Monday, May 10, 2010

တရားရေးဝန်ကြီးဌာနက တရားမဝင်နေထိုင်သူများ ပြည်တော်ပြန်ထောက်ပံ့ရေးအစီအစဉ် ထုတ်ပြန်

တရားရေးဝန်ကြီးဌာနသည် ၊ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးလုံခြုံရေးနှင့် တည်ငြိမ်စွာ နေထိုင်ခွင့်ရှိရေးအစီအစဉ်အဖြစ် ၊ လက်ရှိ ပြည်တွင်း တရားမဝင် နေထိုင်သူ ၁သိန်း ၈ ထောင်ခန့်သော နိုင်ငံခြားသား အရေအတွက်ကို လျှော့ချနိုင်ရန် ဖမ်းဆီးပြည်နှင်ခြင်းကို ဆက်လက်ပြုလုပ်လာခဲ့ရာမှ ၊ ယခုအခါ မိမိသဘောဆန္ဒအလျောက်ပြည်တော်ပြန်လိုသူများ အစစအရာရာ အဆင်ပြချောမွေ့စေရေးအတွက် မိမိသဘောအလျောက် ပြည်တော်ပြန်လိုသည့် တရားမဝင် နိုင်ငံခြားသားများနှင့် မိမိဆန္ဒအလျောက်ပြည်တော်ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းရှင်များကို လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းစေမည့် “ ပြည်တော်ပြန် ထောက်ပံ့ရေးအစီအစဉ် ”ကို မေ ၆ ရက်မှ သြဂုတ်လ ၃၁ ရက် ထိ (၄လတာ) ကျော် ကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။

ပြည်တော်ပြန်ထောက်ပံ့ရေးအစီအစဉ်အရ ၊ မိမိဆန္ဒအလျောက်ပြည်တော်ပြန်မည့်သူအား ဒဏ်ကြေး ကင်းလွတ်ခွင့်နှင့် ပြည်ဝင်ခွင့်တားမြစ်ချက်ကို လျှော့ပေါ့ပေးမည့်အပြင် ၊ ကိုရီးယားစကား အရည်အချင်း စာမေးပွဲဖြေဆိုခွင့်ပြုမည် ဖြစ်ကြောင်း ၊ ဆန္ဒအလျောက်ပြည်တော်ပြန်အစီအစဉ်ကို ကူညီသည့် လုပ်ငန်းရှင်များကိုမူ တရားမဝင်နိုင်ငံခြားသားသုံးစွဲသည့်အတွက် ဒဏ်ငွေ ကင်းလွတ်ခွင့် ပြုမည့်အပြင် ၊ လိုအပ်သော နိုင်ငံခြားသားအလုပ်သမားအတွက် တရားဝင် အစားထိုး သုံးစွဲခွင့်ပြုမည်ဟု ဆိုသည် ။
ဖမ်းဆီးခံရလျင်မူ ဖမ်းဆီးခံနိုင်ငံခြားသားနှင့် လုပ်ငန်းရှင်များကို ပိုမိုပြင်းထန်သည့် ဒဏ်ကြေး တပ်ရိုက်မည့်အပြင် ၊ ပြည်ဝင်ခွင့်ကာလ ကန့်သတ်ခြင်းနှင့် နိုင်ငံခြားသား အလုပ်သမား သုံးစွဲခွင့် တားမြစ်ခြင်းတို့ကို ပြင်းထန်စွာပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည် ။

တောင်ကိုရီးယားနိုင်ငံတွင် ဂျီ-၂၀ ထိပ်သီးအစည်းပြုလုပ်မည်ဖြစ်ရာ ၊ ကိုရီးယားအစိုးရအနေဖြင့် အဆိုပါ ထိပ်သီး အဝေးလုံခြုံရေးအတွက် လာမည့် ဇွန်လမှ စတင်ပြီး ၊ ရဲဌာန အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနအစရှိသည့် ပူးပေါင်းပါဝင်မည့် ဖမ်းဆီးနှိမ်နှင်းရေးအဖွဲ့ဖြင့် တရားမဝင်နေထိုင်သူများကို ရှာဖွေဖမ်းဆီး နှိမ်နှင်းသွားမည်ဖြစ်ကြောင်း ၊ သို့ဖြစ်ရာ တရားမဝင်နေထိုင်သူများနှင့် တရားမဝင်နေထိုင်သူများကို အသုံးပြုလျက်ရှိသော လုပ်ငန်းရှင်များ တို့ အနေဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးနှင့် အဆင်ပြေမှုရှိစေရေးတို့အတွက် ဤ အစီအစဉ်ကို စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည် ။

အဆိုပါ ပြည်တော်ပြန် ထောက်ပံ့ရေးအစီအစဉ်ကိုမူ ၂၀၀၀ ပြည့်နှစ် မေ ၆ ရက်မှ သြဂုတ်လ ၃၁ ရက်နေ့ ပြုလုပ်သွားမည်ဖြစ်သော်လည်း ၊ ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ရှာဖွေ ဖမ်းဆီးနှိမ်နှင်းခြင်းကိုလည်း တစ်ပြိုင်နက်တည်း အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဆိုသည် ။

အခွင့်အရေးများအနေဖြင့် ၊ မိမိဆန္ဒအလျောက် ပြည်တော်ပြန်မည့် တရားမဝင်နေထိုင်သူ နိုင်ငံခြားသားများကို ရက်လွန်နေထိုင် ဒဏ်ကြေး ကင်းလွတ်ခွင့်ပေးပြီး ၊ ပြည်ဝင်ခွင့်တားမြစ်ထားခြင်းမှလည်း ကင်းလွတ်ခွင့်ပေးမည်ဟု ဆိုသည် ။ ဆန္ဒအလျောက် ပြည်တော်ပြန်အစီအစဉ်ကို ကူညီသည့် လုပ်ငန်းရှင်များကိုမူ တရားမဝင်နိုင်ငံခြားသားသုံးစွဲသည့်အတွက် ဒဏ်ငွေ ကင်းလွတ်ခွင့်ပြုမည့်အပြင် ၊ လိုအပ်သော နိုင်ငံခြားသားအလုပ်သမားအတွက် တရားဝင် နိုင်ငံခြားသားအလုပ်သမားများ အစားထိုးသုံးစွဲခွင့်ရရှိရေး အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည် ။

မိမိဆန္ဒအလျောက်ပြည်တော်ပြန် အစီအစဉ် ဆောင်ရွက်နည်းမှာ ၊ လုပ်ငန်းရှင်သည် တရားမဝင်အလုပ်သမားနှင်အတူ ပြည်တော်ပြန်မည့်ရက်တွင် လေယာဉ်လက်မှတ် နှင့်တကွ သက်ဆိုင်ရာ လေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာန ကွန်ယက်သို့ သတင်းပို့ခြင်းဖြင့်ဖြစ်စေ ၊ သို့မဟုတ် လုပ်ငန်းရှင်များအနေဖြင့် (အလုပ်သမားမပါဘဲ) အနီးဆုံး လူဝင်မှုကြီးကြပ်ရေးဌာနသို့ သတင်းပို့ခြင်းဖြင့် ဖြစ်စေ ဆောင်ရွက်နိုင်သည်ဟု ဆိုသည် ။
ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းရှင်မှတ်ပုံတင် နှင့် နိုင်ငံခြားသားအလုပ်သမား တရားမဝင်သုံးစွဲခဲ့ကြောင်း အထောက်အထားအဖြစ် လစာစာရင်း အစရှိသည့် လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ တစ်ပါတည်း ယူဆောင်လာဖို့ လိုအပ်မည်ဟုဆိုသည် ။

ထိုသို့မဟုတ်မူဘဲ နှိမ်နှင်းရေးအစီအစဉ်ကာလအတွင်း ဖမ်းဆီးခံရမည်ဆိုပါက လုပ်ငန်းရှင်များကို တရားမဝင်နိုင်ငံခြားသားသုံးစွဲသည့်အတွက် ဒဏ်ကြေးငွေ ဝမ် သိန်း နှစ်ရာ ( 20,000,000 Won) တပ်ရိုက်မည့်အပြင် ၊ နိုင်ငံခြားသား အလုပ်သမားသုံးစွဲခွင့်ကိုလည်း ၃ နှစ်တာကာလထိ တားမြစ်ခြင်း ခံရမည်ဖြစ်ကြောင်းလည်း သိရသည် ။

အသေးစိတ်သိလိုသူများ အင်တာနက်စာမျက်နှာ http://moj.go.kr/ ထံ ဝင်ရောက်ကြည့်ရှုနိုင်သည့်ပြင် ၊ ဖုန်းနံပါတ် 1588-7181, 02-500-9083 တို့ထံ လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည် ။

နိုင်ငံခြားသားအလုပ်သမားသမဂ္ဂ၏ ထပ်ဆင့် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်မှာ အဖမ်းအဆီးကာလအတွင်း ဖမ်းမိပါက လုပ်ငန်းရှင်အနေဖြင့် ဒဏ်ကြေးပေးဆောင်ရန်ပျက်ကွက်ပါက ဒဏ်ကြေးအပြေအကြေပေးဆောင်ပြီးချိန်ထိ ၊ အဖမ်းဆီးခံ အလုပ်သမားသည် နိုင်ငံခြားသားထိန်းသိမ်းရေးစခန်းတွင် နေရမည်ဖြစ်ပြီး ၊ ကိုရီးယားနိုင်ငံပြည်ဝင်ခွင့်ကိုလည်း ၅ နှစ်အထိ တားမြစ်ခြင်းခံရလိမ့်မည်ဟုဆိုသည် ။ ရဲဌာနမှ သတင်းထုတ်ပြန်ချက်အရ ဆိုလျင် လာမည့် နိုဝင်္ဘာလတွင် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို ကိုရီးယားနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး ၊ လုံခြုံရေး စီမံချက်အဖြစ် မေလ ၂ ရက်နေ့မှ စတင်၍ ရက်ပေါင်း ၅၀ တိုင်အောင် အထူးဖမ်းဆီးနှိမ်နှင်းရေးအစီအစဉ်ကို နိုင်ငံနှင့်အဝှမ်း ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း ၊ ဆောအူးလ်မြို့တော်၌မူ မေလ ၃ ရက်မှ ၁၆ ရက်နေ့ထိ ရက်သတ္တ ၂ ပတ်ကြာ အထူးနှိမ်နှင်ရေးစီမံချက်ဆောင်ရွက်မည်ဖြစ်ကြောင်း လည်းသိရသည် ။
အထူးသဖြင့် -
- မှတ်တမ်းဝင် ပြစ်မှုကျူးလွန်ဖူးသူများ ၊
- ဓါး အစရှိသည့် လူကို အန္တရာယ်ဖြစ်စေနိုင်သည့် လက်နက်ကိုင်ဆောင်သူများ၊
- နာမည်ကျော် နိုင်ငံခြားသားများ ၊
- ပြည့်တန်ဆာမများ ၊ ၄င်းတို့နှင့် ဆက်စပ်သူများ
- တရားမဝင်နိုင်ငံခြားအလုပ်သမားများ စသည်တို့ကို အထူးပြု ရှာဖွေဖမ်းဆီးနှိမ်နှင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည် ။
ယခုအစီအစဉ်သည် ကိုရီးယားအစိုးရအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် နာမည်ကောင်းရရှိရန် ရ်ာရွယ်ချက်ဖြင့် ၊ နောင် ၆ လအကြာ တွင် ကျင်းပမည်ဆိုသည့် ၈ျီ-၂၀ အစည်းအဝေးကို တမင်တကာအကြောင်းပြထားခြင်းသာ ဖြစ်ပြီး ၊ အမှန်မှာ မှားယွင်းနေသော ကိုရီးယားပုံစံ အီးပီစနစ်နှင့် နိုင်ငံခြားသား အလုပ်သမားမူဝါဒများကြောင့် သပွတ်အူလှိုက်နေသည့် နိုင်ငံခြားသား အလုပ်သမားစနစ်ကို ကုစားခြင်း အစီအစဉ်သာဖြစ်ကြောင်း ၊ မိမိအစဉ်ဖြင့် ပြည်တော်ပြန်သူများကို ပြည်ပြန်ဝင်ခွင့်ပေးမည် ၊ စာမေးပွဲဝင်ခွင့်ပြုမည်ဆိုသော်လည်း အသက် ၄၀ ကျော်နေသူများကိုမူ ပြန်ဝင်ခွင့်ပြုမည်နိုင်မည်မဟုတ်ကြောင်း ၊ စာမေးပွဲဖြေဆိုရန်ဆိုသည်မှာလည်း ဘယ်အချိန် ဘယ်အခါ ဖြေဆိုရမည်မှန်းမသိရသေးကြောင်း ၊ စာမေးပွဲအောင်မြင်ပြီဆိုသည့်တိုင် အဆိုပါအလုပ်သမားကို မည်သည့် လုပ်ငန်းရှင်က မည်သည့်အချိန်တွင် ပြန်လည်ခေါ်ယူမည်ဆိုသည်မှာ မရေရာ မသေခြာသည့်ကိစ္စများသာဖြစ်ကြောင်း ၊ နိုင်ငံခြားအလုပ်သမားများကို တရားခံများ တရားခံပြေးများသဖွယ်သဘောထားဖမ်းဆီးနှိမ်နှင်းနေခြင်းမှာလည်း လူ့အခွင့်အရေးဖောက်ဖျက်နေခြင်းသက်သက်မျှသာဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများလည်းရှိနေကြောင်း သိရသည် ။

1 comment:

win latt said...

ထပ်ဆင့်ဖေါ်ပြရန် ယူသွားပါသည်..ကိုဝိုင်းခင်ဗျာ...။
ကျန်းမာပါစေ။