း နိဂုံးချုပ်လိုက်ပါသတဲ့။

http://www.infocube.co.in/?cat=3 မှ Life is like money ကို သင့်သလို ပြန်ရေးထားကြောင်းပါခင်ဗျား။ အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။

1 comment:

ဇေဇော် said...

စာအရေးကျဲပေမယ့် တစ်ပုဒ်ဆို တစ်ပုဒ်အလျှောက် ရင်ဘတ်ကိုမှန်အောင် ပစ်နိုင်လို့ လေးစားပါတယ်ဗျာ။ တန်လော့ကျွန်းက မိန်းမပျိုလေးတွေထက် မဲဆောက်ကျွန်းက မြန်မာမလေးများအဖြစ်က ပိုရင့်နင့်စရာလေးဖြစ်သွားပြီနော်။