ရေးသားသူ — စိုးမိုးသူ
ကိုရီးယားတွင်းရှိ အဖွဲ့အစည်းများသို့
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
မင်္ဂလာပါခင်ဗျား
ကိုရီးယားရောက် ရွှေ့ပြောင်းအလုပ်သမားများ တန်းတူညီမျှသော အလုပ်သမားအခွင့်အရေးရရှိရေးအတွက် မီဒီယာဖြင့် ကြိုးစားဆောင်ရွက်နေသည့် ရွှေ့ပြောင်းအလုပ်သမား အသံလွှင့်ဌာနMWTVမှ ခေါင်းဆောင် စိုးမိုးသူဖြစ်ပါတယ်။
နှစ်စဉ် ရွှေ့ပြောင်းအလုပ်သမားတို့၏ ဘ၀များကို သရုပ်ဖော်သည့် ရွှေ့ပြောင်းအလုပ်သမားရုပ်ရှင်ပြပွဲအား ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် ၅ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ်။
ယခုနှစ် ရုပ်ရှင်ပြပွဲကို လာမည့် စက်တင်ဘာလ၄ရက်နဲ့ ၅ရက်တွင် ၂ရက်တိုင်တိုင် ကျင်းပမည် ဖြစ်ပြီး ရုပ်ရှင်ပြပွဲဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ၄ရက် (စနေနေ့)ညနေ ၆နာရီခွဲ တွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။
ရုပ်ရှင်ပြပွဲ ဖွင့်ပွဲနှင့် ဖွင့်ပွဲရုပ်ရှင်ကားကို အတူတကွ ကြည့်ရှုပြီးနောက် ဖွင့်ပွဲ အထိမ်းအမှတ် ပါတီပွဲကို ဆက်လက် ကျင်းပသွားမှာဖြစ်ပါတယ်။
ပါတီပွဲမှာ ကိုရီးယာ၊ နီပေါ၊ မြန်မာအစားအစာများဖြင့် တည်ခင်းဧည့်ခံသွားမှာဖြစ်ပြီး ကိုရီးယားနှင့် ရွှေ့ပြောင်းအလုပ်သမား အဆိုတော်များမှ တေးသီချင်းများဖြင့် ရုပ်ရှင်ပြပွဲအား ဂုဏ်ပြု သီဆိုပေးသွားမှာ ဖြစ်ပါတယ်။
ဆိုးလ်မြို့တွင်း ၂ရက်တာ ရုပ်ရှင်ပြပွဲအား ကျင်းပပြီးသည့်နောက် အောက်တိုဘာလကုန်အထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မာဆောက်၊ ကင်ပို၊ ဖိုချွန်း၊ အန်ဆန်း၊ ဂိုဟရန်းနှင့် ဘူချွန်း(ပိတ်ပွဲ)ဒေသရှိ ရွှေ့ပြောင်း အလုပ်သမား အဖွဲ့အစည်းများနှင့်အတူ နယ်လှည့် ရွှေ့ပြောင်းအလုပ်သမား ရုပ်ရှင်ပြပွဲအား ဆက်လက် ကျင်းပ သွားမှာ ဖြစ်ပါတယ်။
ကိုရီးယားရောက် မြန်မာအဖွဲ့အစည်းများအနေဖြင့်လည်း ဘ၀တူ ရွှေ့ပြောင်းအလုပ်သမားတို့ ဘ၀များ လက်ရှိ အခြေအနေမှ တဆင့်တက် အဆင်ပြေနိုင်စေရန်အတွက် ကျနော်တို့နှင့် အတူတကွ တတ်နိုင်သလောက် ပူးပေါင်း ပါဝင် ဆောင်ရွက်စေလိုပါသည်။
ကိုရီးယားရောက် မြန်မာအလုပ်သမားများ ဘ၀အဆင်ပြေမှ မြန်မာပြည်ကြီး တိုးတက်ရေးအတွက် သူတို့အနေဖြင့် ငွေအား၊ လူအားဖြင့် ပူးပေါင်းဆောင်ရွက်ရမည်များသည်လည်း ပိုမို တိုးတက် အဆင်ပြေလာမည် ဖြစ်ပါသည်။
ထို့ကြောင့် လာမည့် စက်တင်ဘာလ စနေနေ့ ညနေတွင် ကျင်းပမည့် ရွှေ့ပြောင်းအလုပ်သမားရုပ်ရှင်ပြပွဲသို့ တက်ရောက် ပေးပါရန် အဖွဲ့အစည်း အသီးသီးမှ မိတ်ဆွေများအား လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
စိုးမိုးသူ(ခေါင်းဆောင်)
ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာန
MWTV
နေရာ။ မြေအောက်ရထားလိုင်း အပြာရောင်လိုင်းအမှတ်(၄)ကိုစီးပြီး
ဟရဲ့ဟွာဘူတာ(혜화) ထွက်ပေါက် ၄ မှထွက်ပါ။
လမ်းညွှန်များအတိုင်း မီတာ၁၀၀လျှောက်ပါ။
CGVရုပ်ရှင်ရုံ ရုံအမှတ်၅
အချိန်။ စက်တင်ဘာလ ၄ရက် စနေနေ့ ညနေ၆နာရီ ၃၀မိနစ်
အစီအစဉ်။ ဖွင့်ပွဲအခမ်းအနား ညနေ ၆နာရီ ၃၀မိနစ်
ဖွင့်ပွဲရုပ်ရှင် ညနေ ၇နာရီ
ဖွင့်ပွဲပါတီ ည ၉ နာရီ မှ ၁၁နာရီအထိ။
ဆက်သွယ်ရန်ဖုန်း။ 010 7155 6581
ရုပ်ရှင်ပြပွဲနှင့်ပတ်သက်သည်များ လေ့လာရန်
အင်တာနက်ဆိုဒ် www.mwff.org
Tuesday, August 31, 2010
ကိုရီးယားတွင်း မြန်မာအဖွဲ့အစည်းအသီးသီးမှ မိတ်ဆွေများအား လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။
ပြဿနာတွေ ရှင်းပေးမယ်
ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)
အလုပ်ခွင် ထိခိုက်မှုနဲ့ ကျန်းမာရေး ဆိုင်ရာ ပြဿနာများကို ဆွေးနွေး သင်ကြား ဖြေရှင်းပေးမယ့် အစီအစဉ်သို့ အလုပ်ခွင် ပြဿနာရှိသူများ ကိုယ်တိုင်လာရောက် ဆွေးနွေးကြပါရန် နှိုးဆော် ဖိတ်ကြားလိုက်ပါတယ်။
ကိုရီးယား အလုပ်သမားသမဂ္ဂ ဖဲဒရေးရှင်း (한국노총) မှ တာဝန်ရှိသူများက ပြဿနာရင်ဆိုင်နေရတဲ့ အလုပ်သမားများနဲ့ တိုက်ရိုက်တွေ့ဆုံပြီး အပြန်အလှန် ဆွေးနွေးမယ့် အစီအစဉ် ဖြစ်ပါတယ်။
နေ့ရက် = ၂၀၁၀ စက်တင်ဘာ ၅ တနင်္ဂနွေနေ့
နေရာ = မြန်မာအသင်း ဧည့်ခံခန်းမ (ပူချွန်း နိုင်ငံခြားသား အလုပ်သမား ရိပ်သာ)
အချိန် = မွန်းလွဲ ၁း၀၀ နာရီမှ ညနေ ၆း၀၀ နာရီ
ပါဝင်မည့် အစီအစဉ်များ
၁) အလုပ်ခွင် ထိခိုက်မှုနဲ့ ကျန်းမာရေး ဆိုင်ရာ ဟောပြောခြင်း
၂) မှတ်ပုံတင်ခြင်းနဲ့ ရုတ်သိမ်းခြင်း
၃) အလုပ်ခွင် အန္တရာယ် ကြိုတင်ကာကွယ်ခြင်း
၎) အရေးပေါ် ထိခိုက်မှု/အန္တရာယ်အတွင်း မိမိကိုယ်ကိုယ် ကာကွယ်ခြင်း
၅) အလုပ်ခွင် ကျန်းမာရေးဆိုင်ရာ ဖြေရှင်းခြင်း
၆) အလုပ်ခွင် အာမခံဆိုင်ရာ ရယူခြင်း
၇) ပြဿနာ အမေး-အဖြေနှင့် နည်းလမ်းများ
အထူးအစီအစဉ်
၁) မန္တလေးမြီးရှည်နှင့် ဧည့်ခံခြင်း
၂) မြန်မာ အဆိုအကနှင့် ဧည့်ခံခြင်း
၃) အလုပ်ခွင် အတွေ့အကြုံ ကိုရီးယား စကားပြောပြိုင်ပွဲ (၃ မိနစ်စာ၊ ကြိုတင်စာရင်းပေးရမယ်၊ ဆုပေးမယ်)
မြန်မာအသင်း (ကိုရီးယား)
ကိုရီးယား အလုပ်သမားသမဂ္ဂ ဖဲဒရေးရှင်း
ပူချွန်း နိုင်ငံခြားသား အလုပ်သမားရိပ်သာတို့ ပူးပေါင်း စီစဉ်တာ ဖြစ်ပါတယ်။
Monday, August 30, 2010
ဗီဇာ E9နှင့် E9-2 ပြဿနာများ
အများကြီးပြောလည်းရပါတယ်
အစ်ကိုကြီး ဦးကိုဝိုင်းလားခင်ဗျာ ။
အေး ၊ ဟုတ်တယ် ၊ ညီလေး ။
စကားလေး နည်းနည်း ပြောခွင့်ပြုပါခင်ဗျာ ။
အေး ၊ ညီလေး ပြော ၊ ပြော ၊ အများကြီးပြောလည်း ရပါတယ် ။
ဒီလိုပါခင်ဗျာ ၊ ကျနော့ဗီဇာက E9 ပါ ။ အခု စက်ရုံပြောင်းလာတာပါ ။ ဒီစက်ရုံရွှေခံတွေရဲ့ ဗီဇာက E9-2 ပါ ။ သူတို့ပြောတော့ ကျနော့ E9 ဗီဇာက ၂ နှစ်ဗီဇာတဲ့ ။ သူတို့ရဲ့ E9-2 ဗီဇာက ၃နှစ်ဗီဇာတဲ့ ။ အဲဒါဟုတ်မဟုတ် အစ်ကိုကြီးများ သိမလားလို့ပါ ။
*******
နောက် တစ်ယောက်က တစ်မျိုး ။ သူနှင့် ဆန့်ကျင်ဖက် ။ E9-2 ဗီဇာ သမား ။
အစ်ကိုကြီးခင်ဗျာ E9-2 ဗီဇာက ၂ နှစ် E9 ဗီဇာက ၃ နှစ်ဆိုတာ ဟုတ် မဟုတ် ပြဿနာ ။
*******
အချင်းချင်းကြပ်နေကြတာများလား
ကျနော်ထင်ပါတယ် ။
E9 ဗီဇာ သမားတွေရယ် E9-2 ဗီဇာသမားတွေရယ် ။ သူ့ဟာသူနေ ၊ ကိုယ့်ဟာကိုယ်နေ ။ သပ်သပ်စီနေကြတုန်းက ပြဿနာမရှိဘူး ။ အတူတူနေကြတော့ ၊ လူများစုတွေက ၃ နှစ်ဖြစ်ပြီး ။ လူနည်းစုသမားက၂ နှစ်ဆိုပြီး ဖြစ်ကရော့ ။
အချင်းချင်း ကြပ်ကြတာလည်း ဖြစ်နိုင်သလို ၊ အမှန်တကယ်မသိဘဲ ၊ ဇဝေဇဝါဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ် ။
*******
အစတုန်းက အတူတူပါ
ကိုရီးယားအီးပီစနစ်အတွက် သက်ဆိုင်ရာက မူလသတ်မှတ်ပေးလိုက်တဲ့ ဗီဇာအမျိုးအစားက E9 ပါ ။
အီးပီစနစ်က ခွင့်ပြုလိုက်တဲ့ လုပ်ငန်းအမျိုးအစားတွေက ၅ မျိုးပါ ။
- အသေးစားနဲ့ အလတ်စား စက်ရုံတွေရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်း ၊
- ဆောက်လုပ်ရေး လုပ်ငန်း ၊
- စိုက်ပျိုးရေးလုပ်ငန်း ၊
- ငါးလုပ်ငန်း နှင့်
- (စားသောက်ဆိုင်နှင့် ဟိုတယ်) ဝန်ဆောင်မှုလုပ်ငန်း ။
ပထမက ဗီဇာ အမျိုးအစားအတူတူပါ ။ အားလုံး E9 ပါပဲ ။ ဗီဇာချင်းတူပြီး ၊ ဗီဇာ လုပ်ငန်းစဉ်တွေ မတူကြတာတွေ ရှိလာပါတယ် ။
နောက်တော့ ဒီလိုတွေခွဲလိုက်ကြသတဲ့
နောက်တော့ ဗီဇာအမျိုးအစားတွေ ထပ်ခွဲလိုက်တယ် ။ ကုန်ထုတ်လုပ်မှု လုပ်ငန်းက E9-2 ၊ ဆောက်လုပ်ရေး လုပ်ငန်းက (E9-3) နှင့် စိုက်ပျိုးရေးလုပ်ငန်းက (E9-4) ဆိုပြီး ဖြစ်သွားပါတယ် ။
ဗီဇာ တစ်ခုနှင့် တစ်ခု ပြောင်းလို့မရဘူးတဲ့ဗျ ။ ထူးခြားတာကတော့ E9-1 ဆိုတာမရှိဘူး ။
နောက်ထူးခြားတာတစ်ခုကတော့ ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ကုန်ထုတ်လုပ်ငန်းက မောင်တွေကို E9 ဗီဇာနှင့် E9-2 ဗီဇာကို ပေးချင်သလိုပေးနေကြတာကို တွေ့နေရတယ် ။ ပြည်နယ်တစ်ခုနှင့် တစ်ခု ၊ လဝက အရာရှိ တစ်ယောက်နှင့် တစ်ယောက် မတူတဲ့ အပေါ်မှာ မူတည်ပြီး ဗီဇာရေးတာတွေ ကွဲပြားနေတယ်လို့ ကျနော် ထင်ပါတယ် ။
*******
၂နှစ် ၃နှစ်ဖြစ်ရခြင်းအကြောင်းရင်း
ဗီဇာ ၂နှစ် နှင့် ၃နှစ်ကွဲပြားသွားရတဲ့ အကြောင်းဟာ E9ဖြစ်ခြင်း E9-2ဖြစ်ခြင်း အပေါ်မှာ မူတည်ခြင်းမရှိပါဘူး ။ E9ဖြစ်ခြင်း E9-2ဖြစ်ခြင်းဟာ ဗီဇာသက်တမ်း အနည်းအများနှင့် မဆိုင်ပါဘူး ။ အဲသည် ဗီဇာ သက်တမ်းကွာခြားသွားရခြင်းအကြောင်းကိုတော့ အရင်ကျနော်တင်ထားခဲ့တဲ့ “အီးပီအဟောင်း အီးပီအသစ်နှင့် ဗီဇာသက်တမ်း ပြဿနာများကို တူးဖော်ကြည့်ခြင်း” ဆောင်းပါးကို ပြန်လည် ဖတ်ရှုစေချင်ပါတယ် ။
လူကြီးမင်းတို့ရဲ့ ကိုရီးယားခရီးဟာ ၊ အဆင်ပြေချောမွေ့တဲ့ နိုင်ငံခြားခရီးဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ။
အားလုံးကို လေးစားပါတယ် ။
ကိုဝိုင်း(မိုးညှင်း)
သာဓု ၃ ကြိမ် ခေါ်တော်မူနိုင်ကြစေသော်
လွန်ခဲ့သောနွေရာသီပိတ်ရက် (ဇူလိုင် ၃၁ နှင့် သြဂုတ်လ-၁) များအတွင်း ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း (ကိုရီးယား) နှင့် အတူ အပမ်းဖြေခရီးလိုက်ပါခြင်းအားဖြင့် အလှူငွေထည့်ဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်ခရီးသည် အပေါင်းတို့အား ဓမ္မဒူတ (ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့ က အထူးကျေးဇူး တင်ရှိပါကြောင်း ဟန်းဂုရွာမှတစ်ဆင့် အမှာစကားပါးအပ်ပါသည် ။
မိတ်ဆွေ လူကြီးမင်းတို့၏ စုစုပေါင်းအလှူငွေမှာ ဝမ် သိန်း၃၀ နှင့် ၅ သောင်း ဖြစ်ပါသည် ။
ဝမ်းမြောက်ဝမ်းသာစွာဖြင့် သာဓု ၊ သာဓု ၊ သာဓု ခေါ်တော်မူနိုင်ကြပါစေသော် ။
ဓမ္မဒူတ (ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့
၂၀၁၀ ပြည့်နှစ် ၊ သြဂုတ်လ ၃၀ ရက် ။
Sunday, August 29, 2010
အထူးဂီတပွဲတော်လက်မှတ်များကို တစ်နေရာတည်းတွင်သာ ရောင်းချပေးတော့မည်
လာမည့် ချူးဆောက်ပွဲတော်တွင် ဘူချောန်းပြည်သူ့ခမ်းမ (부천시민회관: Bucheon Citizen Hall) ၌ Lazy Club Live in Korea 2010 အမည်ဖြင့် ကျင်းပမည့် အထူးဂီတပွဲတော် ထိုင်ခုံ လက်မှတ်များကို ၂ နေရာခွဲပြီး ရောင်းချပေးနေရာ ၊ မကြာခဏ ပေါင်းစပ်ညှိနှိုင်းမှုများ ပြုနေရသဖြင့် မလိုလားအပ်ဘဲ အချိန်ဖြုန်းတီးနေသကဲ့သို့ဖြစ်နေကြောင်း ၊ ပွဲကြိုက် ကိုရွှေမြန်မာများ ထိုင်ခုံလက်မှတ် ဝယ်ယူရာတွင် ပိုမို မြန်ဆန်လွယ်မှု ရှိကြစေရန် အလို့ငှာ ယနေ့မှစ၍ အောက်ပါ တစ်နေရာတည်းတွင်သာ ရောင်းချပေးတော့မည်ဖြစ်ကြောင်း သိရသည် -
- မြန်မာသူကြီး (ဘူဖြောင်း) 010-8330-1792
ပွဲတော်တွင် သီဆိုဖျော်ဖြေကြမည့် အဆိုတော်ပုံများပါရှိသည့် လက်ကမ်းကြော်ငြာများ (ဒီမှာ) ကို ယနေ့မှစ၍ ဖြန့်ဝေလျက်ရှိကြောင်းနှင့် ၊ ထိုင်ခုံလက်မှတ်နေရာများကို (ဤနေရာ) တွင် ကြည့်ရှု ရွေးချယ်ဝယ်ယူနိုင်ကြောင်း သိရသည် ။
Saturday, August 28, 2010
၅ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားရုပ်ရှင်ပြပွဲ
ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာနMWTVမှ စီစဉ်တဲ့ ၅ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားရုပ်ရှင်ပြပွဲ နဲ့ ဖွင့်ပွဲကို လာမည့် စက်တင်ဘာလ၄ရက်နှင့်၅ရက်နေ့များ၌ ဆိုးလ်မြို့ ဒဲဟာ့ရိုရှိ စီဂျီဗွီရုပ်ရှင်ရုံတွင် ၂ရက်ကြာ ပြသသွားမှာဖြစ်ပါတယ်။
အဲဒီနောက် ဒေသအလိုက်ရုပ်ရှင်ပြပွဲကို စက်တင်ဘာ၁၂ရက်မှ အောက်တိုဘာ ၁၇ရက်နေ့အထိ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း မာဆောက်၊ ကင်ပို၊ ဖိုချွန်း၊ အန်ဆန်း၊ ဂိုရန်းမြို့များတွင်ပြသပြီး ဘူချွန်းမြို့တွင် ပိတ်ပွဲကို ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီတကြိမ် ရုပ်ရှင်ပြပွဲခေါင်းစီးနာမည်ကတော့ အရိပ်ဘ၀မှ လူသားအဖြစ်သို့ ဖြစ်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေဟာ အရေအတွက်သက်သက်သာမဟုတ် ကိုရီးယားလူမှုအသိုက်အ၀န်းကို အတူတကွ ဖန်တီးနေကြတဲ့ မိတ်ဆွေများဖြစ်ကြပါတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်ပါတယ်။
ရုပ်ရှင်ပြပွဲမှာ ပြသသွားမယ့် ရုပ်ရှင်တွေကတော့ လူ့အခွင့်အရေးဖိနှိပ်ခံရမှုနဲ့ ရွှေ့ပြောင်းကလေးငယ်များပြသနာ၊ ရွှေ့ပြောင်းအမျိုးသမီးများကြုံတွေ့နေရတဲ့ အခက်အခဲများ စသဖြင့် အမျိုးစုံလင်လှပါတယ်။
ရွှေ့ပြောင်းသူများကိုယ်တိုင်ဖန်တီးတဲ့ရုပ်ရှင်ဖြစ်တာကြောင့် အရည်အသွေးပိုင်းဆိုင်ရာ ချို့ယွင်းနိုင်သော်လည်း မိမိတို့ဘ၀အခြေအနေကို ရိုးရှင်းစွာရိုက်ကူးဖော်ပြထားတဲ့ သူတို့ရဲ့ ခံစားမှုတွေကို ရုပ်ရှင်ပြပွဲမှာ အပြည့်အ၀ခံစားနိုင်မှာဖြစ်ပါတယ်။
ဆိုးလ်ဖွင့်ပွဲ ။ ၂၀၁၀ ၉လ ၄~၅ရက်
နေရာ ။ ဒဲဟာ့ရို CGVရုပ်ရှင်ရုံ ရုံ၅
(ရထားလိုင်း အမှတ်၎ ဟရဲ့ဟွာဘူတာ ထွက်ပေါက်၎)
Friday, August 27, 2010
မြန်မာ အီးပီ အလုပ်သမား ၁ ဦး အလိုရှိသည်
ကားကူရှင် အလုပ်ရုံ ။
မာဆောက် ။
ရွှေခံရှိ၏ ။
ကိုရွှေခံ - 010-7214-0137
ရွှေအဏ္ဏဝါစားတော်ဆက် ဆိုင်သစ်ဖွင့်ပွဲဖိတ်ကြားလွှာ
ကျနော်များ ရွှေအဏ္ဏဝါမိသားစု၏ ရွှေအဏ္ဏဝါစားတော်ဆက်(Shwe Annawa Restaurant) ဆိုင်သစ်ဖွင့်ပွဲ (နေရာအသစ်သို့ ရွှေ့ပြောင်းဖွင့်လှစ်ခြင်း) အထိမ်းအမှတ် အဖြစ် မိတ်ဟောင်း မိတ်သစ် အပေါင်းတို့အား ဧည့်ခံကျွေးမွေး လိုပါသဖြင့် ကြွရောက် အားပေး သုံးဆောင်တော်မူကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။
ဧည့်ခံကျွေးမွေးခြင်းအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
ရက်စွဲ ။ ၂၀၁၀ပြည့်နှစ် စက်တင်္ဘာလ ၅ ရက် (တနင်္ဂနွေနေ့)
အချိန် ။ နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီထိ
နေရာ ။ (ဘူဖြောင်းဘူတာ ဘတ်စ်ကားမှတ်တိုင်) ၊
အင်ချောန်းမြောက်ပိုင်းစာတိုက်ကြီး (북인천우체국) နောက်ကျောလမ်း ၊
( 알파스모텔) နှင့်(그랑프리모텔) အကြား
စာတိုက်ကြီး (အဆောက်အဦးသစ်) အနောက်တည့်တည့် ။
လမ်းညွှန်မြေပုံ -
လေးစားမှုဖြင့်-
ရွှေအဏ္ဏဝါမိသားစု
မြန်မာနာမည်ကြီးအဆိုတော်များ ဘူချောန်းမြို့တော်ခမ်းမတွင် ဖြေဖျော်မည့်သတင်း မှန်သော်လည်း မဟုတ်
ကိုရီးယား မီဒီယာတစ်ခုတွင် ကိုရီးယားဘာသာဖြင့် “ မြန်မာနာမည်ကြီးအဆိုတော် ၆ ယောက်နှင့် Lazy Club Band ကိုရီးယားတွင် ဖျော်ဖြေမည်”ဟူသော သတင်းခေါင်းစဉ်ဖြင့် ပါရှိသည့် သတင်း /မူရင်းသတင်းကို အောက်ဆုံးတွင် ဖော်ပြထားပါသည်/ တစ်ရပ် တွင် ၊ “ဘူချောန်းမြို့တော်ခမ်းမ (Bucheon City Hall) ၌ ၊ ၂၀၁၀ပြည့်နှစ် စက်တင်္ဘာလ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် ဖျော်ဖြေမည်” ဟု ဖော်ပြထားပြီး ၊ ဟန်းဂုရွာ ဘလော့တွင်မူ ပွဲတော်ကျင်းပမည့်နေရာမှာ Bucheon Citizen Hall ဟု ဖော်ပြပါရှိရာ သတင်း ၂ခုမှာ ကွဲလွဲနေကြောင်း မည်သည့် သတင်းက အမှန်ဖြစ်သည်ကို ရှင်းလင်းပေးပါရန် ဟန်းဂုရွာအနေဖြင့် ဂီတပွဲတော် ကျင်းပရေးကော်မတီသို့ မေးမြန်းခဲ့ရာ ၊ မြန်မာနာမည်ကြီး အဆိုတော်များ ဖျော်ဖြေမည်ဟူသော အချက်မှာ မှန်ကန်သော်လည်း ၊ ၄င်းသတင်းပါ ဂီတပွဲတော် ကျင်းပမည့်နေရာမှာ မှားယွင်းနေကြောင်း ၊ ဂီတပွဲတော် ကျင်းပမည့်နေရာမှာ ဘူချောန်းမြို့တော်ခမ်းမ (부천시청) မဟုတ်ဘဲ ၊ ဘူချောန်း ပြည်သူ့ခမ်းမ (부천시민회관) သာ ဖြစ်ကြောင်း ၊ ၄င်းနေရာ ၂ ခုသည် မတူကြကြောင်း ၊ မြန်မာအများအပြားလည်း မှားယွင်းနားလည်နေကြကြောင်း ၊ ပွဲတော်ကျင်းပမည့် ဘူချောန်းပြည်သူ့ခမ်းမ (부천시민회관) သည် ဆောအူးလ်-အင်ချောန်း ရထားလိုင်းပေါ်ရှိ ဂျွန့်ဒုံ (Jung Dong Station) ဘူတာအနီးတွင်ရှိကြောင်း ပွဲတော်ကျင်းပရေးကော်မတီက ပြောသည် ။
အဆိုပါ ဂီတပွဲတော် ကျင်းပမည့်နေရာ ဘူချောန်ပြည်သူ့ခမ်းမ (부천시민회관: Bucheon Citizen Hall) သို့ ၊ သွားရောက်ရန် အဆင်အပြေဆုံး လမ်းမှာ ဂျွန့်ဒုံဘူတာ (중동역) လမ်းဖြစ်ကြောင်း ၊ ဘူတာ မြောက်ဖက် (북광장) အပေါက်မှ ထွက်ပြီး မိုးပျံလမ်းမကြီးအတိုင်း ဂျွန့်ဒုံလမ်းဆုံ (중동사거리) ထိ ၃မိနစ်ခန့် လမ်းလျှောက် ၊ ၄င်းမီးပွိုင့်တွင် ညာကွေ့ လမ်းကူးပြီး ၅ မိနစ်ခန့် ဆက်လျှောက်ကာ ၊ လမ်းကူးလိုက်လျင် ဘူချောန်ပြည်သူ့ခမ်းမ (부천시민회관) သို့ ရောက်ရှိကြောင်း ၊ ပွဲတော်ကျင်းပမည့် အချိန်မှာ ၂၀၁၀ပြည့်နှစ် စက်တင်္ဘာလ ၂၁ ရက် မွန်းလွဲ ၂နာရီမှ ည ၈ နာရီအချိန်ထိဖြစ်ကြောင်း ၊ ဘူချောန်း ပြည်သူ့ခမ်းမတည်နေရာကို (ဤနေရာတွင်) ကြည့်ရှုနိုင်ကြောင်းနှင့် ၊ မရှင်းမလင်း သည်များ နှင့် ထပ်မံသိရှိလိုသည့် အချက်များရှိပါက 010-4626-7571, 011-9360-1792, 010-9086-2290, 010-2331-2457 တို့ထံ မေးမြန်းနိုင်ကြောင်း သိရသည် ။
အဆိုပါ အထူးဂီတပွဲတော်အတွက် Lazy Club Band မှ ကိုစိုးနိုင်ထွန်း (မန်နေဂျာ) နှင့်အတူ ၊ နိုင်ဇော် (လီဒ်) မျိုးဇော် (ကီးဘုတ်) ဂျင်ပိ (ဘေ့စ်) မရခိုင် (ဒရမ်)တို့ လာရောက် တီးခတ် ကြမည်ဖြစ်ကြောင်း သိရသည် ။
ကိုရီးယားသတင်းအညွှန်း-
미얀마의 유명한 가수 6 명과 Lazy Club Band 한국에서 공연한다
한국에서 Theravada 불교 보급확대를 목표로 필요한 기본금을 찾기위해서
미얀마의 유명한 가수 6 명과 Lazy Club Band 한국에가서 공연한다.
Lazy Club Band 와 같이 Khin Maung Toe, L- Lwin War, Hae Lay, Thazin, Chint Thu
Wai, Jennny 등 6 명의 유명한 가수들이 부천 시청에서 2010 년 9 월 21 일 오후 2
시에 공연 한다고 함.
Lazy Club Band 는 시작한지 15 년쯤 됐고 미얀마 전국에서 공연했었다.
해외로는 미국에 있는 10 개 도시와 영국, 일본, 싱가풀, 말레이시아,
태국 등 에서 공연을 했다.
Lazy Club 는 Pop & Rock 만 하는데 올해에는Hip Hop 가수들 과 같이 Hip Hop
Acoustic 라는 음악회를 양곤에서 공연했다. 그리고 유명한 여자 가수 7
명과 같이 7 Golden Girl 라는 음악회를 공연했다.
2006 에 처음으로 한국에 가서 공연을 해본적이 있고 이번이 두 번째 이다.
စကားဝါစားတော်ဆက် (Sagawar Restaurant) ဖိတ်ကြားလွှာ
မိတ်ဆွေအပေါင်းတို့ ခင်ဗျာ
ကျနော်များစကားဝါမိသားစုက စကားဝါစားတော်ဆက်(Sagawar Restaurant) ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အလှူနှင့် ဧည့်ခံပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်လိုပါသဖြင့် ကြွရောက်အားပေးတော်မူကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည် -
အလှူတော်ရက်
၂၀၁၀ ပြည့်နှစ် စက်တင်္ဘာလ ၅ ရက် (တနင်္ဂနွေနေ့)
အလှူတော်အချိန်
နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ
နေရာ
စကားဝါစားတော်ဆက်(Sagawar Restaurant)
2nd floor of 534-155,
Bupyeong 1 Dong,
Bupyeong Gu,
Incheon Metropolitan City
Korea: 403-011.
/စကားဝါစတိုး အပေါ်ထပ်ဖြစ်ပါသည်။/
မှတ်ချက် ။
စားတော်ဆက်ကိုစက်တင်္ဘာ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ၊ မြန်မာအစားအစား ၊ ရှမ်းအစားအစာ ၊ တရုတ်အစားအစာ ၊ ကိုရီးယားအစားအစာတို့ကို ရောင်းချသွားပါမည် ။
ဆိုင်ဖွင့်ချိန်မှာ တနင်္လာမှ သောကြာထိ နံနက် ၁၀ နာရီမှ ည၉နာရီထိ ၊ စနေ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်များတွင် နံနက် ၉ နာရီမှ ည ၁၀ နာရီထိ ဖွင့်လှစ်ပါမည် ။
ခင်မင်ရင်းနှီးမှုဖြင့်-
စကားဝါမိသားစု
Thursday, August 26, 2010
ချူးဆောက်ပိတ်ရက် Lazy Club အထူးဂီတပွဲတော် လက်မှတ်များ စတင်ရောင်းချ
လာမည့် ကိုရီးယား ချူးဆောက်ပွဲတော် ပိတ်ရက် ကာလအတွင်း ဘူချောန်မြို့တေ် ပြည့်သူ့ခမ်းမ (Bucheon Citizen Hall) တွင်ကျင်းပမည့် အထူးဂီတပွဲတော်အတွက် ရုံဝင်လက်မှတ်များကို တစ်စောင်လျင် ဝမ် ၅ သောင်းနှုန်းဖြင့် အောက်ပါနေရာများတွင် ကြိုတင် ရောင်းချပေးနေပြီဖြစ်ကြောင်း သတင်းရရှိသည် -
- မြန်မာသူကြီး (ဘူဖြောင်း) 011-9360-1792
- အမေ့အိမ် (ဘူဖြောင်း) 010-9086-2290
ပွဲတော်လက်မှတ်များကို ဦးရာလူ ကြိုက်ရာရွေး စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း ၊ ဘူချောန်းပြည်သူ့ခမ်းမသည် ၂ ထပ်ရှိပြီး ပရိသတ် စုစုပေါင်း ၁ထောင့် ၂ရာကျော် ဆန့်သည့် ကပွဲရုံဖြစ်ကြောင်း ၊ ထိုင်ခုံနေရာပြဇယားကို (ဤနေရာ) တွင် ကြည့်ရှုပြီး ရွေးချယ်ဝယ်ယူနိုင်ကြောင်း နှင့် စက်တင်္ဘာလ ၁၉ ရက်နေ့မှ ပွဲတော် ကျင်းပချိန်ထိ လက်မှတ်တစ်စောင်လျင် ဝမ် ၆ သောင်းနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီက ထပ်မံ အတည်ပြုပြောဆိုသည် ။
အဆိုပါ အထူးဂီတပွဲတော်ကို လေဇီးကလာပ်တီးဝိုင်း (Lazy Club Band) နှင့်အတူ
အဆိုတော် ခင်မောင်တိုး ၊ အယ်လ်လွန်းဝါ ၊ ဟဲလေး ၊ ချစ်သူ့ဝေ ၊ သဇင် ၊ ဂျင်နီ နှင့် ဧည့်အဆိုတော် အဖြစ် ချစ်ဆုဝေ တို့က ပါဝင်သီဆို ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည် ။
Tuesday, August 24, 2010
အလုပ်စာချုပ်သက်တမ်း မပြည့်သေးဘဲ ဗီဇာကုန်သွားလျင် ဒီလိုလုပ်ဗျာ
သိချင်တာလေးမေးခွင့်ပြုပါ
ကျနော့် မိတ်ဆွေရဲ့ (မေးခွန်း) ပေးစာလေးကို အရင်ဖတ်ကြည့်ကြရအောင်ဗျာ -
ကိုဝိုင်း..ခင်ဗျား..
သိချင်တာလေး တစ်ခုလောက် မေးခွင့်ပြုပါ။
ကျွန်တော်များ EPS နဲ့ လာခဲ့ကြတဲ့သူများမှာ ယခုအခါ တစ်-နှစ်ပြည့်၍ စက်ရုံပြောင်းလိုကြသူ များပြားလျက်ရှိပါသည် ။
တီကဒ် (T-Card) တွင် ဗီဇာသက်တမ်းမှာ ကိုးရီးယားသို့ စတင်ဝင်ရောက်ခဲ့သည့်နေ့ မှ တစ်-နှစ် တင်းတင်းပြည့်သည့်နေ့ အထိဖြစ်ပါသည် ။
သင်တန်းကျောင်းတွင် နှစ်-ရက်နေပြီး ၊ စက်ရုံတွင် အလုပ်စတင် ဝင်ရောက်ရသည့်နေ့မှာ ကိုရီးယား ဝင်ရောက်ခဲ့သည့်နေ့နှင့် ၃-ရက် ၊ ၄-ရက် ၊ တစ်ချို့ ၇-ရက်ခန့် ကွာခြား ကြပါသည် ။ လုပ်သက်ဆုကြေး ရရှိရန်အတွက် အလုပ်လုပ်သည့် ရက်ပေါင်း တစ်-နှစ် တင်းတင်း ပြည့်ရမည်ဟု ဆိုသဖြင့် ၊ လုပ်သက် တစ်-နှစ်ပြည့်သည့်နေ့တွင် ဗီဇာသက်တမ်းရက်မှာ ကျော်လွန်နေမည် ဖြစ်ပါသည် ။
အလုပ်ထွက်မည်ဟုဆိုသဖြင့် စက်ရုံသူဌေးမှလည်း ဗီဇာသက်တမ်း တိုးပေးမည် မဟုတ်ပါ။
မိမိတို့ ကိုယ်တိုင်သွားတိုးလျှင်လည်း အလုပ်ပျက်ရက်ဖြစ်သွားမည် စိုးသောကြောင့် မသွားရဲပါ။
အလုပ်ထွက်ပြီးမှ သွားတိုးလျှင်လည်း ရက်ကကျော်လွန်နေမည်ဖြစ်ပါသည် ။
ထို့ကြောင့် ဗီဇာသက်တမ်းတိုးရန် မည်သို့ ပြုလုပ်ရမည်ကို ဟန်းဂုရွာ မှတစ်ဆင့် အသိပညာမျှဝေပေးပါရန်....
ခင်မင်လေးစားစွာဖြင့်-
ကံထွေး
*********
စာချုပ်အသစ်ချုပ်ဖို့မလိုပါ
ကိုကံထွေးခင်ဗျာ ။
ပြဿနာကတော့ ၊ စာချုပ်သက်တမ်း မကုန်သေးခင် ၊ ဗီဇာကုန်သွားတဲ့ ပြဿနာပါ ။
ပြဿနာအဖြေကတော့ ၊ ဗီဇာကုန်တဲ့ရက်မှာ အလုပ်စာချုပ်မိတ္တူ (မူလချုပ်ထားသည့် စာချုပ်အဟောင်း) ရယ် အလုပ်ရှင်ရဲ့ လုပ်ငန်းမှတ်ပုံတင်မိတ္တူရယ်ယူပြီး သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနမှာ စာချုပ်အရ လိုနေတဲ့ရက် (၃-ရက် ၊ ၄-ရက် ၊ တစ်ချို့ ၇-ရက် စသည်ဖြင့် လိုသလောက်) ကို သက်တမ်းတိုးလိုက်ရုံပါပဲ ။ (ဟဲ ဟဲ ၊ သဘောကောင်းတဲ့ လဝက အရာရှိမ, ချောချောလေး နှင့် တွေ့ပြီး ၃လ တိုးပေးလိုက်ရင်တော့ ပွတာပေါ့) ။
သူဌေးနှင့် အလုပ် စာချုပ်အသစ် ချုပ်ဖို့မလိုပါ ။
စာချုပ်မိတ္တူမရှိဘူးမဟုတ်လား
ပြဿနာက ဘာဖြစ်နေတတ်သလဲဆိုတော့-
ကျနော်တို့ မြန်မာတွေ အလုပ်စာချုပ်မိတ္တူမရှိတဲ့ ၊ စာချုပ်မိတ္တူ ယူထားရကောင်းမှန်း မသိတဲ့ ပြဿနာပါ ။ စာချုပ်မိတ္တူ မရှိဘူးဆိုရင် စာချုပ်အဟောင်း မိတ္တူကို သူဌေးဆီက တောင်းယူပါ ။ သူဌေးထံမှ တောင်းမရလျင် အလုပ်သမားရုံး (ဂိုယုံဂျိဝေါန်ဆင်ထော်)မှာ မေတ္တာရပ်ခံ တောင်းယူပါ ။
အလုပ်ရှင်ရဲ့ လုပ်ငန်းမှတ်ပုံတင်မိတ္တူပါ တစ်ပါတည်းတောင်းယူနိုင်လျင် ကောင်းပါမယ် ။
ဗီဇာသက်တမ်းတိုးရန် သက်ဆိုင်ရာ လဝကရုံးသို့ ကိုယ်တိုင် မသွားနိုင်လျင် ကိုယ်စားလှယ် စေလွတ်၍ ရပါတယ် ။
ကိုယ်စားလှယ်လွဲစာနှင့် မိတ်ဆွေတို့ရဲ့ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ကို ပေးလိုက်ရပါမယ် ။
ကိုယ်စားလှယ်မလွတ်နိုင်လျင်တော့ ကိုယ်တိုင်သွားရပါလိမ့်မယ် ။
အလုပ်ပျက်ရက်ဖြစ်မှာစိုးလို့ ဗီဇာသက်တမ်းတိုးဖို့ မသွားရဲဘူးဆိုလျင်တော့ ၊ အဲဒီကိစ္စ ကျနော် အကြံမပြုတတ်ပါ ။
(အဲသလောက်ကြောက်နေရတယ်ဆိုရင်ဖြင့် တစ်ခုခုတော့မှားနေပြီလို့ထင်ပါတယ်။)
စမ်းကြည့်ချင် စမ်းကြည့် ၊ အဆင်မပြေရင်တော့ ဂိသွားနိုင်တယ်
အဲ ၊ တစ်နည်းတော့ရှိတယ် ။
ဗီဇာသက်တမ်းတိုးဖို့ အွန်လိုင်းမှာ မှတ်ပုံတင်လို့ရတယ် ။ အဲသလိုမှတ်ပုံတင်လိုက်ပြီး ၊ နေ့လည်လောက်မှာ နည်းနည်းနောက်ကျမှာဖြစ်တဲ့အကြောင်း ဖုန်းကြိုဆက်လိုက် ၊ အလုပ်ပြီးတာနှင့် လဝကဌာနကို အမြန်ဆုံးရောက်အောင်သွား ၊ ညဖက်တာဝန်ကျအရာရှိရှိလိမ့်မယ် ။ သဘောကောင်းတဲ့သူနှင့် တိုးရင်တော့ လုပ်ပေးလိမ့်မယ် ။
အသေအခြာတော့မပြောနိုင်ပါ ။
လွန်ခဲ့တဲ့အပတ်က ညီငယ်တစ်ယောက် ၊ အလုပ်ရှင်က အလုပ်ထွက်စာမပေးလို့ အလုပ်သမားရုံးသွားပြီး ပြောယူလိုက်ရတယ် ။ သူဌေးက ဖုန်းမကိုင်ပဲ ရှောင်နေတာမို့ တော်တော်ခက်ခက် လုပ်ယူလိုက်ရတယ် ။
ညနေ ၅ နာရီထိုးခါနီးမှ အလုပ်သမားရုံးကိစ္စ အဆင်ပြေသွားတယ် ။
လဝကရုံးကို တက္ကစီနှင့် ပြေးတာ ၆ နာရီထိုးကာနီးမှ ရောက်တယ် ။
အမှုတွဲကို ညဂျူတီအရာရှိနှင့် အပ်ပေးလိုက်လို့ ၊ ထမင်းစားချိန် စောင့်နေရသေးတယ်လို့ ဆိုတယ် ။ ဗီဇာတိုးတဲ့ကိစ္စ ညချင်းပြီး အဆင်ပြေသွားတယ်ပြောပါတယ် ။
အဲဒါမျိုးတွေရှိတတ်ပါတယ် ။
မရရင်တော့ နောက်ရက်ကူးပြီး လုပ်ရမှာမို့ ၊ ဘာပဲဖြစ်ဖြစ် တစ်ရက်တော့ခွင့်ယူလိုက်ပြီး ၊ ကိုယ်တိုင်သွားလုပ်တာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ် လို့ အကြံပြုလိုက်ချင်ပါတယ် ။
အလုပ်စာချုပ်သက်တမ်းကျန်သေးတာ သေခြာရဲ့လား
အလုပ်စာချုပ်သက်တမ်းကို တစ်ချို့အလုပ်ရှင်တွေက ရက်စွဲအတိအကျနှင့် ဖော်ပြထားတတ်ပြီး ၊ အချို့လုပ်ငန်းရှင်တွေက အလုပ်စတင်ဝင်သည့်နေ့မှ ၁-နှစ်လို့ ဆိုပြီး ရက်စွဲအရှင်နှင့် ဖော်ပြထား တတ်တာကို တွေ့ကြရပါတယ် ။
ရက်စွဲအရှင်သမားများအဖို့ ၊ မိတ်ဆွေတို့ရဲ့ အလုပ်စာချုပ်သက်တမ်း မည်မျှ ကျန်ရှိနေသေးကြောင်း သက်ဆိုင်ရာ လဝက အရာရှိသို့ သက်သေပြဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်ပါမယ် ။ အလုပ်စတင် ဝင်ရောက်တဲ့နေ့ကို သက်သေပြဖို့ လိုမပေါ့ခင်ဗျာ ။
ကျေးဇူးတင်ပါတယ် ။
လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)
Monday, August 23, 2010
အသုဘရှု ဖိတ်ကြားခြင်း
ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)
အသုဘရှု ဖိတ်ကြားခြင်း
ကိုကောင်းဇော်
အသက် (၃၅) နှစ်
************************************************************
ရန်ကုန်မြို့၊ ဘောက်ထော်ဘူတာရုံလမ်းနေ မခင်သီတာနိုင်၏ ခင်ပွန်း၊ မသဇင်မြတ်နိုးဦး နှင့် မောင်ဝေယံဦးတို့၏ ဖခင်ဖြစ်သူ ကိုကောင်းဇော်(အသက် ၃၅ နှစ်)သည် ကိုရီးယားနိုင်ငံ၊ ဖြောင်းထက်မြို့ရှိ လျှပ်စစ်ဝါယာကြိုးစက်ရုံ၌ အလုပ်လုပ်ကိုင်နေစဉ် ရုတ်တရက် ကွယ်လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ၂၀၁၀၊ သြဂုတ်လ ၂၉ရက်၊ တနင်္ဂနွေနေ့ နံနက် ၇ နာရီတွင် ဘူချွန်းမြို့ ဆော့ဂွမ်ဆာကျောင်းတိုက် အသုဘဆောင်၌ ရက်လည်ဆွမ်းသွပ်ပြီး နေ့လည် ၁၁ နာရီတွင် ဖာဂျူမြို့၊ ဗျောက်ဂျဲသုဿန်သို့ ပို့ဆောင် မီးသဂြုင်္ိဟ်မည် ဖြစ်ပါသောကြောင့် စနေ ညနေ ၆နာရီမှစ၍ အသုဘရှု ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ကျန်ရစ်သူမိသားစု နှင့်
မြန်မာအသင်း(ကိုရီးယား)
************************************************************
(နေ့လည် ၁၀း ၅၀ နာရီတွင် ဆော့ဂွမ်ဆာကျောင်းတိုက်မှ ကားများထွက်ခွာမည် ဖြစ်ပါသည်။)
အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် -
၀၁၁ ၂၉၂ ၉၅၄၂၊
၀၁၁ ၉၃၈၆ ၇၁၅၃၊
၀၁၁ ၉၀၄၅ ၄၇၂၇၊
၀၁၀ ၃၁၄၀ ၀၃၉၃ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
တူညီသော အလုပ်သမား အခွင့်အရေးကို တူးဆွကြည့်ခြင်း(၁)
အလုပ်သမားချင်းအတူတူ
မိတ်ဆွေတစ်ဦးကပြောတယ် ။ တူညီတဲ့အခွင့်အရေးလိုချင်ပါတယ် ။ သက်ဆိုင်ရာသို့ တင်ပြပေးပါ ခင်ဗျားတဲ့ ။ ကျနော်နှင့် ရပ်ဆွေရပ်မျိုးပါပဲ ။ ဟိုး ၊ ကိုရီးယားတောင်ပိုင်းကိုရောက်တာ ၊ အဲသည်မှာ ၁ နှစ်နေပြီး သည်ဖက် ဘူချောန်း ဘူဖြောင်းဘက်မှာနေချင်လို့ ဆိုပြီးပြောင်းလာတာပါ ။ အလုပ်ရှာတာ ၁ လကျော်ကြာလာသတဲ့ ။ စိတ်ကြိုက်မတွေ့နိုင်ဘူးလို့ဆိုတယ် ။ ကြိုက်တဲ့ စက်ရုံတွေ့ပြန်တော့ ၊ လုပ်သက်ဆုကြေးခံစားခွင့်မပေးတဲ့ စက်ရုံတွေဖြစ်နေတာမို့ ၊ သူကအဲသလို ငြီးချင်းဆိုလိုက်တာပါ ။
“ အလုပ်သမားတွေ အချင်းချင်း ၊ ၁ နှစ်ပြည့်အောင်အလုပ်လုပ်ရတာခြင်းအတူတူ ၅ ယောက်ရှိမှ လုပ်သက်ဆုကြေးခံစားခွင့်ရှိတာတော့ မဟုတ်သေးပါဘူးဗျာ ။ အလုပ်သမား တစ်ယောက်ပဲရှိရှိ ၊ ၂ ယောက်ပဲရှိရှိ ၊ လုပ်သက် ၁ နှစ် ပြည့်တာနှင့် ၊ လုပ်သက်ဆုကြေး ခံစားခွင့်ပေးသင့်တယ်လို့ ထင်ပါတယ်ဗျာ ။ အဲဒါ ကျနော်ကတော့ အလုပ်သမားအချင်းချင်း အလုပ်လုပ်ရတာခြင်းအတူတူ ၊ တူညီတဲ့အခွင့်အရေးလိုချင်တယ်ဗျာ ။ သက်ဆိုင်ရာကိုတင်ပြပေးပါ ”လို့ ဆိုလိုက်တာဗျ ။
ကျနော်တို့ လိုချင်တာတွေရဖို့
အရေးကြီးတာက ကျနော်တို့ရဲ့ လိုလားချက် ၊ ကျနော်တို့ရဲ့ လိုအင်တွေ ပြည့်ဝဖို့ ဆိုရင် ၊ ကျနော်တို့ရဲ့ တင်ပြချက်များဟာ ဥပဒေ (Law) အဖြစ်ရောက်ရှိသွားဖို့လိုပါမယ် ။ ကျနော်တို့ရဲ့ တင်ပြချက်တွေ ကို ဥပဒေကြမ်း (Bill) အဖြစ် ပြုစုပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်များလက်ထဲရောက်ဖို့လိုပါမယ် ။ ဥပဒေကြမ်းကို လွတ်တော်ကို တင်ပြခွင့်ရှိတဲ့ ၊ ဥပဒေကြမ်းကို အတည်ပြုရာမှာ ထောက်ခံမဲပေးကြရတဲ့ ၊ လွတ်တော်အမတ်မင်းများ သိရှိလက်ခံသွားဖို့ အရေးကြီးပါတယ် ။
လူနေမှုစနစ်တစ်ခုကိုပင် ပြောင်းလဲပေးနိုင်မယ့်သူတွေ
ကိုရီးယားလွတ်တော်မှာ ကျနော်တို့ တင်ပြချက်တွေကို ဂရုတစိုက်နားထောင်ပေးမယ့် ၊ ကျနော်တို့အလုပ်သမားဘဝကို အပြည့်အဝ နားလည်မှုပေးနိုင်မယ့် လွတ်တော်အမတ် ဘယ်နှယောက်ရှိပါသလဲ ။
လွတ်တော်အမတ်တွေဆိုတာ အလုပ်သမားတွေရဲ့ဘဝ ၊ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးဘဝတစ်ခုလုံး ၊ လူနေမှုစနစ်တစ်ခုလုံးကို အပြောင်းအလဲ ဖြစ်သွားအောင် လုပ်ပေးနိုင်စွမ်းရှိတဲ့ သူတွေဖြစ်တယ် ဆိုတာကိုရော ကျနော်တို့သိပါသလား ။
ကျနော်တို့ ဆောင်ရွက်နိုင်တာတွေ
ကျနော်တို့တစ်တွေက နိုင်ငံခြားသားအလုပ်သမားတွေမို့ ၊ မဲပေးပိုင်ခွင့်မရှိဘူးဆိုတော့ ၊ ဒီကိစ္စမတတ်နိုင်ပါ ။ ဒါပေမယ့် ကျနော်တို့လုပ်နိုင်တာတွေရှိပါတယ် ။ ဘဝတူ ကိုရီးယား အလုပ်သမားတွေနှင့် ၊ ကိုရီးယားအလုပ်သမားတွေရဲ့အကျိုးကိုလိုလားတဲ့ ပုဂ္ဂိုလ်တွေနှင့် ကျနော်တို့ မဟာမိတ်ဖွဲ့လို့ရတယ် ။ သူတို့တစ်တွေနှင့် ကျနော်တို့ ပူးပေါင်းဆောင်ရွက်ခွင့်ရှိနေပါတယ် ။ အလုပ်သမားသမဂ္ဂတွေမှာ ပါဝင်ခွင့်ရှိနေပါတယ် ။
ကျီးကို ဘုတ်မသိ ၊ ဘုတ်ကိုလည်းကျီးက မသိ
ကိုရီးယား ကုန်တင်ကုန်ချ အလုပ်သမားတွေရဲ့ လုပ်ခတိုးမြှင့်ရေး လှုပ်ရှားမှု ၊ ယာယီအလုပ်သမားများ (Bi-jeong-gyu-jik) ခန့်ထားရေးဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှု ၊ နဂါးနှစ်ကောင် (Ssang Yong) မော်တော်ကား အလုပ်သမားများ အလုပ်ဆက်လက် ခန့်ထားရေးလှုပ်ရှားမှု စတဲ့ အလုပ်သမား လှုပ်ရှားမှုတွေမှာ ကျနော်တို့ ဘယ်နှခါများ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးပါသလဲ ။ အလုပ်သမားသပိတ် ဆိုတာ ကျနော်တို့နှင့် မဆိုင်ဘူး ၊ ကျနော်တို့ကိစ္စမဟုတ်ဘူးလို့ဘဲ ထင်နေကြတာမဟုတ်ဘူးလား ။
ကိုရီးယားအလုပ်သမားကိစ္စဟာ ကျနော်တို့နှင့် မဆိုင်ဘူးဆိုပြီး ယူဆထားကြတာမဟုတ်လား ။
အဲဒီလိုပဲ ကိုရီးယားအလုပ်သမားတော်တော်များများကလည်း နိုင်ငံခြားသားအလုပ်သမားကိစ္စဟာ သူတို့နှင့်မဆိုင်ဘူးလို့ အယူရှိနေကြတာဗျ ။
လုပ်ခတိုးမြှင့်ရေးလှုပ်ရှားမှုတွေကို ထိန်းချုပ်ထားဖို့
နိုင်ငံခြားသားအလုပ်သမား ငှားရမ်းခွင့်စနစ်တွေဆိုတာ ကိုရီးယားဒေသခံအလုပ်သမားတွေနှင့် နိုင်ငံခြားသားအလုပ်သမားတွေကို လုပ်အားခချင်း ပြိုင်စေဖို့ (လုပ်အားခ အပြိုင်လျှော့ပြီးခိုင်းဖို့) ၊ မင်းတို့ ဒီလုပ်ခနှင့် မလုပ်နိုင်ရင် သူတို့ (နိုင်ငံခြားသားတွေ) ဝင်လုပ်သွားလိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ဖန်တီးထားတဲ့ စနစ်ဆိုတာကို သဘောပေါက်တဲ့ ကိုရီးယားအလုပ်သမားရော ဘယ်နှယောက်ရှိပါသလဲ ။
အလုပ်သမားလူတန်းစားဆိုတာ အားလုံးအတူတူပါပဲလားဆိုတဲ့ ခံယူချက်အသိမျိုး ရှိနေတဲ့ အလုပ်သမားများ များများစားစားမရှိသေးသ၍ကာလပတ်လုံး ကျနော်တို့ အလုပ်သမားတွေ ခံပြီးရင်ခံနေကြရဦးမှာပဲလို့ သိထားအပ်တယ်လို့ ယူဆပါတယ် ။
ခရီးသွားဟန်လွဲ ဆိုသလိုမျိုး ပူးပေါင်းဆောင်ရွက်ဖို့လို
ကိုရီးယားအလုပ်သမားသမဂ္ဂလှုပ်ရှားမှုတွေမှာ ကျနော်တို့ နိုင်ငံခြားသားအလုပ်သမားတွေ တက်တက်ကြွကြွ ပူးပေါင်းပါဝင်အားပေးဖို့လိုမှာဖြစ်သလို ၊ ကျနော်တို့ နိုင်ငံခြားသား အလုပ်သမား တွေရဲ့ လှုပ်ရှားမှုတွေမှာလည်း ကိုရီးယားအလုပ်သမားတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါလိမ့်မယ် ။
ကျနော်တို့ အလုပ်အားချိန်များမှာ ၊ ကိုရီးယားအလုပ်သမားလှုပ်ရှားမှု တစ်ခုနှင့် ကြုံခဲ့မယ်ဆို ကျနော်တို့ သွားရင်ဟန်လွဲဆိုတာမျိုးလို ၊ ခဏတဖြုတ်ဖြစ်ဖြစ်ပူးပေါင်းပါဝင်လိုက်တာမျိုး ၊ ကမ္ဘာ့အလုပ်သမားနေ့ ချီတက်ပွဲစတာမျိုးမှာ ပါဝင်ဆောင်ရွက်ဖို့တော့လိုလိမ့်မယ်ထင်ပါတယ် ။
အစိုးရများဆန့်ကျင်တော်လှန်ရေး လုပ်နေခြင်း မဟုတ်
အဲသလို အလုပ်သမားအရေးတွေမှာ ပူးပေါင်းဆောင်ရွက်တာဟာ မြန်မာအစိုးရကို ဆန့်ကျင်တော်လှန်နေတာမဟုတ်သလို ၊ ကိုရီးယားအစိုးရကို ပုန်ကန်နေတာလည်းမဟုတ်ဘူး ။ အလုပ်သမားဥပဒေက ခွင့်ပြုထားတာကို ဥပဒေအရ ငြိမ်းချမ်းစွာ ပါဝင်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးအလုပ် ၊ ကမ္ဘာ့ ဆင်းရဲ ချမ်းသာမှု အကွာအဟ လျှော့နည်းရေး ဆောင်ရွက်မှုဖြစ်တယ် ဆိုတာကိုလည်း သိထားဖို့ လိုမယ်လို့ ယူဆပါတယ် ။
တစ်ဦးဆောင်သော်မရ ၊ တစ်သောင်းဆောင်သော်ရ၏
ကျနော်တို့ တစ်ယောက်ချင်းမှာ အာဏာပါဝါမရှိကြပေမယ့် ကျနော်တို့ စုပေါင်းလိုက်ရင် အင်အားဖြစ်သွားတယ်ဆိုတာ ယုံကြည်နေဖို့ ၊ သိနေဖို့ လိုလိမ့်မယ်ထင်ပါတယ် ။ ကမ္ဘာမှာ အလုပ်သမားတွေ ညီညွှတ်ခဲ့လို့ စနစ်တွေ ခေတ်တွေ ပြောင်းခဲ့ဖူးတာ သမိုင်းရှိနေတယ် ။
ကျနော်တို့ အလုပ်သမားဘဝ နောက်ကျပြီး ကျန်မနေရစ်ဖို့ ၊ ကျနော်တို့တစ်တွေ အစုအဝေးနှင့် ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်တွေ ထုံမွမ်းနေဖို့ လိုလိမ့်မယ် ။
နောက်လိုက်ကောင်းဖြစ်အောင်
ခေါင်းဆောင်ကောင်းတွေကိုချည်း ကျနော်တို့ မျှော်လင့်နေဖို့မဟုတ်ဘူး ။ ကျနော်တို့ကိုတိုင်လည်း နောက်လိုက်ကောင်းတွေဖြစ်ဖို့လိုသတဲ့ဗျ ။ ဟားဗတ်တက္ကသိုလ်က ပါမောက္ခ Barbara Kellerman က သူမရဲ့ How Followers Are Creating Change and Changing Leader မှာ ဖော်ပြထားတာက နောက်လိုက် ၅ မျိုး ရှိသတဲ့ဗျ ။
- ဘာသိဘာသာ နေတတ်တဲ့ သူတွေ (Isolates)
- ဘေးကရပ်ကြည့်နေတတ်တဲ့သူတွေ (Bystanders)
- ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သူတွေ(Participants)
- တက်ကြွလှုပ်ရှားသူတွေ(Activists)
- အစဉ်အလာသမားတွေ(Diehards) တဲ့ဗျ ။
နောက်လိုက်မှုပညာမှာ တက်ကြွလှုပ်ရှားသူတွေ (Activitists) မဟုတ်ရင်တောင် ပူးပေါင်း ပါဝင် ဆောင်ရွက်တတ်သူတွေ(Participants) ဖြစ်ဖို့တော့ လိုပါလိမ့်မယ် ။ အဓိကကျတဲ့ အချက်တစ်ခုက ခေါင်းဆောင်ကောင်းတွေရအောင် ကျနော်တို့ တင်မြောက်ပေးနိုင်ဖို့လိုလိမ့်မယ် လို့ ဆရာမောင်ဝံသရဲ့ ဆောင်းပါး တစ်ပုဒ်မှာ ဖတ်လိုက်ရတယ် ။
Sunday, August 22, 2010
မြန်မာအလုပ်သမား တစ်ဦး ရုတ်တရက်ကွယ်လွန်
သြဂုတ် ၂၀ ရက် သောကြာနေ့ မွန်းလွဲပိုင်းက ၊ ကယောင်းဂီပြည်နယ် ဖြောင်းထက်မြို့တော်(Kyeonggi Province, P’yeongtek City)ရှိ လျှပ်စစ်ဝါယာကြိုးထုတ်လုပ်သည့် စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦး ဓါတ်လိုက်သေဆုံးမှုဖြစ်ပွါးခဲ့ကြောင်း ၊ ၄င်း စက်ရုံအတွင်း သေဆုံးနေခြင်းကို စက်ရုံတွင် အလုပ်အတူတူလုပ်ကိုင်နေသည့် ထိုင်းအလုပ်သမားတစ်ဦးက ညနေ၄ နာရီခန့်တွင် တွေ့ရှိခဲ့သည်ဟုဆိုသည် ။ ၄င်းကို အသက်ရှင်စဉ်နောက်ဆုံးနေတွေ့ရှိခဲ့ရသည့်အချိန်မှာ နေ့လည်ထမင်းစားချိန်ဖြစ်ပြီး မည်သည့်အချိန်တွင် သေဆုံးသွားခဲ့ခြင်းမသိဟုဆိုသည် ။
ယခုအခါ ၄င်းသေဆုံးသူ၏ ရုပ်ကလပ်ကို ဖြောင်းထက်မြို့တော်ရှိ ဆေးရုံတစ်ရုံသို့ပို့ထားပြီး ၊ သေမှုသေခင်းဖွင့်လှစ်ကာ သက်ဆိုင်ရာမှုခင်းရဲများက လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးဆဲဖြစ်ကြောင်းသိရသည် ။
သေဆုံးသွားသူမှာ ၊ ရွှေအင်းဝ အစီအစဉ်ဖြင့် ၂၀၀၉ခုနှစ်က ရောက်ရှိလာသည့် ကောင်းဇော် (သင်တန်း အပတ်စဉ်-၅) ဖြစ်ကြောင်း ၊ ၄င်းသည် ယခုအခင်းဖြစ်သည့် စက်ရုံသို့ရောက်ရှိလာသည်မှာ ရက်သတ္တ ၂ ပတ်ခန့်သာ ရှိသေးကြောင်း ၊ မူလစက်ရုံမှာ ဂျော်လာမြောက်ပိုင်းပြည်နယ် အစ်ဆန်မြို့ (Jeolla Province, Iksan City) ရှိ ဆေးဆိုးပန်းရိုက်စက်ရုံဖြစ်ကြောင်း ၊ ၄င်းစက်ရုံတွင် အလုပ်စာချုပ် ၁နှစ်ပြည့်၍ ပြောင်းလာခြင်းဖြစ်ကြောင်း ၊ ၄င်းကောင်းဇော်သည် ယခုအလုပ်လုပ်လျက်ရှိသည့် စက်ရုံတွင် အလုပ်စာချုပ် ချုပ်ဆိုခြင်းမရှိသေးဘဲ ၊ အလုပ်စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်နေဆဲ ကာလအတွင်း ခေတ္တအလုပ်ဝင်လုပ်စဉ် အခင်းဖြစ်ပွါးသွားခြင်းဖြစ်ကြောင်း သိရသည် ။
အရေးကြီးသည့်အချက်မှာ အလုပ်စာချုပ်တရားဝင်ချုပ်ဆိုခြင်းမရှိသေးသဖြင့် အလုပ်ခွင်အတွင်း အလုပ်နှင့် ပတ်သက်၍ သေဆုံးမှုအကျုံးဝင်မဝင်ကိစ္စမှာ အငြင်းပွါးရမည့်ကိစ္စဖြစ်နေကြောင်း ၊ ချွင်းချက်များအရ အလုပ်ခွင်ထိခိုက်မှုအာမခံကြေးခံစားခွင့်ရရှိနိုင်ခြေရှိသော်လည်း ခက်ခက်ခဲခဲဆောင်ရွက်ရလေ့ရှိသည်ဟု အာမခံအကြောင်းသိရှိသူများက ဝေဖန်သုံးသပ်မှုများရှိနေသည် ။
မြန်မာအလုပ်သမားအနေဖြင့် အလုပ်ရှင်နှင့် တရားဝင်အလုပ်စာချုပ်မချုပ်ရသေးလျင် ၊ အလုပ်ဝင်လုပ်ရန်မသင့်ဟု မြန်မာ့အလုပ်သမားအကျိုးလိုလားသူများက အကြံပြုတိုက်တွန်းနေမှုများလည်းရှိသည် ။ လွန်ခဲ့သည့် ၂ လခန့်ကလည်း တရားဝင်အလုပ်စာချုပ်မချုပ်ရသေးမှီ စက်ရုံတွင် အစမ်းသဘောအလုပ် စလုပ်သည့်နေ့မှာပင် လူဝင်မှုကြီးကြပ်ရေးဌာန၏ ဖမ်းဆီးခြင်းကိုခံရပြီး ၊ တရားမဝင်အလုပ်လုပ်မှုဖြင့် မြန်မာပြည်ပြန်ပို့ခံလိုက်ရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွါးခဲ့သေးသည်ဟုဆိုသည် ။
အတည်ပြုချက်မရသေးသည့် သတင်းများအရ သေဆုံးသူ ကိုကောင်းဇော်သည် အသက် ၄၀ ခန့်ရှိပြီး ၊ ရန်ကုန်ဘောက်ထော်တွင်နေထိုင်ကာ ၊ ဇနီးနှင့် သားသမီး ၂ယောက်တို့ ကျန်ရစ်ခဲ့ကြောင်း သိရသည် ။
ပထမအကြိမ် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ဖိတ်ကြားလွှာ
ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအစ်ကို/မောင်နှမအပေါင်းတို့ခင်ဗျာ။
ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)ကြီးမှူးလျက် ပထမအကြိမ် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကိုအောက်ပါအစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့်ကြွရောက်အားပေးချီးမြင့်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် -
ရက်စွဲ ။ ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၂၂ရက် (တနင်္ဂနွေ)
အချိန် ။ မနက် ၁၀နာရီ မှ နေ.လည် ၂နာရီ
နေရာ ။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
ဆက်သွယ်ရန် -
စောလှိုင်မျိုးသိမ်း - ၀၁၀ ၃၁၄၈ ၄၇၇၁
စောကျော်သက်ထွန်း - ၀၁၀ ၆၂၈၄ ၃၈၀၄
လေးစားမှုဖြင့်-
ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)
ကိုရီးယားနိုင်ငံရောက်မြန်မာတို့အတွက် အထူးဂီတပွဲတော် ကျင်းပမည်
ကိုရီးယားနိုင်ငံသို့ရောက်ရှိနေကြသည့် မြန်မာတို့အတွက် လာမည့် ကိုရီးယား ချူးဆောက်ပွဲတော် ပိတ်ရက် ကာလအတွင်း အထူးဂီတပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း ၊ ပွဲတော်ကျင်းပမည့်နေရာမှာ မြန်မာအများစုစည်းနေထိုင်ကြရာ မြို့တစ်မြို့ဖြစ်သည့် ဘူချောန်မြို့တော်၏ ပြည့်သူ့ခမ်းမ (Citizen Hall) တွင်ဖြစ်ကြောင်း သိရသည် ။
အဆိုပါ အထူးဂီတပွဲတော်သည် စက်ရုံအလုပ်ရုံများတွင် မနေမနား အလုပ်ကြိုးစား လုပ်ကိုင်လျက်ရှိကြသည့် မြန်မာအလုပ်သမားတို့ အလုပ်ခွင်မွမ်းကြပ်မှုများနှင့် ဘဝအမောများကိုဖြေလျှော့ကြရင်း ဒါနရေး သာသနာရေးများ တွင်လည်း ပါဝင် ကောင်းမှုပြုနိုင်မည့် အခွင့်အရေး တစ်ခုဖြစ်မည်ဟု ဂီတပွဲတော်ကျင်းပသူများက ဆိုသည် ။ အကြောင်းမှာ ပွဲတော်မှ ရရှိမည့် အကျိုးအမြတ်များကို ကိုရီးယားနိုင်ငံထေရဝါဒ ဗုဒ္ဓဘာသာပြန့်ပွါးရေးလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းများသို့ လှူဒါန်းသွားမည်ဟု ဆိုပါသည် ။
ပွဲတော်လက်မှတ်များကို သြဂုတ်လ ၂၆ ရက်နေ့မှစတင်၍ အမေ့အိမ်စားတော်ဆက်နှင့် မြန်မာသူကြီးစားတော်ဆက်(ဘူဖြောင်း)တို့တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း ၊ လက်မှတ်ခမှာ စတင်ရောင်းချချိန်မှ စက်တင်္ဘာလ ၁၈ ရက်နေ့ထိ တစ်စောင် ဝမ် ၅ သောင်းနှုန်းဖြစ်ပြီး ၊ စက်တင်္ဘာလ ၁၉ ရက်နေ့မှ ပွဲတော် ကျင်းပချိန်ထိ လက်မှတ်တစ်စောင်လျင် ဝမ် ၆ သောင်းနှုန်းဖြင့် ရောင်းချပေးသွားမည်ဟု ဆိုသည် ။
အဆိုပါပွဲတော်ကို ဓမ္မဒူတ(ကိုရီးယား)၏ အကျိုးတော်ဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်မောင်ညွန့်ဝင်း (စကားဝါ) ၊ ဦးမြင့်နိုင် (မြန်မာသူကြီး)နှင့် ကိုဘိုဘို (အမေ့အိမ်)တို့က ငွေရေးကြေးရေး စိုက်ထုတ် မတည်စီစဉ်ခဲ့ကြပြီး ၊ ဘူချောန်းနိုင်ငံခြားသားအလုပ်သမားရိပ်သာ (Bucheon Migrant Workers’ House) နှင့် ဘူချောန်းမြို့တော်ဝန် တို့က အထူးကူညီ ပံ့ပိုးပေးထားကြသည်ဟုဆိုသည် ။
လာရောက်ဖြေဖျော်တင်ဆက်မည့် တီးဝိုင်းမှာ လေဇီးကလာပ်တီးဝိုင်း (Lazy Club Band) ဖြစ်ပြီး ၊ အသေးစိတ်အစီအစဉ်များကို ထပ်မံထုတ်ပြန်သွားမည်ဟု ဂီတပွဲတော် စီစဉ်သူများက ဟန်းဂုရွာသို့ ပြောသည် ။
Saturday, August 21, 2010
ရွှေ့ပြောင်းအလုပ်သမား လူ့အခွင့်အရေး စတိတ်ရှိုးပွဲ(Get Up stand Up for your Rights)
ရေးသားသူ — စိုးမိုးသူ
လက်ရှိကိုရီးယားတွင် ကိုရီးယား အစိုးရသည် လာမည့် နိုဝင်ဘာတွင် ကျင်းပမည့်
ဂျီ၂၀ထိပ်သီးအစည်းအဝေး လုံခြုံရေးကို အကြောင်းပြုပြီး ရွှေ့ပြောင်းအလုပ်သမားများအကြား အကြမ်းဖက်သူများအား ရှာဖွေရမည်ဟုဆိုကာ လမ်းသွားလမ်းလာ ရွှေ့ပြောင်းအလုပ်သမားများသာမက စက်ရုံများ၊ နေထိုင်ရာ အိမ်များအတွင်းသို့
အတင်းဝင်ရောက် စစ်မေးခြင်း၊ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအား အတင်းအကြပ်ဖမ်းဆီးကာ မိခင်တိုင်းပြည်သို့နှင်ထုတ်ခြင်းနှင့် ဒဏ်ငွေပြင်းစွာပေးဆောင်စေခြင်းတို့အား ကြမ်းတမ်းစွာ လုပ်ဆောင်နေပါသည်။
ထိုသို့ အစိုးရ၏ မိမိမိသားစုအတွက် နေ့၊့ည ပင်ပန်းကြီးစွာ ရိုးသားစွာ အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအား အကြမ်းဖက်သူများ၊ ရာဇ၀တ်သားများဖြစ်ကြောင်း သတင်းလွှင့်ပြီး လူသားမဆန်စွာ ပြုမူနေသည်အား ဆန့်ကျင်ပြီး ရွှေ့ပြောင်းအလုပ် သမားများသည် အပြစ်မရှိသူများ၊ ကိုရီးယား စီးပွားရေးနှင့် လူမှုအသိုင်းအ၀န်းတွင်း အကူအညီပေးနေသူများအမှန် ဖြစ်ကြောင်းပြသရန် ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂမှ ဦးဆောင်ကာ ကိုရီးယားနိုင်ငံဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂ၊ အလုပ်သမားပါတီ၊ ရွှေ့ပြောင်းအလုပ် သမားအသံလွှင့်ဌာနMWTVနှင့် ရွှေ့ပြောင်းအလုပ်သမားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် ရွှေ့ပြောင်းအလုပ်သမား လူ့အခွင့်အရေးစတိတ်ရှိုးပွဲအား ကျင်းပမည်ဖြစ်ပါသည်။
ပွဲတော်အား ရွှေ့ပြောင်းအလုပ်သမားတီးဝိုင်း Stop Crack down band၊ ကိုရီးယား ရော့တီးဝိုင်း ၊ကိုရီးယားအနုပညာရှင်များနှင့် ရွှေ့ပြောင်းအလုပ်သမားအဆိုရှင်များမှ မေတ္တာဖြင့် သီဆိုဖျော်ဖြေကာ လက်မှတ်ရောင်းချရငွေများအား ရွှေ့ပြောင်းသူများ လူ့အခွင့်အရေးတိုးမြင့်ရေးရံပုံငွေအတွက် အသုံးပြုသွားမည်ဖြစ်သည်။
ကိုရီးယားတွင်း လူသားဆန်စွာ နေထိုင်အလုပ်လုပ်ကိုင်နေထိုင်နိုင်ရန်အတွက် ကာယကံရှင် ကိုရီးယားရောက် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ကိုယ်တိုင် ကိုယ်ကျ ပူးပေါင်းပါဝင်မှသာ ဖြစ်နိုင်ချေရှိမည်ဖြစ်ပါသည်။
ထို့ကြောင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း ကိုယ်တိုင်ကိုယ်ကျ ပုးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်အပ်ပါသည်။
စိုးမိုးသူ
ဥက္ကဌ
ရွှေ့ပြောင်းအလုပ်သမားအသံလွှင့်ဌာန MWTV
နေ့ရက် ၊ သြဂုတ်လ ၂၂ရက် နေ့လည် ၂နာရီမှ ၅နာရီ
နေရာ၊ မြေအောက်ရထားလိုင်းအမှတ် ၁၊ ဂျုန်ဂတ်ဘူတာ(종각) ထွက်ပေါက်၂မှ ထွက်ပြီး
လမ်းညွှန်များအတိုင်း လျှောက်ပါ။
ဂျိုဂဲဆာ ဘုန်းကြီးကျောင်းဝန်းအတွင်း (조계사 한국불교역사문화기념관)မြေအောက်ထပ် ခမ်းမ။
လက်မှတ်၊ ကိုရီးယား ၀မ်၂သောင်း၊ ရွှေ့ပြောင်းသူ ၀မ် ၁သောင်း
ဆက်သွယ်ရန်၊ 010 7155 6581 စိုးမိုးသူ
“အလှူတော်မင်္ဂလာဖိတ်ကြားခြင်း”
ဘူဆန်းမြို့ စာဆန်းစက်မှူ့ဇုန် DJF CO,Ltd မှ ရွှေညီအကိုများဖြစ်ကြသော
ကိုထွန်းထွန်းအေး ၊ ကိုတင်အောင်မိုး ၊ ကိုညွန့်လှိုင် ၊ ကိုကျော်ကျော်မြင့် ၊
ကိုသန်းဇော်မင်း ၊ ကိုအောင်ထင်ကျော် ၊ ကိုပေါပေါ ၊ကိုညီညီမောင်
ကျင်းပမည်ဖြစ်ပါ၍ အောက်ပါအစီအစဉ်အတိုင်းကြွရောက်ကြပါရန် လေးစားစွာ
ဖိတ်ကြားအပ်ပါသည်။
နေ့ရက် - ၂၂.၈.၂၀၁၀ (တနင်္ဂနွေနေ့)
နေရာ - ပြည်တော်ဦး ကိုရီးယါး-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်
Samick Beach Apt. 213 Building No.205
Su-Yeong Gu Nam-Cheon 2 Dong
အချိန် - နံနက် ၉ နာရီမှ ၁၂း ၃၀ နာရီအထိ ။
မြန်မာထမင်းဟင်း ၊ လက်ဖက်ရည် ၊ အီကြာကွေးတို့ဖြင့်ဧည့်ခံပါမည်။
နေ့လည် ၁ နာရီတွင် ပြည်တော်ဦးဆရာတော်ထံမှ တရားတော်များနာကြားကြမည်ဖြစ်ပါသည်။
*အလှူပွဲအစီအစဉ်ဖြစ်မြောက်ရေးအတွက်ဂင်မဲမြို့ရှိ Golden Village မြန်မာစားသောက်ဆိုင်မှ ကူညီပံ့ပိုးပါသည်
Thursday, August 19, 2010
သမီးထံသို့ပေးစာများ (၅)
ရေးသားသူ — မောင်ဘမောင်(ဘုန်းစိုး)
သမီးရေ
ဒုစရိုက်တရားအကြောင်းကို ဆက်ကြရအောင်နော်
ဗုဒ္ဓဘာသာဝင်တွေ ရှောင်ကြဉ်ရမဲ့ ဒုစရိုက်မှု(မကောင်းမှုစရိုက်ဆိုး) ၁၀ပါးရှိတယ်။ ဒီတရားတွေကတော့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ အကုသိုလ်စိတ်တွေပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့ အကုသိုလ်ကံ (မကောင်းမှုကံ) ဆယ်မျိုးဖြစ်တယ်။ ဒီတရားတွေဟာ သူတစ်ပါးအတွက်လည်း ဒုက္ခကိုဖြစ်စေတယ်။ အထူးသဖြင့်ကတော့ ပြုသူမိမိကို ပိုပြီး ဆင်းရဲဒုက္ခဖြစ်စေတဲ့ တရားတွေပဲဖြစ်တယ်။ ကံ, ကံ၏အကျိုးဆိုတဲ့ ကမ္မနိယာမ သဘောတရားကို နားလည်လို့ရှိရင် မကောင်းမှုကိုပြုတဲ့ကံဟာ မကောင်းကျိုးကိုပဲ ဖြစ်စေတယ်ဆိုတာကို ကောင်းကောင်းသိနိုင်တယ်။
ဒုစရိုက်တရား (၁၀)ပါး
မကောင်းမှုကိုဖြစ်စေတဲ့ ဒုစရိုက်တရား ၁၀ပါးက …
၁။ ကိုယ်နဲ့ ပြုလုပ်တဲ့စရိုက်ဆိုး (ကာယကံ ဒုစရိုက်)က ၃ပါး၊
၂။ နှုတ်နဲ့ ပြုလုပ်တဲ့စရိုက်ဆိုး (၀စီကံ ဒုစရိုက်)က ၄ပါး၊
၃။ စိတ်နဲ့ ပြုလုပ်တဲ့စရိုက်ဆိုး (မနောကံ ဒုစရိုက်)က ၃ပါး ရှိတယ်။
ကာယကံဒုစရိုက်၃ပါးက (၁) သူ့အသက်ကိုသတ်ခြင်း- ပါဏာတိပါတကံ၊ (၂) သူ့ပစ္စည်းကိုမပေးဘဲ ခိုးယူခြင်း- အဒိန္နဒါနကံ၊ (၃)သူတစ်ပါးအိမ်ယာကို ပြစ်မှားကျူးလွန်ခြင်း- ကာမေသုမိစ္ဆာစာရကံများပဲ ဖြစ်တယ်။ ဒီကာယဒုစရိုက်၃ပါးဟာ ငါးပါးသီလမှာပါတဲ့ ကာယကံအကုသိုလ် ၃မျိုးပဲဖြစ်တယ်။
ဒီကာယဒုစရိုက်၃မျိုးထဲက ပါဏာတိပါတကံကို ကျူးလွန်သူရဲ့ ကံအကျိုးပေးပုံက အသက်တိုတယ်၊ အနာရောဂါပေါများတယ်၊ မိမိနှစ်သက်တဲ့အရာတွေနဲ့ လွဲရတဲ့အတွက် ကိုယ်စိတ်ဆင်းရဲဖြစ်ရတယ်၊ အမြဲတမ်း ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ အသက်ရှင်နေရတတ်တယ်။
အဒိန္နဒါနခေါ်တဲ့ သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းကံ အကျိုးပေးပုံက ပစ္စည်းဥစ္စာကင်းမဲ့စွာ ဆင်းရဲမွဲတေရတယ်၊ သောကရောက်ရတယ်၊ စိတ်ပျက်အားငယ်နေရတယ်၊ သူတစ်ပါးကိုမှီခိုအားထားပြီးသာ အသက်ရှင်နေထိုင်ရတယ်။
သူတစ်ပါးအိမ်ရာကိုပြစ်မှားခြင်း၊ ကာမေသုမိစ္ဆာစာရကံ အကျိုးပေးက ဘေးရန်အန္တရာယ်များပြားတယ်၊ လူမုန်းများတယ်၊ နှစ်သက်ဖွယ်မရှိတဲ့ အိမ်ထောင်ဖက်နဲ့ ပေါင်းသင်းရတယ်။
ဝစီကံဒုစရိုက်(၄)ပါးက (၁) မုသာဝါဒ-လိမ်လည်ပြောဆိုခြင်း၊ (၂) ဖရုဿဝါစာ-ကြမ်းတမ်းစွာ ဆဲရေးတိုင်းထွာပြောဆိုခြင်း၊ (၃) ပိသုဏ၀ါစာ-ကုန်းတိုက်ချောပစ်ပြောဆိုခြင်း၊ (၄) သမ္ဖပ္ပလာပ၀ါစာ-ပြိန်ဖျင်းတဲ့ အနှစ်မရှိတဲ့ အရပ်စကား၊ ဇတ်စကားကို ပြောဆိုခြင်းတို့ပဲဖြစ်တယ်။
ဒီဝစီကံ၃ပါးရဲ့အကျိုးပေးပုံက… လိမ်လည်ပြောဆိုခြင်းကြောင့် အချင်းပွားမှု၊ အငြင်းပွားမှုတွေကို ဖြစ်စေတယ်၊ ဂုဏ်သတင်းပျက်စီးအောင် ကဲ့ရဲ့ရှုံ့ချခြင်းခံရတယ်၊ သူတစ်ပါးအယုံအကြည်ကင်းမဲ့စေတယ်၊ ကိုယ်ချမ်းသာမှုကင်းမဲ့ခြင်းတွေဖြစ်တယ်၊။ သူတစ်ပါးနှစ်ဦးကြားမှာ စိတ်ဝမ်းကွဲပြားအောင် ကုန်းတိုက်ခြင်းရဲ့ ကံအကျိုးပေးကတော့ အကြောင်းမဲ့မိတ်ဆွေဆုံးရှုံးခြင်းဖြစ်တတ်တယ်၊ ကြမ်းတမ်းစွာပြောဆိုခြင်းကြောင့် သူတစ်ပါးရွံမုန်းခြင်းကိုခံရတယ်၊ ကြမ်းတမ်းခက်ထန်တဲ့အသံကို ရတတ်တယ်။ ပြိန်ဖျင်းတဲ့စကားကိုပြောဆိုသူ မလွဲမသွေရတဲ့ ကံအကျိုးကတော့ ကိုယ်အင်္ဂါတွေ နှုတ်တွေ ဆွံ့အခြင်းပဲဖြစ်တယ်။ မိမိစကားကို သူတစ်ပါးက မယုံကြည်တတ်ခြင်းဖြစ်တယ်။
မနောကံဒုစရိုက်၃ပါးက (၁) ဣသာ-သူတစ်ပါးပိုင်ပစ္စည်းကို ရယူပိုင်ဆိုင်လိုမှု ဆန္ဒပြင်းပြခြင်း၊ (၂)မစ္ဆရိယ-မနာလိုဝန်တိုခြင်းနဲ့ (၃) မိစ္ဆာဒိဋ္ဌိ-မှားယွင်းတဲ့ အယူဝါဒတွေပဲဖြစ်တယ်။ ဒီမနောဒုစရိုက် ၃ပါး ဟာလည်း လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ မကောင်းမှုဒုစရိုက်၃ပါးကို အခြေခံပြီး ဖြစ်တာပဲဖြစ်တယ်။ ငါးပါးသီလ မစောင့်ထိန်းတဲ့အတွက် သုရာမေရယကံကို ကျူးလွန်ရင် ဒီမနောဒုစရိုက်၃ပါးကို ကျူးလွန်ရုံသာမက စိတ်ဟာ မူးယစ်မေ့လျော့တဲ့အတွက် ကာယကံ၊ ၀စီကံ ဒုစရိုက်အားလုံးကိုလည်း ကျူးလွန်စေနိုင်တယ်။
ဣသာခေါ်တဲ့ သူတစ်ပါးပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်ချင်တဲ့ အကုသိုလ်စိတ်ရဲ့အကျိုးပေးကတော့ မိမိမှာ ဘယ်တော့မှ အလိုဆန္ဒမပြည့်ခြင်းပဲ ဖြစ်တယ်။ မစ္ဆရိယ- မနာလိုဝန်တိုစိတ်ရဲ့ အကျိုးပေးကတော့ အရုပ်ဆိုး အကျည်းတန်ခြင်းပဲ ဖြစ်တယ်။ မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိရဲ့ အကျိုးပေးကတော့ အလိုရမက်ကြီးခြင်း၊ ဥာဏ်ပညာကင်းမဲ့ခြင်း၊ ဥာဏ်တုံးခြင်း၊ အနာရောဂါပေါများခြင်း (နာတာရှည်ဖြစ်ခြင်း) သူတစ်ပါး ကဲ့ရဲ့တာ ခံရတဲ့ အယူအဆရှိခြင်း တို့ပဲဖြစ်တယ်။
ဒါကြောင့် ဘယ်သူမဆို ကောင်းမှု သုစရိုက်တရားတွေကိုသာ ကျင့်ကြံပွားများသင့်တယ်၊ မကောင်းမှု ဒုစရိုက်တရားတွေကို ရှောင်ကြဉ်သင့်တယ်။ လူတစ်ယောက်ဟာ မကောင်းမှု ဒုစရိုက်ကံတစ်ခုကို ကျူးလွန်မိပြီဆိုရင် မိမိအနေနဲ့ဘယ်နေရာမှာ ဘယ်လိုမှားသွားပြီလဲလို့ ပြန်ပြီး ဆင်ခြင်တိုင်းထွာသင့်တယ်။ ဒီလို ဆင်ခြင်မိမှ နောက်ထပ် ဒီလို အကုသိုလ်ကံ တစ်မျိုးမျိုး မကျူးလွန်မိအောင် ကြိုးစားနိုင်မယ်။ ဒါဟာ နောင်တ သံဝေဂ သဘောရဲ့ မှန်သော အဓိပ္ပာယ်ပေါ့။ ဒီလို မိမိကိုယ်ကို မိမိက ပြန်လည်ဝေဖန် သုံးသပ်နိုင်မှသာ အဆုံးစွန်ဘ၀မှာ မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်ချမ်းသာ တိုင်အောင် ပေါက်မြောက်နိုင်တယ်။
မိမိအနေနဲ့ အပြစ်ကျူးလွန်ခဲ့တာတွေကို ခွင့်လွှတ်တော်မူပါဆိုပြီး လက်ဝါးဖြန့် တောင်းနေတာဟာ အဓိပ္ပာယ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆုတောင်းပြီးလည်း ဒီလူဟာ နောက်ထပ် ဒီအဖြစ်မျိုးကို ထပ်မံ ကျူးလွန်နေဦးမှာပဲ ဖြစ်လို့ပါ။ သူ့စိတ်ထဲမှာ သူဆုတောင်းလိုက်ရင် ပြုထားတဲ့အပြစ်တွေ ပျောက်သွားတယ်လို့ ထင်နေတာကြောင့် နောက်ထပ် အပြစ်ကျူးလွန်ဖို့လည်း ၀န်မလေးတော့ဘူး။ ပြီးတော့ သူပြုထားတဲ့ အပြစ်တွေ ကင်းစင်သွားအောင် ဘယ်သူကလာပြီး ဆေးကြောပေးမှာလဲ။ သူ့ကိုယ်သူအပြင် မျှော်လင့်စရာ အားကိုးစရာ ဘယ်သူများရှိပါ့မလဲ။ အံ့သြစရာကောင်းတဲ့ အပြစ်ကို ဆေးကြောသုတ်သင်ပေးသူ ရှိ / မရှိ ၊ ပထမအနေနဲ့ ရှိကြောင်းကို အရင်သိရဦးမှာ။ ဒါမှသာ သူ့အနေနဲ့ အားကိုးနိုင်မှာပေါ့၊။ မဟုတ်ဘဲ မသိဘဲနဲ့ ရမ်းသန်း အားကိုးနေလို့တော့ အပိုပဲ။ ဒီထက်ပိုပြီး အရေးကြီးတာက မိမိပြုလိုက်တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံဟာ အကုသိုလ်ဖြစ်သွားပြီ၊ ဒုစရိုက်ဖြစ်သွားပြီဆိုတာကိုလည်း သိဦးမှဖြစ်မယ်။ နောက်ကျရင် ဒီအပြစ်မျိုး မလုပ်တော့ပါဘူးလို့ ဆုံးဖြတ်ချက် ချဦးမှလဲ ဖြစ်မယ်။ ဒါမှသာ သူ့နေနဲ့ ကိုယ်နဲ့ပတ်သက်သူတွေအတွက်ရော တခြားလူတွေအတွက်ပါ ကောင်းမှုများစွာကို တတ်နိုင်သလောက် ပြုတော့မှာပေါ့။
(ကာယကံ၊၀စီကံ၊မနောကံ) တွေ မကျူးလွန်ဖို့နဲ့ ကျူးလွန်ခဲ့ရင် ခံစားရမဲ့ အကျိုးပေးတွေကို ရှင်းပြနေပေမဲ့ ကံဆိုတာဘာလဲ မသိသေးရင်တော့ သဘောပေါက်မှာ မဟုတ်သေးဘူး။
ကံဆိုတာဘာလဲ ဆိုတာကို နောက်အပတ်မှဆက်ရှင်းပြမယ်။
ဒီတပတ်တော့ ဒီလောက်နဲ့ပဲကျေနပ်ပေတော့။
၂၀၁၀ခုနှစ်၊ သြဂုတ်လ(၁၆)ရက်။ ည၁၁နာရီ၄၇မိနစ်။
Wednesday, August 18, 2010
ကျေးဇူးတင်လွှာ
လွန်ခဲ့သည့် သြဂုတ်လ ၁၅ ရက် တနင်္ဂနွေနေ့က ဓမ္မဒူတ(ကိုရီးယား)တွင် ကျနော်များ မြန်မာသူကြီး(ဆူဝမ်)မိသားစု ဒါနပြုခဲ့စဉ် ၊ ကျနော်များမိသားစုနှင့်အတူ အလှူတော်ငွေများ ပါဝင်လှူဒါန်းခဲ့ကြသည့် အောက်ဖော်ပြပါ မိတ်ဆွေ အပေါင်းတို့အား ကျေးဇူးဥပကာယ အထူးတင်ရှိကြောင်း ဟန်းဂုရွာမှတစ်ဆင့် အမှာစကားပါးလိုက်ပါသည် ခင်ဗျား -
- ဒေါ်ခင်ဝင်းမြင့် မိသားစု 30,000 won
- ကိုကျော်မိုး မိသားစု 10,000 won
- ကိုဝင်းနိုင် မိသားစု 20,000 won
- ကိုကျော်မြ မိသားစု 20,000 won
- ဦးဇော်မိုး မိသားစု 20,000 won
- ကိုမြတ်မင်းအေး မိသားစု 50,000 won
- ကိုစိုင်းလင်းလင်း မိသားစု 20,000 won
- ကိုခင်မောင်သိန်း မိသားစု 20,000 won
- ကိုဝင်းဇော် မိသားစု 20,000 won
- ကိုနေမျိုးအောင် 10,000 won
- ကိုသိန်းဇော် မိသားစု 10,000 won
- ကိုသိန်းသန်းဝင်း မိသားစု 10,000 won
- ကိုဝင်းစိုး မိသားစု 10,000 won
- ကိုသန်းထွေး မိသားစု 10,000 won
- ကိုနေဇင်အောင် မိသားစု 10,000 won
- ကိုကျော်မြင့် မိသားစု 20,000 won
- ကိုအောင်မြင့်ကျော် မိသားစု 20,000 won
- ကိုဇော်ဝင်းမောင် မိသားစု 20,000 won
- ကိုဘိန်း (မိုးညှင်း) မိသားစု 10,000 won
- ကိုသော်တာထွန်း မိသားစု 10,000 won
- ကိုရဲမြင့်အောင် မိသားစု 20,000 won
- ကိုကျော်စွာ မိသားစု 5,000 won
- ကိုမျိုးမင်း မိသားစု 5,000 won
- ကိုလှမင်း မိသားစု 10,000 won
- ကိုချစ်သန့် မိသားစု 10,000 won
- ကိုထွန်း မိသားစု 10,000 won
- ကိုကျော်ဆန်း မိသားစု 10,000 won
- ကိုကျော်မိုး မိသားစု 10,000 won
- ကိုအရှည်ကြီး မိသားစု 20,000 won
- ကိုအောင်နိုင်ဌေး မိသားစု 10,000 won
- ကိုသန့်ဇင် မိသားစု 10,000 won
- ကိုထွန်းသူရ မိသားစု 30,000 won
- ကိုနိုင်ဝင်း မိသားစု 10,000 won
- ကိုထွန်းလင်း မိသားစု 10,000 won
- ကိုမိုးဇော် မိသားစု 10,000 won
- ကိုစောထွန်း မိသားစု 10,000 won
( စုစုပေါင်း 541,000 won)
လေးစားမှုဖြင့်-
မြန်မာသူကြီး (ဆူဝမ်) မိသားစု
Monday, August 16, 2010
ဆရာမောင်သာနိုး စာပေဟောပြောပွဲ(ကိုရီးယား)မှတ်တမ်းပုံများ
ဆရာမောင်သာနိုးဟောပြောချက်များ အသံဖိုင်-
http://www.dhammaduta.info/others/MaungTharNoe_Korea_20100815_Speech.MP3
Saturday, August 14, 2010
သဒ္ဓါဆွမ်းအလှူဖိတ်ကြားလွှာ
ကျနော်များ မြန်မာသူကြီးမိသားစု(ဆူဝမ်) က “ ဒါနပါရမီ၏ အရှိန်အဝါသည် ဘောဂသမ္ပတ္တိကို ပြည့်စုံစေလျက် အရဟတ္တမဂ်ဥာဏ် ဖိုလ်ဥာဏ်တို့နှင့်တကွ သဗ္ဗညုတ ဥာဏ်တော်အထိ ရရှိအောင် အကျိုးဆောင်ပေးနိုင်သည် ” ဟု ယုံကြည်ကြသည့်အားလျော်စွာ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ပိဏ္ဍပါတဒါနအလှူကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်လိုပါသဖြင့် ကြွရောက်ချီးမြှင့်တော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် -
ရက်စွဲ ။ ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၅ ရက် (တနင်္ဂနွေနေ့)
အချိန် ။ နံနက် ၇ နာရီမှ နေ့လည် ၁ နာရီခွဲအထိ
နေရာ ။ ဓမ္မဒူတ (ကိုရီးယား)
ရပ်နီးရပ်ဝေးမှ ကြွရောက်ချီးမြှင့်ကြမည့် ဧည့်သည်တော်များအားလုံးအတွက် ခရမ်း ကိုမြင့်ဟန် စီမံချက်ပြုတ်မည့် ခရမ်းဒန်ပေါက်ဖြင့် ဧည့်ခံကျွေးမွေးပါမည် ။
လေးစားမှုဖြင့် -
မြန်မာသူကြီးမိသားစု(ဆူဝမ်)
၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၀ ရက် ။
Friday, August 13, 2010
ဆရာ မောင်သာနိုး စာပေဟောပြောပွဲ
စာရေးဆရာ စာပေပညာရှင် ဆရာကြီး မောင်သာနိုး ၏ စာပေဟောပြောပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ စာပေပရိသတ်များ တက်ရောက် နားဆင် ဆွေးနွေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက် = ၂၀၁၀ သြဂုတ်လ ၁၅ တနင်္ဂနွေနေ့
နေရာ = ဓမ္မဒူတကျောင်းတော်, ဗူဖျောင်းမြို့
အချိန် = မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီ
ဆရာမောင်သာနိုးသည် ကိုရီးယား ကဗျာဆရာများ အဖွဲ့၏ ဖိတ်ကြားချက်အရ “၂၀၁၀ အာရှ-ကိုရီးယား စာပွဲသဘင်” သို့ တက်ရောက် ဟောပြောရန် ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ပြီး၊ သြဂုတ်လ ၁၁ မှ ၁၄ ရက်နေ့ အထိ ဆိုးလ်နှင့် ဂန်ဝန်ဒိုသို့ သွားရောက်မည် ဖြစ်ပါသည်။ ဆရာ့ ခရီးစဉ်နှင့်အတူ လိုက်ပါလိုသူများ ဖုန်း- ၀၁၀ ၈၈၉၄ ၄၇၇၀ သို့ ၅ ရက်နေ့ နောက်ဆုံးထား ဆက်သွယ်နိုင်ပါသည်။
သြဂုတ်လ ၁၅ ရက်နေ့တွင် ဓမ္မဒူတကျောင်းတော်၌ ကိုရီးယားရောက် မြန်မာ စာဖတ်ပရိသတ်နှင့် တွေ့ဆုံ၍ စာပေဟောပြောပွဲ ပြုလုပ်မည် ဖြစ်ပါသည်။ ကြွရောက်လာသူများကို “အုန်းနို့သာကူ”ဖြင့် ဧည့်ခံရန် စီစဉ်ထားပါသည်။ အဆိုပါ ဟောပြောပွဲနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုသူများ ဖုန်း- ၀၁၀ ၄၀၃၄ ၅၇၁၂, ၀၁၀ ၈၈၉၄ ၄၇၇၀, ၀၁၀ ၂၃၃၁ ၂၄၅၇ တို့သို့ ဆက်သွယ်နိုင်ပါသည်။
သြဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းတွင် ဂွမ်ဂျူးမြို့၌ ရေးသူ-ဖတ်သူ ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်ပါသည်။ စိတ်ဝင်စားသူများ ဖုန်း- ၀၁၁ ၉၇၄၄ ၈၇၀၅ သို့ ဆက်သွယ်နိုင်ပါသည်။
စာပေဟောပြောပွဲ ကျင်းပရေး ကော်မတီ
မြန်မာ အလုပ်သမား ၃ ဦး အလိုရှိသည်
မြန်မာ အလုပ်သမား ၃ ဦး အလိုရှိသည်
သံ စက်ရုံ ။
ဖြောင်းထက် ။
ကကြီးချိန် ၁၃ သိန်း ။
နေစရာပေး ၊ ထမင်း ၁ နှပ်ကျွေး ။
ဗီဇာ ရှိ / မရှိ ကိစ္စမရှိပါ ။
ရွှေခံရှိ၏ ။
ကိုရွှေခံ - 010-5818-2705
Wednesday, August 11, 2010
မြန်မာအလုပ်သမားများအတွက် “မျှော်လင့်ချက်ကမ္ဘာ” စေတနာဆေးခန်း
အင်ချောန်မြို့တော် အနောက်ပိုင်းခရိုင် ရွှေ့ပြောင်းအလုပ်သမားလူ့အခွင့်အရေးစင်တာရဲ့ အစီအစဉ်နှင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် စေတနာဆေးခန်းကို ဖွင့်လှစ်နေပါပြီ ။
ကုသပေးနေတဲ့ ရောဂါတွေကတော့-
- သွားရောဂါ အမျိုးမျိုး ။
- အရှေ့တိုင်း(ကိုရီးယားတိုင်းရင်းဆေး)ပညာကုထုံးဖြင့် ရောဂါအမျိုးမျိုး ။
- အထွေထွေရောဂါ ။
- ဆေးပေးခန်း ။
ဆေးကုရက်နှင့် အချိန်-
တနင်္ဂနွေနေ့တိုင်း ၊ နေ့လည် ၁နာရီမှ ညနေ ၅ နာရီထိ ။
လိပ်စာက-
Incheon Metropoli City,
Bupyeong Gu,
Bugae Dong 254-6
(3rd Floor of Napoleon Glass)
လမ်းညွှန်ကတော့-
- ဘူဖြောင်းဘူတာမှတ်တိုင်မှ ၁၀၃ ၊ ၈၈ စီးပါ ။
၁၀၃ စီးလျင် Bugae 1 Dong Jumin Center မှာဆင်း ။
၈၈ စီးလျင် Bugae NongHyup မှာဆင်း ၊ အနောက် လမ်းကြားလေးအတိုင်း လမ်းမကြီးအထိ
လျှောက်သွား။
- ဆောအူးလ်-အင်ချောန်ရထားစီးလျင်-
Bugae ဘူတာဆင်း ၊ နံပါတ် ၁ ထွက်ပေါက် ။ မိုးပျံလမ်းမကြီးအတိုင်း (Bugae Sa geori) လမ်းဆုံအထိ လျှောက် ၊ လမ်းမကြီးကိုကျော် ၊ မြေပုံမှာပြထားတဲ့အတိုင်း လျှောက် ။
ဆက်သွယ်ရန်-
Tel: 032-512-9111, 032-573-2870
Web: http://cafe.daum.net/migrant-health
Monday, August 9, 2010
သမီးထံသို့ပေးစာများ(၄)
ရေးသားသူ — မောင်ဘမောင်(ဘုန်းစိုး)
သမီးရေ
ဒီအပတ်မှာ “သုစရိုက်တရား၁၀ပါးနဲ့ ဒုစရိုက်တရား၁၀ပါး” ကိုပြောပြမယ်လို့ ပြောခဲ့တယ်နော်။
သမီးပြန်ဖတ်တဲ့အခါ ရှာရလွယ်အောင် ခေါင်းစဉ်လေးတွေ ခွဲပြောမယ်နော်။
သုစရိုက်တရား ၁၀ ပါး
သုစရိုက်ခေါ် ကောင်းတဲ့ အမှုကိုပြုခြင်းက ကုသိုလ်ကံ(ပုည)ကို ဖြစ်စေတယ်။ ကုသိုလ်ကံက စိတ်ကိုသန့်ရှင်း စင်ကြယ်စေတယ်။ စိတ်ရဲ့သဘောက သူ့ကို အထိန်းအကွပ်မဲ့ ထားလို့ရှိရင် စိတ်ကို မကောင်းမှုဒုစရိုက်တွေက ဖုံးလွှမ်းလာတတ်တယ်။ ဒီလိုမကောင်းမှုဒုစရိုက်တွေကို ပြုကျင့်ခြင်းအားဖြင့် အခက်အခဲတွေ ပြဿနာတွေ အပြစ်တွေ ဖြစ်ပေါ်လာတတ်တယ်။ ကုသိုလ်ကံခေါ်တဲ့ ကောင်းမှုပြုခြင်းက စိတ်ကို လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဒုစရိုက်တွေကို ကင်းစင်စေတယ်။ လောဘစိတ်က လူတစ်ယောက်ကို ပစ္စည်းဥစ္စာ စည်းစိမ်ချမ်းသာတွေကို စုဆောင်းသိုလှောင်လာအောင် အားပေးတယ်။ ဒေါသကတော့ လူတစ်ယောက်ကို အလိုမကျ မုန်းတီး ခါးသီးလာတတ်အောင် အားပေးတယ်။ မောဟဆိုတဲ့ မသိနားမလည်မှု၊ မိုက်မဲမှုကတော့ လူကို လောဘ၊ ဒေါသမှာ ငြိတွယ်စေတယ်။ ဒီလို လောဘဖြစ်တာ၊ ဒေါသဖြစ်တာကိုပဲ ကောင်းတယ်လို့ ထင်မြင်လာအောင်လည်း လုပ်တတ်တယ်။ အကုသိုလ်ကံ၊ ဒုစရိုက်တွေကတော့ လူကို ပိုပြီး ဒုက္ခဆင်းရဲတွင်းနက်အောင် လုပ်တတ်တဲ့အပြင် တရားဓမ္မကိုလည်း မသိနားမလည်ဘဲ ဝေးကွာသွားအောင် လုပ်တယ်။
ဘ၀ခရီးလမ်း တစ်လျှောက်လုံးမှာ မိမိတို့အတွက် အထောက်အကူ ပေးနိုင်တာကတော့ ကောင်းမှုကုသိုလ်၊ သုစရိုက် တရားတွေပဲဖြစ်တယ်။ ကုသိုလ်ကောင်းမှုဆိုတာက မိမိအတွက်ရော၊ သူတစ်ပါး အတွက်ပါ ကောင်းကျိုးချမ်းသာကို ပေးနိုင်တယ်။ ဒါ့အပြင် စိတ်ဓာတ်ရေးရာမှာလည်း ဖွံ့ဖြိုးတိုးတက်အောာင် စွမ်းဆောင်နိုင်တယ်။ လူတစ်ယောက် ရှာဖွေသိမ်းဆည်းထားတဲ့ စည်းစိမ်ဥစ္စာ ရတနာတွေ အခိုးခံရနိုင်ပေမဲ့၊ မီးပေး၊ ရေဘေး၊ မင်းဘေးတွေကြောင့် အဖျက်အဆီးခံရတတ်ပေမဲ့ ကောင်းမှုကုသိုလ်ကံကိုတော့ ဘယ်သူမှ ဖျက်ဆီးလို့မရဘူး။ ဘာဘေးမှလည်း မကျရောက်ရုံမက ဒီဘ၀ကသေပြီးတာတောင် နောက်ဘ၀တွေအထိ ဆက်ကာဆက်ကာ အကျိုးပေးတတ်သေးတယ်။ ကံအကျိုးပေးမှုက ကောင်းမှုတွေကို ဆက်ပြီး မလုပ်ဘဲ ထားရင်တော့ သူ့အကျိုးပေးတွေလည်း တဖြည်းဖြည်း ကုန်ခန်းသွားတတ်တဲ့ သဘောမျိုးရှိတယ်။ ကုသိုလ်ကံ သုစရိုက်တရားတွေကို ဆက်ပြီး ပွားများပြုလုပ်နေသူအဖို့တော့ ခုလက်ငင်းဘ၀မှာရော နောင်တမလွန် ဘ၀များတိုင်အောင် ချမ်းသာသုခတွေကို ခံစားရတတ်တယ်။
ကုသိုလ်ကံဟာ ကြီးကျယ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေသူ၊ အခက်အခဲတွေကို လွယ်ကူစေနိုင်သူပါ။ ကုသိုလ်ကံတွေရှိတဲ့လူဟာ ဘယ်အမှုကိစ္စကိုပဲ စွန့်စားလုပ်ကိုင်တယ်ဆိုဆို အောင်မြင်နိုင်တယ်။ စီးပွားရေး လုပ်ငန်းကြီးတစ်ခု လုပ်ချင်တယ်ဆိုရင်လည်း ဒီလိုပုဂ္ဂိုလ်ဟာ အဆက်အသွယ်ကောင်းတွေ၊ မိတ်သင်္ဂဟ ကောင်းတွေနဲ့ ဆက်ဆံပေါင်းသင်းရပြီး နေ့ချင်းညချင်း ကြီးပွားတိုးတက်နိုင်တယ်။ ပညာရှင်ဖြစ်ချင်တယ် ဆိုရင်လည်း သူဟာ ပညာရှိသူတော်ကောင်းတွေနဲ့ ပေါင်းသင်းရပြီး ထူးချွန်ပြောင်မြောက်တဲ့ ပညာရှင်ကြီး ဖြစ်လာနိုင်တယ်။ တရားဘာဝနာအလုပ်ကို အားထုတ်ချင်ရင်လည်း သူ့ကို မဂ်ဥာဏ်ဖိုလ်ဥာဏ်အထိ ရောက် အောင် လမ်းညွှန်ပို့ဆောင်ပေးနိုင်တဲ့ ကလျာဏမိတ္တ ဆရာကောင်း သမားကောင်းကို ပေါင်းသင်းရတတ်တယ်။ သူ့ဘ၀များစွာကို ဆုတောင်းဖြည့်ဆည်းလာခဲ့တဲ့ ကုသိုလ်အဆောက်အအုံကြီးက သူစိတ်ကူးသမျှ ကြံစည်သမျှ အကြံအစည်တွေ အောင်မြင်အောင် အကျိုးပေးတတ်တယ်။ ဒီကုသိုလ်ကံ အရှိန်သတ္တိကြောင့် ကုသိုလ်ကောင်းမှုပြုထားသူဟာ နတ်ပြည်နတ်ရွာမှာလည်း ပဋိသန္ဓေတည်နေ မွေးဖွားနိုင်တယ်။ နတ်လည်း ဖြစ်နိုင်တဲ့အပြင် မြင့်သောမြတ်သော ဘ၀ကနေပြီး နိဗ္ဗာန်မဂ်ဖိုလ် ရောက်သည့်တိုင်အောင် အကျိုးပေး တတ်တယ်။
ကောင်းမှုကံရဲ့ အကျိုးပေးဟာ အလွန်ကျယ်ပြန့်တယ်။ တချို့လယ်ယာမြေကောင်းတွေဟာ သီးနှံအထွက်ကောင်းသလိုပေါ့၊ ကောင်းမှုကုသိုလ်ကံကို ပြုထားသူမှာလည်း တခြားသူများထက် ကောင်းကျိုးပေးတာ အားသန်တယ်။ ရဟန်းသံဃာကိုပြုတဲ့ ကုသိုလ်ကောင်းမှု၊ မိဘအပေါ်ပြုတဲ့ ကုသိုလ်ကောင်းမှု၊ မရှိဆင်းရဲသားတွေအပေါ်ပြုတဲ့ ကုသိုလ်ကောင်းမှုတွေဟာ အကျိုးပေးသန်တဲ့ ကုသိုလ်တွေ ဖြစ်တယ်။ ဒီလို ရဟန်းသံဃာတော်များ၊ မိဘများ၊ စားရမဲ့သောက်ရမဲ့ အတိဒုက္ခရောက်နေသူများနဲ့ ပတ်သက်တဲ့ ကုသိုလ်ကောင်းမှုတွေက အံသြလောက်အောင် အကျိုးပေးသန်ကြတယ်။
မြတ်ဗုဒ္ဓက လူတွေအတွက် ကုသိုလ်ကမ္မပထတရားဆယ်ပါးကို သုစရိုက်တရားဆယ်ပါးအဖြစ် ဟောထားတာရှိတယ်။ (ပုညကြိယာဆယ်ပါး)လို့လည်းခေါ်တယ်။ မြတ်စွာဘုရားက ဒီပုညကြိယာဆယ်ပါးကို ချမ်းသာသုခနဲ့ ဘ၀ငြိမ်းချမ်းမှုရလိုသူတိုင်း ပြုသင့်ကြောင်းကိုလည်း ဟောတော်မူတယ်။ ဒီကောင်းမှုများဟာ အသိဥာဏ်ပညာတိုးပွားမှုကိုလည်း အထောက်အကူပြုတယ်။
ဒီသုစရိုက်တရားဆယ်ပါးမြတ်တရားတွေက…
၁။ ပေးကမ်းစွန့်ကြဲခြင်း
၂။ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ပြုလုပ်ခြင်း
၃။ စိတ်ကို ပြုစုပျိုးထောင်ခြင်း
၎။ ရိုသေထိုက်သူကို ရိုသေတတ်ခြင်း
၅။ ကူညီ ပံ့ပိုးပေးခြင်း
၆။ ကောင်းမှု ကုသိုလ်ကို ဝေမျှခြင်း
၇။ သူတစ်ပါး ကုသိုလ်ကောင်းမှုအတွက် ၀မ်းမြောက်ခြင်း
၈။ တရားဟောခြင်း
၉။ တရားနာခြင်း
၁၀။ အယူဖြောင့်မှန်ခြင်းတို့ပဲ ဖြစ်တယ်။
ဒီပုညကြိယာ၁၀ပါးကို ကျင့်ကြံပြုလုပ်သူဟာ မိမိမှာသာ အကျိုးကျေးဇူး ခံစားရတာမဟုတ်ဘူး။ တစ်ပါးသူများကိုလည်း အကျိုးကျေးဇူး ဖြစ်ထွန်းစေတယ်။ ကိုယ်ကျင့်စရဏဟာ လူခပ်သိမ်းတို့ကို အကျိုးကျေးဇူး ဖြစ်ထွန်းစေတယ်။ အချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံမှုမျိုးကိုလည်း ဖြစ်လာနိုင်တယ်။ စိတ်ကို သမာဓိရအောင် ပြုစုပျိုးထောင်ခြင်းအားဖြင့် သူတစ်ပါးအတွက်လည်း ငြိမ်းချမ်းမှုကို ခံစားရစေတယ်။ ဒီလို စိတ်မှာ ငြိမ်းချမ်းမှုရလာတာကြောင့် သူတို့တွေအနေနဲ့လည်း တရားဓမ္မကို ကျင့်ကြံပွားများလိုစိတ် ပေါ်လာစေနိုင်တယ်၊ အရိုအသေပြုမှု၊ ကိုင်းရှိုင်းမှုဟာ လူ့အဖွဲ့အစည်းရဲ့ ညီညွတ်မှုကို ဖြစ်ပေါ်စေတယ်။ ဒီလို အကျိုးပြုတဲ့လုပ်ရပ်ကြောင့် လူ့လောက၊ လူ့ဘ၀လည်း တိုးတက်ဖွဲ့ဖြိုးလာနိုင်တယ်။ ကုသိုလ်ကောင်းမှုကို အမျှပေးဝေခြင်းက မိမိအနေနဲ့ သူတစ်ပါးကိုလည်း ကောင်းကျိုးချမ်းသာ ရရှိခံစားစေလိုတဲ့ စေတနာကိုပြတာ ဖြစ်တယ်၊ သူတစ်ပါး ချမ်းသာစေမှုအတွက်လည်း မိမိဟာ ကြောင့်ကြစိုက်မှု ရှိတယ်ဆိုတာကိုလည်း ပြရာရောက်တယ်။ သူတစ်ပါးရဲ့ ကောင်းမှုကုသိုလ်အတွက် မိမိကလည်း ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်းဟာ တခြားသူတွေကို ကုသိုလ်ကောင်းမှုတွေ ပိုပြီးပြုချင်လာအောင် အားပေးခြင်းမည်ပါတယ်။ တရားဟောခြင်း၊ တရားနာခြင်းကတော့ တရားဟောသူအတွက်ရော၊ တရားနာသူအတွက်ပါ နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ရတဲ့အတွက် ဟောသူရော နာသူအတွက်ပါ တရားနဲ့ နေထိုင်ဆက်ဆံလိုစိတ်ကို အားပေးခြင်းမည်ပါတယ်။ အယူဖြောင့်မှန်ခြင်းကတော့ မိမိကျင့်သုံးဆောက်တည်နေတဲ့ ဓမ္မရဲ့အလှကို တစ်ပါးသူတွေကိုပါ မြင်လာအောင် စွမ်းဆောင်နိုင်တယ်။
ဓမ္မပဒ ဒေသနာတော်ထဲမှာမြတ်ဗုဒ္ဓက …
ပုဂ္ဂိုလ်သည် ကောင်းမှုကို ပြုပြီးသော်လည်း
ထိုကောင်းမှုကို ထပ်ကာ ထပ်ကာ ပြုရာ၏။
ထိုကောင်းမှု၌ စိတ်အလိုဆန္ဒကို ပြုရာ၏။
ကောင်းမှုကိုပွားခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်း။
နောက်ဆက်ပြီးဟော်တော်မူတာက …
အနည်းငယ်သော ကောင်းမှုသည်
(ငါ့အား) အကျိုးရောက်လိမ့်မည် မဟုတ်ဟု
ကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ။
မိုးရေပေါက်သည် ကျဖန်များလတ်သော်
ရေအိုးသည် ပြည့်ဘိသကဲ့သို့
အနည်းငယ်၊ အနည်းငယ်မျှသော ကောင်းမှုကို
ပြုဆည်းပူးဖန်များလတ်သော် ကောင်းမှုဖြင့်ပြည့်၏။
ဒီလို ဓမ္မပဒမှာ ဟောတော်မူထားတယ်။
ဒုစရိုက်တရားဆယ်ပါးကိုတော့ ရှေ့အပတ်မှ ဆက်ကြ ရအောင်။ ။
၂၀၁၀ခုနှစ်၊ သြဂုတ်လ (၉)ရက်။ နံနက် ၁၁နာရီ၊ ၈မိနစ်။
၂၀၁၁ခုနှစ်အတွက် အနည်းဆုံးလုပ်ခသတ်မှတ်ချက်ထွက်ပြီ
သြဂုတ်လ ၅ ရက်နေ့ ကိုရီးယား အလုပ်သမားဝန်ကြီးဌာနက အတည်ပြုကြေညာချက်အရ ၂၀၁၁ခုနှစ်အတွက် အနည်းဆုံးလုပ်ခသတ်မှတ်ချက်မှာ တစ်နာရီ ဝမ် ၄၃၂၀ ဖြစ်ပြီး ၊ ယခုနှစ် သတ်မှတ်ချက် ဝမ် ၄၁၁၀ ထက် ၅ဒဿမ ၁ ရာခိုင်နှုန်း တိုးမြှင့်လိုက်ကြောင်း သိရသည် ။
ရက်သတ္တတစ်ပတ်လျင် နာရီ ၄၀ (တစ်လ၂၀၉နာရီ) လုပ်ရသော အလုပ်ရုံ စက်ရုံများအတွက် အနည်းဆုံးလုပ်ခလစာမှာ ဝမ် ၉ သိန်း ၂ထောင် ၈၈၀ ဖြစ်ပြီး ၊ ရက်သတ္တတစ်ပတ်လျင် ၄၄ နာရီ (တစ်လ၂၂၆ နာရီ) လုပ်ရသော အလုပ်ရုံ စက်ရုံများအတွက် အနည်းဆုံးလုပ်ခလစာမှာ ဝမ် ၉ သိန်း ၇သောင်း ၆ထောင် ၉၂၀ ဖြစ်မည်ဟုဆိုသည် ။
ကိုရီးယားအလုပ်သမားဝန်ကြီးဌာနသည် အနည်းဆုံးလုပ်ခသတ်မှတ်ချက်ကို နှစ်စဉ် ပြန်လည် သုံးသပ် သတ်မှတ်ပြဋ္ဌာန်းပေးလျက်ရှိရာ၂၀၀၁ခုနှစ်က အနည်းဆုံးလုပ်ခသတ်မှတ်ချက်မှာ တစ်နာရီ ဝမ် ၂၁၀၀ ဖြစ်ကြောင်းသိရသည် ။ ယခု၂၀၁၁ ခုနှစ် အတွက် အနည်းဆုံးလုပ်ခသတ်မှတ်ချက်သည် ၂၀၁၁ခုနှစ် ဇန္နဝါရီ ၁ ရက်နေ့မှစ၍ အသက်ဝင်မည်ဟုဆိုသည် ။
အနည်းဆုံးလုပ်ခသတ်မှတ်ချက်အောက် လျှော့နည်းသော လုပ်ခလစာများဖြင့် ချုပ်ဆိုထားသော အလုပ်စာချုပ်များ (Standard Labor Contract) သည် အလိုအလျောက် ပျက်ပျယ်ပြီး ၊ အလုပ်ရှင်သည် အလုပ်သမားအား အနည်းဆုံးလုပ်ခ သတ်မှတ်ချက် လစာ (Minimum Wages) အောက် မလျှော့သော လုပ်ခဖြင့် သဘောတူချုပ်ဆိုထားသည့် အလုပ်စာချုပ်များအဖြစ် မှတ်ယူရမည်ဟု အနည်းဆုံးလုပ်ခ သတ်မှတ်ချက်ဥပဒေ (The Minimum Wages Law) ပုဒ်မ ၆ က ဆိုပါသည် ။
Saturday, August 7, 2010
၂၂ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့
Friday, August 6, 2010
ကင်မဲမြို့တော်က ရွှေရွာ(Golden Village) ဖွင့်ပွဲ
လွန်ခဲ့တဲ့ သြဂုတ် ၁ရက် (တနင်္ဂနွေ) နေ့က ကင်မဲမြို့တော် (Gimhae City) မှာ ရွှေရွာ(Golden Village)ဖွင့်ပွဲကို ကျင်းပခဲ့ပါ တယ် ။ ကိုလွင်တို့ ကိုလှထွန်းတို့ ကိုရှမ်းတို့က ကြိုတင် ဖိတ်ကြားထားတာမို့ အခမ်းအနားသို့ ကျနော် တက်ရောက်ဖြစ်ခဲ့ပါတယ် ။
ဖွင့်ပွဲ အခမ်းအနားသို့ စိတ္တသုခ (ဒေဂု) ဆရာတော် ဦးဝိစိတ္တ ပြည်တော်ဦး(ဘူဆန်) ဆရာတော် ဦးပဏ္ဍိစ္စ နှင့် Gimhae Yeo Yeo Jeong Sa Temple မှ Do Myeong Seunim တို့ကြွရောက်ချီးမြှင့် တော်မူခဲ့ကြပြီး ၊ မိတ်သင်္ဂဟ တစ်ရာနီးပါး ကြွရောက်ခဲ့ကြပါ တယ် ။
ပထမက မြန်မာဆိုင်ဖွင့်ပွဲလို့သာ ကျနော်သိထားတာပါ ။ ပြည်တော်ဦး ဆရာတော်က ဆုံးမစကား ချီးမြှင့်တော့မှ Golden Village ဟာ ဆိုင်သက်သက် မဟုတ်ဘဲ ၊ ကင်မဲမြို့မှာ ကျနော်တို့ ရွှေမြန်မာများ ခိုနားဖို့ နေရာတစ်ခုအဖြစ် မြန်မာ အလုပ်သမားများက စုပေါင်းပြီး ထူထောင် ဖွင့်လှစ်ကြတာ ဖြစ်ကြောင်း ၊ ဆိုင်မဖွင့်မှီ ဆရာတော်ဘုရားများရဲ့ သြဝါဒကို ခံယူခဲ့ကြသေးကြောင်း သိခွင့်ရခဲ့ပါတယ် ။
အကြောင်းအမျိုးမျိုးကြောင့် မြန်မာအလုပ်သမားများ အလုပ်မရှိလို့ အပြောင်းအရွှေ့ကာလ နေစရာမရှိဖြစ်ကြတဲ့ အခါမျိုး သည်နေရာမှာ ခေတ္တ တည်းခို နားနေ နိုင်ကြကြောင်း ၊ သက်ဆိုင်ရာ လူထု အဖွဲ့အစည်းများ (Civil Societies) ကို ဖိတ်ကြားပြီး အလုပ်သမားပြဿနာများကို အကြံပြုဆွေးနွေးခြင်း ၊ အလုပ်သမားများ အရည်အချင်းမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ် ။
ဆိုင်နေရာက ကင်မဲမြို့ ဈေးကြီးဝန်းကျင်မှာ ဖြစ်ပြီး ဘေးပတ်ဝန်းကျင် လမ်းတစ်လျှောက်မှာတော့ အုစဘက်ကစ္စတန် ၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ ကမ္ဘောဒီယား စတဲ့ အခြားသော နိုင်ငံခြားသား ဆိုင်များလည်း အစီအရီရှိနေတာကို တွေ့ခဲ့ရပါတယ် ။ ရွှေရွာရဲ့ မျက်စောင်းထိုးမှာရှိတဲ့ အင်ဒိုနီးရှားဆိုင် အပေါ်ထပ်မှာတော့ အင်ဒိုနီးရှား အလုပ်သမားစင်တာဆိုပြီး ဆိုင်းဘုတ်ထောင်ထားတာကိုလည်း ဂရုပြုမိပါတယ် ။
Golden Village မှာ မြန်မာအစားအသောက်များအပြင် ၊ စားသောက်ကုန်ပစ္စည်းများ အသုံးဆောင် ပစ္စည်းများ ဖုန်းကဒ် စသည်များ ရောင်းချမှာဖြစ်ပြီး ၊ မြန်မာပြည်သို့ ပစ္စည်း တင်ပို့ခြင်း ၊ မြန်မာပြည်မှ ပစ္စည်းများ မှာယူခြင်းအစရှိတဲ့ ဝန်ဆောင်မှုလုပ်ငန်းတို့ကိုလည်း ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ် ။
ဘာပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ကင်မဲမြို့ကို ရောက်ခဲ့မယ်ဆိုလျင် ကျနော်တို့ ရွှေမြန်မာများ တစ်ထောက်နားခိုစရာ ရနိုင်ပြီမို့ ၊ ဟန်းဂုရွာမှတစ်ဆင့် ဝမ်းမြောက်စကား ဆိုလိုက်ရပါတယ် ။
ဆိုင်နေရာကတော့ -
Goldef Village
Myanmar Food & Restaurant
3rd Floor of 83-2,
Seosang Dong,
Gimhae City,
Kyeongnam,
Korea 621-030 ဖြစ်ပြီး ၊ 010-2541-9464, 010-4993-9510, 010-2349-4747 တို့ထံ ဆက်သွယ်နိုင်ကြပါသတဲ့ ခင်ဗျာ ။
Wednesday, August 4, 2010
လုပ်သက်ဆုကြေးအာမခံငွေနှင့် ပြည်တော်ပြန်စရိတ် အာမခံငွေတို့ကို ဆမ်ဆောင်း အာမခံကုမ္ပဏီက ဖြတ်တောက်နေသည့် ပြဿနာ
မေးခွန်း ၂ ခု
ပြဿနာက ၂ ခုပါ ။ ပေါင်းပြီး ဖြေကြည့်လိုက်ပါတယ် ။ မသိသေးသူများလည်း သိရအောင် ။ သိပြီးသူများကတော့ နှစ်ထပ်ရှိတော့ ပိုမှတ်မိအောင်ပေါ့ခင်ဗျာ ။
- လုပ်သက်ဆုကြေးအာမခံငွေ (출국만기보험) ကို ဆမ်ဆောင်းကဖြတ်ယူထားတယ်အစ်ကို ကျနော်ဘာဆက်လုပ်ရမလဲ ။
- ကျနော့်လေယာဉ်လက်မှတ်ဖိုး (ပြည်တော်ပြန်စရိတ်အာမခံငွေ: 귀국비용보험) ထဲက ဆမ်ဆောင်းက တစ်သိန်းဖြတ်ထားလို့ခင်ဗျ ၊ ကျနော်ဘာဆက်လုပ်ရမလဲ ။
ကြွေးကျန်ရှိနေလို့ဗျို့
ပထမမေးခွန်းရှင်က ၊ ဘယ်လောက်ဖြတ်ထားသလဲဆိုတော့ ၅သိန်းလို့ ဆိုပါတယ် ။
လေယာဉ်စရိတ်အာမခံကြေးရော ပြန်ထုတ်ပြီးပြီလားဆိုတော့ ၊ မထုတ်ရသေးဘူးအစ်ကိုတဲ့ ။ ညီ ၊ အဲဒီအာမံကြေးသွင်းထားရဲ့လားဆိုတော့ ၊ မသိဘူးအစ်ကို ။ တစ်ခါမှ အဖြတ်မခံခဲ့ဖူးဘူး တဲ့ ။
ဒါဆိုရှင်းပြီ ။
သူပြည်တော်ပြန်စရိတ်အာမခံမထားခဲ့တဲ့အတွက် ၊ သူ့လယ်ဂျာ(စာရင်း)မှာ ကြွေးကျန်ရှိနေတာကို ဆမ်ဆောင်းက ဖြတ်ယူထားလိုက်တာလို့ ကျနော် တန်းပြီး အဖြေထုတ်ပေးလိုက်ပါတယ် ။ ဒီတော့ ညီ ဘယ်တော့မြန်မာပြည်ပြန်မလဲဆိုတော့ ၊ နောက်အပတ်ထဲမှာအစ်ကိုတဲ့ ၊ လေယာဉ်လက်မှတ်ရော ဝယ်ပြီးမလားဆိုတော့ ၊ ဝယ်ပြီးပါပြီတဲ့ ။ ဒီလိုဆို အလုပ်သမားရုံး (노동부,근로지원센터) ကိုသွား အိမ်ပြန်တော့မလို့ဆိုပြီး သတင်းပို့ ။ အိမ်ပြန်စရိတ်ကိုပြန်လျှောက်လိုက်ဆိုတော့ ပြဿနာက ရှင်းသွားပါတယ် ။
အာမခံ ၂မျိုး မထားမနေထားကြ
ဒီနေရာမှာ ကျနော် ထပ်ပြီးပြောချင်တာက ၊ ပြောရတာ ရေးရတာ လည်း ထပ်တော့ ထပ်နေပြီ ။ ကျနော်တို့ ညီအစ်ကိုများ ရွာထဲမှာ ကြိုးစားပြီး မရှာချင်ကြဘူး ။ အီးပီလုပ်သားတိုင်း မထားမနေ ထားကြရမယ့် အာမခံ ၂ မျိုးရှိပါတယ် ။ မထားလျင် ပြစ်ဒဏ်များလည်း သတ်မှတ်ထားပါတယ် ။ အဲဒါ ကိုယ့်အတွက်ပါ ။ အဲသည် အာမခံ ၂မျိုးကိုတော့ ကျနော်တို့ မိတ်ဆွေ ညီငယ်များ မဖြစ်ဖြစ်အောင်ထားစေချင်ပါတယ် ။ စက်ရုံသူဌေးကမသိလည်း ပြောပြပြီး ထားကြလျင် ကောင်းမယ်လို့ သဘောရပါတယ် ။
တစ် ။ အရေးပေါ်အသုံးစရိတ်အာမခံ နှင့်
နှစ် ။ ပြည်တော်ပြန်စရိတ်အာမခံ ပါ ။
တစ်ဖက်ကယူပြီး အခြားတစ်ဖက်ကိုပြန်ပေး
အရေးပေါ်အသုံးစရိတ်အာမခံကတော့ လောင်းကစားသဘောဆန်သောအာမခံစနစ်ဖြစ်ပါတယ် ။ သွင်းရတဲ့ငွေကလည်း နည်းနည်းပါးပါး သောင်းဂဏန်းလောက်ပဲ ဖြစ်ပါတယ် ။ အာမခံကာလအတွင်း အာမခံထားသော ဖြစ်စဉ် (လုပ်ငန်းခွင်နှင့် မပတ်သက်သော ထိခိုက်မှု စသည်များ) ဖြစ်လျင်ဖြစ် မဖြစ်လျင် ၊ အာမခံကုမ္ပဏီက စားပါတယ် ။ သူစားတယ်ဆိုတာကလည်း အခြားသူတွေကို ပြန်လျော် ပေးဖို့ပါ ။ အာမခံကုမ္ပဏီဆိုတာ ဒိုင်သဘောဆောင်ရွက်နေတာဖြစ်ပြီး ၊ တစ်ဖက်ကယူထား တာကို အခြားတစ်ဖက်ကို ပြန်ပေးတဲ့သဘောပါ ။ စိတ်ထားတတ်ရင် ကုသိုလ်တောင်ရပါသေးတယ် ။
ကျနော်တို့ ကိုယ်စား စုပေးထားတဲ့ငွေ
ပြည်တော်ပြန်စရိတ် အာမခံကတော့ အပ်နှံငွေအမျိုးအစားအာမခံပါ ။ ကျနော်တို့ ပြန်မထုတ်ယူမချင်း သူ့မှာ ထိန်းသိမ်းထားဖို့ တာဝန်ရှိပါတယ် ။ အာမခံထားတဲ့ ကာယကံရှင် ကိုရီးယားကနေ အပြီးပိုင် မပြန်မချင်း ထုတ်မပေးရပါဘူး ။ နာမည်ကို က အိမ်ပြန်စရိတ်အာမခံငွေပါ ။ အိမ်ပြန်စရိတ်မရှိလို့ ကိုရီးယားမှာ သောင်တင်နေတာမျိုး ၊ အိမ်ပြန်စရိတ်ကို လဝက ဝန်ထမ်းတွေ တာဝန်ခံပြီး ရှင်းပေးရတာမျိုးမရှိရလေအောင် စီမံထားတဲ့ အာမခံငွေပါ ။ ဒီအာမခံငွေဟာ ကျနော်တို့ကိုယ်စား အာမခံကုမ္ပဏီက စုထားပေးတဲ့ သဘောပါ ။ အတိုးတောင်ပေးပါသေးတယ် ။ ကာယကံရှင် ကွယ်လွန်သွားတဲ့ ကိစ္စမျိုးဆိုလည်း အမွေဆက်ခံခွင့်ရှိသူက အာမခံထားသူကိုယ်စား ပြန်ထုတ်ယူလို့ရပါတယ် ။
တစ်လုံးတစ်ခဲတည်း ထုတ်ယူရတဲ့ငွေ
ဒုတိယမေးခွန်းရှင်က ဘယ်လောက်ဖြတ်ထားသလဲဆိုတော့ ၁ သိန်း ဖြတ်ထားတယ်ခင်ဗျ တဲ့ ။ ဒါဆို ပြဿနာကို ကျနော် သိလိုက်ပြီ ။ ညီ သွင်းထားတဲ့ငွေ ၅သိန်းပြည့်ရဲ့လားဆိုတော့ ၊ အသေအခြာ မမှတ်မိဘူးခင်ဗျ ။ စက်ရုံအပြောင်းအရွှေ့နှင့်ဆို ကျနော်လည်း သတိမထားမိဘူးတဲ့ ။ ပြန်စစ်ကြည့်ပါဦး ၊ ဘဏ်စာအုပ်က ဖြတ်ထားတာမဟုတ်လားဆိုတော့ ။ သူပြန်စစ်ပါတယ် ။ ညနေ ဖုန်းလာပါတယ် ။ ဟုတ်တယ်အစ်ကို ၁ သိန်း ၄ ခါပဲ ဖြတ်ထားတာတွေ့ပါတယ်တဲ့ ။
အဲသည် အိမ်ပြန်စရိတ်အာမခံငွေဆိုတာ တစ်ဝက်တစ်ပြက် ပိုင်းပြီး ထုတ်ယူလို့ရတဲ့အမျိုးမဟုတ်ပါဘူး ။ တစ်လုံးတစ်ခဲတည်း ထုတ်ယူရတဲ့အမျိုးပါ ။ တစ်စုံတစ်ယောက်က ကြားက အကြံအဖန်လုပ်ပြီး လိမ်ထုတ်သွားရင်လည်း အားလုံးထုတ်ယူသွားမှာပါ ။ ကာယကံရှင် မသိဘဲ ကြားလူက လိမ်ထုတ်သွားတယ်ဆိုရင်တော့ လိမ်ထုတ်သွားသူကို တရားစွဲလို့ ရတယ်လို့ ဆိုပါတယ် ။
ဆမ်ဆောင်းက အကြောင်းမဲ့ ဖြတ်မည်မထင်
သည်တော့ လူကြီးမင်းတို့၏ လုပ်သက်ဆုကြေးအာမခံငွေနှင့် ပြည်တော်ပြန်စရိတ်အာမခံငွေတို့ကို ဆမ်ဆောင်း အာမခံကုမ္ပဏီအနေဖြင့် အကြောင်းမဲ့ မတရား ဖြတ်ယူခြင်း မပြုနိုင်ပါကြောင်း သဘောတွေ့ကြ စေလိုပါသည်ခင်ဗျာ ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Tuesday, August 3, 2010
ချောင်းကြည့်သူရဲ့ အမှား အမှတ် ၂၅
တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ မိုးဥတုဟာ အရေးပါတဲ့ ကာလတခု ဖြစ်လေ့ရှိပါတယ်။ ဆန်စပါးကို အဓိက အားထားရတဲ့ ရွှေပြည်တော် ဖြစ်တာမို့ မိုးအခါမှာ လယ်ယာလုပ်ငန်းကို အားစိုက်ခွန်စိုက် လုပ်ကြရလေ့ ရှိပါတယ်။ မိုးမှာ စိုက်မှ ဆောင်းမှာ ရိတ်နိုင်မှာ မဟုတ်လား။ မိုးလွန်မှ ထွန်ချလို့ မရဘူးလေ။
အဲသည့် မိုးအခါမှာပဲ မြန်မာ့နိုင်ငံရေး မုန်တိုင်းတွေ ထန်ခဲ့လေသပေါ့။ ရွေးကောက်ပွဲ နှစ်ပတ်လည်, ဒေါ်စုမွေးနေ့, ဆဲဗင်းဇူလိုင်, အာဇာနည်နေ့, ရှစ်လေးလုံး, စက်တင်ဘာ ၁၈, ရွှေဝါရောင် စတာတွေ စီကာစဉ်ကာပါပဲ။ ဒီလို နိုင်ငံရေး မုန်တိုင်းထန်ချိန်မျိုးမှာ နိုင်ငံအုပ်ချုပ်တဲ့ ဗိုလ်ချုပ်မင်းကြီးများကတော့ ရွှေပြည်တော်ကြီး တိုးတက် သာယာ ဖွံ့ဖြိုး ကြီးထွား ပေါက်ပြဲ နေပုံများကို တိုင်းခန်းလှည့်လည် ကြည့်ရှုတော်မူတတ်ပါတယ်။
ဒီနှစ်မှာတော့ ကြပ်ပြေးလိုဏ်ခေါင်းများကို အစိုးရတော်မူသော ဗိုလ်ချုပ်မင်းကြီးက မဇ္စျိမဒေသသို့ တိုင်းခန်းလှည့်လည်တော် မူတယ်ခင်ဗျ။ ကိုကြီးပေါ်လည်း တရုတ်-၀ုခုန်းရဲ့ မဇ္ဈိမခရီးနဲ့ ရွှေ-၀ုခန်းရဲ့ မဇ္စျိမခရီး ဘယ်လိုနေသလဲလို့ ချောင်းကြည့်လိုက်မိတယ် ခင်ဗျ။
ဆင်ဖြူယောင် ဂါတဲ့အခါ
ရွှေပြည်တော် အနောက်ဖက်က ဒီမိုကရေစီ နိုင်ငံကြီး ဆိုတဲ့ ကုလားပြည်ဟာ ဗိုလ်ချုပ်မင်းကြီးများနဲ့ နှစ်ပြည့်တပြည် ပလူးပလဲ လုပ်နေတာ နှစ်အတော်ကြာပါပြီ။ အရင်တုန်းကတော့ ဒီ မမိုရင် ကရေ မစီဘူး ရယ်လို့ ခတ်တင်းတင်း နေခဲ့လေသပေါ့။ ဒါပေမယ့် ဗိုလ်မင်းများကို အရှေ့ဖက် တရုတ်ကြီးက “ပေါက်ဖော်” လုပ်တော့ အနောက်ဖက် ကုလားကြီးကလည်း “ဆွေမျိုး” လုပ်လာရတာပါပဲ။ အဲ… ကြားထဲက နအဖကို တရုတ်နဲ့ ကုလားက တယောက်တဖက် ဆွဲနေကြပေမယ့် သူတို့ချင်းတော့ လက်ချင်းတိုက်ရိုက် ဆွဲမဆွဲ မသေချာဘူး ခင်ဗျ။
အခု ဗိုလ်ချုပ်မင်းကြီး ကုလားပြည်ကို ဒုတိယမ္ပိ ကြွတော်မူတာကို “ချစ်ကြည်ရေး”လို့ ခေါင်းတပ်ထားတာ တွေ့ရပါတယ်။ ဘယ်လိုပဲ ခေါင်းတပ်တပ်ပါလေ နောက်ဆုံးတော့ ဆွေမျိုး-ပေါက်ဖော် ပြဇာတ်ကကြတာပဲ ဆိုတာ အားလုံး သိပြီးသားရယ်ပါ။ ဒီခရီးမှာ သဘောတူ စာချုပ်တွေ, နားလည်မှု စာချွန်လွှာတွေ တထပ်ကြီး လက်မှတ် ရေးထိုးကြပါတယ်။ တရုတ်ဖက်က ကြိုးတချောင်း တင်းရင် ကုလားဖက်ကလည်း ကြိုးတရစ် တင်းရပေမပေါ့။
ဒီခရီးမှာ နိုင်ငံရေးအရ ဘာညာဘာညာ ဆိုတာတွေထက် အများသူငါ စိတ်ဝင်စားတာကတော့ “ငွေရောင်ပ၀ါ” ဖက်ရှင်နဲ့ “ဂန္ဒီဂျီးဗိမာန်”ကို ဂါရ၀ါပြုတာပါပဲ။
ဗုဒ္ဓဂါယာမှာ ဗိုလ်ချုပ်မင်းကြီးနဲ့ မင်းကတော်တို့ ဘုရားဖူးကြတဲ့အခါမှာ ငွေရောင်ပ၀ါ လည်မှာ စုံချထားတဲ့ ဖက်ရှင်အသစ်ကို တွေ့လိုက်ရပါတယ်။ အင်း… ဘုရားဖူးတဲ့အခါ ပခုံးပေါ်မှာ တင်တဲ့ အ၀တ်ဆိုတော့ တဘက် ခေါ်ရမလားပဲ။ သို့သော် တဘက်ဆိုရင် ပခုံးတဖက်တည်းမှာ တင်ချင်တင် ဒါမှမဟုတ် ညာချိုင်းအောက်ကနေ ဘယ်ပခုံးထက်ကို ရစ်သိုင်းပြီး လက်ကတော့ထိုးရင်ထိုး ဒီလို လုပ်ကြလေ့ ရှိတယ် မဟုတ်လား။ ခုနှယ် လည်ပင်းမှာ ဘယ်ညာစုံချထားတော့ ပ၀ါလား မာဖလာလား တဘက်လား ဘယ်လို ခေါ်ရမယ် မသိ။ ထားပါတော့။ ဒီဇိုင်း အသစ်လို့ပဲ ဆိုကြပါစို့။
အဲသည် ဒီဇိုင်းအသစ် ဖျတ်ခနဲ ပေါ်လာတာနဲ့ ဗိုလ်ချုပ်မင်းကြီးကို အရိပ်တကြည့်ကြည့် ကြည့်နေတဲ့ ရွှေပြည်တော်သားတွေက လှစ်ခနဲ မြင်ပြီးသားပဲ။ မြင်လျှင်မြင်ချင်းပဲ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ဆက်တိုက် ပေါ်လာတာပါပဲ။ ဒါ ယတြာချေတာ…။ ငွေရောင်ဆိုတာ ဘာလဲ…။ ဘာလို့ လည်မှာ စုံချတာလဲ…။ လဲ လဲ လဲ … အောက်မလေး ဖွင့်ဆိုချက်တွေ မေးခွန်းတွေ တသီကြီးကို ထွက်လာတော့တာပါပဲ။ ကိုကြီးပေါ်တောင် မူးနောက်သွားတယ်။
ဟိုလိုဒီလို ပြောကြတာတွေကို ကိုကြီးပေါ် ပြန်ပြောမနေတော့ပါဘူး။ သိချင်ရင် ရှာသာဖတ်ကြည့် လက်တို့မေးကြည့် ကြပါတော့။ မိုးသောက်ကြယ် ပရိသတ်ကိုတော့ သို့လောသို့လောတွေ အတွေးပွား မနေရအောင်လို့ ကိုကြီးပေါ်က တခါတည်း ပြောလိုက်ပါ့မယ်။ မှတ်ထားလိုက်ကြပေတော့။
တကယ်က ဗိုလ်ချုပ်မင်းကြီး မောင်နှံ ငွေရောင်ပ၀ါ လည်မှာ စုံချတာဟာ “ငါတို့ ဆင်ဖြူသခင်” ဖြစ်ပြီလို့ သင်္ကေတနည်းနဲ့ ဖော်ပြလိုက်တာပါပဲ။ ဆက်စပ်ကြည့်လေ။ မကြာသေးခင်က ဆင်ဖြူရတယ်လို့ ကြေညာတယ် မဟုတ်လား။ ဆင်ဖြူသခင် ဖြစ်ကြောင်း ကြွားဖို့ရာ ကြံနေတုန်းမှာ ကုလားပြည် သွားဖို့ကိစ္စ ပေါ်လာတယ်လေ။ ကုလားပြည်ဆိုတာလည်း ဆင်ဖြူရောဂါ ကိုယ်တွင်းပါ နိုင်ငံပဲ မဟုတ်လား။ ဒီကုလားတွေကိုတော့ ငါဟာ ဆင်ဖြူသခင်ပဲဟေ့လို့ ပြောမှဖြစ်မှာပေါ့။
အင်း… ခက်တာက ဆင်ဖြူရကြောင်း ပေါ်တင်ကြီး ပြောရမှာလည်း နည်းနည်း ခက်သလေ။ ဒီတော့ သင်္ကေတနည်းနဲ့ ပြမှပဲဆိုပြီး ငွေရောင်ပ၀ါကို လည်မှာ စုံချလိုက်တာပေါ့။ ငွေရောင်ဆိုတော့ ကြည့်လိုက်ရင် ဆင်စွယ်နှစ်ဖက်လို ထင်ရတာပေါ့။ ဘုရားကန်တော့တဲ့အခါ ခေါင်းလေးအငုံ့ ပ၀ါနှစ်ဖက် ဖျတ်ခနဲအမ ဆိုရင် ဆင်တကောင်အလား တသားတည်းပေါ့။
အဲသလို ဗိုလ်ချုပ်မင်းကြီးက ဆင်ဖြူရှင်ဖြစ်ကြောင်း သင်္ကေတ ပြလိုက်တာကို ဟို ကုလားတွေကလည်း ရိပ်မိတယ် ခင်ဗျ။ သြ… ဒင်းက ဆင်ဖြူရှင်ဆိုပြီး ငါတို့ကို လာကျောတာပေါ့လေ၊ ဒါမျိုးတော့ ဘယ်ရမလဲ၊ ဒီကောင့်ကို ပြန်ဦးနှိမ်မှလို့ ကုလားကလည်း ပြန်တွက်တာပေါ့။ ဒီမှာတင် မဟတ္တမ ဂန္ဒီဂျီးဗိမာန်ကို ဂါရ၀ ပြုဖို့ စီစဉ်လိုက်တော့တာပါပဲ။
ဂန္ဒီ ဆိုတာက လက်နက်မကိုင်တဲ့ ငြိမ်းချမ်းရေးသမား။ နအဖ စစ်ဗိုလ်ချုပ်နဲ့ ဘာမှ မဆိုင်ပါဘူး။ ဗိုလ်ချုပ်မင်းကြီးကလည်း လက်နက်မဲ့ ငြိမ်းချမ်းရေးသမားကို အထင်ကြီး လေးစားတာ မဟုတ်ပါဘူး။ သိပ်တော့ သွားချင်တာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဂန္ဒီဂျီးကို “ဂါ”လိုက်ရင် “ခွင်”တည့်မယ် ဆိုတာနဲ့ သွား ဂါတာပါ။
ရွှေပြည်တော်မှာ ဘာလုပ်ချင်သလဲ၊ သက်ဆိုင်တဲ့ “အဘ”ကို “ဂါ”လိုက်၊ အားလုံး အိုကေ။ အဘ ဆိုတာက စစ်ဗိုလ်ချုပ်ကြီးများကို ဆိုလိုတာ။ ဂါတယ် ဆိုတာက ဂါရ၀ ရဲ့ အတိုကောက်။ “ကျနော် အဘကို ဂါရ၀ ပြုချင်လို့ပါ” ဆိုပြီး အဘကတော် ဆီမှာ အထုပ်လိုက်, အချောင်းလိုက်, အတံလိုက်, အပွင့်လိုက် ဂါရတယ်တဲ့။ အမလေး ကိုကြီးပေါ်ကို မဟုတ်တယုတ်တွေ ရေးတယ်လို့ ချော်မတွေးနဲ့နော်။ အထုပ်လိုက် ဆိုတာ ပိုက်ဆံ၊ အချောင်းလိုက် ဆိုတာ ရွှေ၊ အတံလိုက် ဆိုတာ ကားသော့ အိမ်သော့၊ အပွင့်လိုက် ဆိုတာ စိန် ကိုပြောတာပါ။
ကုလားပွဲစားက ဂန္ဒီဂျီးကို ဂါလိုက်ပါလို့ တိုက်တွန်းတာနဲ့ သွားဂါကြတာ။ သူတို့က ရွှေပြည်တော်မှာလိုပဲ ခွင်တည့်ချင်ရင် အရင် ဂါရမယ် အမှတ်နဲ့ သွားဂါတာ။ သူ့အတွေးနဲ့သူ အိုကေ။ အဟဲ… ကုလားကလည်း သူ့အကြောင်းနဲ့ သူပါပဲ။ ဂန္ဒီဂျီးက ပွဲကြီးလမ်းကြီးတွေဆိုရင် ဆင်စီးပြီး သွားလေ့ ရှိတယ်လေ။ ဒီအချက်ကိုတော့ ဂိမ်းဆော့ဖို့နဲ့ ကွမ်းဝါးဖို့လောက်ပဲ ၀ါသနာပါတဲ့ ဗိုလ်ချုပ်မင်းကြီးတို့ ဘယ်သိပါ့မလဲ။ သူ့နားက လူတွေလည်း မသိပါဘူး။ ဂန္ဒီဆိုတဲ့ နာမည်တောင် ကြားဖူးတာမှ မဟုတ်တာ။ ဒီတော့ ဆင်ဖြူယောင် ဖန်ဆင်းပြတဲ့ ဗိုလ်ချုပ်မင်းကြီးကို ဆင်စီးတဲ့ ဂန္ဒီရှေ့မှာ ဦးညွှတ်ခိုင်းလိုက်တာက ကုလားရဲ့ တန်ပြန် ယတြာပါတဲ့ ခင်ဗျား။
ပြီးတော့မှ ဂန္ဒီက သူ့မြေး လူမမယ်လေးအတွက် ရေးပေးခဲ့တဲ့ ဆုံးမစာကို ဗိုလ်ချုပ်မင်းကြီး ဆင်မောင်နှံကို လက်ဆောင်ပေးတယ်တဲ့။ ရွှေပြည်တော်ကြီးမှာ သွားလေရာ လမ်းညွှန်, ရောက်လေရာ သြ၀ါဒပေး, ရွှေပြည်သားတွေ စည်းကမ်းရှိဖို့ နေ့စဉ် ဆုံးမနေတော်မူတဲ့ အပူဇော်ခံ အကန်တော့ခံ ဗိုလ်ချုပ်မင်းကြီး ကုလားပြည်ရောက်မှ ၀ဋ်လည်တော့တာပါလား။ ဆုံးမစာ လက်ခံခဲ့ရသတဲ့။ သြ… မလိမ်မိုး မလိမ်မာ လေးတွေမို့ ကုလားက ဆုံးမယ်တယ် ထင်ပါရဲ့။ အဲ… ဆုံးမစာက လူမမယ် မြေးအရွယ် အတွက်ရေးခဲ့တာ ဆိုတော့… ကောင်လေးနဲ့ ကောင်မလေး မင်းတို့ ကလေးပဲ ရှိသေးတယ်လို့များ ဆိုချင်လေသလား။
ကဲ… ကိုကြီးပေါ် ချောင်းကြည့်လိုက်တာ အမှားတွေ တသီချည်းပါပဲလား။ ဒီတခေါက် ကုလားရဲ့ လုပ်နည်းကားက တွေးစရာလေးတွေ ချန်ထားခဲ့လေတော့ နောက်တခါ တရုတ်ပြည်ကို သွားတဲ့အခါ ဆင်မောင်နှံ အဖို့ ဆွန်ယက်ဆင်တို့ မော်စီဒုံးတို့ရဲ့ ဆုံးမစာကလေးတွေများ လက်ဆောင် ရလိမ့်ဦးမလား ထင်မိပါရဲ့။
ကိုကြီးပေါ်
မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်
ရေးသားသူ — ကိုလူချစ်(ကိုရီးယား)
အထက်ပါ ဓါတ်ပုံရှင် ကိုစိုးထွန်းအတွက် ဆေးဝါးကုသမှု စားရိတ်အား မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်။ ကိုစိုးထွန်းသည် ရန်ကုန်မြို့ ကန်တော်လေးတွင် နေထိုင်သူတစ်ဦး ဖြစ်ပြီး ကိုရီးယားနိုင်ငံတွင် ဘူချွှန်းမြို့နှင့် အင်ချွှန်းမြို့ တစ်ဝိုက်တွင် အလုပ်လုပ်ကိုင် ခဲ့ဖူးသူ တစ်ဦးဖြစ်ပါသည်။ ယခု ဆေးဝါးကုသမှု မခံယူရမီ အချိန်ထိ ချော်နန်မြို့ အနီးတွင် အလုပ်လုပ်ကိုင်ခဲ့သူ တစ်ဦး ဖြစ်ပါသည်။ ကိုစိုးထွန်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့ ည ၁၂နာရီခွဲခန့် အချိန်တွင် ရုတ်တရက် ပါးစပ်မှ အမြုပ်များထွက်ကာ မေ့လဲသွားခဲ့ပါသည်။ အနီးရှိ သူငယ်ချင်း ဖြစ်သူ တစ်ဦးမှ ၁၁၉အား အရေးပေါ် ဖုန်းဆက်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ ပထမဦးဆုံး နီးစပ်ရာ ချော်နန်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ သို့သော် ချော်နန်မြို့ရှိ ဆေးရုံမှ လက်မခံသဖြင့် နီးစပ်ရာ ဗြောင်းထက်မြို့ရှိ good morning ဆေးရုံသို့ ပို့ဆောင် ခဲ့ပါသည်။ ထိုဆေးရုံ၏ စမ်းသပ်စစ်ဆေးချက်အရ ၀မ်းဗိုက်ထဲတွင် သွေးများ ပျံနှံ့နေကြောင်း ပြောပြီး မိမိတို့ ဆေးရုံတွင် ကုသနိုင်စွမ်း မရှိဟုဆိုကာ ဆောင်နမ်မြို့အနီးရှိ ဘူန်ဒန်ဆိုးလ်တက္ကသိုလ် ဆေးရုံကြီး (분당 서울대학교병원)သို့ ပြောင်းလဲ ပို့ဆောင်ပေးခဲ့ပါသည်။ ယခုလက်ရှိ ဘူန်ဒန် ဆိုးလ်တက္ကသိုလ်ဆေးရုံရှိ အသည်းအသန်ဖြစ်နေသော လူနာများ ထားရှိသည့် အခန်းတွင် ဆေးကုသမှု ခံယူလျှက်ရှိပါသည်။
ယခုလက်ရှိ အနေအထားမှာ အသက်ရှုနှုန်း မမှန်သည့်အတွက် အသက်ရှုရန် အကူအညီပေးသည့် စက်ဖြင့် အသက်ရှုနေရပါသည်။ ထို့အတွက် အိပ်စက်အနားယူရန် အိပ်ဆေးများ အသုံးပြုပြီး အားအင်များ အနည်းငယ် ဖြစ်ထွန်းလာသည်အထိ လက်ရှိအနေအထား အတိုင်း စောင့်ကြည့်ရန် လိုအပ်သည်ဟု ဆရာဝန်မှ ပြောပါသည်။ဆရာဝန်မှ ကိုစိုးထွန်း၏ အခြေအနေသည် အသည်း၊အူ၊အစာအိမ်နှင့် အဆုတ်တို့သည် ပုံမှန် အနေအထားတွင် မရှိကြောင်း၊ လောလောဆယ် ဆိုးရွားသည်မှာ အဆုတ်၏ ညာဖက်အခြမ်းသည် အလုပ်လုပ်နိုင်စွမ်း အင်မတန် နည်းပါးနေပြီး ဘယ်ဖက်တခြမ်းကိုသာ အားထား အသက်ရှုနေရခြင်း ဖြစ်ကြောင်း ရှင်းပြပါသည်။ ၀မ်းဗိုက်အတွင်း ပျံနှံ့နေသော သွေးများအား ဖောက်ထုတ်ပြီးသည့် အတွက် သွေးပျံနှံ့မှုမှာ အနည်းငယ် သက်သာသွားသည် ဖြစ်ကြောင်း ပြောပြပါသည်။ ဖြစ်သည့် ရောဂါ အမျိုးအစားအား မေးမြန်းရာတွင် လောလောဆယ် အနေအထားအရ ခန္ဓာကိုယ် အတွင်းပိုင်းရှိ အသည်း၊အူ၊အစာအိမ်၊အဆုတ်တို့ အားလုံး တပြိုင်နက် ကောင်းမွန်ခြင်း မရှိသည့်အပြင် လက်ရှိလူနာ အနေအထားအရ အသေးစိတ် စစ်ဆေးစမ်းသပ်ရန် မဖြစ်နိုင်သည့် အတွက် လက်ရှိအနေအထားအရ မည်သည့် ရောဂါဖြစ်သည်ဟု အမည်မတပ်နိုင်သေးပါဟု ရှင်းပြပါသည်။ ဆေးဝါးကုသမှု ကုန်ကျစားရိတ်မှာ ပထမဆုံး ကုသခဲ့သည့် ဗြောင်းထက်မြို့ရှိ good morning ဆေးရုံတွင် ၀မ်(၂၃၃၂၀၀၀) ကုန်ကျခဲ့ပါသည်။ ယခုလက်ရှိ ဆေးရုံတွင်လည်း ၂၀၁၀-၀၇-၂၆ နေ့အထိ ဆေးကုသစားရိတ် ၀မ် သိန်း(၈၀)နီးပါး ကုန်ကျနေပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံသားအချင်းချင်း ရိုင်းပင်းကူညီသည့် အနေဖြင့် မိမိတို့ တတ်စွမ်းနိုင်သ၍ ဆေးကုသမှု စားရိတ်အတွက် ၀ိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်။
အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးခင်မောင်ရင် (၀၁၁-၉၃၈၆-၇၁၅၃)
ဦးသန့်ဇင်အောင် (၀၁၀-၉၀၅၄-၄၇၂၇)
ဦးဝင်းနိုင်ဦး (၀၁၀-၈၆၄၈-၄၅၃၃)
ကိုကျော်ကျော်လွင် (၀၁၀-၅၆၀၆-၅၀၂၇)
ကိုဝင်းလှိုင် (၀၁၀-၅၁၈၀-၂၂၀၈)
ဘဏ်မှ တစ်ဆင့် ပေးပို့ ကူညီလိုသူများ အနေဖြင့်
Name-----KHINMAUNGYIN
BanK Account Number------553301-04-054359
Bank Name--------KB Bank(국민은행)
နှင့်
Name-----MAUNGZAWMOEAUNG
BanK Account Number------3658-09-0170934
Bank Name------새마을금고 တို့သို့ ပေးပို့ ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အသေးစိတ် သိရှိလိုသူများ အနေဖြင့် ကိုဝင်းလှိုင်(၀၁၀-၅၁၈၀-၂၂၀၈)သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။