Sunday, September 20, 2009

ဖိတ်ကြားလွှာ

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံဖွား သွေးရင်းသားရင်း ညီအကိုမောင်နှမ အပေါင်းတို့

၂၀၀၉ ခုနှစ်၊စက်တင်ဘာလ၊၂၇ ရက်၊တနင်္ဂနွေနေ့သည် မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင် သံဃာတော်အရှင်သူမြတ်များမှနေ၍ ဒေ၀ဒတ်လက်သစ်များဖြစ်ကြသော နအဖ စစ်အာဏာရှင် တို့အား ပြည်လုံးကျွတ် ပတ္တနိက္ကုဇ္ဇနကံဆောင်၍ သပိတ်မှောက် ဆန့်ကျင်လိုက်သော နေ့ရက်တရက် ဖြစ်သကဲ့သို့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုသမိုင်းတွင် ရွှေဝါရောင် တော်လှန်ရေး ဟူ၍သမိုင်းဝင် မော်ကွန်းတင်ခဲ့သည့် နေ့ရက်တရက်ပင် ဖြစ်ပါသည်။
ထိုနေ့တွင် ငြိမ်းချမ်းစွာဖြင့် စီတန်းလှည့်လည်ရင်း မေတ္တာပို့ဆုတောင်းနေကြသည့် ဗုဒ္ဓဘုရားရှင်၏ သားတော်များဖြစ်တော်မူသော သံဃာတော်အရှင်သူမြတ်တို့အား နအဖ လက်ပါးစေ စစ်တပ်၊ရဲ၊လုံထိန်းနှင့်ကြံ့ဖွတ်များမှနေ၍ ဘာသာတရား ကင်းမဲ့လှသည့် အဟိတ် တိရိစ္ဆာန် ကဲ့သို့သော စိတ်ထားဖြင့် လူမဆန်စွာ မျက်ရည်ယိုဗုံးများ၊သေနတ်၊ဒုတ်၊ဒိုင်းများသုံး၍ ပစ်ခတ် ရိုက်နှက်ဖမ်းဆီးချုပ်နှောင်ခြင်းဖြင့်ပြန်လည်တိုက်ခိုက်ချေမှုန်းဖြိုခွဲခဲ့သဖြင့် သံဃာတော်
အရှင်သူမြတ်များ၏သွေး မြေခခဲ့ရသည်ကို မမေ့မလျော့ ကြေကွဲဝမ်းနည်းခြင်းနှင့် နအဖ စစ်အာဏာရှင်တို့၏လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချသော အနေဖြင့်လည်းကောင်း၊ သာသနာ့ အာဇာနည် သံဃာတော်အရှင်သူမြတ်များ၏ ဂုဏ်တော်နှင့် ရွှေဝါရောင် တော်လှန်ရေးကြီး (၂) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့်လည်းကောင်း ဆိုးလ်မြို့ရှိ နအဖ စစ်သံရုံးရှေ့တည့်တည့်တွင် ဆန္ဒပြသမှုတရပ်ကို ပြုလုပ်မည်ဖြစ်ပါသဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို ချစ်မြတ်နိုးကြသော တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံဖွား သွေးရင်းသားရင်း ညီအကိုမောင်နှမများအနေဖြင့် အောက်ဖော်ပြပါအစီအစဉ်အတိုင်း မပျက်မကွက်ပူးပေါင်းပါဝင် ဆန္ဒပြကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။ ၂၀၀၉ ခုနှစ်၊စက်တင်ဘာလ၊၂၇ ရက်၊တနင်္ဂနွေနေ့
အချိန် ။ ။ မနက် ၁၁ နာရီမှ မွန်းတည့် ၁၂ ထိ
စုရပ် ။ ။ ဒမ်းဂု တက္ကသိုလ်ရှေ့တွင် မနက် ၁၀ နာရီ ၄၅ မိနစ်အရောက် စုရုံးကြပါရန်

ရန်နိုင်ထွန်း
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ၊ ကိုရီးယား
MOBILE: +82 +11 -9723-4773

No comments: