Tuesday, August 18, 2009

ကိုရီးယားရေလုပ်ငန်းများ မြန်မာလုပ်သားအချို့ဦးစားပေးခေါ်ယူ

The Voice Weekly
ရန်ကုန် ၊ သြဂုတ် ၁ဝ
မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့အီးပီစနစ်ဖြင့် သွားရောက်လုပ်ကိုင်ရန် စောင့်စားနေသော လုပ်သားများ အနက်မှ ရေလုပ်ငန်းအတွက် လုပ်သားခေါ်ယူမှုများပြားကြောင်း ရွှေအင်းဝ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားသည် ။
အီးပီစနစ်ဖြင့် ကုန်ထုတ်လုပ်ငန်း ၊ စိုက်ပျိုးရေး ၊ ဆောက်လုပ်ရေး ၊ စက်ရုံ ၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ရေလုပ်ငန်းတို့အတွက် မြန်မာ အထွေထွေလုပ်သားများကို ခေါ်ယူရာတွင် ရေလုပ်ငန်းအတွက် လျှောက်ထားသူ နည်းပါးကြောင်း ၊ ယခုအခါ ကိုရီးယားနိုင်ငံတွင် ရေလုပ်ငန်းအတွက် လုပ်သားများ လိုအပ်လာသောကြောင့် အဆိုပါ လုပ်ငန်းကို ဦးစားပေး လျှောက်ထားသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာကြောင်း ၊ ကိုရီးယားရေလုပ်ငန်း အချို့က မြန်မာလုပ်သား ၁၃ ဦးနှင့် ကုန်ထုတ်လုပ်ငန်းတစ်ခုက ခေါ်ယူသော လုပ်သား တစ်ဦး သြဂုတ်လဆန်းပိုင်းတွင် ခေါ်ယူထားကြောင်း၊ ရွှေအင်းဝ အေဂျင်စီက အဆိုပါလုပ်သား ၁၄ ဦးကို ခေါ်ယူပြီး ပဏာမ ပညာပေးသင်တန်း အမှတ်စဉ် (၆) တွင် ခုနစ်ရက်သင်တန်း ပေးပြီးနောက် ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ယင်းနိုင်ငံမှ ခေါ်ယူသည့် လုပ်ငန်းငါးမျိုးအနက် စိုက်ပျိုးရေး ၊ ရေလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းတို့မှ အများဆုံး ခေါ်ယူသော်လည်း မြန်မာလုပ်သားလောင်း ၉၅ ရာခိုင်နှုန်းက ကုန်ထုတ်လုပ်ငန်းကို သာ လျှောက်ထား ကြသောကြောင့် အလုပ်ရရှိမှု နည်းပါးနေကြောင်း ၊ ယခုအခါ ရေလုပ်ငန်းအတွက် ၄၁ ဦးခေါ်ဆိုထားပြီး ပထမဦးစားပေး လျှောက်ထားသူများသာမက ဒုတိယနှင့် တတိယဦးစားပေး လျှောက်ထားသူများပင် ကမ်းလှမ်းခြင်းခံရကြောင်း ၄င်းက ပြောကြားသည် ။
''ရေလုပ်ငန်းကို စိတ်ဝင်စားမှုနည်းတယ်ဆိုတာက ရေလုပ်ငန်းကတစ်အားပင်ပန်းတယ်'' ဟု ကိုရီးယားနိုင်ငံတွင် သွားရောက်လုပ်ကိုင်လျက်ရှိသော အသက် ၃ဝ နှစ်အရွယ် မြန်မာလုပ်သားတစ်ဦးက ဆိုသည် ။
ရွှေအင်းဝ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအနေဖြင့် အီးပီစနစ်ဖြင့်လုပ်သား ၃၇၇ ဦး ကိုရီးယားနိုင်ငံသို့ ပို့ထားပြီးဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏အဆိုအရသိရှိရသည်။



ရည်ညွှန်းချက်-
- The Voice Weekly (Vol-5,No-41)

No comments: