“လောကဆေ၀ါတဲ့။ ‘လောက’ကို သိတယ်။ ‘ဆေ၀ါ’ကိုတော့ ကျွန်တော်လုံးဝစိမ်းတယ်။ လောကဆေ၀ါ။ လောကကောင်းကျိုးကိုဆောင်သူ။ ပရဟိတ သူတစ်ပါးကောင်းကျိုးဆောင်သူထက်တောင် ကိုယ်ကျိုးစွန့်အနစ်နာခံနိုင်သူ။ မိမိကိုယ်ကျိုးကို စွန့်လွှတ်ပြီး သူတစ်ပါး အကျိုးရှိရာရှိကြောင်း ဘယ်အလုပ်မျိုးမဆို လုပ်ကိုင်ဆောင်ရွက်တဲ့ လောကဆေ၀ါသမား” လို့ ဆရာမောင်အောင်ပွင့် မိတ်ဆက်ပေးတဲ့ “လောကဆေ၀ါတစ်ယောက် သူရေးတဲ့ စာတစ်အုပ်”ဆောင်းပါးလေး ၂၀၀၈ခုနှစ်၊ ဇွန်လထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်း အမှတ်(၁၈)မှာ ဖတ်လိုက်ရကတည်းက လောကဆေ၀ါဆိုတဲ့ စကားလုံးလေးကို ကျနော် တသသ ဖြစ်နေခဲ့မိသည်။
၂၀၀၉ ဆိုတဲ့ သက္ကရာဇ်ကို တစ်ဝက်တိတိ နင်းပြီးတဲ့အချိန်မှာ ကျနော်က ကျနော်ချစ်တဲ့ တိုင်းပြည်လေးရဲ့ ဝေဟင်ထဲရောက်နေပြီလေ။ မိုးရာသီရဲ့အပီပြင်ဆုံးအချိန်ကြီးမို့လား မသိ။ ကျနော့်တိုင်းပြည်လေးအပေါ်ကို ရောက်လာကတည်းက လေယာဉ်ဟာ တိမ်တိုက်ထူထူမဲမဲကြီးတွေကြားမှာ ယိမ်းထိုးလှုပ်ယိမ်းနေတော့တာပါပဲ။ ပြတင်းပေါက်ကနေ အောက်ကိုငုံ့ကြည့်မိတော့ ကျနော်ချစ်တဲ့ တိုင်းပြည်လှလှလေးကို အစိမ်းရောင်ရင့်ရင့်တွေက မတရားကြီး လွှမ်းချုံနေတယ်လေ။ လူမဆန်တဲ့ အဲဒီအစိမ်းရင့်ရင့်အရောင်တွေကို ကျော်ပြီး နို့ငတ်နေတဲ့ ကလေးတစ်ယောက် သူ့အမေ့ရင်ခွင်ကို ငေးကြည့်သလို ကျနော့်တိုင်းပြည်ကလေးကို ကျနော် အငေးသားကြည့်မိနေရင်းက မျက်ရည်ဝဲလာတယ်။ အော်… အဲဒီ တောထနေတဲ့ အစိမ်းရင့်ရင့်ကြီးတွေရဲ့ အတွင်းဖက်မှာ ကျွန်တော်ချစ်တဲ့ လောကဆေ၀ါတစ်ယောက်ရယ်။
အတွေးစတွေ မပြတ်ခင်မှာပဲ ကျနော်ဟာ တအိအိနဲ့ ကျနော့်တိုင်းပြည်လေးပေါ်ကို ပြုတ်ကျလာခဲ့တော့တာပေါ့။
နောက်တစ်နေ့မနက်ကျတော့ ကျနော့်လက်ထဲမှာ လောကဆေ၀ါရေးတဲ့ ကလေးပြဿနာ၊ လူငယ်ရေးရာ၊ လူသစ်မွေးထုတ်ကြ ဆိုတဲ့ စာအုပ်လေးက မိုးစက်တွေနဲ့အတူ ရောက်နေသည်။ မျက်နှာဖုံးကို ကြည့်လိုက်တော့ ကျနော်ချစ်တဲ့ လောကဆေ၀ါတစ်ယောက် ကြိမ်ဆက်တီထိုင်ခုံလေးပေါ်မှာ စွပ်ကျယ်အဖြူနွမ်းနွမ်းလေးနဲ့ ဆရာမင်းသုဝဏ်ရဲ့ ကလေးကဗျာစာအုပ်ထဲမှာ တစ်ဘ၀လုံး ပျော်ဝင်နေပေါ့။ သူ့ဦးခေါင်းထက်မှာတော့ ငွေရောင်တွေ တဖျပ်ဖျပ်လက်လို့။ နောက်ကျောဖုံးကို လှန်လိုက်တယ်ဆိုရင်ပဲ… …
- ယခုအချိန်အထိ ကျွန်ုပ်တို့ ပညာရေးအမည်တပ်ခေါ်လာခဲ့သော ပညာရေးသည် ပညာရေးစစ်စစ်မှ ဟုတ်ရဲ့လား…
- သားဖွားဆရာဝန်များသည် မည်သို့မည်ပုံ ကလေးမွေးဖွားပေးနေကြသနည်း။
ကလေးကို ကြိုဆိုသည့်နည်းလမ်းသည် ပုံစံမမှန်သော နည်းလမ်းဖြစ်နေသည်။
- ကလေးသူငယ်တစ်ယောက်သည် မျက်စိပွင့်လာနိုင်သော၊ သိချင်တတ်ချင်သော၊ နိုးနိုးကြားကြားရှိချင်သော “ဇ”ကလေးများနှင့် မွေးဖွားလာကြသူများဖြစ်သည်။
- ကလေးသူငယ်တစ်ယောက်သည် သူ့ကိုချစ်သော၊ သူ့အတွက် စွန့်စွန့်စားစား ပြုလုပ်သော တချို့မိဘ၏ အနှိမ်ခံဘ၀ ရာက်နေရသည်။
- ဆယ်ကျော်သက်အရွယ်များအား မိမိတို့၏ မိဘများကို မည်သည့်အကြောင်းအရာမျိုးကိုမဆို မကြောက်မရွံ့ ပြောပြနိုင်စေရန် အားပေးအားမြှောက် ပြုလုပ်ရမည်။
- ဆယ်ကျော်သက်အရွယ်များအနေနှင့် မိမိတို့၏မိဘများကို အမှန်တရားဖြင့်လည်းကောင်း၊ ရိုးသားခြင်းဖြင့်လည်းကောင်း၊ ချဉ်းကပ်လျက် မိမိတို့၏ စိတ်နှလုံးကို ဖွင့်ပြကြသည်ဆိုလျှင် မိဘများကိုလည်း သူတို့၏ စိတ်နှလုံးကို ဖွင့်ပြရန် တွန်းအားပေးရာ ရောက်သွားလိမ့်မည်။
- တစ်ချို့မိဘများသည် ဆရာဝန်ဖြစ်ဖို့ ၀ါသနာမပါသော သားသမီးများကို မိမိတို့၏ အကျိုးကိုကြည့်လျက် ဆရာဝန်တစ်ယောက် ဖြစ်လာနိုင်ဖို့ အတင်းကြိုးစားကြသည်။
- ဆရာများ၏အစား လမ်းညွှန်များပေါ်လာလိမ့်မည်။ ဆရာနှင့် လမ်းညွှန်၏ ခြားနားချက်ကို နားလည်အောင်လုပ်ရမည်။
-နိုင်ငံတကာဘာသာစကားတစ်ခုသည် တစ်ခုတည်းသော ကမ္ဘာမြေဖြစ်စေရန်အတွက် တစ်ခုတည်းသော လူသားဖြစ်စေရန်အတွက် အခြေခံအဖြစ် အထူးပင် လိုအပ်သည်… … လို့ ရေးသားထားတာကို ဖတ်လိုက်ရတော့ စိတ်ထဲ ထူးဆန်းသလိုလို ဖြစ်သွားသည်။
ဖတ်ဖူးခဲ့တဲ့ ကလေးအကြောင်းရေးထားတဲ့ စာအုပ်တွေနဲ့ ချဉ်းကပ်ပုံက အသစ်ဖြစ်နေတာနဲ့ စာအုပ်ကို ဖွင့်လိုက်တော့ … …
၁။ အဆင့်ဆင့် ပြောဆိုလာတဲ့ စကားကြားရုံနဲ့ မှန်ပြီလို့ မယူဆ လက်မခံလိုက်နဲ့။
၂။ ဘိုးဘေး အစဉ်အဆက် ကျင့်သုံးလာတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာ ဆိုစကားအားလုံးကို မှန်ပြီလို့ မယူဆ လက်မခံလိုက်နဲ့။
၃။ ရာဇ၀င်အထောက်အထားနဲ့ သူတစ်ပါးပြောတိုင်း မှန်ပြီလို့ မယူဆ လက်မခံလိုက်နဲ့။
၎။ စာပေကျမ်းဂန်တွေ ရေးသားထားတိုင်း မှန်ပြီလို့ မယူဆ လက်မခံလိုက်နဲ့။
၅။ တက္ကဗေဒ တစ်နည်းပြောရရင် မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့အတွေး အကြံအားလုံး မှန်ပြီလို့ မယူဆ လက်မခံလိုက်နဲ့။
၆။ မှီငြမ်းရမယ့် နည်းနိဿယတွေ ရှိပြီးသားပဲဆိုပြီး အဲသည်နည်းတွေကို မှန်ပြီလို့ မယူဆ လက်မခံလိုက်နဲ့။
၇။ မိမိ အကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကျိုးအကြောင်း အထောက်အထားပေး ခိုင်လုံလှပြီဆိုပြီး မယူဆ လက်မခံလိုက်နဲ့။
၈။ မိမိကြိုတင် စဉ်းစားတွေးတောထားတဲ့ အယူအဆနဲ့ ကိုက်ညီတယ် တူညီတယ်ဆိုပြီး မှန်ပြီလို့ မယူဆ လက်မခံလိုက်နဲ့။
၉။ ထင်ရှားကြော်ကြား လူအများလေးစားတဲ့ ပုဂ္ဂိုလ်ကြီး ပြောတဲ့စကားဟာ မှတ်ယူထိုက်တယ်ဆိုပြီး မှန်ပြီလို့ မယူဆ လက်မခံလိုက်နဲ့။
၁၀။ ငါတို့လေးစားတဲ့ ငါတို့ဆရာစကားဆိုပြီး မှန်ပြီလို့ မယူဆ လက်မခံလိုက်နဲ့။
- ကာလာမတို့မှ … … … ဆိုတဲ့ ကာလာမသုတ်မှ ကောက်နှုတ်ချက်စာပိုဒ်လေးဟာ နှလုံးသားတစ်ခုလုံးကို သိမ်းကျုံးဆွဲငင်သွားတော့တာပါပဲ။ တကယ်တော့ အဲဒီစာအုပ်လေးက အိုရှိုးရဲ့ “The New Child” စာအုပ်ထဲကမှ လောကဆေ၀ါတစ်ယောက်က လက်ခံသော အစိတ်အပိုင်းတွေကို သူ့ကိုယ်ပိုင် စကားလုံးတွေနဲ့ ရေးသားထားတဲ့စာအုပ်ကလေး ဖြစ်လို့နေသည်။ ဒါက စာအုပ်ကလေးရဲ့ ပထမအပိုင်းလို ဖြစ်နေသည်။ ဆက်ပြီး ဓာတ်ပုံများက ပြောတဲ့ လောကဆေ၀ါတစ်ယောက်အကြောင်းဆိုသည့် အဖြူအမဲ ဓါတ်ပုံလေးတွေကို တစ်ရွက်ပြီးတစ်ရွက် လှန်ကြည့်လိုက်မိသည်။ လောကဆေ၀ါဆိုတဲ့ စကားလုံးတစ်ခုဆီကို ရွက်လွင့်ခဲ့တဲ့ ဘ၀နေ့စွဲတွေက အမြင်အာရုံထဲတွင် ပြိုးပြိုးပြက်ပြက်ထ နေသည်။
ပြီးတော့မှ လောကဆေ၀ါ ပြောခဲ့တဲ့ စကားလေးနဲ့ စာဖတ်သူကို ဟောသလို မိတ်ဆက်ပေးခဲ့တယ်။
ပုဂံမြို့ဟောင်းတစ်နေရာမှာပေါ့ … …
“ဒီမှာ ကျွန်တော့်မှာ စိတ်ကူးလေးတစ်ခုရှိတယ်။ ကျွန်တော် ကွယ်လွန်သွားခဲ့ရင် ကျန်ရစ်ခဲ့မယ့် နည်းနည်းပါးပါး ပိုင်ဆိုင်မှုလေးတွေနဲ့ … … အဲ … စာမူပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲဖို့ အဖွဲ့အစည်းလေး ဖွဲ့မယ်စိတ်ကူးတယ်။ အဲဒီ အဖွဲ့အစည်းလေးက ရန်ပုံငွေ စနစ်တကျ ထူထောင်ထိမ်းသိမ်းပြီး ခိုကိုးရာမဲ့ ကလေးသူငယ်တွေ … … အဲ … လူမျိုးမရွေး ဘာသာမရွေးနော် … ပြုစုစောင့်ရှောက်သူကင်းတဲ့ သက်ကြီးရွယ်အိုတွေ ဆေးရုံတွေကို နှစ်စဉ် လှူဒါန်းနိုင်ဖို့ စီစဉ်ချင်တယ်။”တဲ့လေ…။
နောက်ပြီး လောကဆေ၀ါတစ်ယောက်ရဲ့ ဘ၀အမြင်တွေကို စီစဉ်သူက တရင်းတနှီး ဇာတ်ကြောင်းပြန်ပြောသလိုမျိုး ဘ၀ဇာတ်ကြောင်းလေးတွေနဲ့ ယှက်ဖောက်ရေးထားပြန်တယ်။ လောကဆေ၀ါရဲ့ ဘ၀အမြင်တွေကို… …
“အကျိုးမရှိသော အရပ်၌ တစ်သက်ပတ်လုံးနေရခြင်းထက်၊ အကျိုးရှိသော အရပ်၌ တစ်မိနစ် နေရခြင်းက မြတ်၏။”တဲ့လေ။
နောက်ပြီး သူ့ရဲ့ “ငြိမ်းချမ်းရေး”ဆိုတဲ့ စာအုပ်ထဲက ဂေါဝိန္ဒမဏိကျဘုရင်က သူ့ညီတော် နက္ခတ္တရာသ ကို “ ညီတော် မင်း ဘာဖြစ်လို့ နောင်တော့်ကို သတ်ချင်ရသလဲ။ ထီးနန်းအရိုက်အရာကို လိုလားတဲ့ လောဘဇောကြောင့်ပဲ မဟုတ်လား။ ထီးနန်းအရိုက်အရာဆိုတဲ့ သဘောဟာ ရွှေပလ္လင်၊ စိန်မကိုဋ်နဲ့ ထီးဖြူကနက်ပဲလို့ ညီတော်က တွက်သလား။ ဒီမကိုဋ်၊ ဒီထီးဖြူကနက်နဲ့ ဒီဘုရင့်ကြိမ်စကြာရဲ့ဝန်ဟာ ဘယ်လောက်လေးတယ် မှတ်သလဲ။ ထီးနန်းကို လိုချင်ရင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်လိုရင် သိန်းသန်းမကတဲ့ လူများရဲ့ ဒုက္ခကို ကိုယ့်ဒုက္ခလို့ အောက်မေ့ရတယ်။ သူတို့ရဲ့ ဘေးရန်ကို ကိုယ့်ဘေးရန်လို့ သဘောထားရတယ်။ သူတို့ရဲ့ ဆင်းရဲခြင်းကို ကိုယ့်ဆင်းရဲခြင်းလို့ ယူဆပြီး တာဝန်ကို ရှောင်ဖယ်မပစ်ရဘူး။ အဲဒီလို လုပ်တဲ့လူမှသာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့သူ မည်တယ်။ ဘုရင်မည်တယ်။ သစ်ခက်တဲကုပ်မှာ နေနေ၊ ရွှေအိမ်နန်းမှာနေနေ လူထုအားလုံးကို ကိုယ်ချင်းစာနာတတ်ရင်၊ ကိုယ့်လို သဘောထားတတ်ရင် တစ်လောကလုံးဟာ သူ့လောကပဲ။ လူအားလုံးဟာ သူ့လူချည်းပဲ။ ဒီကမ္ဘာလောကရဲ့ ဒုက္ခကို ဖယ်ရှားပစ်တဲ့လူဟာ ဒီကမ္ဘာလောကရဲ့ ဘုရင်ပဲ။ ဒီကမ္ဘာလောကရဲ့ အသွေးကို စုပ်တဲ့လူ၊ ဒီကမ္ဘာလောကရဲ့ စည်းစိမ်ကို မတရားသိမ်းပိုက်တဲ့လူကတော့ ဘုရင်မဟုတ်ဘူး။ ခေါင်းဆောင်မဟုတ်ဘူး။ သူခိုး၊ ဓားပြသာ ဖြစ်တယ်”လို့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်မယ့်သူတွေနဲ့ ပတ်သက်တဲ့ ဘ၀အမြင်ကို ဖော်ထုတ်ပြခဲ့တယ်။ ဒါတင်ဘယ်ကဦးမလဲ။ “စိတ္တရလေခါ”ဆိုတဲ့ ဘာသာပြန်ဝတ္ထုစာအုပ်ကို ဘာသာပြန်ရတဲ့အကြောင်းနဲ့ပါတ်သက်ပြီးတော့လည်း သူ့အမြင်ကို “ လောကမှာ လူတစ်ဦးတစ်ယောက်ကို အထင်ကြီးတဲ့၊ လေးစားတဲ့နေရာမှာ တစ်ဦးနဲ့တစ်ဦး အမြင်ချင်း မတူကြပါဘူး။ တချို့က ဥစ္စာရှိသူကို အထင်ကြီးတယ်။ တချို့က အာဏာရှိသူကို အထင်ကြီးကြတယ်။ တချို့က ပညာရှိသူကို အထင်ကြီးကြတယ်။ ကျွန်တော်ကတော့ ကိုယ်ကျိုးမကြည့်ဘဲ သူတစ်ပါးအကျိုးကို သယ်ပိုးတဲ့လူကို အထင်အကြီးဆုံးပဲ။ အကြီးဆုံးအမြတ်ဆုံးပုဂ္ဂိုလ်ကို တိုင်းတာတဲ့နေရာမှာ ကျွန်တော့်ရဲ့ ဂိုက်တံဟာ ပရဟိတအလုပ်ပဲ။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို သူဆောင်ရွက်တဲ့ ပရဟိတအတိုင်းအတာ ပမာဏကိုကြည့်ပြီး ကြီးရင်ကြီးသလောက်၊ များရင်များသလောက် အထင်ကြီးတယ်။ လေးစားတယ်။ စိတ္တရလေခါကို ဖတ်ရင် အဲသည်လောကအမြင်ကို တွေ့ရပါလိမ့်မယ်။ လူတစ်ဦးတစ်ယောက်ဟာ အများအမြင်မှာ ကောင်းမှုပြုတယ်လို့ ထင်ရတယ်။ ဒါပေမယ့် သူ့ကောင်းမှုဟာ ကိုယ်ကျိုးနဲ့ယှဉ်နေတယ်။ ပရဟိတမပါဘူး။ နောက်တစ်ယောက်ကတော့ သူလုပ်တဲ့အလုပ်ဟာ အများအမြင်မှာ မကောင်းမှုလို့ထင်နေရပေမယ့် သူတစ်ပါးအတွက် ကိုယ်ကျိုးကို စွန့်လွှတ်တဲ့လူ ဖြစ်တယ်။ အဲဒီလူနှစ်ယောက် ဘယ်သူက မြင့်မြတ်သလဲဆိုတဲ့ ပြဿနာကို စိတ္တရလေခါမှာ တင်ပြထားတယ်။ ဒါပေမဲ့ ၀တ္ထုကို ဖတ်လိုက်ရင် အဖြေပေါ်ပြီးသား ဖြစ်ပါတယ်။ အဲဒီအဖြေကို ကျွန်တော် သဘောကျတယ်။ လက်ခံတယ်။ ဒါကြောင့်မို့ မြန်မာပြန်တာပါ။”လို့ ရှင်းပြထားပြန်တယ်။
ပြီးတော့ ကွဲပြားခြားနားတဲ့ ဘာသာအယူဝါဒတွေ၊ လူမျိုးနွယ်စုတွေ ဖြစ်နေပါစေ၊ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ကြတာ တစ်ခုတော့ အသေအချာရှိတယ်ဆိုတဲ့ အရေးကြီးတဲ့ သတင်းစကားတစ်ခုကိုလည်း ပြောထားပြန်တယ်။ “ဘာသာတရားတိုင်းရဲ့ ဓမ္မကျမ်းဂန်တွေမှာ ပရဟိတအလုပ်ကို အလေးအနက် ဖွင့်ဆို ရေးသားထားကြတယ်။ အဲဒါကြောင့် ဘာသာတရားတိုင်း အချင်းချင်းသွေးစည်းလို့ မရမယ့် အယူအဆတွေ၊ ဖီလော်ဆော်ဖီတွေ၊ ယုံကြည်ချက်တွေကို ခဏ အသာထားပြီး လက်တွဲလို့ရမယ့် ပရဟိတအလုပ်ကို လုပ်ဖို့အတွက် Common Forumမှာ ရပ်သင့်ကြတယ်။ ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီး ပရဟိတအလုပ်ကို လုပ်သင့်တယ်။ အဲဒီလိုလုပ်ရင် ကမ္ဘာလောကကြီးမှာ ငြိမ်းချမ်းရေးရောင်ခြည် ယှက်သန်းလာမှာ မလွဲပါဘူး။”လို့ အလင်းပြခဲ့ပြန်တယ်။
“ပရဟိတ”ဆိုတဲ့ ပါဠိစကားမှာ “ပရ”က တစ်ပါးသူ၊ “ဟိတ”က အကျိုးပေါ့။ သူတစ်ပါးအကျိုး ဆောင်ရွက်ခြင်းပေါ့ကွာ။ နောက်ပြီး ဟိန္ဒီဘာသာနဲ့ သက္ကတဘာသာစကားမှာ သူတစ်ပါးအကျိုးဆောင်ရွက်ခြင်းကို “လောကဆေ၀ါ”လို့ ခေါ်တယ်။ လောကဆိုတာတော့ တို့လူငယ်တွေ သိပြီးသားပါ။ “ဆေ၀ါ”ကတော့ အကျိုးပြုခြင်းပေါ့။ သည်တော့ သူတစ်ပါးအကျိုး ဆောင်ရွက်သူကို ပရဟိတသမား၊ လောကဆေ၀ါသမားပေါ့။ သူတစ်ပါးအကျိုးဆိုလို့ ပြောရဦးမယ်။ ပေးကမ်းစွန့်ကြဲရုံသက်သက်ကို ပြောတာမဟုတ်ဘူးနော်။ မိမိကိုယ်ကျိုးကို စွန့်လွှတ်ပြီး သူတစ်ပါး အကျိုးရှိရာရှိကြောင်းကို ဘယ်အလုပ်မျိုးကိုမဆို လုပ်ကိုင်ဆောင်ရွက်တာကို ပြောတာ။ အဲသလို ပုဂ္ဂိုလ်မျိုးကိုမှ လောကဆေ၀ါသမားလို့ခေါ်တာ။
ဒါက လောကဆေ၀ါကို ရှင်းပြထားတာပါ။ နောက်ပြီးတော့လည်း လောကဆေ၀ါတစ်ယောက်အကြောင်းကိုလည်း လူငယ်တွေနဲ့ မိတ်ဆက်ပေးပြန်တယ်။ “ထီးချိုင့်မြို့နယ် ပန်းမြိုင်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပေါ့။ အဲသည့်ဒေသမှာရှိတဲ့ မြစ်တစ်ဖက်ကမ်းကို ကူးတို့လှေလေးတစ်စီး လှော်သွားတယ်။ ကူးတို့လှေပေါ်မှာ လင်မယားနှစ်ယောက်နဲ့ မြစ်တစ်ဖက်ကမ်းကို သွားတဲ့ ယောင်္ကျားသုံးလေးယောက်ပါတယ်။ အဲသည့် လှေစီးခရီးသည်တွေထဲက အမျိုးသမီးဟာ ကိုယ်လေးလက်ဝန်ကြီးနဲ့။ ကိုယ်ဝန်နေ့စေ့လစေ့ ဖြစ်နေတဲ့အတွက် တစ်ဖက်ကမ်းက ဆေးခန်းမှာ ကလေးမျက်နှာမြင်ဖို့ လှေနဲ့ကူးသွားတာ။ လှေကလေး မြစ်လယ်ရောက်သွားတဲ့အခါကျတော့ မိုးညို့လာတယ်။ လေထန်လာတယ်။ လှိုင်းကြီးလာတယ်။ လှေလူးလာတယ်။ အခြေအနေက လှေပေါ်မှာပါတဲ့ လူတစ်ယောက် လူတစ်ယောက် လှေပေါ်က ဆင်းမပေးဘူးဆိုရင် လှေမြုပ်တော့မယ်။ အဲသည့်အချိန်မှာ လှေပေါ်မှာပါလာတဲ့လူကြီးတွေက စွန့်စားဖို့ သတိမရကြဘူး။ သည်မှာ မောင်ထိန်လင်းဆိုတဲ့ ကိုးတန်းကျောင်းသားလေးက လှေပေါ်က ခုန်ချပြီး ကိုယ်ဝန်ဆောင်မိန်းမနဲ့ လှေပေါ်ပါလာတဲ့ တခြားလူတွေကို အသက်စွန့်ပြဲီး ကယ်လိုက်တယ်” တဲ့လေ။
အဆုံးသတ်မှာတော့ ပရဟိတဆိုတဲ့ သူတစ်ပါးအကျိုးကနေ လောကအကျိုးဆိုတဲ့ “လောကဆေ၀ါ”ထိ ဆောင်ရွက်ကြဖို့ တိုက်တွန်းရင်းနဲ့ ရိုးရှင်းတဲ့ ဒဿနလေးနဲ့ အဆုံးသတ်လိုက်တယ်။
တရားစောင့်သူကို တရားက ပြန်စောင့်တယ်။
ပြည်သူကို ချစ်သူကို ပြည်သူက ပြန်ချစ်တယ်။
လူကို လေးစားသူကို လူက ပြန်လေးစားတယ် … … … တဲ့။ ဘယ်လောက် ရိုးရှင်းလှပလိုက်တဲ့ ဒဿနလေးလဲ။
ကဲ… …၊ အဲသည် လောကဆေ၀ါ ဆိုတာ ဘယ်သူများ ဖြစ်မယ်ထင်ပါသလဲ။ တစ်ခြားသူတော့ မဟုတ်ပါဘူး။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေပေါက္ကံမြို့သစ် ၁၆ ရပ်ကွက် အမှတ် ၉၈၈၊၉၉၀ မှာ မြန်မာလို “ငြိမ်းချမ်းရေးဗိမာန်”လို့ အမည်ရတဲ့ “ပါရဂူ ရှန်တိနိကေတန်” စာကြည့်တိုက်ကြီးကို တည်ထောင်ပေးခဲ့တဲ့ ဆရာကြီး ပါရဂူပဲပေါ့။ ဆရာ့ကို ဆက်သွယ်ချင်ရင်ဖြင့် ဖုန်းနံပါတ်-၀၉-၈၀ ၂၃၉၇၄၊ ၀၁- ၆၉၅၆၆၂ နဲ့ အီးမေးလ်လိပ်စာ shanti @ mail4u.com.mm သို့ ဆက်သွယ်နိုင်ကြပါတယ်။ အင်း… လောကဆေ၀ါ… … လောကဆေ၀ါ… ... လောကဆေ၀ါ... …။ သင်လည်းပဲ ကမ္ဘာမြေပြင်ပေါ်က လောကဆေ၀ါတစ်ယောက်ပင် မဟုတ်ပါလား။ ။
Friday, September 4, 2009
နှလုံးသားထဲက လောကဆေ၀ါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment