ကိုဝိုင်း(မိုးညှင်း)
သြဂုတ် ၂၄ ၊ ဆောအူးလ်မြို့။
ရွှေ့ပြောင်းအလုပ်သမားတို့အတွက် ၊ ကျန်းမာရေးစောင့်ရှောက်မှုဌာန တစ်ခု မျှော်လင့်ချက်ကမ္ဘာ (희망세상) အမည်ဖြင့် ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ် ။ ကိုရီးယားရွှေ့ပြောင်းအလုပ်သမား လူ့အခွင့်အရေးဆင်တာ (한국이주노동자인권센터) ဆေးခန်း (진료소) က ခွဲထွက်လာသော အဆိုပါဆင်တာကို လာမည့် စက်တင်ဘာ ၂၀ ရက်နေ့မှာ ဆေးကုခန်း တစ်ခု အဖြစ် တရားဝင် ဖွင့်လှစ်သွားရန် ပြင်ဆင် နေကြောင်း ၊ ယခု စမ်းသပ်ကာလအဖြစ် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရပါတယ် ။
၎င်းဆေးကုခန်းသည် ၊ အစိုးရ၏ ထောက်ပံ့မှုကိုမယူဘဲ ၊ အဖွဲ့ဝင်များအဖွဲ့ဝင်ကြေးနှင့် ပြင်ပအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့ငွေဖြင့် ၊ ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ဆိုပါတယ် ။ စေတနာရှင်များက ၊ ဆေးရုံတက်ရောက်ရန် မလွယ်ကူသောရွှေ့ပြောင်းအလုပ်သမားများ၏ လက်တွေ့ဘဝလိုအပ်ချက်အရ ယခုကဲ့သို့ အခမဲ့ဆေးကုသမှုစနစ်ကို ထူထောင်လိုက်ရခြင်းဖြစ်ကြောင်း သိရပါတယ် ။ ဘူချောန်း ၊ အင်ချောန်းဒေသမှ ရွှေ့ပြောင်းအလုပ်သမားများသာမက ၊ ရှီဟုန့် ၊ ဂင်ဖို နှင့် အွီဂျောင်ဘုဒေသ စသည်တို့မှ ရွှေ့ပြောင်းအလုပ်သမားများလည်း ဤဆေးခန်းသို့ လာရောက်နိုင်မည်ဖြစ်ကြောင်း သိရပါတယ် ။
လွန်ခဲ့သော တနင်္ဂနွေပိတ်ရက်မှာ သီရိလင်္ကာမှ ရွှေ့ပြောင်းအလုပ်သမားများဟာ သွားစစ်ဆေး ကုသမှုကိုခံယူရန် ၊ မျှော်လင့်ချက်ဆင်တာသို့ ရောက်လာခဲ့ကြပါတယ် ။ ဂင်ဖိုမှာ အလုပ်လုပ်နေကြတဲ့ သူတို့တစ်တွေဟာ အနီးအနားရှိဆေးရုံဆေးခန်းသို့ သွားရန်အခက်အခဲရှိပြီး ၊ မိတ်ဆွေတစ်ဦးရဲ့ ပြောပြချက်အရ ဤဆေးခန်းသို့ လာခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။
ကျုပ်တို့က ၊ အကျိုးခံစားခွင့် လုပ်ပေးချင်တာထက် ၊ အတူတကွ အကောင်အထည်ဖော်ကြမယ်ဆိုတဲ့ အတွေးကို တွေးပါတယ် ။ ဘယ်အချိန်ဖြစ်ဖြစ် အဆင်ပြေပြေ ရောက်လာပြီး ၊ စိတ်သက်သာမှု ကိုယ်ကျန်းမာမှုကို ရယူသွားနိုင်ကြမယ်ဆိုလျင် ကောင်းမှာပဲ လို့ မျှော်လင့်ချက်ကမ္ဘာ ၊ ပူးတွဲ ဥက္ကဋ္ဌ ဂျန်ဂျောင်ဟွာ (장정화, 희망세상 공동대표) က ဆိုပါတယ် ။
သီရိလင်္ကာ ရွှေ့ပြောင်းအလုပ်သမား ဒီဝါက တော့ - ကျနော်တို့ တနင်္ဂနွေကိုစောင့်ပြီး ၊ ဒီကိုလာကြတာပါ ။ ဒီနေရာက အလွန်ကောင်းတယ်လို့ ကျနော်ထင်ပါတယ် ။ အားလုံး တစ်ပြားမှ မကုန်ဘူး ၊ အခမဲ့ပါပဲ ။ ဒါ အလွန်ကောင်းတယ် ။ ကျနော်တို့ဟာ နိုင်ငံခြားသားတွေပါ ။ အချိန်ပြဿနာရှိတယ် ။ ပိုက်ဆန်ပြဿနာရှိတယ် ။ ကျနော်ထင်ပါတယ် ၊ ဒီဆင်တာဟာ နိုင်ငံခြားတွေအတွက် အလွန်ကောင်းတဲ့ ဝန်ဆောင်မှုတစ်ခုပါ လို့ ထင်မြင်ချက်ပေးပါတယ် ။
မျှော်လင့်ချက်ဆင်တာဟာ ၊ အမှတ် ၁ ဆောအူးလ်-အင်ချောန် ဓါတ်ရထားလိုင်း ဘူဂဲဘူတာ (Bugae Station) အမှတ် ၁ ထွက်ပေါက် မှထွက်လာပြီး ၊ ဘူဂဲ လမ်းလေးခွသို့ ကျော်လျင် ၊ ဆယ်မာအူးလ်ဘဏ် (새마을 금고) ဘေးရှိ ၃ ထပ် အဆောက်အဦးတွင် ရှိကြောင်းသိရပါတယ် ။ အပါတ်စဉ် တနင်္ဂနွေ နေ့လည် ၁နာရီမှ ၅ နာရီထိ ၊ ကိုရီးယားတိုင်းရင်းဆေး ၊ သွားရောဂါ နှင့် ဆေးပေးခန်းတို့ ဖွင့်လှစ်လျက်ရှိကြောင်း ၊ တရားဝင်ဖွင့်လှစ်ပြီးသည့်အချိန်တွင် ၊ အထွေထွေရောဂါ ၊ ခွဲစိတ်ကုသခြင်း နှင့် အရိုးရောဂါတို့ကိုပါ ကုသပေးသွားရန် အစီအစဉ်ရှိကြောင်း ၊ မျှော်လင့်ချက်ကမ္ဘာဆေးကုဌာနတွင် ပထမအကြိမ်ကုသမှုခံယူချိန် ဝမ်-တစ်ထောင် မှတ်ပုံတင်ကြေးပေးသွင်းမှာဖြစ်ပြီး ၊ နောက်ပိုင်းကုသမှုများအတွက် အားလုံး အခမဲ့ ဖြစ်မည်ဟုဆိုပါတယ် ။
ရည်ညွှန်းချက်-
- အမ်ဒဗလျူတီဗီ သတင်းစဉ်(၈၉)
Monday, August 24, 2009
မျှော်လင့်ချက်ကမ္ဘာ ဆေးကုခန်းဖွင့်လှစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment