ရေးသားသူ — နေလင်း
ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားတော်တွေ ဇာတ်တော်တွေဟာ ဘ၀နေနည်း ၊ ဘ၀သေနည်းတွေကို စနစ်တကျ အကြောင်းအကျိုးပြပြီး ဆုံးမသွန်သင်တယ် လို့ ပြောရင် စာဖတ်သူတွေကလဲ အကြွင်းမဲ့ လက်ခံပါလိမ့်မယ်။ ဒါပေမယ့် ဘ၀ ပြဿနာနဲ့ ကြုံရင် မြတ်စွာဘုရားရှင် ဆုံးမခဲ့တဲ့ နည်းတွေနဲ့ ဖြေရှင်းဖို့ကျတော့ ဘာသာရေးဗဟုသုတ ရှိမှ ရုတ်တရက် မှတ်မိနိုင်ပါတယ်။
ဘုရားရှင်က သတ္တ၀ါတွေကို တွေ့တာနဲ့ ၀ိပဿနာ ဘာဝနာ ၊သမထ ဘာဝနာတွေပဲ တန်းဟောတာမျိုး မဟုတ်ဘဲ တရားကို နာခံနိုင်သူနဲ့ လိုက်ဖက်တဲ့ အခြေအနေ ၊ စိတ်နေသဘောထား၊ဥာဏ်ရည်ဥာဏ်သွေးစတာတွေကိုပါ ထောက်ချင့်ပြီးသင့်တော်သလို ဆုံးမတော်မူပါတယ်
ဥပမာ အားဖြင့် တချိန်တုန်းက မြတ်စွာဘုရားရှင် ကြွလာရာ လမ်းမှာ မြွေဟောက်ကြီးတစ်ကောင်ကို ကလေးတွေက တုတ်တွေနဲ့ ရိုက်လိုက် ၊နောက်ပြန်ဆုတ်လိုက် နဲ့ သတ်ဖို့ ကြိုးစားနေကြတယ်။မြွေဟောက်ကြီးကလဲ ပြေးစရာမရှိတော့ ဟိုဘက်လှည့်ပြီး ကိုက်ဖို့ ပြင်လိုက် ၊ ဒီဘက်လှည့်ပြီး ကိုက်ဖို့ ပြင်လိုက်နဲ့ တရှူးရှူးဖြစ်နေတာပေါ့ ။ ဒီအခါ မြတ်စွာဘုရားရှင်က
ကလေးတို့ ဘာလုပ်နေကြတာလဲ ။ မြွေဟောက်ကြီးဘုရား ။
မြွေဟောက်ကြီးက ဘာဖြစ်လို့လဲ ၊ အဆိပ်ပြင်းတယ်ဘုရား ကိုက်ရင် သေလိမ့်မယ်။
သေရမှာ ကြောက်ကြသလား ကလေးတို့။ ကြောက်တာပေါ့ ဘုရား ။
မြွေဟောက်ကြီးကရော ဘာလို့ ရန်တုံ့ပြန်ုပြီး ထွက်ပြေးဖို့ ဆို ကြိုးစားနေတာလဲ ။ သူလဲ သေမှာကြောက်လို့ နေမှာပေါ့ ဘုရား ။
သူလဲ ကလေးတို့လိုပဲ သေမှာကြောက်တာပဲလား။ ကြောက်မှာပေါ့ ဘုရား ။
ဒါဆို ကလေးတို့ရယ် ၊ သေမှာ ကြောက်တဲ့ သူ အချင်းချင်း မသတ်ကြပါနဲ့လား။သူလဲ ကိုယ့်လို ကြောက်နေရှာတယ် ဆိုပြီး ကိုယ်ချင်းစာ မေတ္တာ ထားလိုက်ကြပါလား ..တဲ့ ။ ကလေးတွေလဲ ပင်ပန်းနေတဲ့ မြွေဟောက်ကြီးကို ကြည့်ပြီး သနားသွားကြတယ်။ ဘုရားရှင်ကို ကန်တော့ပြီး အဝေးမှာ သွားကစားကြတယ်။
ဒီမှာဆိုရင် ကလေးတွေကို ပါဏာတိပါတ် သူ့အသက်သတ်က …..စသည် တရားတွေ မဟောပါဘူး။ နားလည်စာနာတတ်အောင် သင်ပေးလိုက်တာပါပဲ ။ ဒါကြောင့်ဘုရားရှင်ဟောတဲ့ တရားတွေကို ဒီခေတ်လူငယ်တွေကလဲ ခပ်ရှောင်ရှောင်မနေဘဲနဲ့ လေ့လာစေချင်တာပါပဲ။ ဒီတရားတော် ဇာတ်တော်တွေကနေ ဘ၀အတွေ့အကြုံ ဖြေရှင်းနည်းတွေ များစွာ ရပါလိမ့်မယ်။
အခုနောက်ပိုင်း မြန်မာလူငယ်တွေဟာ ဆဲဆိုတဲ့ စကားတွေကို သာမာန်နေ့စဉ်ပြောစကားတွေမှာပါ ထည့်ပြီး သုံးနေကြတာ ၀မ်းနည်းစရာတွေ့နေရပါတယ်။ ရေရွတ်တာလေးတွေ၊ ၀မ်းသာတာ၊ ၀မ်းနည်းတာ၊စိတ်တိုတာ၊အံ့သြတာ ၊ နောက်ပြောင်တာ စသည် အမျိုးမျိုးသော အခြေအနေမှာ မြန်မာလို ၊ဒါမှမဟုတ် ၊ အင်္ဂလိပ်လို ဆဲတဲ့ စကားလုံးလေးတွေကို ထည့်ပြီး ပြောကြတာ သတိထားမိပါတယ်။ကျွန်တော်တို့ ငယ်ငယ်ကလဲ ဒီလောက်မဆိုးပေမယ့် တခါတလေ ဆဲမိတတ်ပါတယ်။ ဆဲတာနဲ့ ကြုံရတိုင်း မေမေ့ကို သတိရတယ်။
စကားမစပ် ကျွန်တော့ မေမေက ဖီလော်ဆိုဖီနဲ့ ကျောင်းပြီးထားတယ်။ ဆရာ နန္ဒာသိန်းဇံ ရဲ့ တပည့်တွေထဲက တစ်ယောက်ပဲ ဆိုတော့ သူပြောချင်တာကို ဇာတ်လမ်း ပုံပြင် ဇာတ်တော်တွေနဲ့ ဥပမာပေးပြီး နားလည်အောင် ပြောလေ့ပြောထရှိတယ်။ သူ့ဆရာ အတိုင်းပေါ့ ။ ဒီလို ပြောလို့မှ မရရင်တော့ ဆော်ပလော်တီးတာပဲ ။ဒါတော့ ဆရာ နန္ဒာသိန်းဇံနဲ့ မတူတော့ဘူးထင်တယ်။ စိန်စတင်းနဲ့ တူသွားပြန်တယ်။ ရိုက်တာလဲ မပြောနဲ့ ကျွန်တော်ကလဲ လိမ္မာသလိုလို နဲ့ ဆိုးတယ်။ စနေသားပဲ ၊ ဒါတောင် နေကျ ၊ ရေတက်မွေးထားလို့ တော်သေးတယ်။ ဘယ်လောက်ဆိုးလဲ ဆိုရင်(၁၀)တန်းတုန်းကပေါ့ ၊ မနက်စောစော ကျောင်းသွားတော့ ကိုယ့်အိမ်သော့ ကို ယူမသွားမိဘဲ အိမ်ထဲမှာတင် မေ့ကျန်ခဲ့တယ်။ ကျောင်းက ပြန်လာတော့ အိမ်မှာက အားလုံး ရုံး ၊ကျောင်း သွားနေကြပြီ ။ ကိုယ်ကစောစောပြန်ရောက်တော့ ကိုယ်ပဲ သော့ဖွင့်ပြီး အိမ်ထဲဝင်ရမှာ။ ဒီတော့ဗိုက်လဲ ဆာလာတော့ အိမ်ထဲဝင်ဖို့ပဲ စဉ်းစားတယ်။ဘာလုပ်တယ်ထင်လဲ ။ အိမ် ခင်းထားတဲ့ပျဉ်တွေကို ခွာပြီး အိမ်ထဲဝင်တယ်။ထမင်းစားပြီးမှ သော့ယူပြီး အပေါက်ကနေ အပြင်ပြန်ထွက်၊သော့ဖွင့်ပြီး အိမ်ထဲ ဟန်မပျက်ပြန်ဝင်နေတယ်။နောက်တော့ မိဘတွေသိသွားပြီး သတိပေးကြတယ်။ သူခိုးလမ်းပြမလုပ်နဲ့ စသည် ဆုံးမတယ်။ နောက် (၃)လလောက်အကြာမှာ ဒီအတိုင်း သော့မေ့ကျန်ပြန်တယ်။ ဒီတခါတော့ ပျဉ်မခွာရဲတော့တာနဲ့ အိမ်ခေါင်မိုးပေါ်ရအောင်တက်၊ သွပ်ခွာပြီး အိမ်ထဲဝင် ၊ ထမင်းစားပြီး အရင်လိုပဲ ဟန်မပျက်နေတယ်။ ဒီတခါတော့ ကောင်းကောင်းအရိုက်ခံလိုက်ရတယ်။ရပ်ကွက်လူကြီးတွေတောင်လာဆွဲသေးတယ် ထင်တယ်။ အမယ် အရိုက်ခံနေရတုန်းကတောင် တွေးမိသေးတယ်။ ဒီလောက်ရိုက်ကြတာ ငါက မွေးစားသားများလားပေါ့ ။ ကိုယ်ဆိုးတာတော့ မတွေးတောိ့ဘူး။
ဆဲမိတဲ့ အကြောင်းလေး ပြန်ဆက်ရအောင် အိမ်မှာတော့ ကျွန်တော့ အဖေ နဲ့ အမေ ဆီက ဆဲဆိုတာမျိုး တခါမှ မကြားဖူးပါဘူး။ ကျွန်တော်လဲ ရပ်ကွက်ထဲက (၀ါ) စာသင်ကျောင်းက နေ ဆဲတတ်လာတယ် ထင်တာပဲ။ မှတ်မှတ်ရရ တစ်ကြိမ်ပါ။ ကျွန်တော် ပိုက်ကျော်ခြင်း ကစားရင်း ရှူံးသွားလို့ ကစားဖော်သူငယ်ချင်းကို သူညံ့လို့ဆိုပြီး ဆဲမိပါတယ်။ ဒါကို ဖြစ်ချင်တော့ ရုံးကပြန်လာတဲ့ မေမေက ခြင်းကွင်းနားက ဖြတ်အသွား ကြားသွားပါတယ်။ အိမ်ကို ပြန်ရောက် ရေချိုး ထမင်းစားပြီးတော့မှ ဆဲတာနဲ့ ပတ်သက်ပြီး မေမေက ဘုရားရှင်ခေတ်က ဇာတ်တော်တစ်ခု ပြောပြပါတယ်။ ကျွန်တော်က ဒီဇာတ်တော်ကို ပြန်ပြောပြပြီး ညီအကိုတွေကို ဆင်ခြင် သတိထားစေချင်တာပါ။ မေမေပြောတဲ့ ဇာတ်လမ်းက
မြတ်စွာဘုရားရှင် သာဝတ္တိမှာ သတင်းသုံးစဉ်အခါက ပုဏ္ဏားကြီးတစ်ယောက်က မြတ်စွာဘုရားရှင် သတင်းသုံးနေရာ ဇေတ၀န်ကျောင်းတော် အပေါက်ဝနားကနေု ရင့်ရင့်သီးသီး ဆဲရေးတိုင်းထွာနေပါသတဲ့။ ( ဘုရားရှင် သာဝတ္တိမှာသတင်းစသုံးစဉ်ကာလမှာ ဒီလိုဖြစ်စဉ်တွေ တော်တော်များပါတယ်။ ဒိဋ္ဌိဆရာကြီးတွေက ပိုက်ဆံပေးပြီး ဆဲခိုင်းတာ ၊နှောက်ယှက်ခိုင်းတာတွေပါ ) ဒီပုဏ္ဏားကြီးက မနက်ပိုင်းကတည်းက လာပြီးဆဲနေလိုက်တာ မြတ်စွာဘုရားက ဘာမှ ပြန်မပြောတော့ ပိုပြီးမိုက်မိုက်ရှိုင်းရိုင်း ဆဲပါတယ်။ ဆဲလိုက်တာမှ တနေကုန်အောင် ကို ဆဲနေတာပဲ။ ညီတော်အာနန္ဒာကတော့ တော်တော်ကို မကျေမနပ် ဒေါသထွက်နေပြီ။ မြတ်စွာဘုရားက ဆုံးမပြီးတားထားတာပေါ့ ၊ မထွက်ပါနဲ့ ဆိုပြီးတော့ ။ ကျောင်းထဲမှာ တရားပွဲတွေလဲ ရှိတော့ ဒီမြို့မှာ သတင်းသုံးကာစ ဘုရားရှင်အတွက် မကျေနပ်စရာတော့ အမှန်ပါ။
ညနေပိုင်းအထိရောက်လာတော့ ပုဏ္ဏားကြီးလည်းတော်တော်မောလာပြီး မနေနိုင်တော့ဘူး။ မြတ်စွာဘုရားကို ကျောင်းပေါ်တက်ပြီး မေးတော့တာပဲ။
“ရှင်ကြီးဂေါတမ ကျွန်ုပ်ဒီလောက် ရင့်ရင့်သီးဆဲရေးတိုင်းထွာနေတာဘယ်နှယ်မှ မနေဘူးလား” တဲ့ ။
ဘုရားရှင်က “ပုဏ္ဏားကြီး၊ အသင့်ကို မေးခွန်းတစ်ခုမေးမယ်။ အသင် မိတ်ဆွေသူငယ်ချင်း၊ အပေါင်းအသင်း ဆွေမျိုး၊မိသားစု တွေကို လက်ဆောင်ပစ္စည်း ပေးဖူးသလား။”
“ပေးဖူးတာပေါ့ ရှင်ကြီးဂေါတမ”
“ပေးဖူးတယ်ဆိုရင် တကယ်လို့ အဲဒီလက်ဆောင်ကို အသင်ပေးတဲ့လူက လက်မခံခဲ့ရင် အဲဒီလက်ဆောင်က ဘယ်သူဆီမှာရှိမလဲ။”
“ကျွန်ုပ်ဆီမှာပဲ ရှိနေမှာပေါ့။”
“အေး…အဲဒီလိုပဲ။ ဒီနေ့ တနေကုန် အသင်ပေးနေတဲ့လက်ဆောင်ကို ကျွန်ုပ်က လက်မခံဘူး။မယူဘူး “ တဲ့။
ဒီအခါမှာ ပုဏ္ဏားကြီးကတော်တော်အံ့သြသွားတယ်။
မြတ်စွာဘုရားက-
“ပုဏ္ဏားကြီး…ဆဲရေးတယ် ဆိုတာ မစင်တွေကို ပါးစပ်မှာငုံပြီး တစ်ဖက်လူကို ထွေးမှုတ်တာမျိုး ဖြစ်တယ်။ တစ်ဖက်လူကို မစင်ပေတာ၊ မပေတာကနောက် ၊ မိမိကတော့ ပါးစပ်မှာ မစင်ကို အရင်ဦးဆုံးငုံထားရပြီ။ တစ်ဖက်လူက ရှောင်နိုင်ရင် လွတ်ကောင်း လွတ်သွားနိုင်တယ်။ မိမိမှာတော့ သေချာပေါက် မစင်ကို ငုံပြီးနေပြီ။”
မြတ်စွာဘုရားက ဆက်ပြီးရှင်းပြပါတယ်။
“ပုဏ္ဏားကြီး ပထမဆုံး ဆဲရေးနေတဲ့လူရဲ့ သဏ္ဍာန်မှာ ဒေါသဆိုတဲ့ စိတ်ရဲ့ အညစ်အကြေးဖြစ်ပေါ်တယ်။ တစ်ဖက်လူကိုလည်း ဒေါသဖြစ်စေလိုတဲ့ဆန္ဒဆိုး နဲ့ဆဲရေးတာပဲ။ သူစိတ်ဆိုးသွားပါစေ ၊ နစ်နာသွားပါစေ ၊ အရှက်ရသွားပါစေ စတဲ့ စေတနာဆိုးတွေနဲ့ ဆဲတော့တာပါပဲ ။ ဒါကိုတစ်ဖက်လူက လက်ခံသည် ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ မိမိမှာတော့ ဒေါသအညစ်အကြေး စွန်းထင်းတာပဲ။ဒါကို သတိထားသင့်တယ်။” လို့ ဆုံးမတော်မူပါတယ် တဲ့။
ဒီအခါမှာ ပုဏ္ဏားကြီးက ရိုကျိုးစွာ ကန်တော့ ပြီးတောင်းပန်ပါတယ်…တဲ့ ။ ဇာတ်တော်ဆုံးတော့ မေမေက သားကြီးလဲ ဒီနေ့ မစင်တွေ ငုံထားတယ်။ မရွံဘူးလား လို့ မေးပါတယ်။
မေမေက ဆက်ပြောတယ်။
အကုသိုလ်တရားတွေ သံသရာတွေကို မေမေ အကျယ်ချဲ့ပြီး မရှင်း ချင်သေးဘူး တဲ့။ လောက လူ့ဘောင်မှာ ၊ မေမေတို့ပတ်ဝန်းကျင်မှာ ပြောနေကျ စကားရှိတယ် မဟုတ်လား သားကြီး တဲ့။ အမိယုတ်တော့ နှုတ်ကြမ်းတယ်။ အဖယုတ်တော့ ကိုယ်ကြမ်းတယ် ဆိုတာလေ။ သားကြီးရဲ့ အပြုအမူ ၊အပြောအဆို ယုတ်ရင်းကြမ်းတမ်းမှုတွေကြောင့် ဘာသာတရား အဆုံးအမအောက်မှာ ယဉ်ကျေးစွာနေတဲ့ မိဘတွေကို ယုတ်နိမ့်သူတွေရယ်လို့ သူများအထင်သေးအောင် မလုပ်ပါနဲ့ တဲ့ ။
ကျွန်တော် ပြောစရာ တစ်ခုပဲ ရှိပါတယ်။
သား မဆဲတော့ဘူး မေမေ…လို့ ။
တရားစစ် တရားမှန်ဖြင့် ချမ်းသာကြပါစေ
နေလင်း
မြန်မာမိသားစုဂျာနယ်(၂) မှ စာမူ
Saturday, August 22, 2009
သား မဆဲတော့ဘူး မေမေ
Subscribe to:
Post Comments (Atom)
1 comment:
ကျွန်တော်မှတ်သားဘူးတာကမစင်ပုတ်နေရာမှာမိမိပိုင်ပစ္စည်းကိုယ်သူတစ်ပါးအားပေးသောအခါ၊ထိုသူလက်မခံခဲ့လျှင်မိမိသာပိုင်ဆိုင်သကဲ့၊မိမိဆဲရေးသည်ကိုသူတစ်ပါးကလက်မခံလျှင်မိမိကိုယ်ကိုယ်ဆဲရေးသည်သာဖြစ်၏ ဟုမှတ်သားရဘူးပါသည်ခင်ဗျာ။
Post a Comment