ရေးသားသူ — ကိုလူချစ်(ကိုရီးယား)
ကိုရီးယားကို လာပြီး အလုပ်လုပ်မယ်သူတွေနဲ့ ကိုရီးယားကို စိတ်ဝင်စားသူတွေ အတွက် လက်လှမ်းမီသလောက် ကိုရီးယားရောက် မြန်မာတွေ အကြောင်း နည်းနည်း ပြောပြချင်တာနဲ့ ဒီဆောင်းပါးကို ဆက်ရေးဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံ တရားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်တဲ့ ၂၀၀၉ခုနှစ် နိုဝင်ဘာလ လကုန်စာရင်းအရ ကိုရီးယားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ နေထိုင်နေသူ နိုင်ငံခြားသားပေါင်း (၁၁၅၁̹၉၆၃)ဦး ရှိပါတယ်။ အဲဒီအနက်မှာ မြန်မာနိုင်ငံသားကတော့ စုစုပေါင်း (၄၄၃၇)ဦးရှိပြီး ၊ အမျိုသား( ၄၁၀၄)ဦး ၊ အမျိုးသမီး (၃၃၃)ဦး အကြောင်း အမျိုးမျိုးနဲ့ နေထိုင်နေကြပါတယ်။ တရားဝင် နေထိုင်ခွင့်ဗီဇာနဲ့ နေထိုင်သူက အမျိုးသား(၂၈၀၀)ဦး ၊ အမျိုးသမီး(၂၆၇)ဦး ရှိပြီး စုစုပေါင်း (၃၀၆၇)ဦးပါ။ ရက်လွန်နေထိုင်သူ(Over Stay)နဲ့ကတော့ အမျိုးသား(၁၃၀၄)ဦး ၊ အမျိုးသမီး(၆၆)ဦးနဲ့ စုစုပေါင်း (၁၃၇၀)ဦး ရှိပါတယ်။
ကိုရီးယား တက္ကသိုလ် အသီးသီးမှာ ဒီပလိုမာဘွဲ ၊ မာစတာဘွဲ့ ၊ ပါရဂူဘွဲ့တွေ အတွက် အမျိုးသား (၅၉)ဦး ၊ အမျိုးသမီး (၇၈)ဦး စုစုပေါင်း (၁၃၇)ဦး ပညာသင်ကြား နေကြပါတယ်။ ကိုရီးယားဘာသာ သင်ကြားနေသူ အမျိုးသား(၂၇)ဦး ၊ အမျိုးသမီး (၂၉)ဦး နဲ့ စုစုပေါင်း (၅၆)ဦး ရှိပါတယ်။ ကိုရီးယားတက္ကသိုလ် မှာ သင်ကြားပို့ချပေးနေတဲ့ မြန်မာနိုင်ငံသား ပါမောက္ခကတော့ ရှားရှားပါးပါး (၁)ဦးရှိပါတယ်။ ဘာသာရေးနဲ့ ကိုရီးယားနိုင်ငံမှာ နေထိုင်နေသူ အမျိုးသား(၁၃)ဦး ၊ အမျိုးသမီး(၇)ဦးရှိပါတယ်။ ကိုရီးယားနိုင်ငံသားတွေနဲ့ အိမ်ထောင်ပြုပြီး နေထိုင်သူတွေလည်း မနည်းပါဘူး။ ကိုရီးယား တရားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်တဲ့ ၂၀၀၉ခုနှစ် ဇွန်လကုန် စာရင်းအရဆိုရင် ကိုရီးယားနိုင်ငံသားတွေနဲ့ အိမ်ထောင်ပြုနေထိုင်တဲ့ မိသားစုဝင်ပေါင်း အမျိုးသား(၂၅)ဦး ၊ အမျိုးသမီး (၅၈)ဦး၊ စုစုပေါင်း (၈၃)ဦးရှိပါတယ်။ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးဒုက္ခသည် လျှောက်ထားသူတွေလည်း ရှိပါတယ်။ ကိုရီးယား တရားရေးဝန်ကြီးဋ္ဌာနက ၂၀၀၉ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ထားတဲ့ စာရင်းအရ နိုင်ငံရေးဒုက္ခသည်လျှောက်ထားသူ (၂၂၆)ဦးရှိပါတယ်။ ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးဒုက္ခသည် လျှောက်ထားတဲ့ နိုင်ငံတွေထဲမှာ နီပေါနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသားတွေပြီးရင် တတိယနေရာမှာ ရှိပါတယ်။(၆၆)ဦးကိုတော့ နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပါတယ်။ နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်မပြုပေမယ့် လူသားချင်းစာနာမှုနဲ့ နေထိုင်ခွင့်ရထားသူလည်း (၁၉)ဦး ရှိပါတယ်။
ကိုရီးယားနိုင်ငံမှာ တရားဝင် နေထိုင်ခွင့်နဲ့ နေထိုင်အလုပ်လုပ်ကိုင်ကြသူတွေ အထဲမှာ အများဆုံးကတော့ အလုပ်သမား အသုံးပြုခွင့်စနစ်(E-P-S) employment permit system နဲ့ လာကြသူတွေပါ။ အသေးစားနဲ့ အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြသူ အရေအတွက် (E-9-2)က အများဆုံးပါ အမျိုးသား (၂၀၂၈)ဦးနဲ့ အမျိုးသမီး(၁)ဦး ရှိပါတယ်။ ကိုရီးယားကို လာပြီး တရားဝင်နည်းလမ်းနဲ့ အလုပ်လုပ်မယ်ဆိုရင် အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S) ပဲ ရှိတယ်ဆိုတာကို အရင်ဆောင်းပါးတွေမှာလည်း ဖော်ပြဘူးပါတယ်။ (E-P-S) စနစ်အရ ကိုရီးယားဘာသာ စာမေးပွဲ (EPS-KLT)ကို သတ်မှတ်တဲ့ အမှတ်ပြည့်မီမှ ကိုရီးယားကို လာပြီး အလုပ်လုပ်လို့ရမယ်ဆိုတာလည်း ဖော်ပြဘူးပါတယ်။ ကိုရီးယားကို အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)နဲ့ ရောက်လာသူထဲက တချို့ တော်တော် အဆင်မပြေဖြစ်ကြတာကို သိရလို့ အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)နဲ့ ကိုရီးယားကို လာဖို့ပြင်ဆင်နေတဲ့သူတွေအတွက် အထောက်အကူဖြစ်အောင် လက်လှမ်းမီသလောက် ပြောပြ ပေးချင်ပါတယ်။
အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S) နဲ့ ကိုရီးယားကို ရောက်လာကြတဲ့သူ တော်တော်များများကတော့ အသေးစားနဲ့ အလတ်စား ကုန်ထုတ်လုပ်တဲ့ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကြရတာ များပါတယ်။ တချို့ကတော့ စိုက်ပျိုးရေးလုပ်ငန်း ၊ ငါးလုပ်ငန်း နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကြရတဲ့သူတွေလည်း ရှိပါတယ်။ စက်ရုံအလုပ်ရုံတွေမှာ လုပ်ရတဲ့အလုပ်ကလွဲပြီး ကျန်တဲ့လုပ်ငန်းတွေမှာ မလုပ်ချင်တဲ့သူက များပါတယ်။ အဲဒါကြောင့် မြန်မာပြည်မှာ ကိုရီးယားဘာသာ စာမေးပွဲ အောင်ပြီး ကိုရီးယားကို လာပြီး အလုပ်လုပ်ဖို့ ရွေးချယ်ခံရသူတွေ အနေနဲ့ အရင်ဆုံး ကိုယ်နဲ့ အလုပ်လုပ်ကိုင်ဖို့ ကုမ္ပဏီနဲ့ သဘောတူစာချုပ်ချုပ်ဆိုတဲ့ အခါ လုပ်ငန်းအမျိုးအစားကနေစပြီး သေသေချာချာ စစ်ဆေးပါလို့ အကြံပေးပါရစေ။ အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)နဲ့ ကိုရီးယားကို လာတဲ့သူတွေကို (E-9)ဗီဇာ ပေးပါတယ်။ (E-9)ဗီဇာမှာမှ ထပ်ပြီး ခွဲထားတဲ့ ဗီဇာအမျိုးအစားတွေ ရှိပါသေးတယ်။ အသေးစားနဲ့ အလတ်စား စက်ရုံတွေရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ လုပ်ရတဲ့သူဆိုရင်(E-9-2)ဗီဇာပေးပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းဆိုရင် (E-9-3)ဗီဇာပေးပါတယ်။ (E-9-3)ဗီဇာနဲ့ အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား (၁၃)ဦးရှိပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းဆိုရင် (E-9-4)ဗီဇာပေးပါတယ်။(E-9-4)ဗီဇာနဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား (၉)ဦးရှိပါတယ်။ ငါးလုပ်ငန်းဆိုရင်(E-9-5)ဗီဇာပေးပါတယ်။်(E-9-5)ဗီဇာနဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား (၃၃)ဦးရှိပါတယ်။ ကိုရီးယားကို ရောက်ရင် ပြီးရောဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့တော့ မဖြစ်စေချင်တဲ့ စေတနာပါ။ နောက်ထပ် အဓိက စစ်ဆေးသင့်တဲ့ အခြေခံ အကြောင်းတွေကတော့ (၁)အခြေခံလစာ၊ (၂)အလုပ်ချိန် ၊ (၃) နားချိန် ၊ (၄)နေထိုင်စားသောက်မှု ၊ (၅) အချိန်ပိုလုပ်အားခ စတဲ့ အခြေခံကျတဲ့ အချက်တွေကိုတော့ မဖြစ်မနေ စစ်ဆေးပါလို့ အကြံပြုပါရစေ။
အဲဒီလို သေသေချာချာ စစ်ဆေးလိုတဲ့ နောက်ထပ်အကြောင်းတခုကတော့ ကိုရီးယားကို ရောက်ပြီးမှ အလုပ်ပြောင်း လုပ်ဖို့က အခက်အခဲရှိနိုင်လို့ပါ။ အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)အရ အလုပ်ပြောင်းမယ်ဆိုရင် လုပ်ငန်းခွင် သဘောတူစာချုပ် ချုပ်ထားတဲ့ လုပ်ငန်းရှင်ရဲ့ သဘောတူခွင့်ပြုချက်က အဓိကလိုဖြစ်နေလို့ပါ။ တချို့ လုပ်ငန်းရှင်တွေက အလုပ်ပြောင်းဖို့ လက်မှတ်ထိုးမပေးတဲ့ လုပ်ငန်းရှင်တွေလည်း ရှိနေလို့ပါ။ အလုပ်သမား အသုံးပြုခွင့်စနစ်(E-P-S)အရ လုပ်ငန်းခွင်ပြောင်းလို့ ရတဲ့ အချက်တွေလည်း ရှိပါတယ်။ အဲဒီလို အချက်မျိုးမှာ အကျုံးဝင်တယ်ဆိုရင်တော့ အဲဒီလုပ်ငန်းရှင်ဟာ အလုပ်ပြောင်းဖို့ လက်မှတ်ထိုးပေးရပါမယ်။ အဓိက အခြေခံ အချက်တွေကတော့ မိမိလုပ်နေသည့် စက်ရုံအလုပ်ရုံ ဒေ၀ါလီခံသွားခြင်း ၊ လုပ်ငန်းရှင်မှ လုပ်အားခလစာ မပေးခြင်း စသည့် အခြေခံအလုပ်သမားဥပဒေအား ချိုးဖောက်ခြင်း ၊ လုပ်ငန်းသဘောတူစာချုပ်ပါ အချက်များအား အလုပ်ရှင်မှ ချိုးဖောက်ခြင်း ၊ စတဲ့ အခြေခံအချက်တွေ ရှိပါတယ်။ နောက်အလျဉ်းသင့်သလို သိသင့်သိအပ်တဲ့ ကိုရီးယား အလုပ်သမား ဥပဒေအကြောင်း သီးသန့် ပြောပြပေးသွားပါမယ်။
ကျနော် ကိုရီးယားအကြောင်း လက်လှမ်းမီသလောက် လက်ဆင့်ကမ်းထားတဲ့ ဆောင်းပါးတိုင်းမှာ အကြံပြုထားတဲ့ အတိုင်း ကိုရီးယားကို လာမယ်ဆိုရင် ကိုရီးယားစကားကို သင်ယူပါလို့ ထပ်လောင်း အကြံပြုပါရစေ။ ကိုရီးယားမှာ ရှိတဲ့ နိုင်ငံခြားသားတွေ အထဲမှာ ကိုရီးယားဘာသာစကား တတ်ကျွှမ်းတဲ့ ရာခိုင်နှုန်း မြန်မာနိုင်ငံသားတွေ အနည်းဆုံးဖြစ်နေလို့ပါ။ ကိုရီးယားဘာသာ အထိုက်အလျှောက် တတ်ရင် အလုပ်ထဲမှာရော ၊ တခြား ကိစ္စတွေမှာပါ အများကြီး အကျိုးရှိပါတယ်။ ကိုရီးယားမှာ အကြောင်းအမျိုးမျိုးနဲ့ အခက်အခဲ ဖြစ်ကြတဲ့သူ ၊ အတူအလုပ်လုပ်တဲ့ ကိုရီးယား နိုင်ငံသားတွေနဲ့ အဆင်မပြေတဲ့သူ တော်တော်များများဟာ ကိုရီးယားဘာသာ အခက်အခဲကြောင့်လို့ ကိုရီးယား အဖွဲ့တခုက သုံးသပ်ထားတာ ရှိပါတယ်။ ကိုရီးယားကို လာမယ်ဆိုရင် ယဉ်ကျေးမှု ကွဲပြားတာတွေလည်း နားလည်မှု ပေးနိုင်ဖို့ လိုမယ်လို့ ထင်ပါတယ်။ သူ့ယဉ်ကျေးမှုကို ကိုယ်နားလည်နိုင်အောင် ကိုယ့်ယဉ်ကျေးမှုကိုလည်း နားလည်အောင် ပြန်ပြောနိုင်ဖို့လည်း အတွက်လည်း ကိုရီးယား စကားတတ်ရင် အဆင်ပြေတာပေါ့ဗျာ။ ယဉ်ကျေးမှု ကွဲပြားလို့ နားလည်မှုလွဲပြီး ကိုရီးယားတွေနဲ့ ပြဿနာ ဖြစ်ကြတဲ့ နိုင်ငံခြားသားတွေ ဒုနဲ့ဒေး ရှိနေလို့ပါ။ ကိုရီးယား ဘာသာစကားရယ် ကိုရီးယား အလုပ်သမားဥပဒေ အကြောင်းရယ် လက်လှမ်းမီသလောက် ပြောပြပေးဖို့ ကြိုးစားနေပါတယ်။
မြန်မာနိုင်ငံသားအားလုံး ရောက်လေရာ အရပ်တိုင်းမှာ အဆင်ပြေမှု အပေါင်းနဲ့ ပြည်စုံပြီး ကိုယ်တတ်စွမ်းနိုင်တဲ့ အင်အားနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ။
ကိုလူချစ်(ကိုရီးယား)
Thursday, December 31, 2009
ကိုရီးယားကို လာမယ်ဆိုရင် သိထားသင့်တဲ့ အကြောင်းအချို့ အပိုင်း(၃)
Tuesday, December 29, 2009
အလှူတော်မင်္ဂလာဖိတ်ကြားလွှာ
ကျွှန်တော်၊ကျွှန်မတို့ ၏ ဘိတ်အသင်း (ကိုရီးယား)၏ နှစ်သစ်ကူး အလှူတော်မင်္ဂလာ ကို (၁.၁.၁၀)
သောကြာနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုဘုန်းကြီးကျောင်း၌ ဘုရားအမှုးရှိသော သံဃာတော် အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း၊နေ့ဆွမ်း၊အလှူဖွယ်ဝထ္ထုအစုစု တို့ကိုဆပ်ကပ်လှူဒါန်းကာ နှစ်သစ်မင်္ဂလာ တရားတော် နာယူကြမည်ဖြစ်ပါသည်။ ကြွရောက်လာကြမည့် ညီအစ်ကိုမောင်နှမ မိတ်ဆွေအပေါင်းတို့အား စားသောက်ဖွယ်ရာ အဖြာဖြာတို့ဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသဖြင့် မိတ်ဆွေသူငယ်ချင်းများအားလုံး ကြွရောက်ကြပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
လေးစားစွာဖြင့်
ဘိတ်အသင်း (ကိုရီးယား)
ကျင်းပမည့် နေရာ ၊ ၊ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော် (၀၃၂ ၅၁၁ ၂၈၄၁)
ကျင်းပမည့် နေ့ရက် ၊ ၊ ၁.၁.၀၁( သောကြာနေ့ )
ကျင်းပမည့် အချိန် ၊ ၊ နံနက် ၈ နာရီ မှ မွန်းလွဲ ၃နာရီ အထိ။
Monday, December 28, 2009
ကိုရီးယား music video လေးတွေနဲ့ အပန်းဖြေချင်သူများအတွက်(၂)
ရေးသားသူ — ကိုလူချစ်(ကိုရီးယား)
ဟန်းဂုရွာကို အလည်လာသူတွေ လုပ်ငန်းခွင်ထဲက ရလာတဲ့ စိတ်ဖိစီးမှုတွေ အနည်းငယ်ပဲဖြစ်ဖြစ် ပြေပျောက်စေဖို့ ကိုရီးယား music video လေးတချို့ စုစည်းပေးလိုက်ပါတယ်။
30분전 (이현- feat 임정희)
나는.....(MC몽 -feat Ivy)
Ring Ding Dong --SHINEE(샤이니)
LACHATA --- F(x)
Muzik (4MINUTE)
거짓말 (part 2)--- (T-ara)
Wanna --(Kara)
HEART BREAKER --(G-DRAGON)
내 귀에 캔디-- (백지영) (feat-태연 of 2pm)
Abracadabra--(Brown Eyed Girls)
바래 ---- (FT Island)
I Don`t Care---( 2NE 1)
결국 너야 ----( WAX)
No Love No More ----(박진영)
미인 -----(이기찬)
오늘 해어졌어요 -----(윤아)
ပိုပြီး ကြည်လင်ပြတ်သားတဲ့ music video လင့်ခ်လေးတွေ တင်ပေးချင်ပေမယ့် Mozilla firefox နဲ့က အဲဒီ music video လေးတွေကို ကြည့်နိုင်တဲ့ Player ဒေါင်းလော့ဂ် လုပ်လို့မရလို့ Internet Explorer နဲ့ကတော့ Player ဒေါင်းလော့ဂ် လုပ်လို့ အဆင်ပြေပါတယ်။ အခု တင်ပေးထားသလိုပါပဲ ပြန်ပြီး စုစည်းပေးထားတဲ့ music video လင့်ခ်လေးတွေပါပဲ။ ကြည့်ရှုခံစားချင်သူများရှိရင် အီးမေးလ်ကနေ တဆင့် ပို့ပေးပါမယ်။ Koluchit@gmail.com ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
လာမယ့် နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ကိုယ်တတ်စွမ်းနိုင်တဲ့ အင်အားနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
လူထုထံမှ သင်ယူသော နိုင်ငံရေး
ရေးသားသူ — ကိုလူချစ်(ကိုရီးယား)
"လူအများအပြားကို ခဏလေး ဖုံးကွယ်ထားခြင်းဟာ ဖြစ်နိုင်ခြေ ရှိပါတယ်။လူနည်းစုကို အကြာကြီး ဖုံးကွယ်ထားခြင်း ဟာလည်း ဖြစ်နိုင်ချေ ရှိပါတယ်။ ဒါပေမယ့် လူအများကို အကြာကြီး ဖုံးကွယ်ထားလို့ မရပါဘူး။ လူထုကြီးဟာ ကောင်းကင်လိုပဲ ကျယ်ပြန့်ကြီးမားလို့ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ရာထူးရာခံ ရှိတဲ့နေရာမှာ ရှိပြီး ရာထူးကြီးတဲ့ သူတွေရဲ့ အကူအညီနဲ့ ရွေးကောက်ပွဲကို ၀င်ရာက်ယှဉ်ပြိုင်ခဲ့တဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ ငွေကြေးဓန အင်အားနဲ့ ရွေးကောက်ပွဲ လက်မှတ်ကို ၀ယ်ပြီး လာတဲ့ လူချမ်းသာလည်း မဟုတ်ပါဘူး။
ကျွန်တော်ဟာ နေ့စဉ်နေ့တိုင်း လူထုကြီးနဲ့ အနီးကပ်နေပြီး နိုင်ငံရေးကို သင်ယူခဲ့တာပါ။ လူထု ကြီးခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ မျှော်လင့်ချက် အိပ်မက်တွေကို သိဖို့ တခါတလေ အစာငတ်ခံ ခဲ့ရပြီး တခါတလေ လူထုကြီးဆီက ပေါင်မုန့်လေး တစ်ဖဲ့ကို တောင်းရမ်း စားသောက်ပြီး လူထုကြီးနဲ့ စကားတွေ ဖလှယ်ခဲ့ပါတယ်။ ကျွှန်တော် အမြဲတမ်း စဉ်းစားမိတာကတော့ နိုင်ငံရေးဆိုတာ လူထုအတွင်းကနေ သင်ယူရမယ်ဆိုတာ မုချမသွေပါပဲ။ လူထုကြီးရဲ့ ဆင်းရဲဒုက္ခတွေ ၀မ်းနည်းပူဆွေးမှု၊ ၀မ်းသာမှုတွေကို သိထားတဲ့ နိုင်ငံရေးသမားဟာ လူထုကြီးကို သစ္စာမဖောက်နိုင် လို့ပဲ ဖြစ်ပါတယ်။"
အထက်ပါ စကားသည် ၁၈၃၂ခုနှစ်က အမေရိကန်နိုင်ငံ အလယ်ပိုင်းမြို့ တစ်မြို့ဖြစ်သော စပရင်းဖီး(လ်ဒ်) (Springfield)တွင် ပြည်နယ်အမတ်လောင်း တစ်ဦးဖြစ်သော လင်ကွန်းမှ မဲဆန္ဒရှင်များ ရှေ့တွင် ပြောကြားခဲ့သော ရွေးကောက်ပွဲ စည်းရုံးရေး မိန့်ခွန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။လင်ကွန်းသည် ထိုမိန့်ခွန်း ပြောနေစဉ်မှာပင် ခံစားမှု မျက်ရည်များ ကျလာသည့်အတွက် မိန့်ခွန်းပြောမှုအား ခေတ္တရပ်နားခဲ့ရသည်ဟု နောက်ပိုင်း လင်ကွန်းအကြောင်းအား သုတေသန ပြုလုပ်နေသူ များမှ ဆိုပါသည်။
ထိုသူများ အဆိုအရ လင်ကွန်းဟု ခေါ်သော ဆင်းရဲသား အညတရ တစ်ယောက်က ကမ္ဘာမှာ အကောင်းဆုံး နိုင်ငံရေး သမားဖြစ်လာနိုင်စေရန် လျှို့ဝှက်ချက်များ ရှိခဲ့သည်ဟု ဆိုပါသည်။ နိုင်ငံရေး သုတေသီများမှ ထိုလျှို့ဝှက်ချက်သည် "ရိုးသား ပွင့်လင်းမှု" ဆိုသည့်အချက်ဖြစ်သည်ဟု သုံးသပ်ယူဆကြသည်။
လက်တွေ့တွင်လည်း လင်ကွန်းသည် ရိုးသားပွင့်လင်းမှု မှလွဲ၍ တခြား ပိုင်ဆိုင်မှု ဘာမျှမရှိသော လူတစ်ဦး ဖြစ်ပေသည်။ စပရင်းဖီး(လ်ဒ်) (Springfield)မြို့တွင် "ဆင်းရဲသားအညတရ လင်ကွန်း" ဟု လူသိများခဲ့သူ လင်ကွန်းသည် နိုင်ငံရေး အတွေ့အကြုံ နှင့် ငွေကြေးဓနအင်အား ပြည့်စုံသော တခြား အမတ်လောင်းများကြားတွင် ပေါ်လွင်မှု မရှိသော သူတစ်ဦး ဖြစ်ပေသည်။ တခြား အမတ်လောင်းများမှ မဲဆွယ် စည်းရုံရေး မိန့်ခွန်းများကို ပြေပြစ်စွာ ပြောကြားခဲ့သော်လည်း လင်ကွန်း မှာမူ မိန့်ခွန်းပြောရာတွင် အထစ်အထစ် အငေါ့ငေါ့ဖြင့် ပြေပြစ်စွာ ပြောဆိုနိုင်ခဲ့ခြင်း မရှိသော အမတ်လောင်း ဖြစ်ခဲ့ပေသည်။
သို့သော် စပရင်းဖီး(လ်ဒ်) (Springfield) မြို့မှ ပြည်သူလူထုကြီးသည် အမတ်လောင်းများ အနက်မှ လင်ကွန်းအား ရွေးချယ် ခဲ့ကြလေသည်။
"ဘာဖြစ်လို့ လင်ကွန်းကို ရွေးချယ်ကြတာလဲ"ဟု မေးမြန်းခဲ့သည့် သတင်းထောက်များ၏ မေးခွန်းအား လူထုကြီးမှ အောက်ပါအတိုင်း ဖြေကြားခဲ့ကြလေသည်။
"လင်ကွန်းဟာ ကျွှန်ုပ်တို့နဲ့ တစ်သားတည်းဖြစ်နေတဲ့ လူတစ်ဦး ဖြစ်လို့ပဲ"
လူထုနှင့် တစ်သားတည်း ဖြစ်နေသောသူ၊ ထိုအချက်သည် လင်ကွန်း၏ နိုင်ငံရေး လက်နက် တစ်ခု ဖြစ်ပေသည်။
လင်ကွန်းသည် ထိုလက်နက်ဖြင့် လူထုကြီး၏ ၀မ်းနည်းပူဆွေးမှု၊ ၀မ်းသာမှုများအား သိရှိခဲ့ရပြီး၊ လူထုထံမှ၊ လူထုအတွက်၊ လူထုနိုင်ငံရေးအား ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ကိုရီယား သမိုင်းပညာရှင် ဂျော်ဆူ(န်)ဂျု ရေးသားပြုစုသော "နိုင်ငံရေးတွင် စမ်းသပ်လေ့ကျင်မှု ဆိုတာ မရှိပါ" စာအုပ်အတွင်းမှ ကောက်နှုတ် ဘာသာပြန်ဆိုပါသည်။
ကိုလူချစ်(ကိုရီးယား)
ဟစ်တိုင် အင်တာနက် စာမျက်နှာမှာ ဖော်ပြဘူးတဲ့ ဆောင်းပါးလေးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
Sunday, December 27, 2009
ဆရာတို့သို့ မေတ္တာစာ
(၀ိုင်အမ်ဘီ သခင်တင်နှင့် ပတ်သက်တဲ့ ကွဲလွဲချက်ကလေးများ)
၂၀၀၉ ဒီဇင်ဘာ ၂၀ ရက်နေ့က စင်ကာပူမှာ ပထမအကြိမ် ကျင်းပတဲ့ စာပေဟောပြောပွဲ အသံဖိုင်များကို မိုးမခ ကောင်းမှုကြောင့် နားထောင်လိုက်ရပါတယ်။ ဟောပြောသူ ဆရာများ ဖြစ်ကြတဲ့ နေ၀င်းမြင့်, ဂျူး, ချစ်ဦးညို တို့ရဲ့ စေတနာ, ပညာ, အာဝဇ္ဇန်းတို့ကို အားပါးတရ နားဆင်လိုက်ရပါတယ်။ ဟောပြောချက်များက ကောင်းမွန်ပြီးသား ဖြစ်တာမို့ အထူး ညွှန်းဆိုနေဖို့ လိုမယ် မထင်ပါ။
သို့သော်… လက်ဖက်ကောင်းလေး မြုံ့နေမိတုန်း ပဲကြော်ထဲက ခဲခုမိသလို ဖြစ်သွားရတဲ့ ကိစ္စလေးကိုတော့ မေတ္တာရှေ့ထား၍ ပြောချင်နေမိပါတယ်။
ဒီကိစ္စက အရေးမကြီးဘူး ဆိုရင်လည်း ရနိုင်ပါတယ်။ ဒါပေမယ့် သမိုင်းနဲ့ ဆိုင်တဲ့ အချက်တခု ဖြစ်နေတာကြောင့် ပြောသင့်တယ်လို့လည်း ထင်ပါတယ်။ နားထောင်ရတဲ့ လူငယ်တွေအဖို့ အမှတ်မှား အထင်မှား ဖြစ်သွားရင် ဟောရသူ ဆရာတို့ အနေနဲ့လည်း ပြောစရာ ဖြစ်ကျန်ရစ်ခဲ့မှာ စိုးရိမ်ရပါတယ်။
ဆရာ ချစ်ဦးညိုက “အနုပညာဖန်တီးသူနဲ့ အနုပညာခံစားသူ” အကြောင်း ဟောပြောရာမှာ --အနုပညာရှင်တွေဟာ ခေတ်က တောင်းဆိုလာရင် လိုအပ်သလို ပြောင်းလဲ ဖန်တီးနိုင်စွမ်းရှိတယ် -- လို့ ပြောဆိုရင်း ဥပမာအဖြစ် ၀ိုင်အမ်ဘီ သခင်တင် အကြောင်းကို ပြောပါတယ်။
ဆရာတင် (သခင်တင်)ဟာ တချိန်က “အုံ့ပုန်းချစ်”လို အနုအရွ သမုဒယ သီချင်းတွေ ရေးခဲ့ပေမယ့်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် လိုအပ်လာတော့ “တို့ဗမာ” သီချင်းလို အမျိုးသားရေး သီချင်းကို ရေးခဲ့တယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ ဒါဟာ သခင်တင်ရဲ့ ဘ၀နဲ့ အနုပညာ ဖြတ်သန်းမှု အချိုးအကွေ့ပါပဲ။ ဒီနေရာမှာ ဆရာ ချစ်ဦးညိုက အုံ့ပုန်းချစ်သီချင်း ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းကို ပြောပြပါတယ်။
ဂျပန်ခေတ် အတွင်းက စစ်ကိုင်းဖက်ကမ်း ဧရာဝတီမြစ်ဆိပ်မှာ ရေချိုးမယ်လုပ်တုန်း လေယာဉ်တွေ ဗုံးလာကြဲလို့ ပြေးကြလွှာကြရင်း မိန်းမပျိုကလေး တယောက်နဲ့ အမှတ်မထင် တွေ့မိခဲ့တဲ့ အဖြစ်အပျက်ကြောင့် အသည်းထောင့်မှာ အချစ်ညှောင့်ကလေး စူးခဲ့ရတာကို ရေးဖွဲ့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစကားမှာ ဂျပန်ခေတ်လို့ ပြောတာကြောင့် ၁၉၄၂-၄၅ ကာလလို့ ယူဆရမှာ ဖြစ်ပါတယ်။ သခင်တင် တို့ဗမာသီချင်းကို ရေးတာ ဆိုတာက ၁၉၃၀ ပါ။ ဒါဆို တို့ဗမာ သီချင်းက အရင် အုံ့ပုန်းချစ်က နောက် ဖြစ်သွားပါတယ်။ ဆရာပြောတဲ့ ဒီဇာတ်လမ်းကို အတည်ယူရင် သခင်တင်ရဲ့ ဘ၀ဖြစ်စဉ်နဲ့ ပြောလိုရင်း သဘောကို ပြန်ပြင်ရပါလိမ့်မယ်။ ဒါပေမယ့် ဆရာချစ် ပြောတဲ့စကားထဲမှာ အုံ့ပုန်းချစ်က အရင် ရေးတဲ့သဘော ပါနေပါတယ်။
အမှန်ကလည်း အုံ့ပုန်းချစ်က အရင်ရေးတာပါ။ ၁၉၁၈ ကနေ ၁၉၂၇ ကြားမှာ ရေးတယ်လို့ အကြမ်းပဲ ပြောနိုင်ပါတယ်။ ခုနှစ် အတိအကျ မသိပါ။ ဒီကာလတွေအတွင်း ၀ိုင်အမ်ဘီ ဆရာတင် ဆိုတဲ့အမည်နဲ့ အချစ်သီချင်း, အငြိမ့်သီချင်း, ရုပ်ရှင်သီချင်းတွေ အများအပြား ရေးခဲ့တယ်လို့ သူ့ခေတ်ကို မီလိုက်သူတွေက ပြန်ရေးထားကြပါတယ်။ ဆရာပြောတဲ့ ဇာတ်လမ်းကိုတော့ အခုမှ ကြားနာမှတ်သားရတာပါ။ ဇာတ်လမ်းကတော့ အတော့်ကို လှပါတယ်။ သို့သော် ခေတ်ကာလက ပြောင်းပြန်ကြီး ဖြစ်နေတာကြောင့် ရင်ထဲမှာ ဘ၀င်မကျပါ။ ဒီဇာတ်လမ်း မပါဘဲနဲ့လည်း အုံ့ပုန်းချစ်က လှနေပြီးသားပါ။
ဆရာတင်ဟာ အုံ့ပုန်းချစ်, ရွှေနွယ်ရိုး, မယ့်ဖူးစာ, ပါးချိုင့်ကလေး စတဲ့ အချစ်သီချင်းတွေ ရေးခဲ့တာပါ။ အခြေအနေအရ ဒီလိုသီချင်းတွေ ရေးခဲ့ပေမယ့် နိုင်ငံ့အရေး ကြုံလာတော့ အလွန်အင်အားဖြစ်စေတဲ့ တို့ဗမာ, သခင်သီချင်း, မိုးကိုဒူးနဲ့တိုက်, ဦးအောင်ဇေယျ စတဲ့ အမျိုးသားရေး တေးသီချင်းတွေ ရေးသူ ဖြစ်လာခဲ့တာပါ။
သခင်တင် အကြောင်းကိုပဲ အမေရိကန် အယ်အေမှာလုပ်တဲ့ စာပေဟောပြောပွဲမှာ ဂီတပညာရှင်ကြီး ဒေါ်မာမာအေးက ထည့်သွင်း ဟောပြောခဲ့ပါသေးတယ်။ “အမျိုးသားရေး တေးဂီတ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တို့ဗမာသီချင်းကနေ နိုင်ငံတော်သီချင်း ဖြစ်ပေါ်လာပုံကို ပြောပြ ဆိုပြတာ အလွန်ကောင်းပါတယ်။ ဆရာချစ်နဲ့ အန်တီအေးနဲ့ ဟောပြောချက်ချင်း တိုက်တိုက်ဆိုင်ဆိုင် တူနေတာကိုလည်း သတိထားမိပါတယ်။ ဘိုကလေးတင့်အောင်, ရွှေကူမေနှင်းတို့လည်း ဟိုတချိန်က ဒီအကြောင်းတွေ ပြောခဲ့ဆိုခဲ့ကြတာ မှတ်မိပါသေးတယ်။
ဒါပေမယ့် အန်တီအေးက နိုင်ငံတော်သီချင်း ရေးဖို့လုပ်တဲ့ အချိန်မှာတော့ ၀ိုင်အမ်ဘီသခင်တင် မရှိတော့ဘူးလို့ ပြောလိုက်ပါတယ်။ ဒီအချက်ကလေးကိုတော့ မဟုတ်ပါဘူးလို့ ထောက်ပြပါရစေ။ သခင်တင်ဟာ ၁၉၅၀ သြဂုတ်လ ၈ ရက်နေ့ကျမှ ရန်ကုန်ဆေးရုံကြီးမှာ တီဘီရောဂါနဲ့ ကွယ်လွန်သွားတာပါ။
ဆရာဟာ သက်ရှိထင်ရှားရှိနေပေမယ့်, သူ့သီချင်းကို နိုင်ငံတော်သီချင်းလုပ်ပေမယ့် အဲဒီအလုပ်ထဲ သူမပါခဲ့တာ ဟုတ်ပါတယ်။ ၁၉၄၇ မှာ ဆရာဟာ မြင်းခြံမြို့မှာ ရောက်ရှိနေပါတယ်။ နိုင်ငံတော်သီချင်းကိစ္စကို အာဇာနည် ဒီးဒုတ်ဦးဘချို ဦးဆောင်တဲ့ ဖွဲ့စည်းပြီးကာစ “မြန်မာနိုင်ငံတော် တူရိယာဂီတ အဖွဲ့ချုပ်ကြီး”ကို တိုင်းပြည်ပြုလွှတ်တော်က တာဝန်ပေးခဲ့တာမို့ အဲဒီအဖွဲ့မှာပါတဲ့ ဆရာ ရန်နိုင်စိန်တို့ စောင်းဦးဘသန်း တို့က အဓိက ဆောင်ရွက်ခဲ့ကြတာပါ။
ဝိုင်အမ်ဘီသခင်တင်ဟာ ထက်မြက်တဲ့ ဂီတအနုပညာရှင်တဦး, အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုမှာ ဂီတနဲ့ ပါဝင်ခဲ့သူ, အင်္ဂလိပ်မောင်း ကမ္မ၀ါစာလို့ အမည်တွင်တဲ့ တို့ဗမာသီချင်းကို ရေးဖွဲ့ခဲ့သူ, ဒီသီချင်းဟာ နိုင်ငံတော်သီချင်းရဲ့ မူရင်းဇာတိ မွေးမိခင် ဖြစ်တာကြောင့် သခင်တင့် အကြောင်းကို တိတိကျကျ မှတ်မှတ်သားသား ရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ကွဲလွဲချက်ကလေးတွေကို မေတ္တာဖြင့် ထောက်ပြရခြင်း ဖြစ်ပါတယ်။
သခင်တင်ကို ၁၈၉၃ (မြန်မာနှစ် ၁၂၅၅ တပို့တွဲလဆန်း ၇) မှာ မန္တလေးမြို့ ရွှေဘုန်းရှိန် မင်းသားစုရပ်မှာ အဘ ဦးရန်အောင်, အမိ ဒေါ်သိန်း တို့မှ ဖွားမြင်ပါတယ်။ ဘီတီအင် ခေါ် ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းနဲ့ ကယ်လီကျောင်းတို့မှာ ပညာသင်ပြီး ၁၉၀၉ မှာ ဆယ်တန်းအောင်ပါတယ်။ အမ်ဘီတီကျောင်းမှာ သုံးနှစ်ခန့် ဆရာ ၀င်လုပ်ပါတယ်။
၁၉၁၄ လောက်ကစပြီး သီချင်းတွေ စတင် စမ်းသပ်ရေးပါတယ်။ ၁၉၁၈ မှာ ၀ိုင်အမ်ဘီ ခေါ် ဗုဒ္ဓဘာသာလူငယ်များ အလွတ်ပညာသင်ကျောင်းကို တည်ထောင်ပါတယ်။ အဲဒီအချိန်လောက်မှာပဲ သူ့ရဲ့ “အာကာသစိုး” သီချင်းကို မြခြေကျင်း မငွေမြိုင် သီဆိုရာက စတင် နာမည်ကျော်လာပါတယ်။ သူထောင်တဲ့ ကျောင်းကို အစွဲပြုလို့ ၀ိုင်အမ်ဘီဆရာတင်လို့ အမည်တွင်ပါတယ်။ ၁၉၂၅ နောက်ပိုင်းမှာ ရန်ကုန်နဲ့ မန္တလေး သွားချည်ပြန်ချည်လုပ်ကာ ဓာတ်ပြား, အငြိမ့်, ရုပ်ရှင်သီချင်းများ ရေးပါတယ်။
၁၉၂၇ မှာ ၀ံသာနု ဆိုတဲ့ နိုင်ငံရေးနောက်ခံ သီချင်းကို စတင်ရေးခဲ့ပြီး၊ ၁၉၃၀ မှာတော့ မိတ်ဆွေရင်း သခင်ဘသောင်းကို အကြောင်းပြုလို့ တို့ဗမာသီချင်းကိုရေး၊ နာမည်လည်း ၀ိုင်အမ်ဘီသခင်တင် ဖြစ်လာပါတယ်။ ဒီလိုနဲ့ အမျိုးသားရေးတဖက် ဂီတတဖက် နေလာရာက စစ်အတွင်းမှာ မန္တလေးမြောက်ဖက် ဆယ်မိုင်အကွာက သရက်ကန်ရွာကလေးမှာ မထင်မရှား နေရင်း ဂျပန်တော်လှန်ရေးကိစ္စ လျှို့ဝှက်လုပ်ခဲ့ပါတယ်။ စစ်ပြီးတော့ မြင်းခြံနဲ့ မန္တလေးမှာ လှည့်နေခဲ့ပြီးနောက် ရန်ကုန် ပြန်ရောက်လာပါတယ်။ ၁၉၅၀ ဇန်န၀ါရီ ၄ မှာ အစိုးရက ဆရာ့ကို “၀ဏ္ဏကျော်ထင်”ဘွဲ့ ချီးမြင့်ပါတယ်။
သခင်တင်ဟာ စစ်အတွင်းနဲ့ နောက်ပိုင်းမှာ မထင်မရှား နေခဲ့တာဟာ အင်္ဂလိပ်ရန် ဂျပန်ရန်တို့ကြောင့် တကြောင်း၊ သူ့ဘ၀ဒဏ်ကြောင့် တကြောင်း ဖြစ်ပါတယ်။ သူ့ရဲ့ အမျိုးသားရေး သီချင်းတွေကို ဓာတ်ပြားမထုတ်ဖို့ မဆိုဖို့ ကိုလိုနီခေတ်နဲ့ ဖက်ဆစ်ခေတ်မှာ တားမြစ်ခံခဲ့ရပါတယ်။ သူ့ဘ၀မှာ အိမ်ထောင် ကွဲသွားပြီးနောက် မိသားစု အသိုက်အ၀န်း မရှိဘဲ တကိုယ်တည်း ဖြစ်သလို နေခဲ့တယ်လို့ ဆိုပါတယ်။
သခင်တင့် အကြောင်းကို ၂၀၀၈ ဇန်န၀ါရီလထုတ် “ပိတောက်ပွင့်သစ်” မဂ္ဂဇင်း အမှတ် ၁၅ မှာ အတော်ပြည့်စုံစွာ ဖော်ပြထားပါတယ်။ အခြားစာအုပ်တွေလည်း ရှိနိုင်ပါသေးတယ်။
ကျနော်က မြန်မာ့ အတိတ်ခေတ်က အရေးကြီးတဲ့ ပုဂ္ဂိုလ်အကြောင်းကို ယနေ့ခေတ် အရေးကြီးတဲ့ ပုဂ္ဂိုလ်များက ပြန်ပြောတဲ့အခါ “မှဲ့ပြောက်မစွန်း”စေလိုတဲ့ စေတနာနဲ့ မေတ္တာစကား ပြောကြားလိုက်ရပါတယ်။
ဝင်းပေါ်မောင်
Friday, December 25, 2009
ဆိုရိုးနဲ့ရေးတဲ့ ၀တ္ထု
(မြန်မာဆိုရိုးစကားတွေနဲ့ ရေးဖွဲ့ထားတဲ့ ၀တ္ထုတပုဒ်ပါ။ ကိုဝင်းလတ် ပေးပို့လို့ ထပ်ဆင့်လွှင့်တင်လိုက်ပါတယ်။ ရေးသူက စင်ဒရဲလား လို့ ထင်ပါတယ်။ ဖတ်ဖူးသူတွေ ရှိချင်ရှိမယ်။ မဖတ်ဖူးသေးရင်တော့ မြည်းကြည့်လိုက်ပါဦး။)
Dear All Friends,
I hope you can learn all of my saying in this story but all are Animals.
အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်း ရေခင်းပြတယ်၊ ခရု ခါးတောင်းကျိုက် ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။ ကိုယ့်မှာ မင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသလိုလို၊ အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။ အခုအချိန်မှာ ဝက်ဖြစ်မှတော့ မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။ မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ် ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး ဖြစ်မနေပါနဲ့လို့။ ယူမှာက မင်းကိုပါ။ ဘယ်နှယ့်သူက ကဲကဲလှုပ်နေရတာလဲလို့။ ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲမနေပါနဲ့လို့။
မင်းအဖေက ကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာ အလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့ ကောင်စားမျိုးတဲ့။ ဒါပေမဲ့ပြောလိုက်ပါ ကိုယ်ဟာ ကြောင်သူတော် ကြွက်သူခိုးမဟုတ်သလို တောမီးလောင် တောကြောင်လက်ခမောင်းခတ်တဲ့ ကောင်စားမျိုးတော့ မဟုတ်ပါဘူးလို့။ ကိုယ့်ရဲ့ မဖြစ်စလောက်သာရတဲ့ လစာလေးဟာ ကြောင်အို ကြွက်မလေး ဆိုသလိုဖြစ်နေတော့လေ……. နောက်ပြီးတော့ မင်းကို လာလာကြောင်နေတဲ့ သင်္ဘောသားဆိုတဲ့ အကောင်ကလည်း မင်းအဖေလိုလူအတွက် ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးလို ဟိုကောင့်အတွက်ကျတော့ ကံကောင်းတဲ့ကျား သွားရင်း သမင်တွေ့ဆိုသလိုဖြစ်နေတာပေါ့။
သူများ အကြောင်းလည်း မပြောချင်ပါဘူး အချစ်ရယ် ဒီကောင့်မိဘက ချမ်းသာတော့ ကျားကြီး ခြေရာကြီး၊ ရွှေပင်နားတော့ ရွှေကျေးမျိုးတော့ ဖြစ်မှာပေါ့လေ။ တကယ်တော့ သူ့မိဘတွေဟာ ဒီယုန်မြင်လို့ ဒီချုံထွင်၊ ကြွက်သေတစ်ခု အရင်းပြုရုံလေးနဲ့ စားရကံကြုံပြီး မုတ်ဆိတ်ပျားစွဲ၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်လို့၊ ကြက်ကန်းဆန်အိုးတိုးကာ ယုန်ထောင်ကြောင်မိ ဖြစ်သွားသူတွေပါ။ အများညီ ဤကိုကျွဲဖတ် ဆိုသလို လုပ်ချင်ရာလုပ်နေတဲ့ ပြောတော့ကြောင်သူတော် ယိုတော့ ကြွက်မွှေး ဆိုတာ သူ့မိဘတွေပေါ့။ ဆင်သတ်အရပ်ဝေပြီးမှ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးချင်တာ သူတို့အသိုင်းအဝိုင်းပေါ့။ ကိုယ် အထင်အကြီးပါဘူး။ အထင်လည်း မသေးပါဘူးနော်။ ဒီကောင်ကတော့ ကျွဲကူးရေပါ ဆိုတဲ့အတိုင်း သူစီးတဲ့မြင်း အထီးမှန်း အမမှန်းတောင် မသိ၊ မိဘဆိုတာလည်း ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေတဲ့ အဆင့်တောင်မရှိ၊ ခွေးကလေးအရောဝင် ပါးလျက်နားလျက်၊ ကျီးကန်းသူကောင်း မြှောက် ချေးကောက်စား ဆိုတဲ့သူမျိုးပါ။ ထားလိုက်ပါလေ။ ခွေးရူးကောင်းစား တစ်မွန်းတည့်ပါပဲ။ အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်။
တကယ်လို့ မင်းသာအဲဒီအကောင်နဲ့ညားရင် ဆင်နားရွက်ကြွက်တပ်၊ ကြွက်နားရွက်ဝက်တပ် ပေးသလိုမျိုး ကို့ရိုးကားရား ဖြစ်နေမှာ။ မင်းအဖေကလည်း ကြောက်ပါတယ်ဆို ကြောင်နဲ့တို့ ဆိုသလို မင်းမလိုချင်တာကိုပဲ စွတ်ပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကျော်ချင်နေတာ။ ကိုယ်ကတော့ မင်းမိဘနှစ်ပါးကြောင့် ကျွဲနှစ်ကောင်ကြားထဲက မြေစာပင်၊ ကျားချင်းကိုက်ရာ သမင်းလမ်းကူးမှား ဖြစ်မယ့် မင်းဖြစ်အင်ကိုသာတွေးတွေး ရင်မောပြီး ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်နေပါပြီ။
တကယ်ပါအချစ်ရယ် မင်းအဖေဟာ ငှက်တစ်ကောင် မြားတစ်စင်း၊ ရှဥ့်တစ်ကောင် မြားတစ်စင်း ဆိုတာကို မြင်ပုံမရဘူး။ ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီး စွတ်မိုက်နေတာ။ အင်း… မပြောချင်ပါဘူးလေ… ငါးတကာယိုသည့်ချေး ပုဇွန်ဆိတ် ခေါင်းမှာစု လို့ပဲပြောပြော၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ် လို့ပဲပြောပြော။ သူ့မိဘတွေကလည်း ဒီကောင့်ကြောင့် နာမည်ပျက်နေတာကြာပါပြီ။ တကယ်တော့ အညှီရှိရာ ယင်အုံဆိုသလို မင်းအဖေဆီကို ဒီကောင်ဟာ ငါးပွက်ရာငါးစာချဖို့ ရောက်လာတာပါ။ ပြီးတော့ ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုသလို၊ ငါးစိမ်းမြင် ငါးကင်ပစ် လုပ်သွားဦးမှာ။ နောက်ဆုံးကျမှ ဒီကောင့်ကြောင့် လူတွင်ပါ နွားကျားကိုက်ဆိုတဲ့အချိန်၊ ကျားသေကို အသက်သွင်းလို့ စင်းစင်းသေပါပြီလို့ မင်းအဖေအော်နေဦးမှာ။ အဲလို ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့အချိန်မှာ ကျားရှေ့ မှောက်လျက်လဲသလိုဖြစ်နေမယ့် မင်းအဖေရဲ့ ကိုယ့်ယောက္ခမလောင်းကြီးရဲ့ သေချင်တဲ့ကျား တောပြောင်းအဖြစ်ကို ကိုယ်မြင်ယောင်မိနေတယ်။
မင်းအမေကြီးကျတော့လည်း ဒီကောင်နဲ့ပေးစားချင်တိုင်း သမီးတစ်ကောင် နွားတစ်ထောင်ဆိုပြီး အရပ်ထဲမှာ လက်ပံပင်ဆက်ရက်ကျသလို ပွက်ပွက်ညံနေပါရော။ တကယ်ကျတော့ ရှမ်းကြိုက်နွားချောဆိုတာ ကိုယ်ကတော့ မြွေမြွေခြင်း ခြေမြင်ပြီးသားပါနော်။ အင်း… နွားအို မြက်နုကြိုက်သလို မင်းအဖေကြီး ငွေကြိုက်တာလည်း နွားငတ်ရေချ ဆိုသလို၊ ကိုယ့်အတွက်တော့ အထူးအဆန်းမဟုတ်တော့ပါဘူး။ မင်းအဖေက ဆင်သွားရင် လမ်းဖြစ်မယ်လို့ ထင်နေတာလေ။ ငါးစာသာမြင် ငါးမျှားချိတ်မမြင် ဆိုသလိုမျိုး ဖြစ်နေတာပေါ့။ ဒါထက် သမီးချောလေးအရှိန်နဲ့ ဆင်ဖြူတော်မှီပြီး ကြံစုပ်၊ မျောက်ပြဆန်တောင်း လုပ်နေတယ်လို့လည်း မပြောချင်ပါဘူး။ နွားပေါ့ အစွံထုတ်လို့ ပြောရင် မင်းပါစိတ်ဆိုးတော့မယ်။ အင်း… ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့ ဆိုသလို ကိုယ့်ရဲ့ မိဘ Background ကလည်း သူ့အတွက်ဆို နွားပျိုသန်လှ နွားအိုပေါင်ကျိုး သာသာပဲရှိတော့… အင်း… ယုန်အတွက် ချုံကကြောင့်ကြနေရတာပေါ့။
မင်းအဖေကပြောတာ။ ကိုယ့်ကို ခွေးမသား တဲ့။ ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့။ မင်းကိုလည်း မွဲချင်တဲ့ခွေး ပြာပုံတိုးဆို။ ဟုတ်ချင်လည်းဟုတ်မှာပါ ကိုယ့်အခြေအနေကလည်း လူမလေး ခွေးမခန့်တဲ့ အပြင်၊ အရပ်ကလည်း ခွေးပစ်တဲ့ တုတ်သာသာရှိတော့… ကိုယ်နဲ့ပေးစားမယ့်အစား ခွေးအမြီးဖြတ်ပြီးသာ ပေးစားမယ်တဲ့။ အဲဒါကို ဟိုအကောင်ကြားရင် သူ့ကို ခွေးအမြီးပြတ်နဲ့ နှိုင်းတယ်ဆိုပြီး စိတ်ဆိုးဦးမယ်။ တကယ်ကျတော့ ကိုယ်ဟာ ခွေးရူးဖက်ကိုက် ခွေးကောင်းနားရွက်ပြတ် ဖြစ်သွားမှာ ကြောက်တဲ့ ခွေးဖြူတောမတိုးဝံ့တဲ့သူပါ။ ကဲပါ… ခွေးဟောင်လို့ တောင်ပို့မပြေးနိုင်ပါဘူး။ ပိုနေမြဲ ကျားနေမြဲပါအချစ်ရယ်။ တစ်ခုတော့ မင်းအဖေကိုပြောချင်တယ်။ ဟောင်လွန်းသည့်ခွေး လူမလေးတတ်ဘူးဆိုတာကို။
ကျန်သေးတယ်….. မင်းအဖေကပဲပြောတာနော် ကိုယ်ဟာ တော်တော် နွားကျတဲ့ကောင်တဲ့။ ကိုယ်ကလည်း ဘယ်ရမလဲ၊ ‘ဒါပေမဲ့ ခင်ဗျားလို ငါ့စကားနွားရ မပြောတတ်ဘူး၊ နွားသိုးကြိုးပြတ် မရမ်းတတ်ဘူး’ လို့ နွားရှေ့ ထွန်ကျူးပြလိုက်တာပေါ့။
အချစ်ရယ် ကိုယ်ဒီစကားတွေပြောနေရတာ ကျားလိုက်မှ တုတ်ခုတ်၊ ဆင်လိုက်မှ သစ်ပင်ရှာတာ မဟုတ်ပါဘူးနော်။ ကိုယ့်မှာ ရှာသမျှ ပိုက်ဆံကလည်း သမင်မွေးရင်း ကျားစားရင်း ဆိုသလိုဖြစ်၊ ကံအကြောင်းက မသင့်လေတော့ မြွေပွေး ခါးပိုက်ပိုက်မိလျက်သားလည်းဖြစ်၊ ကျားချင်းကိုက်ရာ သမင်ကူ မမှားဖို့အရေး၊ ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ ဖြစ်အောင်လုပ်ရင်း မြွေမသေ တုတ်မကျိုး Style မျိုးဖြစ်သွားတော့၊ ဖွတ်မရ ဓါးမဆုံး၊ ငါးမရ ရေချိုးပြန်ရုံ လေးပါ။ ကိုယ့်မှာတော့ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရဆိုသလို မင်းမိဘကော၊ မင်းကိုပါလန့်ပြီး ကျားရဲရာ ကြမ္မာမရိုးသာဆိုသလိုဖြစ်နေရပါပြီလေ။ တကယ်တမ်းဆိုရင် ကိုယ်ဟာ မြင်းကောင်းခွာလိပ် လေးပါကွယ်။ မင်းအဖေကလည်း ကိုယ်ကမင်းကို ချစ်ပါတယ်ပြောတိုင်း ကြိုးကြာဆို ဘာငှက်လဲ၊ ကျားကိုက်ပါတယ်ဆို နာတာရှည်လားချည်း လာလာမေးနေလေတယ်။ ဆင်ကောင်ကြီးတွေ့မှတော့ ဆင်ခြေရာရှာစရာ လိုတော့မလားကွယ်။ ကိုယ်ကလည်း မင်းအဖေရှေ့မှာ ကျွဲပါး စောင်းတီး… အဲ… မိကျောင်းမင်း ရေခင်းပြတွေ ခဏခဏမလုပ်ချင်ပါဘူးလေ။ လူပဲအချစ်ရယ် စင်းလုံးချောတော့ ဘယ်ပြည့်စုံမလဲ။ သိကြားမင်းတောင် ကျွဲယောင်ဆောင်တာ ဂျိုကားတယ်လို့ ပြောခံရသေးတာပဲ။ ထားဗျာ။ ပုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုတဲ့နေ့ကျရင်တော့ သူသိမှာပါလေ။ ဒါမှမဟုတ်များ ယာလည်းညက်စေ ကြက်လည်းပန်းစေလို့များ လုပ်နေသလားမသိဘူးလေ။
မပြောချင်ပါဘူး အချစ်ရယ် လင်းတလောက်တော့ ငှက်တိုင်းလှနိုင်ပါတယ်။ နွားကြော့ဆိုလေ ချုံတိုးလေဆိုတာမျိုး ကိုယ်မလုပ်တတ်ပါဘူး။ အလကားရတဲ့ သမက်… အဲ… နွား သွားဖြဲကြည့်မနေပါနဲ့လို့။ မကောင်းပါဘူးလေ။ နှံပြည်စုတ် အမြှောက်နဲ့ချိန်တတ်တဲ့ မင်းမိဘတွေကို လက်တုန့်မပြန်ချင်ပေမယ့်လည်း တခါတခါကျရင် အကြံကုန် ဂဠုန်ဆားချက်လုပ်ပြီး ကြွက်မနိုင် ကျီမီးရှို့ချင် ရှို့ပစ်မိတော့မှာ။ ရော့…ပတ္တမြား ရော့…နဂါး မှလုပ်တတ်တဲ့ မင်းမိဘတွေကို ဆင်လည်းဆင်အထွာနှင့် ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာ နဲ့ပါလို့ ကြုံရင်ပြောလိုက်စမ်းပါ။ ဘာပဲဖြစ်ဖြစ်လေ မိဘဆိုတာ သားသမီးကို ဆင်စီးပြီး မြင်းရံစေချင်တာကို ကိုယ်သိပါတယ်။ ဒီတော့ မျောက်သားစားချင် မျောက်မျက်နှာကြည့်ဆိုသလို ကိုယ်နာလည်ပေးရမှာပေါ့။
တကယ်ပါ အချစ်ရယ် ကိုယ့်ဘဝဟာ ရေတွင်းထဲက ဖားသူငယ်လို၊ ကိုယ့်အဖြစ်ဟာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုသလိုဖြစ်ရုံမက ကိုယ့်အသည်းနှလုံးတွေဟာ မင်းနဲ့ဝေးမှ ကျီးကန်းတောင်းမှောက်၊ ငါးရံ့ပြာလူး၊ ကြောင်မရှိကြွက်ထ ဆိုသလိုမျိုး ဖြစ်နေပါပြီ။ ဒီလောက်လှတဲ့ သမီးမျိုးကို မွေးထားတဲ့ မင်းအဖေကို ပြောလိုက်ပါ။ အိုင်တွေ့လို့မှမလူး ကျွဲရူး၊ ငါးကြော်မကြိုက် ကြောင်မိုက်ဖြစ်သွားမှာပေါ့လို့။ ဘာပဲပြောပြောပါ။ မင်းမရှိတဲ့ ကိုယ့်ဘဝဟာ နွားကွဲ ကျားကိုက် ဆိုသလို ဖြစ်လို့၊ မင်းဆီက ကိုယ်မျှော်နေတဲ့ အချစ်တွေကလည်း ကျားသနားမှ နွားချမ်းသာရမဲ့ ဘဝမျိုးဖြစ်နေပါပြီ။ ယုံပါ၊ ကိုယ်ဟာ မျက်နှာမများတတ်သလို လယ်ထွန်သွား နွားမေ့ လူစားမျိုးလည်း မဟုတ်တာ အမှန်ပါ အချစ်ရယ်။
တကယ်ပါအချစ်ရယ်… ကိုယ့်ရင်ထဲက အချစ်တွေဟာ မင်းတုန့်ပြန်မှ စူဠလိပ် ရေထဲလွှတ်သလိုမျိုး စိုင်ကော်လို့ ချုံပေါ်ရောက်ပြီး ရွှေပင်မှာနားတဲ့ ရွှေကျေးလေး ဖြစ်တော့မှာပါ။............။
Wednesday, December 23, 2009
အလှူတော်မင်္ဂလာဖိတ်ကြားလွှာ
ကျွှန်တော်တို့ ရွှေမြန်မာလူငယ်များ ၏ သဒ္ဒါဆွမ်း အလှူတော်မင်္ဂလာ ကို (၂၇.၁၂.၀၉)တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုဘုန်းကြီးကျောင်း၌ ဘုရားအမှုးရှိသော သံဃာတော် အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း၊နေ့ဆွမ်း၊အလှူဖွယ်ဝထ္ထုအစုစု တို့ကိုဆပ်ကပ်လှူဒါန်းကာ တရားတော် နာယူကြပါမည်။ ကြွရောက်လာကြမည့် ညီအစ်ကိုမိတ်ဆွေအပေါင်းတို့အား၊ ပုဇွန်ဆီပြန်၊၀က်သားဟင်း၊ပဲကုလားဟင်း၊တို့ဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသဖြင့် မိတ်ဆွေသူငယ်ချင်းများအားလုံး ကြွရောက်ကြပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့် နေရာ ၊ ၊ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော် (၀၃၂ ၅၁၁ ၂၈၄၁)
ကျင်းပမည့် နေ့ရက် ၊ ၊ ၂၇.၁၂.၂၀၀၉ ( တနင်္ဂနွေ နေ့ )
ကျင်းပမည့် အချိန် ၊ ၊ နံနက် ၈ နာရီ မှ မွန်းလွဲ ၃နာရီ အထိ။
ဧည့်ခံ ကျွေးမွေးရေး ၊ ၊(မြန်မာထမင်းဟင်း )
အလှူရှင်များ ၊ ရွှေမြန်မာလူငယ်များ
ကိုရီးယား music video လေးတွေနဲ့ အပန်းဖြေချင်သူများအတွက်(၁)
ရေးသားသူ — ကိုလူချစ်(ကိုရီးယား)
ဟန်းဂုရွာကို အလည်လာသူတွေ လုပ်ငန်းခွင်ထဲက ရလာတဲ့ စိတ်ဖိစီးမှုတွေ အနည်းငယ်ပဲဖြစ်ဖြစ် ပြေပျောက်စေဖို့ ကိုရီးယား music video လေးတချို့ စုစည်းပေးလိုက်ပါတယ်။
color (2pm)
Love story (Jewelry)
너때문에 (After school)
Where U At (태양)
너에게 약속하는 7가지 (태일 & 간미연)
Love Again (CLAZZIQUAI)
고양이버스 (허민)
MASHMALLOW (IU)
Gossip Girl (Rainbow)
Heart Beat (2pm)
လာမယ့် နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ကိုယ်တတ်စွမ်းနိုင်တဲ့ အင်အားနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ။
Tuesday, December 22, 2009
Monday, December 21, 2009
စီဂျီအိုင်-ပရော့ဇီ (CGI Proxy) ကျော်ခွကြည့်ကြမည်
ကိုဝိုင်း(မိုးညှင်း)
ကျနော်တို့ ဟန်းဂုရွာ မိတ်ဆွေများ ၊ အင်တာနက် ကျော်ခွကြည့်နည်း မကြာမကြာမေးကြပါတယ် ။ မေးလာကြတဲ့အခါတိုင်းလည်း ၊ အာရ်အက်ဖ်အေက တင်ထားတဲ့ “ အင်တာနက် စာမျက်နှာများကို လျှို့ဝှက်ကြည့်ရှုနည်း” ပို့စ်ကိုသာ ညွှန်းနေရပါတယ် ။
ဟန်းဂုရွာမိတ်ဆွေများအတွက် ၊ အခု အဲဒီပို့စ်လေးကိုပဲ ကိုးကားပြီး မွမ်းမံတင်ပြလိုက်ကြောင်းပါခင်ဗျာ ။
မိတ်ဆွေ တစ်ယောက် စီဘောက်ကနေပြီးတင်ပြထားတဲ့နည်းကတော့ ၊ ကိုယ်အသုံးပြုတဲ့ ကွန်ပျူတာမှာ ပရော့ဇီဆာဗာ(ကြားခံကွန်ပျူတာ)ရဲ့ အိုင်ပီလိပ်စာ(Internet Protocol address) ကို ပုံသေမှတ်တမ်းတင်ပြီး အသုံးပြုတဲ့နည်းပါ ။
အခုတင်ပြမှာကတော့ ကြားခံကွန်ပျူတာဆာဗာကို အင်တာနက်ဝက်ဘ်ပေါ်မှာ ရှာပြီး ကျော်ခွကြည့်နည်းကို တင်ပြမှာပါ ။
Google, Yahoo, MSN/Live စတဲ့ ရှာဖွေရေးစနစ်တခုခုကို သုံးပြီးရှာရပါမယ် ။ ရှာရမယ့် စာလုံးတွေကတော့ nph-proxy ဒါမှမဟုတ် nph-proxy.pl ဒါမှမဟုတ် nph-proxy.cgi တို့ကို ရှာကြည့်ရပါမယ် ။
နောက် တခြားနည်းတခုအနေနဲ့ CGIProxy ဒါမှမဟုတ် CGI Proxy ဆိုတဲ့စာလုံးတွေနဲ့လည်း ရှာနိုင်ပါတယ် ။
အဲဒီလို ရှာလိုက်တဲ့အခါ ကြားခံ ကွန်ပျူတာ ဆာဗာအဖြစ်လက်ခံဆောင်ရွက်ပေးမယ့် အင်တာနက် ဝက်ဘ်ဆိုက်တွေကိုတွေ့ရပါလိမ့်မယ် ။ ဒါမှမဟုတ် ကြားခံကွန်ပျူတာဆီကို သွားနိုင်တဲ့ linkလမ်းကြောင်းကို တွေ့ရပါမယ်။ အဲဒီ ဝက်ဘ်ဆိုက်တခုခုကို ဝင်ပြီးတဲ့အခါမှာ ကိုယ်သွားလိုတဲ့ အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာကိုထည့်သွင်းရမယ့် ကွက်လပ်တခုကို တွေ့ရပါလိမ့်မယ် ။
ကျနော်ကတော့ CGI Proxy ကီးစာလုံးကို ဂူဂဲရှာစက်(Google Search Engine) မှာ ရိုက်ပြီးရှာလိုက်တာ ၊ ဒီလိုတွေထွက်လာပါတယ် -
/စီဂျီအိုင် ပရော့ဇီစာလုံးနှင့် ပတ်သက်၍ ဂူဂဲကပေးတဲ့အဖြေ / ( ဒီမှာ) ။
နောက်ပြီး ၊ အဲဒီစာလုံးတွေအနက် mamproxy.com ကိုနှိပ်ကြည့်လိုက်တော့ - ဒီလိုထွက်လာပါတယ် ။

အဲသည်မှာ ကိုယ်သွားလိုတဲ့ (ပိတ်ဆို့ခံထားရတဲ့) အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာ(URL)ကို ရိုက်ထည့်ဖို့ ကွက်လပ်ပါ ပါတယ် ။ ကျနော်ကတော့ အဲဒီကွက်လပ်ထဲမှာ ကိုယ်သွားချင်တဲ့ ဝက်စာမျက်နှာလိပ်စာ http://burmainfokorea.blogspot.com စာလုံးကို ရိုက်ထည့်လိုက်ပါတယ် ။ အဖြေကတော့ ဒီလို ထွက်လာပါတယ် ။
မိတ်ဆွေတို့လည်း လက်တွေ့ စမ်းကြည့်လို့ရပါတယ် ။ အခုစမ်းကြည့်တော်မူကြပါ ။ ပရော့ဇီလိပ်စာ အချို့ ဟောဒီအောက်မှာရှိပါတယ် -
http://www.mamproxy.com/
http://www.anonymitychecker.com/page1.html
http://www.proxy4free.com/page1.html
http://www.publicproxyservers.com/page1.html
http://tools.rosinstrument.com/proxy/
http://members.tripod.com/burn77/proxies.html
မှတ်သားရန် ဆောင်ပုဒ်မှာ-
စီဂျီအိုင်-ပရော့ဇီ (CGI Proxy) ၊ ကျော်ခွကြည့်ကြမည် ၊
ပရော့ဇီ ၊ အင်န်ပီအိပ်ခ်ျ (proxy, nph ) ၊ ကျော်ပြီး ခွပြီး ၊ ကြည့်တိတ်တိတ် ။
Saturday, December 19, 2009
ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာနMWTV အင်တာနက် ၀က်ဘ်ဆိုဒ် အသစ်ဖွင့်လှစ်
ရွှေ့ပြောင်းအလုပ်သမားများကိုယ်တိုင် ဦးဆောင်လှုပ်ရှားနေသည့် ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာနMWTVသည် လာမည့် ဒီဇင်ဘာ၁၉ရက်နေ့ စနေနေ့တွင် အင်တာနက်ဝက်ဘ်ဆိုဒ်(http://www.mwtv.co.kr) ပုံစံအသစ်ဖြင့် ပြောင်းလဲဖွင့်လှစ်မည် ဖြစ်ပါသည်။
အသစ်ဖွင့်လှစ်လိုက်သည့် ၀က်ဘ်ဆိုဒ်တွင် ကိုရီးယား၊ အင်္ဂလိပ်၊ အင်ဒိုနီးရှား၊ နီပေါနှင့် မြန်မာ ဘာသာတို့ဖြင့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ကဏ္ဍများအား စုံလင်စွာ ဖော်ပြထားပြီး ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ တရုတ်၊ မွန်ဂိုနှင့် ဖိလစ်ပိုင် ဘာသာများဖြင့်လည်း ယခင် တင်ဆက်နေကြမြဲ ဖြစ်သည့် ဘာသာစုံ သတင်းကဏ္ဍများကိုလည်း ဆက်လက် ကြည့်ရှုနိုင်မည်ဖြစ်သည်။
ကိုရီးယားရောက်မြန်မာနိုင်ငံသားအလုပ်သမားများအနေဖြင့် မိမိတို့ ဒေသတွင်းဖြစ်ပေါ်နေသည့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်းများအား MWTVသို့ ဖုန်းဖြင့်သော်လည်းကောင်း၊ ရုပ်သံ၊ ဓာတ်ပုံ စသည်ဖြင့်သော်လည်း ဆက်သွယ်ပေးပို့နိုင်ပါသည်။ MWTVသည် ရွှေ့ပြောင်းအလုပ်သမားတို့ ရပိုင်ခွင့်များအတွက် ဦးဆောင်တိုက်ပွဲဝင်နေသည့် မီဒီယာအဖွဲ့ဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမားများ ကိုယ်တိုင် ဦးဆောင် တည်ထောင်ပြီး ဆောင်ရွက်နေသည့် အဖွဲ့လည်းဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများကိုယ်တိုင် မိမိတို့၏ အခွင့်အရေးအား မိမိတို့ ကိုယ်တိုင် တောင်းဆို တိုက်ပွဲဝင်မှသာ အောင်မြင်မှာ ဖြစ်သည့် အတွက် မြန်မာနိုင်ငံသားအလုပ်သမားများမှ ပေးပို့လာမည့် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အကြံကောင်းများအား MWTVမှ လေးစားစွာ စောင့်မျှော်လျှက်ရှိပါသည်။
ဆက်သွယ်ရန် ဖုန်း ။ ။ ၀၂-၇၇၆-၀၄၁၆
ဖက်စ်။ ။၀၂-၇၇၆-၀၄၅၅
မေးလ်။ ။ mwtv@daum.net
http://www.mwtv.co.kr/
Friday, December 18, 2009
စုပေါင်း ခရစ်စမတ်ပွဲတော်
ကိုရီးယားရှိ မြန်မာ ခရစ်ယာန် မိသားစုများ၏ စုပေါင်း ခရစ်စမတ်ပွဲတော်ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ မြန်မာနိုင်ငံသား မိတ်ဆွေများ ကြွရောက်အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက် = ၂၀၀၉ ဒီဇင်ဘာ ၂၀
နေရာ = စိုးစာ ခရစ်ယာန်အသင်းတော်
(Dae Bucheon Charch) 032-349-2190
စိုးစာဘူတာ ထွက်ပေါက် ၃
အချိန် = ညနေ ၃ မှ ၆ နာရီ
ခရစ်ယာန်မိသားစုများ
Thursday, December 17, 2009
ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်
ကိုရီးယားရောက် မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကို မောင်နှမများ ခင်ဗျာ-
၂၇၄၉ ခုနှစ် ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားကို အောက်ပါ အစီအစဉ်အတိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် မပျက်မကွက် ကြွရောက် အားပေးချီးမြှင့်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေကြသော ကရင်အမျိုးသားများ အနေဖြင့် တတ်စွမ်းသည့်ဘက်မှ ၀ိုင်းဝန်း ကူညီကြပါရန် နိုးဆော်အပ်ပါသည်။
ကျင်းပမည့် နေ့ရက် ။ ၂၀၀၉ ဒီဇင်ဘာလ ၂၀ ရက်၊ တနင်္ဂနွေနေ့
ကျင်းပမည့် အချိန် ။ နံနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီအထိ (သတ်မှတ်အချိန်အတိုင်း ကျင်းပမည် ဖြစ်ပါသည်)
ကျင်းပမည့် နေရာ လမ်းညွန် (မြေအောက်ရထား)
၁။ လိုင်းနံပါတ် ၁ ကုရိုဒီဂျီတယ် ဒန်ဂျီ ထွက်ပေါက် ၁ ၀၃ ရွာကား
၂။ လိုင်းနံပါတ် ၇ ကုရိုဒီဂျီတယ်ဒနဂျီ ထွက်ပေါက် ၁ ရွာကား ၀၃
၃။ လိုင်းနံပတ် ၇ နာမ်ကုရို ထွက်ပေါက် ၃ ဘတ်စကားနံပတ် ၅၆၁၅ ၅၆၁၉ ၅၆၂၆ - ခါဆန် ချို့ ဒုံဟတ်ကယိုတွင် ဆင်းပါ
ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၁။ စောလှိုင်မျိုးသိမ်း ၀၁၀ ၃၁၄၈ ၄၇၇၁ ၂။ စောကျော်သက်ထွန်း ၀၁၀ ၅၈၀၅ ၀၈၃၉
၃။ စကျော်ကျော်ဝင်း ၀၁၀ ၈၄၉၆ ၆၆၃၄ ၄။ စောထွန်းထွန်း ၀၁၀ ၂၃၈၆ ၁၃၁၇
၅။ မန်းတင်ယဉ် ၀၁၆ ၂၄၈ ၃၃၃၈
ကရင်အမျိုးသား မိတ်သဟာယအဖွဲ့ (ကိုရီးယား)
Wednesday, December 16, 2009
အလှူတော်မင်္ဂလာဖိတ်ကြားလွှာ
ကျွှန်တော်တို့ ရခိုင်အမျိုးသားများ ၏ သဒ္ဒါဆွမ်း အလှူတော်မင်္ဂလာ ကို (၂၀.၁၂.၀၉)တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုဘုန်းကြီးကျောင်း၌ ဘုရားအမှုးရှိသော သံဃာတော် အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း၊နေ့ဆွမ်း၊အလှူဖွယ်ဝထ္ထုအစုစု တို့ကိုဆပ်ကပ်လှူဒါန်းကာ တရားတော် နာယူကြပါမည်။ ကြွရောက်လာကြမည့် ညီအစ်ကိုမိတ်ဆွေအပေါင်းတို့အားရခိုင်မုန့်ဟင်းခါး၊ ရခိုင်ထမင်းဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသဖြင့် သူငယ်ချင်းများအားလုံး ကြွရောက်ကြပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့် နေရာ ၊ ၊ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော် (၀၃၂ ၅၁၁ ၂၈၄၁)
ကျင်းပမည့် နေ့ရက် ၊ ၊ ၂၀.၁၂.၂၀၀၉ ( တနင်္ဂနွေ နေ့ )
ကျင်းပမည့် အချိန် ၊ ၊ နံနက် ၈ နာရီ မှ မွန်းလွဲ ၃နာရီ အထိ။
ဧည့်ခံ ကျွေးမွေးရေး ၊ ၊(ရခိုင်မုန့်ဟင်းခါး၊ရခိုင်ထမင်းဟင်း )
အလှူရှင်များ ၊ ရခိုင်အသင်း(ကိုရီးယား)
(၂၇.၁၂.၀၉)အလှူရှင်များ။ ။ရွှေမြန်မာလူငယ်များ (အရုဏ်ဆွမ်း နေ့ဆွမ်း)
(၁.၁.၁၀) အလှူရှင်များ။ ။ ဘိတ်သူဘိတ်သားများ (အရုဏ်ဆွမ်း နေ့ဆွမ်း)
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆမ်ယန်စားသောက်ကုန်ကို တရားစွဲ
ကိုဝိုင်း(မိုးညှင်း)
ဒီဇင်္ဘဘာ ၁၆ ၊ ဆောအူးလ် ။
အလုပ်ခွင်သင်တန်းသားများအဖြစ်အလုပ်လုပ်ခဲ့ ၊ တစ်လ ဝမ် ၄သိန်း၅သောင်းရ ။
ကိုရီးယားနိုင်ငံသို့ နိုင်ငံခြားသားအလုပ်ခွင်သင်တန်းသားများ အဖြစ် ရောက်ရှိလာကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ၊ ဆမ်ယန်စားသောက်ကုန်ုကုမ္ပဏီ (Samyang Foods Company Ltd.) ကို တရားစွဲဆိုလိုက်ကြောင်း သိရသည် ။
နိုဝင်္ဘာလ ၁၂ ရက်နေ့က ၊ ကိုမောင်မောင်မင်း နှင့် အခြား မြန်မာအလုပ်သမား ၂ ဦးတို့သည် ဆမ်ယန်စားသောက်ကုန်လုပ်ငန်းကို အလုပ်စံနှုန်းဆိုင်ရာသတ်မှတ်ချက်ဥပဒေ(Labor Standard Law) နှင့် အနည်းဆုံးလုပ်ခသတ်မှတ်ချက်ဥပဒေ (The Minimum Wages Law) ဖောက်ဖျက်မှုတို့ဖြင့် ၊ ၄င်းတို့၏ ကိုယ်စားလှယ်ရှေ့နေကတစ်ဆင့် ချန်ဝေါန်အမှုလိုက်အရာရှိရုံး (Changwon Prosecutor’s Office) သို့ တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည် ။
အဆိုပါ မြန်မာအလုပ်သမားများသည် ဂယောင်းနမ်ရွှေ့ပြောင်း အလုပ်သမားများ အတိုင်ပင်ခံရုံး (Gyeongnam Migrant Workers’ Counsel Office) မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ၊ အမှုဖြစ်စဉ်ကို သတင်း ထုတ်ပြန်ခဲ့ကြောင်း ၊ ၄င်းတို့၏ သတင်းထုတ်ပြန်ချက်အရ ၂၀၀၂ခုနှစ်မှ ၂၀၀၆ခုနှစ်အတွင်း ၁၇၇ ဦး ထက်များပြားသော မြန်မာအလုပ်သမား တို့သည် ဆမ်ယန် စားသောက်ကုန်လုပ်ငန်းသို့ အလုပ်ခွင်သင်တန်းသားများ (Foreign Industrial Trainees) အဖြစ်ရောက်ရှိလာကြကြောင်း ၊ လစာအဖြစ် တစ်လလျင် ကိုရီးယားဝမ် ၄သိန်း၅သောင်းခန့်နှင့်ညီမျှသည့် မြန်မာဒေါ်လာ ၄၀၀ (Foreign Exchange Certificate 400) ကိုသာ ရရှိခဲ့ကြပြီး ၊ ၄င်းတို့သည် ကိုရီးယားနိုင်ငံ အလုပ်စံနှုန်း သတ်မှတ်ချက်ဥပဒေနှင့် အနည်းဆုံးလုပ်ခသတ်မှတ်ချက် ဥပဒေတို့၏ အကာအကွယ်ကို မရရှိခဲ့ကြဟု ဆိုပါသည် ။
ထို့ပြင် ၄င်းတို့သည် ၊ အလုပ်ခွင်သင်တန်းသားများအဖြစ် ရောက်ရှိလာကြသော်လည်း ၊ စက်ရုံတွင် မည်သည့် အဆင့်မြင့်နည်းပညာကိုမျှ ဟုတ်တိပတ်တိသင်ယူရသည်မရှိဘဲ ၊ ခေါက်ဆွဲစက်ရုံအတွင်း ဂျုံအိတ်များသယ်ယူခြင်း စသည့် သာမန်အလုပ်များကိုသာ လုပ်ကိုင်ခဲ့ကြရကြောင်း ၊ သို့ဖြစ်ရာ စက်ရုံတွင် ၄င်းတို့ရောက်ရှိအလုပ်လုပ်ကိုင်ချိန်မှအစပြု၍ စက်ရုံအလုပ်သမားများအဖြစ် အသိအမှတ်ပြုရန်နှင့် သက်ဆိုင်ရာ ဥပဒေများအရ ၄င်းတို့အား အလုပ်သမားခံစားခွင့်ပြုရန် တိုင်ကြားထားကြောင်းသိရသည် ။
တရားရုံးတွင် စကားပြန်အဖြစ် ဆောင်ရွက်ပေးခဲ့သူ ၏ မိတ်ဆွေထံမှတစ်ဆင့်သိရသည်မှာ ၊ မူလက တိုင်ကြားထားသူများ တစ်ရာကျော်ရှိသော်လည်း ၊ မြန်မာပြည်တွင် ဖိအားပေးခြင်းခံရသဖြင့် အတော်များများမှာ ၄င်းတို့၏ အမှုကို ပြန်လည်ရုပ်သိမ်း သွားကြသည်ဟုဆိုပါသည် ။ အဆိုပါ သင်တန်းသားအမည်ခံ မြန်မာအလုပ်သမားများမှာ မြန်မာနိုင်ငံ အစိုးရ (ဝန်ကြီးဌာနတစ်ခု)နှင့် နမ်ယန် စားသောက်ကုန်လုပ်ငန်းတို့ သဘောတူညီချက်အရ မြန်မာအစိုးရက သက်ဆိုင်ရာဝန်ကြီးဌာနမှ ဝန်ထမ်းများကို ရွေးချယ်စေလွတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည် ။
အဆိုပါ အစီအစဉ်မှာ မြန်မာနိုင်ငံတွင် လစာငွေ သောင်းဂဏန်းသာ ရရှိသည့် (မြန်မာနိုင်ငံမှ ) လခစားဝန်ထမ်း တစ်ဦးအနေဖြင့် တွက်ကြည့်မည်ဆိုပါက တကယ့် မဟာကံထူးရှင် ထီပေါက်ကိန်းဟု ထင်မြင်ယူဆနိုင်ဖွယ်ရာရှိသော်လည်း ၊ ကိုရီးယားနိုင်ငံ၏ တည်ဆဲဥပဒေများဖြစ်သည့် အလုပ်စံနှုန်းသတ်မှတ်ချက်ဥပဒေ (The Labor Standard Law) နှင့် အနည်းဆုံးလုပ်ခသတ်မှတ်ချက်ဥပဒေ (The Minimum Wages Law) ပြဋ္ဌာန်းချက်တို့အရ ဆိုလျင် ၊ ဆမ်ယန် စားသောက်ကုန်လုပ်ငန်းသည် မြန်မာအလုပ်သမားများကို ပေးရမည့် လစာ ထက်ဝက်ခန့်ကိုသာ ထုတ်ပေးထားခြင်းဖြစ်ကြောင်း ၊ မြန်မာ အလုပ်သမားတစ်ဦး အပေါ် နှစ်စဉ်ခေါင်းပုံဖြတ်ယူငွေမှာ ဝမ် ၅၄သိန်းကျော်ဖြစ်ကြောင်း ၊ မြန်မာအလုပ်သမား ၁၇၇ ဦးအတွက် ၃ နှစ်စာ မတရားခေါင်းပုံဖြတ်ယူငွေမှာ ဝမ်သိန်းပေါင်း ၂သောင်း၈ထောင်၆ရာကျော် (အမေရိကန်ဒေါ်လာ-၂၄သန်းခန့်)ရှိကြောင်း ၊ ၂၀၀၉ခုနှစ်အတွက် အနည်းဆုံးလုပ်ခ သတ်မှတ်ချက်မှာ တစ်နာရီ ဝမ်-၄၀၀၀ (လစာ-၈၈၀,၀၀၀ ) ဖြစ်ကြောင်း ၊ အနည်းဆုံးလုပ်ခသတ်မှတ်ပြဋ္ဌာန်းချက် အောက်လျှော့ပြီး လစာပေးသည့် မည်သည့် ကိုရီးယားလုပ်ငန်းရှင်ကိုမဆို ဥပဒေအရ အရေးယူနိုင်ကြောင်း သိရသည် ။
ရည်ညွှန်းချက်-
1- AWN (269/Nov 29, 2009)
2- Kyungnam CBS 2009.11.13
3- http://burmainfokorea.blogspot.com/2008/07/blog-post_23.html
Saturday, December 12, 2009
ရှေ့နေကိုယ်စားလှယ်လွှဲစာ ၊ ထိုးမြဲလက်မှတ် ရေးထိုးပေးကြရန်လိုအပ်
ကိုဝိုင်း(မိုးညှင်း)
ဆောအူးလ် ၊ ဒီဇင်္ဘာ ၁၂ ။
အပြန်စရိတ်အာမခံငွေကိစ္စနှင့် အုပ်ချုပ်မှုစရိတ်ဖြတ်တောက်ငွေကိစ္စ အမှုဖွင့်တိုင်ကြားရန် အမည်စာရင်းပေးထားသည့် ကိုရီးယားနိုင်ငံရောက် မြန်မာမိတ်ဆွေများ အနေဖြင့် ၊ တရားဝင်အမှုဖွင့်တိုင်ကြားရန် ရှေ့နေကိုယ်စားလှယ်လွှဲစာ လိုအပ်နေကြောင်း နှင့် ၊ ရှေ့နေကိုယ်စားလှယ်လွှဲစာ တွင် ၊ ကာယကံရှင်တို့၏ ထိုးမြဲလက်မှတ်များ လိုအပ်နေပါသဖြင့် ၊ ၀၁၀-၂၃၃၁-၂၄၅၇ သို့မဟုတ် ၀၁၀-၇၁၅၅-၆၅၈၁ ထံ ဆောလျင်စွာ ဆက်သွယ်၍ လက်မှတ်ရေးထိုးပေးကြရန် ၊ သက်ဆိုင်ရာက သက်ဆိုင်သူများထံ အသိပေး နှိုးဆော်ထားကြောင်းသိရသည် ။
လူကိုယ်တိုင်လာရောက်တွေ့ဆုံပြီး လက်မှတ်ရေးထိုးရန် အခက်အခဲရှိသူများ ၊ လက်မှတ်ရေးထိုးပြီး ကိုယ်စားလှယ်လွဲစာများကို ဖက်စ်(Fax)ဖြင့် ၀၂-၂၆၃၁-၀၁၇၄သို့ဖြစ်စေ ၊ ဒစ်ဂျစ်တယ်မိတ္တူ(Scan) ဖြင့် smthu2006@gmail.com သို့ဖြစ်စေ ပေးပို့နိုင်သည်ဟု ဆိုပါသည် ။
Wednesday, December 9, 2009
ချောင်းကြည့်သူရဲ့ အမှား (အမှတ် ၁၈)
ရေးသားသူ — ကိုကြီးပေါ်
ကိုကြီးပေါ် တယောက် တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးကို အင်တာနက် မလွယ်ပေါက်ကနေ ချောင်းကြည့်လာတာ အတော်တောင် ကြာပါပေါ့။ ချောင်းရင်း ချောင်းရင်းနဲ့ မှန်ပြောင်းကလည်း ဟိုလည် ဒီလည် တလည်လည် ဖြစ်တတ်သေးရဲ့။ ခုတခါတော့ ချာလပတ်လည်ချင်တဲ့ မှန်ပြောင်းက ဘယ့်နှယ် ဖြစ်တယ်မသိဘူး၊ ကိုယ့်ဘက်ကို ပြန်လည်နေပါရော့လား။ တကယ်ပြောတာပါ။ ကိုကြီးပေါ်ရဲ့ မှန်ပြောင်းက ကိုကြီးပေါ်ရဲ့ ရင်ဘတ်ကြီးထဲကို ပြန်ရောက်နေတာ။ လူမသိအောင် အသာလေး မှိန်းနေပေမယ့် ကလိကလိနဲ့ နေမထိထိုင်မထိ ဖြစ်နေတာ ကြာပေါ့။ တုပ်ကွေးလိုလို အလာ့ဂျစ်လိုလိုနဲ့လေ။ ကိုကြီးပေါ်က ချောင်းမိလို့ကတော့ ပြန်ပြောရမှ နေသာထိုင်သာရှိတဲ့ အကျင့်က စွဲနေပြီ မဟုတ်လား။ အဲသတော့၊ ကဲ… ဘာပဲဖြစ်ဖြစ် ကိုယ့်အဖြစ် ကိုယ်ချောင်းမိတာကိုပဲ နတ်သံနှောလို့ ပြောရတော့မှာပါပဲ။
အမတ်လောင်း ကိုကြီးပေါ်
ဒီခေါင်းစဉ် မြင်တော့ မျက်ခုံး တွန့်သွားသလား။ မတွန့်နဲ့ မောင်။ အဲဒါ တကယ်။ ကိုကြီးပေါ် ရင်ထဲက လူမသိအောင် ၀ှက်ထားတဲ့ ကြိတ်လုံးက အဲဒါပဲ။ အမတ်လေ။ အမတ်။ အမတ် ဖြစ်ချင်တာ ပေါ့ဗျာ။
ဟိုတုန်းကတော့ အမတ် လို့ ခေါ်တာပဲ။ ဆိုရှယ်လစ်ခေတ်ရောက်တော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဲ့။ ခုခေတ်တော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်၊ လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်… လှယ် လှယ် လှယ် ဆိုပြီး စုံနေတာပဲဗျ။ စုံလွန်းတော့ မှန်အောင် ခေါ်ဖို့ အတော်ခက်တယ်။ အဲတော့ အားလုံးနားလည်တဲ့ လိုတိုရှင်း “အမတ်” ဆို ပြီးတာပဲဗျာ။ ဟုတ်ဘူးလား။ လိုရင်းက လွှတ်တော်ဆိုတဲ့ ခန်းမအထဲ ခေါင်းပေါင်းစလေး တထောင်ထောင်နဲ့ ရင်ကလေးကော့ ဖင်ကလေးကောက်ပြီး ၀င်ရောက်နိုင်ဖို့ပဲ မဟုတ်လား။ အမတ်ခေါ်ခေါ် ဘာခေါ်ခေါ်၊ ကိစ္စမရှိပါဘူး။
အခုချိန်မှာ ကိုကြီးပေါ်ရဲ့ ရင်ထဲ တဒိန်းဒိန်းနဲ့ လှိုက်ခုန်ခံစား နေတာက အမတ်ဆိုတဲ့ အရာပါပဲ။ နို့၊ ဒီလို မခံစားဘဲ နေနိုင်ပါ့မလား။ အမတ်ဖြစ်ဖို့ အခွင့်အရေးဆိုတာ ဧရာမ ဒုလ္လဘကြီးဗျ။ အနှစ် ၂၀ ကြာမှ တခါ ပေါ်တာ။ သူများနိုင်ငံတွေမှာ လေးနှစ်တခါ, နှစ်နှစ်တခါ စသဖြင့် ရှိပေမယ့် ရွှေပြည်တော်ကြီးမှာ အနှစ်နှစ်ဆယ်မှာမှ တခါပေါ်တယ် ဆိုတာကိုက အလွန်ကံထူးတဲ့ အဖြစ်ပဲ။ ကိုကြီးပေါ် ဘ၀မှာ အမတ်ဖြစ်ဖို့ အခွင့်အရေး ဆိုတာ ဒါ ပထမဆုံး အကြိမ် ခင်ဗျ။ ဒီလို ရှားရှားပါးပါး ဒုလ္လဘတရားကြီးကို အရအမိ မရှိလိုက်ရင် လူဖြစ်ရှုံးရချေမပေါ့။ ဒီတော့ အမတ်ဖီလင်လေးနဲ့ ရင်ခုန်နေမိတာ လွန်မယ်မထင်ပါဘူးနော်။
တသက်နဲ့တကိုယ် သူများကို အမတ်ဖြစ်အောင် မဲထည့်ပေးရတာက နှစ်ကြိမ်ကြီးများတောင် ကြုံဖူးပါရဲ့။ အဲဒါတောင် ပထမအကြိမ်က ခရီးလွန်နေလို့ မဲမထည့် ဖြစ်ခဲ့ပါဘူး။ ကိုယ် မဲမထည့်လည်း သူတို့ အမတ်ဖြစ်မှာ သေချာနေတော့ သိပ်စိတ်မ၀င်စားတာလည်း ပါတာပေါ့လေ။ ဒုတိယ အကြိမ်ကတော့ နာမည်ကျော် ၉၀ ရွေးကောက်ပွဲ ဆိုတာပဲပေါ့။ အဲသည်တုန်းကတော့ အမတ်ရွေးတယ် ဆိုပေမယ့် တကယ်က ပါတီရွေးတာပါ။ တနည်းပြောရင် စစ်တပ်ကို လက်စားချေတာပေါ့။ ကိုယ်ထည့်လိုက်တဲ့ အမတ်လောင်း နာမည်တောင် အခု မမှတ်မိတော့ပါဘူး။ ဟိုကသည်က အလျှိုအလျှို ပေါ်လာလိုက်တဲ့ အမတ်လောင်းတွေ ဆိုတာ နည်းတာလိုက်လို့။ ကိုကြီးပေါ်တောင် အသက်မီရင် အမတ်လောင်း ဖြစ်ချင်ဖြစ်ဦးမှာ။
ဟော အခု အနှစ်နှစ်ဆယ်ကြာမှာ ရွေးကောက်ပွဲ ဆိုတာကြီး ဘွားဆို ပေါ်လာ… ၊ နိုး နိုး ပေါ်လာတာ မဟုတ်သေးဘူး၊ “ပေါ်လာတော့မယ်” ဆိုတော့ ကိုကြီးပေါ် ရင်တွေ တလှပ်လှပ်ခုန်ပြီး၊ အမတ်လောင်း ရောဂါ ထလာတော့တာပါပဲ။ ဒီတခါ အမတ် မဖြစ်ခဲ့ရင် နောက်ထပ် အနှစ်နှစ်ဆယ် စောင့်ရမှာ။ အသက်က သိပ်ကြီး သွားပြီ။ သေချင်လည်း သေနိုင်တယ်။ မဖြစ်ဘူး။ ဒီတပွဲတော့ အရ ၀င်နွှဲမှ။
ကိုကြီးပေါ်တို့မှာက အမတ်ဖြစ်ချင်လို့ ဆိုပြီး ရွေးကောက်ပွဲထဲ အသာကလေး ၀င်သွားလို့ ရတာ မဟုတ်ဘူး။ အဲဒီ ရွေးကောက်ပွဲ ဆိုတဲ့ လေသံကို ဖမ်းတရားနာပြီး၊ ဘုရားကို အရှင်လတ်လတ် ဖူးရလို့ ၀မ်းသာတဲ့ လေသံမျိုးနဲ့ ကြော်ငြာက ထိုးရဦးမှာ။ ၂၀၁၀ ရွေးကောက်ပွဲကို နအဖက တကယ် လုပ်မယ် မလုပ်မယ် ခဏဖယ်ထားပြီး ကိုယ်တိုင်ပဲ ထလုပ်တော့မယ့် လေသံမျိုးနဲ့ မီဒီယာပေါ်မှာ အော်ရဦးမှာ။ ဒီရွေးကောက်ပွဲဟာ ရွှေပြည်တော်ကြီး အတွက် တခုတည်းသော ထွက်ပေါက်လို့ မျက်စိမှိတ်ပြီး ရွတ်ဖတ်ရဦးမှာ။ ဟပ်ချလောင်း ဆိုတာနဲ့ ကြိုးကနေ မြွေဖြစ်သွားမယ် ဆိုတဲ့ မျက်လှည့်ဆရာ ပီကိုလာ လေသံမျိုးနဲ့ပေါ့။
တခု ပေါ့သွားတာက အဲသလို ကြော်ငြာရ, အော်ရ, လှော်ရ, ဘေးတီးရ, ဘောမရတဲ့ အလုပ်တွေကို ကိုကြီးပေါ်နဲ့ သဘောညီမျှတဲ့ ပြည်တွင်းပြည်ပက ပုဂ္ဂိုလ် ကြီးငယ် အသွယ်သွယ်တို့က အားတက်သရော လုပ်နေကြတာပါပဲ။ ပြည်တွင်းမှာဆို ပါတီထောင်တဲ့သူနဲ့, တသီးပုဂ္ဂလတွေ စုစည်းတဲ့သူနဲ့, မဟာမိတ်ဖွဲ့တဲ့သူနဲ့, ဟောပြောပွဲ လုပ်တဲ့သူနဲ့ နေရာစေ့ ထောင့်စေ့ပါပဲ။ ဂျာနယ်တွေပေါ်မှာ စာတွေရေး အင်တာဗျူးတွေလုပ်၊ ဒါနဲ့တင် မကျေနပ်လို့ အီးမေးကနေ ဖြန့်။ အချို့က ဘလော့တွေ ၀က်ဗ်ဆိုက်တွေ လုပ်ပြီး ထိုးဖောက်။ နည်းဗျူဟာ အပြည့်နဲ့ လိုလေသေး မရှိရအောင်ပါပဲ။ သြော်… အမတ်လောင်း ဖြစ်ချင်တော့လည်း ဒီလောက်တော့ ကြိုးစားရပေမပေါ့နော်။
ပြည်ပက ဆရာကြီးတွေကလည်း ကိုကြီးပေါ်တို့လို အမတ်လောင်း ဖြစ်ချင်သူတွေကို အလွန်အမင်း အားပေးပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲက လွဲလို့ အခြား ဘာမှ မရှိတော့ဘူးတဲ့။ ဒီ ပြည်ပ ဆရာကြီးတွေ ဆိုတာက ကိုကြီးပေါ် အထင်တော့ လူ မဟုတ်လောက်ဘူး။ ဗြဟ္မာတွေ ဖြစ်ပါလိမ့်မယ်။ ရှေးတုန်းက ဗြဟ္မဏ ဆိုတဲ့ ပုဏ္ဏားတွေဟာ သူတို့ကိုယ်သူတို့ ဗြဟ္မာကြီးတွေက ဆင်းသက်လာတာ၊ လူတွေထက် မြတ်တယ်လို့ ခံယူသလိုပါပဲ။ ယနေ့ မြန်မာ့အရေး ကျွမ်းကျင်သူ ဆရာကြီးများကလည်း လူထုရဲ့ အထက်ကနေ ဗျာဒိတ် ပေးတတ်ကြပါတယ်။ ဗျာဒိတ်အတိုင်း မဖြစ်လာရင်လည်း ငေါက်တတ်သေးရဲ့။
အဲသလို ရွေးကောက်ပွဲကြီး ဖြစ်ပေါ်လာဖို့ ဘေးကော နံကော ထိပ်ကော ဘိတ်ကော တီးရုံထုရုံတင်မက၊ ကိုကြီးပေါ်တို့ အမတ်လောင်းတွေ အဖို့ မဖြစ်မနေ လုပ်ဆောင်ရတဲ့ ကိစ္စ နှစ်ခုလည်း ရှိပါသေးတယ်။ တခုက နအဖကို “ဘုန်းတော်ဘွဲ့” ရတဲ့အလုပ်နဲ့၊ နောက်တခုက ဒေါ်စုနဲ့ အဖွဲ့ချုပ်ကို “ထိပါးစောင်းချိတ်” ရတဲ့ အလုပ်ပါ။ ကိုကြီးပေါ်ရဲ့ စကားအသုံးအနှုန်း နှစ်ခုကို ဂရုစိုက်ပါနော်။ ကိုယ်တို့က နအဖကို ဖားတာ မဟုတ်ဘူး။ နအဖ ဘက်တော်သား မဟုတ်ဘူး။ နအဖရဲ့ စေတနာ မေတ္တာ ကရုဏာတွေကို ရင်နင့်အောင် ခံစားရလွန်းလို့ ဘုန်းတော်ဘွဲ့တာ ဖြစ်တယ်။
ထို့အတူပဲ၊ ဒေါ်စုနဲ့ အဖွဲ့ချုပ်ဆိုတာက ကိုယ်တို့နဲ့ မတူဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ်တို့က သူတို့လို အနစ်နာ မခံနိုင်ဘူး။ နိုင်ငံရေး လုပ်တာ အမတ်ဖြစ်ဖို့ အာဏာရဖို့ လုပ်တာ။ သူတို့လို အနစ်နာခံဖို့ ထောင်ကျခံဖို့ လုပ်တာ မဟုတ်ဘူး။ အဲလို မတူတာကိုက ဒီမိုကရေစီ ဖြစ်တယ်။ ဒီမိုကရေစီ သမားချင်း ဆိုတာ တဦးနဲ့တဦး ပြိုင်ရမယ်။ ကိုယ့်ထက် သူ သာမသွားဖို့ လိုတယ်။ ဒါကြောင့် ထိပါးစောင်းချိတ် ရတာ ဖြစ်တယ်။
အချို့ ရှေ့ရေးကို နည်းနည်းပါးပါး စဉ်းစားတတ်သူတွေက - ခင်ဗျားတို့ အမတ် ဖြစ်သွားတဲ့အခါ လွှတ်တော် ဆိုတာက ဘယ်လို နေမှာလဲ။ ဘယ်လို ဥပဒေတွေ ပြုကြမှာလဲ။ အစိုးရကို ဘယ်လို ဖွဲ့မှာလဲ - စသဖြင့် လဲပေါင်းများစွာ မေးလာကြပါတယ်။
တကယ်တော့ ဒီလူတွေက စိုးရိမ်တကြီးနဲ့ အကွက်တွေ ကျော်သွားကြတာပါ။ လွှတ်တော်တို့ အစိုးရတို့ အာဏာတို့ဆိုတာက ဟိုးအဝေးကြီးမှာ။ လောလောဆယ် ရွေးကောက်ပွဲ ဥပဒေတောင် ရှိသေးတာ မဟုတ်ဘူး။ ဒီလို အဆင့်ကျော်နေလို့ အပိုပဲပေါ့။ ရွေးကောက်ပွဲကြီး ဖြစ်၊ ကိုကြီးပေါ်တို့ အမတ်လောင်းတွေ မဲဆွယ်၊ ခင်ဗျားတို့က မဲထည့်၊ ဒါတွေ ကျော်ဖြတ်ပြီးမှ နောက်တဆင့် ဆက်ပြောကြတာပေါ့။ အခုအချိန်မှာ အနှစ်နှစ်ဆယ်မှ တခါပေါ်တဲ့ မဟာဒုလ္လဘ အမတ်ဖြစ်ခွင့်ကလေး လက်မလွတ်သွားဖို့က အရေးကြီးတယ် မဟုတ်လား။
အခုဆိုရင် ကိုကြီးပေါ်တို့က မဲဆွယ်တဲ့ အလုပ်ကိုလည်း ပါးပါးလေး စလုပ်နေရပြီ။ လူထုတွေ သိချင်တာ မေးနိုင်ဖို့ ဟန်းဖုန်းနံပတ်ကို အင်တာနက်မှာ ကြော်ငြာထားရတယ်။ မရှိသေးရင် သိက္ခာကျတယ်။ ဒီတော့ နီးစပ်ရာ အာဏာပိုင်တွေကို မျက်နှာချိုသွေးပြီး ဟန်းဖုန်းရအောင် မြန်မြန်လုပ်ရတယ်။ ဒါလည်း အမတ်လောင်း ဖြစ်ဖို့ အရည်အချင်း တခုပဲ။ ၀ယ်စရာ ပိုက်ဆံ မရှိဘူးလား။ ပြဿနာ မရှိဘူး။ နအဖ သတင်းစာက ဆောင်းပါးတခုလောက် အလွတ်ကျက်ပြီး ဆွေးနွေးပွဲတခုခုမှာ ပြန်ရွတ်ပြလိုက်။ ပြီးရင် အဲဒီ ရုပ်သံမှတ်တမ်းလေး ပြပြီး ဟိုအသင်း ဒီအသင်းတွေမှာ အလှူငွေ သွားထုတ်လိုက်။ အိုကေ။ အဲ တခုတော့ သတိထား။ ဟို အစိမ်းကောင်တွေ။ ကြံ့ဖွတ် ကြံ့ဖွတ်။ သူတို့ ယူမယ်ဆိုတဲ့ မြို့နယ်တွေကိုတော့ အသာလေး လက်ရှောင်ထားလိုက်။ ဒီကောင်တွေက သိပ် စိတ်မချရဘူး။ ၀ါးစိမ်းတုတ်နဲ့ ရိုက်တတ်တယ်။
ပြည်ပ အတိုက်အခံတွေက ရွေးကောက်ပွဲကို ဆန့်ကျင်တယ် ဆိုပြီး အော်နေတာတွေ အတွက်လည်း သိပ်စိုးရိမ်စရာ မရှိပါဘူး။ ပြည်ပမီဒီယာတွေကနေ ဒီဘိတ်ဆိုတဲ့ ကဏ္ဍကြီးနဲ့ ပွဲဆူအောင် လုပ်ပေးပါလိမ့်မယ်။ ဒီဘိတ်တွေမှာ ၀င်သာကြိတ်လိုက်။ တဖက်လူက သူလည်း သူပြောချင်တာပြော၊ ကိုယ်ကလည်း ကိုယ်ပြောချင်တာပြော။ ပုဏ္ဏားထိုင် မီဒီယာ ၀န်ထမ်းတွေကလည်း သူတို့ ပြောချင်ရာ ပြောလိမ့်မယ်။ ကိစ္စမရှိဘူး။ အနည်းဆုံးတော့ ကိုယ့်နာမည်လေး လူသိမယ်။ အသံလေး လူကြားမယ်။ ကြော်ငြာတောင် ဖြစ်သေးတယ်။
အချို့ အမတ်လောင်းတွေ ဆိုရင် အာဏာယူမယ်၊ အစိုးရဖွဲ့မယ်လို့တောင် ပြောနေကြပြီ။ အချို့ကတော့ လွှတ်တော်ထဲရောက်ရင် ဘယ်လို ဥပဒေပြုလိုက်မယ်၊ ညာလို ဥပဒေတင်လိုက်မယ်နဲ့ အခုကတည်းက ကြုံးဝါးနေကြပြီ။ ကိုကြီးပေါ်ကလည်း အမတ်လောင်း လုပ်မယ့်သူဆိုတော့ - ခင်ဗျား အမတ်ဖြစ်ရင် ဘယ်လို ဥပဒေ ပြုမှာလဲလို့ - မေးလာမယ့် သူများအတွက် ကြိုတင်ပြီး ပြောထားလိုက်ချင်သေးရဲ့။
ကိုကြီးပေါ် တင်သွင်းမယ့် ဥပဒေမူကြမ်းက “ပဲကြီးလှော် အခွံချွတ် ထုတ်လုပ် ရောင်းဝယ်ရေး ဥပဒေ” ပါ ခင်ဗျ။ အမယ် ခင်ဗျားက ရယ်သလား။ ဒါ ရယ်စရာ မဟုတ်ဘူး။ ရွှေပြည်တော်ကြီး အတွက် အလွန်အရေးကြီးတဲ့ မဟာဗျူဟာကျတဲ့ ဥပဒေဗျ။ ရွှေပြည်တော်မှာ ပဲကြီးလှော် စိုက်ပျိုး ထုတ်လုပ် ရောင်းဝယ် စားသုံးတာ အင်မတန် အားကောင်းတယ်။ သို့သော် ယနေ့ထက်တိုင် ပဲကြီးလှော်ကို အခွံနဲ့ ရောင်းဝယ်ကြတုန်းပဲ ရှိသေးတယ်။ အခွံနဲ့သာ ရောင်းဝယ်ကြပေမယ့် ဘယ်သူကများ အဲဒီ အခွံကို စားလို့လဲ။ ဘယ်သူမှ မစားဘူး။ ဒီတော့ စားသုံးသူ ရှုထောင့်က ကြည့်ရင် ဒါဟာ အပိုတန်ဖိုး ပေးလိုက်ရတာပဲ။ ထုတ်လုပ်သူဖက်က ကြည့်ရင်လည်း အပိုဝန်ဆောင်မှု ပေးလိုက်ရတာပဲ။ စီးပွားရေး သီအိုရီအရ နှစ်ဖက်စလုံး နစ်နာတယ်။ ထုတ်လုပ် ရောင်းဝယ်မှု အဆင့်တိုင်းမှာ အပိုစရိတ်တွေ အလကား တက်တက်သွားတယ်။ ဒီစရိတ်တွေကို လျော့ချပစ်နိုင်ရင် တိုင်းပြည်စီးပွားရေးမှာ ထုတ်လုပ်မှု တန်ဖိုးတွေ တက်လာမယ်။ ဟုတ်တယ်ဟုတ်။
ပြီးတော့ အခွံတွေကို စားသုံးသူတွေက အမှိုက်အဖြစ်နဲ့ လွှင့်ပစ်လိုက်ရတာ။ အလဟဿပဲ။ အမှိုက်သိမ်းရတဲ့ ၀န်ထုပ်ဝန်ပိုးတောင် ပိုလာသေးတယ်။ အကယ်၍ ထုတ်လုပ်မှု အဆင့်တခုမှာ အခွံကို ချွတ်ပြီး စုထားလိုက်ရင် အဲသည့် အခွံတွေက လောင်စာ ပြန်ဖြစ်လာလိမ့်မယ်။ စပါးခွံကို လောင်စာ လုပ်သလိုပေါ့။ အနည်းဆုံး ကြက်ဆူဆီထက်တော့ သာမှာ သေချာတယ်။ ဒါဆိုရင် တိုင်းပြည်ရဲ့ အဓိကကျတဲ့ စွမ်းအင်အတွက်လည်း အများကြီး ဖြည့်တင်းပေးရာ ရောက်တယ်။ ဒီမှာတင် ပဲကြီးလှော် အခွံချွတ်လုပ်ငန်း၊ အခွံမှ စွမ်းအင်ထုတ်လုပ်ငန်း ဆိုတာတွေ ပေါ်လာမှာ ဖြစ်လို့ အလုပ်အကိုင်တွေ ရလာမယ်။ စားသုံးသူတွေ ဖက်ကကြည့်ရင် အခွံခွာရတာ သက်သာတယ်။ ရယ်ဒီမိတ် ဖြစ်တော့ ခေတ်မီတယ်။ အခွံကြားက သဲတို့ဝဲတို့ မပါတော့လို့ ကျန်းမာရေးလည်း ပိုကောင်းတယ်။ နိုင်ငံခြားကို အိတ်စပို့လုပ်မယ် ဆိုရင်လည်း ဖြစ်နိုင်သေးတယ်။
ဒီလို လယ်ယာလုပ်ငန်းကနေ စက်မှုလုပ်ငန်းကို ချိတ်ဆက်နိုင်တဲ့ မဟာဗျူဟာ၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး အတွက် သိပ်အဖိုးတန်တဲ့ မဟာအိုင်ဒီယာ ဥပဒေမျိုးကို ၂၀၁၀ လွှတ်တော်ကြီးက အတည်ပြုပေးမှာ အသေအချာပေါ့။
သြော်… လွှတ်တော်ဆိုတော့လည်း ထုံးစံအတိုင်း နည်းနည်းပါးပါး ဝေဖန်တာ ကန့်ကွက်တာလောက်တော့ ရှိမှာပေါ့။ မြန်မာ့ရိုးရာ အမွေအနှစ်ဖြစ်တဲ့ အခွံခွာစားရတဲ့ ပဲကြီးလှော်ဓလေ့ကို ပျက်သုဉ်းစေတယ်တို့၊ ကိုယ့်ချစ်သူကို အခွံခွာ မကျွေးရတော့လို့ ပဲကြီးလှော်ရသ ပျက်တယ်တို့ စသဖြင့် ဝေဖန်ကြတာတွေကိုတော့ … လွှတ်တော်ကြီး ပေါ်လာတော့မှ ဆက်လက်ရှုစားကြပါလို့ အမတ်လောင်း ကိုကြီးပေါ်က မဲဆွယ်တရား ဟောလိုက်ရကြောင်းပါ ခင်ဗျား။
ကိုကြီးပေါ်
Saturday, December 5, 2009
မြန်မာတွေတွေးဖို့ စာတစ်စောင်နှင့် ၊ ကိုယ့်အမြင် သူ့အတွေး
ကိုဝိုင်း(မိုးညှင်း)
ဒီဇင်္ဘာ ၅ ၊ ဆောအူးလ် ။
ဒီကိုရီးယားမှာ ညီအစ်ကိုလိုနေသွားတဲ့ ညီငယ်တစ်ယောက် ၊ မြန်မာပြည်က ပို့လိုက်တဲ့ မေးလ်တစ်စောင်ကိုရပါတယ် ။ သူ့ရဲ့စာမှာ ၊ ကျနော်တို့ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုများ တွေးစရာတွေရှိနေလိမ့်မယ်လို့ ယူဆလို့ ၊ ဟန်းဂုရွာမှာ တင်ပြလိုက်ပါတယ်ဗျာ ။
=====================
ကိုဝိုင်းခင်ဗျားမင်္ဂလာပါခင်ဗျ။ (မင်္ဂလာပါ မောင်ဝိုင်းပါခင်ဗျာဆိုတဲ့ ဖုံးထဲကအသံကိုသတိရနေသေးပါတယ်)ကျွန်တော်ဘယ်သူဆိုတာ ကိုဝိုင်းမှန်းလို့ရပြီးဖြစ်တယ်လို့ယူဆတဲ့အတွက် ကျွန်တော်နဲ့ပတ်သက်ပြီးမပြောတော့ပါဘူး။eps မြန်မာလုပ်သားတွေနဲ့ပတ်သက်ပြီး ဗမာပြည်က အခြေအနေလေးတွေ ကိုဝိုင်းတို့ သတင်းဖြန့်ချိရေး လုပ်နေတဲ့သူတွေ အနေနဲ့ သိသင့်တယ်ထင်လို့ပါ ။ အစတော့ post ထဲမှာဝင်ရေးမလို့ပါဘဲ။ ဒါပေမယ့် ဘယ်လိုရေးရမယ်ဆိုတာ ရှာမတွေ့တာရယ် ၊ ဖွသလိုဖြစ်ပြီး တော်ကြာမလိုလားအပ်တဲ့ကိစ္စတွေ ဖြစ်လာမှာစိုးတာရယ်ကြောင့် personally မေးလ်ပဲ ပို့လိုက်တာပါ။မနေ့က (1-12-09) ရွှေအင်းဝရုံးကို ကျွန်တော်ရောက်ပါတယ် ။ အခြေအနေစုံစမ်းရင်းဆိုပါတော့ ။ ကိုဝိုင်းတင်ထားတဲ့ ဂျာနယ်ထဲက ကောက်နှုတ်ချက်က လွန်ခဲ့တဲ့ (၉)လပိုင်းကုန်ကတည်းက ကျွန်တော်တို့သိပြီးသားပါ။ ကျွန်တော်တို့ သွားစုံစမ်းတော့ ရုံးကဘာပြောသလဲဆိုရင်- မြန်မာလုပ်သား(eps) တွေကို ကိုရီးယားသူဌေးတွေက သိပ်မကြိုက်ဘူးလို့ ပြောပါတယ်။ ဒီက hrd ဌာနေကိုယ်စားလှယ် ကိုလည်း ကိုရီးယားဘက်ခြမ်းက ၊ မြန်မာနိုင်ငံက ဘယ်လိုလူတွေကို ရွေးပို့နေတာလဲဆိုပြီး complain တက်တယ်လို့ ဒီက ဌာနေကိုယ်စားလှယ်က ပြောပါတယ် ။ (၁၄)နိုင်ငံမှာ မြန်မာက အောက်ဆုံးမှာလို့ပြောတယ် ။ အဓိက ပြဿနာကတော့ ကျွန်တော်တို့ ရွှေမြန်မာများက ပျော့လွန်းသတဲ့ဗျာ။ လူတွေကလည်း ပိန်သေးသေး ညှက်ညှက်တွေတဲ့။ အလုပ်ခိုင်းရင် ပေကပ်ကပ်လုပ်ကြသတဲ့။ စကားလည်းမတတ်ဘူးတဲ့ ။
နောက်.... အတိုင်တောကလည်းများလွန်းတယ်တဲ့။ တိုင်စာအများဆုံးတက်တာ မြန်မာတွေလို့ပြောတယ်။ အဲဒီတိုင်စာတွေကြောင့် ကိုရီးယားhrd က ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်မယ်လို့လည်းပြောတယ် ။ တစ်ချို့ဆို မလုပ်နိုင်ဘူးဆိုပြီး ရက်ပိုင်းအတွင်း ပြန်ရောက်လာတဲ့သူတောင်ရှိတယ် ။ အံ့ရောဗျာ ။ တစ်ချို့မိဘတွေဆို ဒီက ဌာနေကိုယ်စားလှယ်ဆီမှာ သူ့သားလေး အရမ်းပင်ပမ်းနေလို့ သက်သာတဲ့နေရာကို ပြောင်းပေးပါဆိုပြီး လူကိုယ်တိုင် ငိုပြီးတော့တစ်မျိုး ဖုံးနဲ့တစ်မျိုး လာလာပြီးပြောနေလို့ ကိုယ်စားလှယ်ကြီး မောရီအာဖေါ ဖြစ်လို့တဲ့ ။ agent fees က ၁၀ သိန်းထဲဆိုတော့ ကိုယ့်ရွှေတွေက သိပ်ဂရုမစိုက်ကြတော့ဘူးနဲ့တူပါရဲ့ဗျာ ။ အရင် တီသမားတွေက အိမ်ပေါင် ယာပေါင် ရွှေရောင်းပေါင် ပြီး သိန်း၄၀ / ၅၀ပေးလာသူတွေဆိုတော့ ၊ အကြွေး ဆိုတဲ့ဟာကြီးကြောင့် သည်းခံ အံတင်းလုပ်ရင်း ခံနိုင်ရည်ရှိလာတဲ့အခါမှာ အိမ်ပြန်ချင်စိတ်ကလည်းပျောက်သွားကြတယ် ။ခုက အဲဒီလောက်ထိ မရင်းရတော့ သည်းမခံကြဘူးနဲ့တူတယ်ဗျာ ။ ငွေ ၁၀သိန်းဆိုတာ ကိုယ့်မိသားစုထဲမှာ ရှာလိုက်ရင်ကို ရနိုင်တဲ့အတိုင်းတာမဟုတ်လား ။ ရွှေနှစ်ကျပ်သားလောက် ရောင်းရင်ကိုရတယ်လေ ။ နောက် ဘ၀ပျက်လောက်တဲ့ အတိုင်းတာမဟုတ်တော့ ၊ ပေါ့ပေါ့ဘဲနဲ့တူတယ် ။ (ကျွန်တော်တို့ဗမာလူမျိုးက မဟုတ်တဲ့နေရာမှာ တလွဲဆံပင်ကောင်းကြတယ်မဟုတ်လား)ရှေ့ကသွား ရွှေမြန်မာများ အသွားမကောင်းရင်ဖြင့် နောက်ကရွှေမြန်မာများရဲ့ အနာဂတ်ဟာ မှုန်ဝါး ပျောက်ကွယ်နိုင်ကြောင်းပါ ကိုဝိုင်းခင်ဗျား။နီးစပ်ရာ ကိုယ့်ရွှေမြန်မာအချင်းချင်း ရိုင်းပင်းသမှုနဲ့ ကောင်းကောင်းအလုပ်လုပ်နိုင်စေဖို့ ကိုဝိုင်းတို့အနေနဲ့ တတ်နိုင်သလောက်ကူညီပါအုံးလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျား။
ခင်မင်အားကိုးလျက်
ကျော်ဟန်မိုး
=================
သူ့ရဲ့စာကိုဖတ်ပြီး ၊ ကျနော် အပြန်ပြန်အလှန်လှန် စဉ်းစားမိတယ် ။ အခုတလော မြင်တွေ့ကြားသိနေရတာတွေနှင့် တိုက်ဆိုင်ကြည့်တယ် ။ ကျနော့် မိတ်ဆွေများရော ၊ အခု ဒီက ဖုန်းပြောသံလေး (ဒီမှာနှိပ်) ကို နားထောင်ပြီး ၊ နည်းနည်းလေး စဉ်းစားကြည့်ကြပါဦးစို့ ။
နောက်တစ်ယောက်က တစ်မျိုးဗျ ။ သူကတော့ အလုပ်တွေ အရမ်းလုပ်ရတော့ ၊ ပိုက်ဆံတွေ အများကြီးရမှာစိုးလို့ထင်ပါရဲ့ ၊ ဒီမှာ (ဒီမှာနှိပ်) နားထောင်ကြည့်ကြဦးစို့ ။
ကျန်တာတွေလည်း အများကြီးပါ ။ ကျနော်တို့ မြန်မာစကားပုံရှိတယ်မဟုတ်လား ။ တစ်ရွာမပြောင်းတော့ သူကောင်းမဖြစ်တဲ့လေ ။ သူကောင်းဖြစ်ချင်ကြလို့ တစ်ရွာပြောင်းတာကိုတော့ ကျနော်ဘာမှ မှတ်ချက်မပေးလိုပါ ။ သူ့အခက်အခဲ ကိုယ့်အခက်အခဲ ၊ သူ့ဒုက္ခ ကိုယ့်ဒုက္ခ ဆိုတာ ရှိတတ်ကြတာမို့ပါ ။
သူများရွာမှာတော့ ဒီလိုအလုပ် ၊ ဒီလိုဒုက္ခလေးတွေရှိသတဲ့ဗျ ။ အီးမေးလ်တစ်စောင်က ရတဲ့ ဟာကို နည်းနည်းပါးပါးလက်ဆော့ထားတာပါ ။ ကြည့်လိုက်ကြဦးစို့ ။
အခု ကိုရီးယားမှာ ၊ ပြောင်းနေရွှေ့နေကြတာနှင့်ပတ်သက်ပြီး ၊ မြန်မာပြည်မှာ ကိုရီးယားစကားပြောသင်တန်းဖွင့်ထားတဲ့ ၊ ကိုရီးယားပြန် မိတ်ဆွေတစ်ယာက်ကလည်း သူ့အမြင် သူ့သဘောထားကိုပြောပြပါတယ် ။ ဒီလိုပါ ။ (ဒီမှာနှိပ်) ။
အားလုံးလိုရာဆန္ဒပြည့်ဝကြပါစေဗျာ ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Thursday, December 3, 2009
ရွှေ့ပြောင်းအလုပ်သမားများ အခမဲ့ သွားရောဂါ စောင့်ရှောက်မှုအစီအစဉ်
ကိုဝိုင်း(မိုးညှင်း)
ဒီဇင်္ဘာ ၃ ၊ ဆောအူးလ်မြို့။
Yonsei University, College Of Dentistry သွားဆရာဝန်များအသင်း(해우회)က ၊ MAITRI ခေါ် ဂျိုဂဲဆာ ရွှေ့ပြောင်းအလုပ်သမားများ ကူညီရေးဆင်တာနှင့် ပူးတွဲလျက် ၊ ကိုရီးယားနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ အခမဲ့ သွားရောဂါ စောင့်ရှောက်မှုအစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ ၊ ၂၀၀၉ခုနှစ် ပြက္ခဒိန်နှစ် နောက်ဆုံး အစီအစဉ်အဖြစ် ယခုလာမည့် ဒီဇင်္ဘဘာလ ၆ ရက်နေ့တွင် အောက်ဖေါ်ပြပါ အစီအစဉ်အတိုင်း စစ်ဆေး ကုသပေးသွားမည် ဖြစ်ကြောင်းသိရသည်-
အပြည့်အစုံဖတ်ရှုရန်-
Wednesday, December 2, 2009
နွဲကြတူပျော် ၊ အာဆီယံပွဲတော် (Bravo ! ASEAN in Korea) ကျင်းပမည်
ကိုဝိုင်း(မိုးညှင်း)
ဒီဇင်္ဘာ ၂ ၊ ဆောအူးလ် ။
အာဆီယံ(ကိုရီးယား)ဆင်တာက ကြီးမှုးလျက် ၊ ကိုရီးယားနိုင်ငံတွင်းရှိ အာဆီယံနိုင်ငံသားများ အဆို အတီး အက ယဉ်ကျေးမှု (ပြိုင်ပွဲ) ပွဲတော်ကို ဒီဇင်္ဘာလ၂၀ ရက်နေ့တွင် ၊ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည် ။
စိတ်ပါဝင်စားသူများသည် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ ပြိုင်ပွဲကျင်းပရေးကော်မတီ (1467-80, Arirang Tower, 12th Floor, Bravo ! ASEAN in Korea Office, Seocho Dong, Seocho Gu, Seoul) ထံ ဒီဇင်္ဘာလ ၄ ရက်(သောကြာနေ့) နောက်ဆုံးထား၍ ၊ လျှောက်ထားကြရမည်ဖြစ်ကြောင်း ကြေညာထားသည်-
၁ ။ လျှောက်လွှာပုံစံ ။
၂ ။ နိုင်ငံကူးလက်မှတ် မိတ္တူ(များ) ။
၃ ။ ပြိုင်ပွဲဝင်မည့် တေး ၊ အတီး ၊ အက နမူနာ ( ဓါတ်ပုံ ၊ တိပ် ၊ စီဒီ စသည် ။)
ပြိုင်ပွဲဝင်သူ(များ)သည် ကိုရီးယားနိုင်ငံရောက် အာဆီယံနိုင်ငံသားဖြစ်ရမည့်အပြင် ၊ ပြိုင်ပွဲဝင်မည့် သီချင်း ၊ အတီး ၊ အက အကြောင်းအရာသည် နိုင်ငံရေး ၊ ဘာသာရေးတို့နှင့် ကင်းလွတ်မှု ရှိစေရမည် ဖြစ်ကြောင်း ၊ မည်သူမဆို ကြည့်ရှုနိုင်သည့် ဝတ်စားဆင်ယင်မှုမျိုး ဖြစ်စေရမည်ဖြစ်ကြောင်း ၊ ပြိုင်ပွဲကျင်းရေးကော်မတီက သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း နှင့် ပြိုင်ပွဲတွင် မိမိတို့ နှစ်သက်ရာ ကိုရီးယား သို့မဟုတ် အာဆီယံနိုင်ငံများမှ ရိုးရာ သို့မဟုတ် ခေတ်ကြိုက် တေး ၊ ဂီတ ၊ အက တို့ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ကြကြောင်းသိရသည် ။
ကိုရီးယားနိုင်ငံတွင်းရှိ ၊ အာဆီယံနိုင်ငံသားများက အဖွဲ့လိုက် သို့မဟုတ် တစ်ဦးချင်းအလိုက် ပါဝင် ယှဉ်ပြိုင်နိုင်ကြကြောင်း ၊ ကော်မတီအနေဖြင့်မူ အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ် ၃၀ကျော်တို့ ပါဝင်ယှဉ်ပြိုင်ကြလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၊ ဒီဇင်္ဘာ ၆ ရက်နေ့တွင် ပဏာမ ယှဉ်ပြိုင်စေပြီး ၊ ၄င်းတို့အနက် ဆန်ကာတင်ကျန်ရစ်မည့် အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ် ၁၀ ဖွဲ့/ဦး တို့က ၂၀ ရက်နေ့ MELON-AX (Gwang jin-gu, Seoul) တွင် အပြီးသတ် ပြိုင်ပွဲဝင်ကြရမည်ဖြစ်ကြောင်း သိရသည် ။
ချီးမြှင့်မည့် ဆုများမှာ ၊
အကောင်းဆုံးဆု(Grand Prize) ဝမ် ၂၀ သိန်း ။
ရွှေတံဆိပ်ဆု(Gold Prize) ဝမ် ၁၀ သိန်း ။
ငွေတံဆိပ်ဆု(Silver Prize)ဝမ် ၉ သိန်း။
ကြေးတံဆိပ်ဆု(Bronze Prize) ဝမ် ၆သိန်း ။
နှစ်သိမ့်ဆု(Encouragement Award) ဝမ် ၅သိန်း။
လူကြိုက်အများဆုံးဆု(Popularity Award) ဝမ် ၄သိန်း။
ပါဝင်ယှဥိပြိုင်မှုဆု(Participation Award) ဝမ် ၃သိန်း ဖြစ်ကြောင်းသိရသည် ။
အသေးစိတ်အချက်အလက်များကို PD Nam Koong Jung, 02-3475-5016,02-3475-5249, (HP-010-2733-3333) ထံမေးမြန်းနိုင်သည်ဟုဆိုပါသည် ။
ယခုပြိုင်ပွဲကို ၊ အာဆီယံနိုင်ငံသားများနှင့် ကိုရီးယားနိုင်ငံသားတို့ ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်မှု အစီအစဉ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း ၊ ပြိုင်ပွဲဝင် အဆိုအတီးအက များကို အာရိရန်တီဗီ(Arirang TV) မှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ လွှင့်ထုတ်ပြသသွားမှာဖြစ်ကြောင်း၊ ကိုရီးယားအာဆီယံဆင်တာ(ASEAN-Korea Center) သည် ကိုရီးယားနိုင်ငံနှင့် အာဆီယံနိုင်ငံများ ယဉ်ကျေးမှုဖလှယ်ရန် ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ၊ ကုန်သွယ်မှုတိုးမြှင့်ရန်နှင့် ၊ ရင်းနှီးမြှပ်နှံမှုတိုးမြှင့်စေရန် ရည်ရွယ်လျက် ၊ ၂၀၀၇ နိုဝင်္ဘာတွင် ကျင်းပခဲ့သည့် ၁၁ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုရီးယားအစိုးရတို့က နားလွန်မှုစာချွန်လွှာ(MOU)ရေးထိုးချုပ်ဆို ဖွှဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်သည်ဟုဆိုပါသည် ။
Ref;
- Pamphlet of Bravo ! ASEAN in Korea.
Tuesday, December 1, 2009
သတင်းမှားများနှင့် လူ့အဖွဲ့အစည်း
ရေးသားသူ — ဇော်မင်း (လူ့ဘောင်သစ်)
ကျနော်တို့ ငယ်ငယ်တုံးကစလို့ အခုအချိန်အထိ သတင်းမှားများ သတင်းထိန်ချန်ခြင်းများနှင့် နေထိုင်ကြီးပြင်း လာခဲ့ ကြ ရသည်။ ခုကာလ ကတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဒီမိုကရေစီ စကားလုံးက ထိပ်ဆုံးမှာ နေရာ ယူထားသည်။ ဒီမိုကရေစီခေတ်ကို သွားကြမည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် ပတ်သက် စပ်လျှဉ်းသော အပြော အဆို အရေးအသား ကြေညာချက်များ လုပ်ဆောင်ချက်များ ဆထက်ထမ်းပိုး တိုးတက်များပြား လာနေသည်ကိုလည်း တွေ့နိုင်သည်။ ဒါကတော့ ကောင်းသည့်အချက် ဖြစ်သည်။ သို့သော် ထိုကောင်းသည့် အချက်များထဲတွင် သတင်းမှားများ ထိန်ချန်မှုများ ပါနေသည်။
အပြည့်အစုံ ဆက်လက်ဖတ်ရှုလိုပါက...
Stop Crack Down Band ၆နှစ်ပြည့်ပွဲ အောင်မြင်စွာပြီးစီး
Stop Crack Down Band ၆နှစ်ပြည့်ပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီပံ့ပို့ပေးကြသည့်
ရိန်းဘိုးတီးဝိုင်းမှ ညီအကိုများ၊ အန်ဆန်းရှီဟွာမြန်မာလူငယ်များအသင်းမှ ကိုအောင်နိုင်ဝင်း၊ ဘားမားအက်ရှင်မှ ဦးဇေမင်းအောင်နှင့် ကိုဝိုင်းတို့အား အထူး ကျေးဇူးတင်ရှိပါကြောင်း။
ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်း
ဆောင်ရွက်သွားပါမည်။
ကိုယ်စီကိုယ်စီ စုပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိအခွင့်အရေး အရယူကြပါစို့။
"အတင်း အကြပ် ဖမ်းဆီး ပြန်ပို့ခြင်းကို ချက်ချင်း ရပ်တန့်"
"လွတ်လပ်ပြီး တန်းတူညီမျှရှိတဲ့ အလုပ်လုပ်ကိုင်ခွင့်ကို ပေး"
Stop Crack Down Band
