ကိုဝိုင်း(မိုးညှင်း)
မေ ၃၁ ၊ ဆောအူးလ်မြို့။
တောင်ကိုရီးယားနိုင်ငံရောက် ၊ ရွှေ့ပြောင်းအလုပ်သမားများ ကိုရီးယား ဘာသာစကား အခက်အခဲကြောင့် မလိုလားအပ်သောပြဿနာများမပေါ်ပေါက်စေရေးအတွက် ၊ အခမဲ့ဘာသာပြန်ပေးသည့် ဝန်ဆောင်လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိသော ရွှေ့ပြောင်းသူတို့အတွက် ဘာသာပြန်ဌာန (မြန်မာဘာသာ)(Migrant Help-call Center 1644-7111)သည် ၊ ဘာသာစကားပြန်ပေးခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်ပေးတော့မည်ဖြစ်ကြောင်းနှင့် ၊ လုပ်သက်ဆုကြေးငွေ(퇴직금)တောင်းခံပေးခြင်းစသည့် အပို ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးတော့မည်မဟုတ်ကြောင်း သိရသည် ။
အဆိုပါ အခမဲ့ဘာသာပြန်ဌာန(이주민통역지원센터)၏ မြန်မာဘာသာပြန်ဌာနခွဲ တာဝန်ခံက ၊ ၄င်းတို့အနေဖြင့် ဘာသာစကားပြန်ဆိုပေးခြင်းနှင့် ဆက်စပ်၍ ပေါ်ပေါက်လာသော လုပ်သက်ဆုကြေးငွေ တောင်းခံပေးခြင်း စသည်တို့ကို စေတနာထား ဆောင်ရွက်ပေးခဲ့ပါကြောင်း ၊ သို့ရာတွင် ယခုအခါ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတို့ထံမှ အခကြေးငွေယူပြီး ကူညီစောင့်ရှောက် ပေးလျက်ရှိသော ကိုရီးယားနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခု၏ အစောင့်အရှောက်ခံ မြန်မာအလုပ်သမား အချို့သည် ၊ လုပ်သက်ဆုကြေးငွေတောင်းခံခြင်း အစရှိသည့် အုပ်ချုပ်မှု ကိစ္စများကို အဆိုပါ ကုမ္ပဏီ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ရမည့်အစား ၊ မိမိတို့ ဘာသာပြန်ဌာနသို့ အကူအညီတောင်းခံနေကြသည်ကို တွေ့ကြရကြောင်း ၊ အဆိုပါကုမ္ပဏီမှ ဝန်ထမ်းကိုယ်တိုင် လမ်းညွှန်စေလွတ်တောင်းခံလာသည်ကို မိမိကိုယ်တိုင် မေးမြန်းသိရှိရကြောင်း ၊ ၄င်းလုပ်ရပ်သည် လူပေါ်လူညွှန့်ခူးသည့်လုပ်ရပ်ဖြစ်သည်ဟု ခံစားရသည်ကတစ်ကြောင်း ၊ မိမိတို့လုပ်ငန်းသည် ကုမ္ပဏီတစ်ခုခု၏ စီးပွါးရေး အကျိုးအမြတ်အတွက် ထူထောင်ထားသော လုပ်ငန်း မဟုတ်သည်က တစ်ကြောင်းစသည်တို့ကြောင့် ၊ မိမိတို့အနေဖြင့် ယခုအခါ ဘာသာပြန်ပေးခြင်းလုပ်ငန်းမှတစ်ပါး လုပ်သက်ဆုကြေးငွေတောင်းခံခြင်းမျိုးကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းပြုတော့မှာ မဟုတ်ကြောင်းစသည်ဖြင့် ရှင်းလင်းထုတ်ဖော် ပြောဆိုပါသည် ။ (မရှင်းမလင်းရှိသူများ ၁၆၄၄-၇၁၁၁ သို့ ကိုယ်တိုင်မေးမြန်းနိုင်ကြပါသည်။)
ကိုရီးယားနိုင်ငံသည် ယခင်က အလုပ်ခွင် သင်တန်းသားစနစ်ကိုကျင့်သုံးခဲ့သော်လည်း ၊ ယခုအခါ နိုင်ငံခြားသားအလုပ်သမားဌားရမ်းခိုင်းစေခွင့်ပြုသည့်စနစ်ကို နိုင်ငံတ်ာအစိုးရက ဦးစီးလျက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၊ အလုပ်ခွင်သင်တန်းသားစနစ်တွင် အလုပ်သမား (သင်တန်းသား) များရွေးချယ် ခေါ်ယူသည့်ကိစ္စများကို ကိုယ်စားလှယ်စနစ်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း ၊ ယခု အီးပီစနစ်ခေါ် နိုင်ငံခြားသားအလုပ်သမားများ ငှားရမ်းခွင့်ပြုသည့်စနစ်တွင်မူ ၊ ကိုယ်စားလှယ် ကုမ္ပဏီများမှတစ်ဆင့် အလုပ်သမားရွေးချယ်ခေါ်ယူသည့်စနစ်ကို ဖျက်သိမ်းလိုက်ပြီး ၊ သက်ဆိုင်ရာအစိုးရအချင်းချင်း ဆက်သွယ်ခေါ်ယူသည့်စနစ်ကို ဆောင်ရွက်လျက်ရှိကြောင်း ၊ လာဘ်ပေးလာဘ်ယူမှုစနစ် မရှိသလောက်ဖြစ်သွားသည်ကိုလည်း မြန်မာအများအပြား လက်တွေ့ သိရှိကြပြီးဖြစ်ကြောင်းလည်း သိရသည် ။
ကိုရီးယားအစိုးရအနေဖြင့် ကိုယ်စားလှယ်စနစ်ကို ၂၀၀၇ခုနှစ် ဒီဇင်္ဘာလကုန်တွင် ချုပ်ငြိမ်းစေခဲ့ပြီးဖြစ်သော်လည်း ၊ အချို့သောအလုပ်သမားတင်သွင်းသည့် ကိုယ်စားလှယ်ကုမ္ပဏီများ ကိုရီးယားနိုင်ငံတွင် ဆက်လက်ရပ်တည်နေကြသေးကြောင်း ၊ ကိုရီးယားအစိုးရအနေဖြင့် မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်သလို ၊ ကိုရီးယားအစိုးရ သိအောင်မလုပ်ကြသေး၍လည်း ဖြစ်နိုင်ကြောင်း ၊ မည်သို့ဆိုစေကာမူ မြန်မာအလုပ်သမားအချို့ကြောင့် အဆိုပါ ကိုယ်စားလှယ်တော်ကြီးများ ကိုရီးယားနိုင်ငံတွင် ဆက်လက် ရပ်တည်ခွင့်ရှိနေသည်မှာ ထင်ရှားကြောင်း ၊ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် ၊ ကိုယ့်အားကိုယ်ကိုးဖို့ အချိန်တန်ပြီဖြစ်ကြောင်း ၊ လုပ်ငန်းခွင်အခက်အခဲဖြစ်စေ အလုပ်ခွင်နှင့် ဆက်စပ်သည့် အခက်အခဲဖြစ်စေ တွေ့ကြုံလာပါက ကိုရီးယားနိုင်ငံတစ်ဝှမ်းရှိ နိုင်ငံခြားသားအကူအညီပေးရေးဆင်တာများတွင် ၊ အခမဲ့အကူအညီ တောင်းခံရယူနိုင်သလို မိမိတို့နီးစပ်ရာ မြန်မာအသင်းအဖွဲ့များ ၊ ဘုန်းတော်ကြီးကျောင်းများ ၊ သတင်းဌာနများ ၊ မြန်မာဆိုင်များ စသည်တို့တွင်လည်း အကူအညီတောင်းခံနိုင်ကြသေးကြောင်း ၊ လည်း သိရသည် ။
ထို့ပြင် ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားအချို့မှာ အခြေအနေအမှန်ကို မသိသဖြင့်လည်းကောင်း ၊ အချို့မှာ လိမ်လည်လှည့်ဖြားခံရ၍ လည်းကောင်း အစောင့်အရှောက်ခံစာချုပ်များ ချုပ်ဆိုခဲ့ကြရကြောင်း ၊ အချို့မှာ ကိုရီးယားနိုင်ငံတွင် ဒုက္ခရောက်ပါက အကူအညီမဲ့ဖြစ်နေမည်မည်ကို စိုးရိမ်သဖြင့် အစောင့်အရှောက်ခံ အဖြစ်စာချုပ်ချုပ်ဆိုခဲ့ကြကြောင်းနှင့် ၊ အချို့မြန်မာအလုပ်သမားများမှာ အခကြေးငွေဖြင့် အစောင့်အရှောက် ပေးမည့်သူများကို ကယ်တင်ရှင်ကြီးများအဖြစ် မှတ်ယူလျက်ရှိနေကြသေး ကြောင်းလည်း သိရသည် ။
Friday, June 5, 2009
ဘာသာပြန်ဌာန ၊ လုပ်သက်ဆုကြေးငွေ တောင်းခံပေးတော့မည်မဟုတ်
Subscribe to:
Post Comments (Atom)
1 comment:
ဗဟုသုတတွေဖတ်သွားပါတယ်
Post a Comment