ရေးသားသူ — ကိုကြီးပေါ်
တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးကို အင်တာနက် ပြတင်းပေါက်ကနေ ခြောင်းကြည့်ရတဲ့ ဒုက္ခကလည်း တယ်မသေးလှပါဘူး ခင်ဗျာ။ မြန်မာဒေါ့ကွန်း ဆိုတာကြီးကို တခါဖွင့်ရင် ဘုရားတဆူပွင့်လောက် ကြာတတ်ပါတယ်။ မော်နီတာစကရင်မှာ တစတစ ထင်လာပုံကဖြင့် ကမ္ဘာဦးအစ ပဒုမ္မာကြာ ပွင့်လာတာကို ထိုင်ကြည့် နေရသလိုပါပဲ။ သတင်းစာ ဆိုတာများကို ဖွင့်လိုက်ပြန်ရင်လည်း စာမျက်နှာ အပြည့်ပွင့်လို့ကတော့ လိုတိုထီ ပေါက်သလောက်ကို ၀မ်းသာရပြီမှတ်။
မိတ်ဆွေများကလည်း အားပေးကြပါတယ်။ ခြောင်းပါဦးတဲ့။ အချို့တော့ ခြောင်းမကြည့်နဲ့ ပြူတစ်ပြူတစ်ကြည့်တဲ့။ ဒီတပတ်တော့ ကိုကြီးပေါ် ခြောင်းတာ ကောင်းကောင်းကို မမြင်ရလို့ မိုးသောက်ကြယ် အယ်ဒီတာမင်းကို အကူအညီတောင်း ရပါတော့တယ်။ အယ်ဒီတာမင်းကလည်း အဆင်း ဘီးတပ်ပေးချင်နေပုံ ရပါတယ်။ အားတက်သရောကို ကူညီပါတယ်။ ဒါလည်း ကောင်းပါတယ်။ ခြောင်းကြည့်သူ ခြောင်းအရိုက် ခံရတဲ့အခါ အဖော်ရတာပေါ့။
ဂမ်ဘာရီ သွား ဘာကြောင့် ဖြီး
မြန်မာ့အရေး ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တော်ကြီး ဂမ်ဘာရီဟာ ...
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ကနေ ဖေဖော်ဝါရီ ၃ အထိ ရွှေပြည်တော်သို့ လေးရက်ကြာခရီး သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ သူ ဘယ်သူတွေနဲ့ တွေ့တယ်၊ ဘာတွေ ပြောတယ်၊ ရလဒ်က ဘယ်သို့၊ ရှေ့သို့က ဘယ့်နှယ် စသဖြင့် စသဖြင့်သော အကြောင်းအရာများကို သတင်းဌာနများက စုံစုံစေ့စေ့ ဖော်ပြခဲ့ကြပြီး ဖြစ်ပါတယ်။ မြန်မာ့အရေး ကျွမ်းဝင်နှံ့စပ်တော်မူကြသော ပုရောဟိတ်များရဲ့ ဖွင့်ဆိုချက် ဝေဖန်ချက်များကိုလည်း ဝေေ၀ဆာဆာ ကြားကြရပြီး ဖြစ်ပါတယ်။ ကိုကြီးပေါ်လို ငပါမွှားက ဘာမှ ထပ်ပြောနေစရာ မလိုတော့ပါဘူး။
သို့သော်… ဒီခရီးစဉ် အပြီးမှာ ဂမ်ဘာရီဟာ စင်္ကာပူကို ကတိုက်တရိုက် ထွက်ခွာသွားတာရယ်၊ သတင်းစာ ရှင်းလင်းပွဲကလေးကို ဟန်ပြလောက်တောင် မလုပ်နိုင်တာရယ်ကိုတော့ ထိုထိုသော သတင်းဌာနများက ဘာတလုံးမျှ မရေးကြ မပြောကြပါဘူး။ ပုရောဟိတ်များကလည်း မဆွေးနွေးကြပါဘူး။
ဖြစ်ချင်တော့ အဲဒီ အကြောင်းကို ကိုကြီးပေါ်က ကံကောင်းထောက်မစွာ သိထားသဗျ။ ဒီအကြောင်း အခြား ဘယ်သူကမှ မပြောကြဘူးဆိုတော့ မဟုတ်မှ လွဲရော ဒီအကြောင်း သိတာ ကိုကြီးပေါ် တယောက်တည်း ဖြစ်ပုံရပါတယ်။ ဒီတော့လည်း ကိုယ်ခြောင်းလို့ မြင်ထားတာလေး ပြန်ပြောပြချင်သေးသပေါ့။
သတင်းစာ မရှင်းလင်းနိုင်တာ, စင်္ကာပူကို အမြန်ပြေးရတာကို ပြောမယ်ဆိုရင် အဲဒါရဲ့ အကြောင်းရင်းခံကို အရင်ပြောမှ ဖြစ်မယ် ထင်ပါတယ်။ အကြောင်းရင်းခံကတော့ ဂမ်ဘာရီဟာ မြန်မာပြည် ခရီးစဉ်မှာ - သွားဖြီးရလွန်းလို့ စကားမပြောနိုင် ဖြစ်သွားရတဲ့ - အကြောင်းကြောင့်ပါပဲ။
ကဲ… ဂမ်ဘာရီ သွားဘာကြောင့် ဖြီးရသလဲ ကိုကြီးပေါ် ပြောပြပါ့မယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဂမ်ဘာရီဟာ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ ဆိုသူများနဲ့ အတော်ကြာကြာ တွေ့ရပါတယ်။ ခေါင်းဆောင်သူကတော့ ဗိုလ်ကျော်ဆန်းပါ။ ဂမ်ဘာရီက သူ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ရှင်းပြပြီးတော့ နအဖရဲ့ လမ်းပြမြေပုံ ရှေ့ဆက်မယ့် အစီအစဉ်ကို သိလိုကြောင်း၊ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း လာဖို့အတွက် အစီအစဉ် လုပ်လိုကြောင်း၊ နအဖရဲ့ နိုင်ငံရေးလမ်းစဉ်မှာ အားလုံးပါဝင်နိုင်ဖို့နဲ့ နိုင်ငံတကာက လက်ခံအောင် လုပ်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။ သူပြောပြီးတော့ ဗိုလ်ကျော်ဆန်းက ပြန်ပြောပါတယ်။
ဗိုလ်ကျော်ဆန်းက နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး မည်သို့ အောင်မြင်နေသည် ဆိုသည့် အကြောင်း၊ ပြည်သူလူထုရဲ့ လိုလားချက်များ ၁, ၂, ၃ ဆိုသည့် အကြောင်း၊ နအဖက နိုင်ငံတော်ကို မည်သို့မည်ပုံ ပြုပြင်တည်ဆောက်နေသည် ဆိုသည့် အကြောင်း၊ လူထုက ဒီမိုကရေစီကို အလွန်လိုလား တောင့်တနေသည် ဆိုသည့် အကြောင်း၊ နအဖရဲ့ နိုင်ငံရေးလမ်းစဉ်ကို လူထုက တခဲနက် ထောက်ခံခဲ့သည် ဆိုသည့် အကြောင်း စသည်တို့ကို အကျယ်တ၀င့် ရှင်းပြပါတယ်။
အဲသည်မှာ ဂမ်ဘာရီ သွားဖြီးရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲသည့် …အကြောင်း ဆိုတာတွေဟာ ဂမ်ဘာရီရဲ့ လုပ်ငန်းနဲ့ ဘာမှ တိုက်ရိုက် မပတ်သက်တဲ့ ကိစ္စတွေ ဖြစ်နေလို့ပါပဲ။ မယုံရင် ဓာတ်ပုံ အထောက်အထားတွေကို ကြည့်နိုင်ပါတယ်။
နောက်တနေ့မှာ ဂမ်ဘာရီဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့် ရပါတယ်။ ဒီတခါ အဖွဲ့ချုပ် ဗဟိုအမှုဆောင်တွေ အပါအ၀င် အားလုံးစုံညီ တွေ့ဆုံခွင့် ရကြတာပါ။ ဒီလိုတွေ့ဆုံရာမှာ ဂမ်ဘာရီက အနိမ့်ဆုံး နိုင်ငံရေးတိုးတက်မှုဟာ ဘာဖြစ်မလဲလို့ မေးတော့၊ အဖွဲ့ချုပ်က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရင် နိုင်ငံရေးအရ အနိမ့်ဆုံး တိုးတက်မှုလို့ သဘောရကြောင်း ပြန်ဖြေပါတယ်။
အဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက — မစ္စတာဂမ်ဘာရီက အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်ကို လာချင်တယ်၊ သိသာထင်ရှားတဲ့ အကျိုးရလဒ် အနေနဲ့ အဖွဲ့ချုပ်က တောင်းဆိုထားတဲ့ အချက် ၄ ချက်ထဲက ဘယ်အချက်နဲ့ ဆိုရင် သိသာမြင်သာတဲ့အချက်လို့ ဆိုနိုင်မလဲ ဆိုတဲ့ မေးခွန်းကို မေးပါတယ်။ အဖွဲ့ချုပ် အနေနဲ့ကတော့ နံပါတ် ၁ အချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး ၊ အဲဒီလို လွှတ်ပေးလို့ရှိရင် သိသာထင်ရှားတဲ့ တိုးတက်မှုလို့ ယူဆလို့ရတဲ့ အကြောင်း၊ သိသာ မြင်သာတဲ့ ရလဒ်ဆိုတာက အနည်းဆုံး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းဟာ ပထမ အခြေခံဖြစ်တယ် ဆိုတဲ့ အကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်” လို့ သတင်းဌာနတွေကို ပြန်ပြောပြခဲ့ပါတယ်။
အဲဒီမှာပဲ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးတဲ့ စကားတခွန်း ဂမ်ဘာရီကို ပြောလိုက်ပါတယ်။ အဲဒါက — သိသာထင်ရှားတဲ့ အကျိုးရလဒ် မရနိုင်သေးဘဲနဲ့ ဘမ်ကီမွန်း မြန်မာပြည်ကို မလာသင့်သေးဘူး — ဆိုတာပါ။ အဲဒီမှာ ဂမ်ဘာရီ နောက်တခါ သွားဖြီးရပြန်ပါတယ်။ အကြောင်းကတော့ ပျော်သွားလို့ပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘမ်ကီမွန်း မြန်မာပြည်ကို သွားဖို့လိုပြီလို့ ကမ္ဘာက ၀ိုင်းအော်၊ နိုင်ငံ့ ခေါင်းဆောင်ဟောင်းတွေက လက်မှတ်ထိုးပြီး တောင်းဆိုနဲ့ ဘမ်ကီမွန်းခမျာ အတော့်ကို အနေကြပ်နေတာပါ။ ဟင့်အင်း မသွားချင်ဘူး… လို့ အတင်းကို ငြင်းနေရတာ။ ဟုတ်တာပေါ့။ ဘမ်ကီမွန်း အဖို့ နာဂစ်တုန်းက ဘယ်လိုမှ မရှောင်နိုင်လို့ သွားခဲ့ရပေမဲ့ ထင်သလောက် ပေါက်ခဲ့တာမှ မဟုတ်တာ။ အလှူရှင်တွေကို မျက်နှာချို သွေးရတာသာ အဖတ်တင်တယ်၊ တကယ်ရတော့ နည်းနည်းလေး မဟုတ်လား။ ပြီးတော့ ဗိုလ်ချုပ်မင်းတွေ အမျက်မထွက်အောင် အတော်ကို ထိန်းထိန်းသိမ်းသိမ်း ပြောဆိုနေထိုင်ခဲ့ရတာ။ ကိုယ်ဝမ်းနာ ကိုယ်သာသိ။ ဒီတော့ နောက်တခါတော့ အရှက်မကွဲချင်ဘူးလေ။ သွားပြီးမှ အဆဲခံရမှာထက်စာရင် မသွားဘူးလို့ ငြင်းတာကမှ တော်သေးတာပေါ့။ အခု ဒေါ်စုက မလာသင့်သေးဘူးလို့ အချက်ပြလိုက်တော့ ဘမ်ကီမွန်း, ဂမ်ဘာရီ နဲ့ ကုလသမဂ္ဂ အဖို့ အသက်ရှူ ချောင်သွားပေတာပေါ့။
ကိုကြီးပေါ် စဉ်းစားမိတယ်။ မြန်မာ့အရေးကို ကုလသမဂ္ဂက ကူညီဖြေရှင်းပေးနေတာမှ ဟုတ်ရဲ့လားလို့။ ဘာကြောင့်ဆို ဒေါ်စုကို ကုလသမဂ္ဂက မကယ်နိုင်ဘဲ၊ ဒေါ်စုသကာ ကုလသမဂ္ဂကို ကယ်ခဲ့ရတာ နှစ်ခါတောင် ရှိခဲ့ပြီ မဟုတ်လား။ အရင်တခါ လျှို့ဝှက်ပေးလိုက်တဲ့ စာတစောင်နဲ့ ဂမ်ဘာရီ လူရှေ့မှာ မျက်နှာပန်း သာခဲ့ရဖူးတယ်။ အခုတခါ ဘမ်ကီမွန်းကို ကယ်လိုက်ရပြန်ပြီ။ စာပေးလိုက်တုန်းက နအဖက ဒေါ်စုကို ဆွေ့ဆွေ့ခုန် ရန်ထောင်လိုက်တာ။ မကြားဝံ့ မမြင်သာ။ အခု နအဖက ဒေါ်စုကို ဘမ်ကီမွန်း မလာရတာ သူ့ကြောင့်, ကုလကို ခြေကန်တာ သူ, ပူးပေါင်းမဆောင်ရွက်ချင်တာ သူ… စသဖြင့် စွပ်စွဲရင် ဒေါ်စုက အချောင်ခံရပေဦးမယ်။ ဂမ်ဘာရီကတော့ အောင်မလေး ဒေါ်စုကယ်ပေလို့သာပဲ ဆိုပြီး သွားကို ဖြီးလို့။
နောက်နေ့တွေမှာ ဂမ်ဘာရီဟာ ဟိုဟိုဒီဒီ အဖွဲ့တွေနဲ့ တွေ့ကြတဲ့ အထဲ ကိုအေးလွင်နဲ့လည်း တွေ့ရပါတယ်။ တွေ့တော့ ကိုအေးလွင်က အန်အယ်ဒီဟာ ဒီမိုကရေစီ မကျတဲ့အကြောင်း ပြောပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ဟာ…တဲ့၊ အင်္ဂလန်နိုင်ငံသား ဖြစ်နေတယ်…တဲ့၊ သူ့သားတွေကို သူ စွန့်လွှတ်မလား, သားတွေကပဲ အင်္ဂလန်ကို စွန့်လွှတ်မလား…တဲ့၊ အဲဒါကို မစ္စတာဂမ်ဘာရီအနေနဲ့ ကုလသမဂ္ဂကို သေချာပြောပြပါ, တောင်းဆိုပါ, ကျနော်တို့က မေတ္တာရပ်ခံပါတယ်, တောင်းဆိုပါတယ်…တဲ့။
ကဲ… ဒီအခါလည်း ဂမ်ဘာရီ သွားဖြီးရပြန်ပါတယ်။ အဲဒီကိစၥေတြက ဂမ္ဘာရီရဲ့ လုပ္ပိုင္ခြင့္ထဲမွာမွ မရွိတာ။ သူမတတ်နိုင်တာကြီးကို လုပ်ပါ တောင်းဆိုပါတယ် ဆိုတော့ ဂမ်ဘာရီက သွားဖြီးရုံကလွဲလို့ ဘာလုပ်စရာ ရှိတော့မလဲ။
နောက်ဆုံးပိတ်မှာတော့ ယမနေသား ၀န်ကြီးချုပ်နဲ့ တွေ့ရပါတယ်။ ဒီအခါမှာလည်း ၀န်ကြီးချုပ်က နာဂစ်ဒေသနာကို ရှည်ကြာစွာ ဟောပြောတော်မူပြီးမှ ကဲ ဘာပြောချင်သလဲလို့ မေးတော်မူပါတယ်။ ဂမ်ဘာရီက အတွင်းရေးမှူချုပ် ဘမ်ကီမွန်း လာချင်ပါတယ်, စီစဉ်ပေးပါလို့ ပြောပါတယ်။ သို့ပေမဲ့ ယမနေ၀န်ကြီးချုပ်က — မြန်မာနိုင်ငံကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံရေး တည်ငြိမ်စေချင်သည် ဆိုလျှင် ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ၊ ဗီဇာပိတ်ပင်ထားမှုများကို အရင်ဖယ်ရှားပေးရန် ကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း — လို့ မိန့်တော်မူလိုက်ပါတယ်။
ဒီတခါလည်း ဂမ်ဘာရီ သွားဖြီးရပြန်ပါတယ်။ စီးပွားရေး ပိတ်ဆို့တာတွေ, ဗီဇာပိတ်တာတွေက ကုလက လုပ်ထားတာမှ မဟုတ်တာ။ ကုလလုပ်ငန်းထဲမှာလည်း မပါ။ ညီလာခံ ဆုံးဖြတ်ချက်မှာလည်း မရှိ။ ဘမ်ကီမွန်းလည်း မသိ။ ဂမ်ဘာရီနဲ့လည်း မဆိုင်။ အဲဒါကြီးကို လုပ်ပေးဆိုတော့… ဂမ်ဘာရီ သွားဖြီးမနေရင် ဘာလုပ်နေရမလဲ။
ဂမ်ဘာရီ့ အလုပ်က ဘမ်ကီမွန်းကိုယ်စား လုပ်ပေးရမှာ။ ဘမ်ကီမွန်း အလုပ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ညီလာခံက ချမှတ်လိုက်တဲ့ မူတွေကို အကောင်အထည် ဖော်ပေးရမှာ။ ချပေးထားတဲ့မူက မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပေါ်ထွန်းဖို့။ ဒါကို လုပ်ငန်းသဘောစဉ်လိုက်တော့ နိုင်ငံရေး အင်အားစုတွေ အကြား တွေ့ဆုံဆွေးနွေးပြီး အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလမ်းစဉ်တွေ ပေါ်ထွက်လာဖို့ ဖြစ်တယ်။ ဒီမိုကရေစီကို ဖော်ဆောင်မယ့် အစီအစဉ်တွေ ပေါ်လာဖို့ ဖြစ်တယ်။
ဒီမူတွေ ဒီအလုပ်တွေနဲ့ ဘာမှ မဆိုင်တာတွေကို ယမနေသားက တောင်းဆိုတဲ့ အခါမှာတော့ လေးရက်လုံးလုံး မနားတမ်း သွားဖြီးနေရတဲ့ ဂမ်ဘာရီဟာ မေးကြောတွေတောင့်ပြီး စကားမပြောနိုင် ဖြစ်သွားပါတော့တယ်။ ဒါကြောင့် ဂမ်ဘာရီဟာ သတင်းစာရှင်းလင်းပွဲကို စတိလောက်တောင် မလုပ်နိုင် ဖြစ်သွားရတော့တာပါ။ စင်္ကာပူကို အမြန်ပြေးပြီး ဆေးကုရပါတော့တယ်။ ဘန်ကောက်ကိုသွားရင် မြန်မာသတင်းသမားတွေ အနံ့ရသွားမှာ စိုးလို့ စင်္ကာပူကို ပြေးရတာပါ။
ဂမ်ဘာရီရဲ့ ခုနှစ်ကြိမ်ခရီးမှာ သွားဖြီးပြီး အမြန်ပြန်ပြေးရတဲ့အကြောင်း ပြန်ပြောပြပြီးတော့ ကိုကြီးပေါ်က ဂမ်ဘာရီကို နည်းနည်း အကြံပေးချင်ပါတယ်။ သူ့ခမျာ လာတိုင်းလာတိုင်း ဗိုလ်ချုပ်မင်းကြီးကို မတွေ့ရဘဲ ပြန်ပြန်သွားရလေတော့ အားငယ်ရှာမှာပေါ့။ ဒီတခေါက်လည်း အားလုံးက သနားလို့ မပြောကြပေမဲ့ သူလည်း စိတ်တော့ ဘယ်ကောင်းမလဲ။ တွေ့တော့ တွေ့ချင်မှာပေါ့။ အဲသတော့ ဗိုလ်ချုပ်မင်းကြီးကို တွေ့နိုင်ဖို့ နည်းလေးတခု လက်ထောက်ချလိုက်ပါ့မယ်။ သွားဖြီးရတဲ့ ဒုက္ခလည်း လွတ်လိုလွတ်ငြားပေါ့လေ။ ၀ါရင့် သံတမန်ကြီးကို ပြောရမှာတော့ အားနာပါရဲ့။
ဒီလိုပါ။ ရှင်ဘုရင်များ သမ္မတများဆိုတာ သူတို့နဲ့ တွေ့နိုင်ဖို့ ၀ါသနာ တူရာလေးတွေနဲ့ ချဉ်းကပ်ရပါတယ်။ ဒါ ရှေကတည်းက အစဉ်အလာပါ။ ၀ိဓူရဇာတ်မှာ ကြွအံကစားတာ ၀ါသနာပါတဲ့ ရှင်ဘုရင်ကို ကြွေအံလောင်းဖို့ အကြောင်းနဲ့ ချဉ်းကပ်ရတယ်ဆိုတာ အထင်အရှားပါ။ သွားလေသူ ဗိုလ်နေ၀င်းခေတ်ကလည်း ဒီလိုပါပဲ။ ခုခေတ် ရှင်ဘုရင်များ သမ္မတများကိုလည်း ဘောလုံးပွဲကြည့်ဖို့, သီချင်းဆိုဖို့ စသဖြင့် သူတို့ဝါသနာပါတဲ့ နည်းတွေနဲ့ ချဉ်းကပ်ရပါတယ်။
ရွှေပြည်တော်က ဗိုလ်ချုပ်မင်းကြီးက ဂေါက်သီးရိုက်တာ သိပ်ဝါသနာ ပါပါတယ်။ အရင်က တပ်မတော် ကာကွယ်ရေးဦစီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲမှာ သူကိုယ်တိုင် ကစားသမားအဖြစ် ပါဝင်ခဲ့တာပါ။ တကယ်တော့ အဲဒီဖလားက သူ့ဖလားပါ။ ကိုယ့်ဖလားပြိုင်ပွဲမှာ ကိုယ်တိုင် ၀င်ကစားတာ သူပဲ ရှိပါတယ်။ ကစားတာလည်း အင်မတန်တော်ပါတယ်။ ဂေါက်သီးကို လွဲပြီး ရိုက်လိုက်တဲ့အခါ ဂေါက်သီးကလေး လေထဲမှာ ဝှေ့ပြီး လည်သွားသလို လူကလည်း တပတ်ခွဲလောက် လည်သွားတာပါ။ ရိုက်ချက်က သိပ်ကောင်းတော့ ဂေါက်သီးလုံးတင် မကပါဘူး၊ အောက်က မြက်ဖုတ်ကလေးပါ အုံလိုက်ကလေး လွင့်ထွက်သွားတာပါ။
အဲသလို ၀ါသနာအထုံ ပါရမီအဟုန် ကြီးလှစွာသော ဗိုလ်ချုပ်မင်းကြီးဟာ အခုတော့ အသက်တော်ထောက်ပြီမို့ ဂေါက်သီးကွင်းထဲ မရောက်နိုင်တော့ပါဘူး။ ဒါပေမဲ့ ခေတ်မီ နည်းပညာတန်းခိုးကြောင့် ဂေါက်သီးဂိမ်းကိုတော့ နေ့တိုင်းဆော့ပါတယ်။ စွဲစွဲမြဲမြဲကို ဆော့ပ့ါတယ်။ ဒါကြောင့် ဂမ်ဘာရီပဲ ဖြစ်ဖြစ် ဘမ်ကီမွန်းပဲ ဖြစ်ဖြစ် မြန်မာပြည် သွားမယ်, ဗိုလ်ချုပ်မင်းကြီးနဲ့ တွေ့ချင်တယ်ဆိုရင် ဂေါက်သီးဂိမ်းကို အသေအချာကျင့်ပါ။ ပြီးရင် ဂိမ်းဆော့ဖို့ ချိန်းပါ။ ဒါဆိုရင် ဗိုလ်ချုပ်မင်းကြီးနဲ့ ကျိန်းသေ တွေ့ရပါလိမ့်မယ်။
နိုင်ငံတကာ သံတမန်ကြီးများနှင့် ဗိုလ်ချုပ်မင်းကြီး ချစ်ကြည်ရေး ဂေါက်သီးဂိမ်း ဆော့နေပုံ ဆိုပြီး ဓာတ်ပုံနဲ့တကွ နိုင်ငံတော် သတင်းစာမှာ ပါလာမှာ အသေအချာပါ။ အဲသလိုဆိုရင် သွားဖြီးရတဲ့ ဒုက္ခလည်း ငြိမ်းသွားပါလိမ့်မည် ဖြစ်ပါကြောင်း ကိုကြီးပေါ် အကြံကောင်း ပေးလိုက်ပါတယ်။
Saturday, February 28, 2009
ခြောင်းကြည့်သူရဲ့ အမှား (အမှတ် ၁၃)
Subscribe to:
Post Comments (Atom)
1 comment:
ကိုကြီးပေါ်ရေများများလေးသာချောင်း။ချောင်းလို့ ရရင်တော့စာအုပ်ထုတ်ပါနော။စောင့်နေတာကြာပြီခင်ည။
Post a Comment