Friday, November 5, 2010

ဟာ(န်)း ဂု

ကိုရီးယားရောက်လာပြန်တော့ အလုပ်တွေက ရတာမလို၊ လိုတာ မရနဲ့မို့ ပြောင်းကြ၊ ရွှေ့ကြနဲ့ အပူကိုယ်စီ။ ခုရက်ထဲ ရှိတဲ့ မှတ်စု တိုတိုထွာထွာလေးတွေ ပြန်ရှင်းရင်းက ကဗျာလေးတစ်ပုဒ် ထွက်လာပါတယ်။ ကဗျာရေးတဲ့သူက ဟီဂျူးလို့ ပြောပါတယ်။ ကိုရီးယား လာဖို့ ရုန်းကန်နေရတဲ့ မြန်မာပြည်တွင်းက ညီအကိုတစ်ယောက်ရဲ့ ခံစားချက်လို့ပဲ ပြောရမလား။ ကိုရီးယား မရောက်သေးတဲ့ ဒုက္ခလို့ပဲ ပြောရမလားပဲ။ ရောက်ရင်လည်း ဒုက္ခချိုချိုလေးတွေ တွေ့ဦးမှာပါပဲ။ သူ့ကဗျာလေးကို ဖတ်ပြီးတော့ ကိုရီးယားလာဖို့ ရုန်းကန်ခဲ့ရတဲ့ နေ့ရက်တွေကို ပြန်အမှတ်ရမိတယ်။ ကိုယ်ချင်းလဲ စာမိပါတယ်။ ဒါကြောင့် မြန်မာပြည်ကနေ ကိုရီးယားလာဖို့ ရုန်းကန်နေကြရတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို အားပေးတဲ့အနေနဲ့ ဒီကဗျာလေးကို အမှတ်တရ တင်ပေးတာပါ။ ကျနော် ဖတ်မိတာတော့ အလင်းစေတမန်မှာပဲ ဖြစ်ပါလိမ့်မယ်။ ဒါတင်မကပဲ ကိုရီးယားရောက်ပြီးတော့လည်း အလိုမကျနိုင်ဖြစ်နေကြတဲ့ ညီအကိုတွေ ခံစားနိုင်ဖို့ ပြန်လည်မျှဝေပါတယ်။

ဟာ(န်)း ဂု
(၁)

မရောက်သေးတဲ့ ဟာ(န်)းဂု နဲ့  မရောက်ဖူးသေးတဲ့  ဟာ(န်)း ဂု
စောင့်မျှော်နေဆဲမှာ … အသက်တွေကြီးလာတယ်
အခွင့်အရေး … ငါ့ဆီဘယ်တော့လက်ပစ်ကူးလာမလည်း
ပတ်(စ်) ပို့ သက်တမ်း (၃) ကြိမ်တိုးပြီးပြီ
လူတွေ ကားတွေရှုပ်တဲ့ (၈)မိုင်မှာ
နောက်တစ်ခု
ငါတို့ စိတ်တွေလည်းရှုပ်တယ်

(၂)

(၈)မိုင်ကားမှတ်တိုင်ကနေဟိုဖက် လမ်းကူးလိုက်တော့..
ခိုးကူးခွေ ဆိုင်တွေ ..
ပဲသုပ်ဆိုင် …
တုတ်ထိုးဆိုင်တွေ…
အင်တာနက်ဆိုင်တွေ …
ဟွာဂျမ်းရှိ သွားချင်လို့  Junction 8 ထဲဝင်ခဲ့ တယ်

(၃)

တချို့ ကပြောတယ် နယ်မှာတော့ရှိသမျှအကုန်ရောင်းခဲ့ ပြီတဲ့ 
ဒီအတိုင်းကြီးတော့မကောင်းဘူး
လေယာဉ်ပျံဘယ်လိုစီးရပါ့မလည်း?????
အဲ့ ဒါတွေမစဉ်းစားနဲ့ ဦး
လူသစ်တွေကလူဟောင်းတွေကိုကြည့်ပြီး
ပန်းဆိုးတန်း သွားမယ့်ကိစ္စကို စဉ်းစားနေကြပြီ….

(၄)

နှင်းတွေကျတဲ့  ဟာ(န်)းဂု ဆောင်းတွင်းက
ငါတို့ မျှော်လင့်ချက်များကိုအေးခဲစေလိုက်သလား????
ရွာက လိမ္မော်ခြံတွေကိုပုံဖော်ငေးလိုက်တယ်
မလိုတော့လို့ လွင့်ပစ်လိုက်တဲ့  ပတ်(စ်)ပို့  မိတ္တူစာရွက်များ
သက်တမ်းရင့် ခပ်နွမ်းနွမ်း CERTIRICATE များ (အထပ်ထပ်…)

(၅)

ရှမ်းမလေး .. ပုသိမ်သူ .. အဓိပတိ .. ၁၇၆ .. ၄၃ ..
ရွှေဧည့်သည် .. ကားလက်မှတ်များ.. ကားခ (အကြွေ) များ
စာအုပ်နီနီ အသစ်စက်စက်လေးက
တံဆိပ်တုံးတွေလိုအပ်နေပြီ … ဒုန်း ဒုန်း ဒုန်း
လက်တလော ဖုန်တက်နေလေရဲ့  …. သနားစရာ
အားလုံး အားလုံး …. မိုဒူး မိုဒူးးးးးးးး

(၆)

ဂျာနယ် … နံရံကပ်ကြော်ငြာ တွေ
…………………. စိတ်မကောင်းပါကြောင်း
…………………. ၀မ်းနည်းပါကြောင်း
…………………. စဉ်းစားပေးမည်ဖြစ်ကြောင်း
…………………. ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း
…….ကြောင်း …….ကြောင်းး …….ကြောင်း……
ဒီလိုနဲ့  …ဒီလိုနဲ့  နေ့ ရက်များကြာညောင်း ….
ကြိုးကြာငှက်တို့ ရဲ့  မိုင်ထောင်ချီ ခရီးစဉ် ..
ဆော်လမွန်ငါးတို့  … ရေဆန် …
ငါတို့ တော်ရာနဲ့ … ငါတို့ ပျော်ရာ …မှားနေကြသလို …

(၇)

ဂ န ဒ ရ …. မျက်ရည်များ
`` ရေကြည်ရာ မျက်နုရာ ´´ မထင်လိုက်ပါနဲ့ 
ဆိုကြပါဆို့ 
ရေမကြည် မျက်မနုလည်း
`` ရွှေ ´´ ဆိုတော့ …
သည်နေပူထဲ ချွေးသံရွှဲလည်း အပွဲပွဲနွှဲချင်တယ် … ယုံ

(၈)

လွယ်အိတ်.. လက်နှစ်ဖက်ထဲက `` အ၀ိုင်း ´´ နဲ့  `` တုတ်ချောင်း ´´ တွေ
ချိုသလား?? ချဉ်သလား??
လိုင်းကားပေါ်တိုးတက်သွား..
ကံဆိုးမိုးမှောင် ကျနေပုံများ …ပြောပြရရင်
ကူးစက်လွယ် ဗိုင်းရပ် များလည်း ငါ့ဆီလာဖို့ ဝန်လေးသွားကြတယ်`

(၉)

မြောက်ပင်လယ် မြေအောက်က ``ရေပုလ္လင် ´´
`` ဟာ(န်)ဂမ်း ´´ မဟုတ်တဲ့  `` ဟာ(န်)ဂမ်း ´´ ဘေးက ထမင်းပေါင်းဆိုင်
`` ရွှေဘဲ ´´ မဟုတ်တဲ့  `` ရွှေဘဲ ´´ ဘေးက ရွှေပြည်အေး လ္ဘက်ရည်ဆိုင်
လက်လှမ်းမှီသေးတဲ့ (၃၀၀) တန် လက်ဖက်ထမင်း
ရိုးအီနေပြီ မပြောပါနဲ့ ကွာ
ငိုချင်ရင်ငို သူငယ်ချင်း … ငါလည်း ငိုချင်သလိုလို
ဘာဘို…ဘာဘို..ဘာဘို…
(၈)မိုင်လမ်းဆုံရေ
မင်းရဲ့ အထာအိုအို ကန့် လန့် ကာကြား
ငါ့ကိုများ ဖုံးဝှက်ထားသလား???
ရာသီဥတုများ
ဟာ(န်)းဂု မှာမရွာတဲ့ မိုး ရန်ကုန်မှာလာရွာသည်ထင်

(၁၀)

ကြာကြာထားလို့ မရတဲ့ ဟင်း
ကောင်းလည်းစားမယ်… မကောင်းလည်းဝါးမယ်
မြောင်းထဲတော့ဘယ်နည်းနဲ့ မှ မသွန်
ငတ်နေတဲ့ ပါးစပ်တွေဆိုတော့ … အသက်ရှင်ဖို့ ရုန်းကန်ရမယ်
``ပြည်´´ လမ်းမကြီးရဲ့ ရင်ခွင်
ဘာလို့ များ (၈) မိုင်လမ်းဆုံကို ပွေ့ ဖက်ထားရသလဲ???
ငွေ ကို အချိန် နှင့် တုံ့ပြန်ချင်း
အလုပ် နှင့် သက်သေ မပြနိုင်သေးသော အသက်အရွယ်များ
နေ၀င်သည် တလှည့် မိုးချုပ်သည်တခါ
ခင်ဗျားတို့  ကျုပ်တို့  အလှည့်မှပဲ ကြားဖူးတော့တယ်
အံ့ရောဗျာ… အံ့ရော …အံ့ရော
ပြက္ခဒိန် စာမျက်နှာများကို ထမ်းပိုးထားရသည်မှာ မြင်မကောင်းတော့
အတင်းအဖျင်းများသည်လည်း ကြားလို့ မှ မကောင်းတော့
အချိုမြိန်ဆုံးသော တယ်လီဖုန်းသံ
အကြားချင်ဆုံးသောစကားသံ
(မင်းအမြန်လာရန်)
အော်
ငါ … ဆံပင်တွေဖြူပြီး … ခါးတွေကိုင်းနေပြီပဲ….
တတ်လည်း တတ်နိုင်လွန်းတယ် (၈)မိုင်လမ်းဆုံ ရယ်……

ဟီဂျူး

၂၃ . ၃ . ၂၀၁၀ . အင်္ဂါ

5 comments:

ကိုလူချစ်(ကိုရီးယား) said...

ကောင်းပါ့ဗျာ။ ခံစားချက်တူသူတွေ များလိမ့်မယ်လို့ ထင်ပါတယ်။

ကရကဋ် said...

ကျွန်တော်ညီ ရေးထားတဲ့ ကဗျာလေးပေါ့ဗျာ . . .

ကျွန်တော်တို.နဲ. ခံစားချက်တူသူတွေ အများကြီးပေါ့ဗျာ . .

အခုတော့ နည်းနည်းပြန်လှုပ်ရှားပြီမို. . . ဆက်လက်ရင်ခုန်ဆဲပေါ့ဗျာ . .

ဇေဇော် said...

မောင်ဂဏာန်းတို့ အမျိုးတွေ လာတွေ့နေသကိုး…။ ဟီဂျူးရေးတာ ကဗျာဆိုပေမယ့် သူ့ဟာက ဟစ်ဟော့သီချင်းလို သံစဉ်တွေ ပါနေတယ် ယာမာမိုတိုရေ…။ သီချင်းလုပ် ဆိုရင်လည်း ပို့ပေးဦးနော်…။

မောင်ကောက်ရိုး said...

တောင်ကြီးသားလေး ... ဟီဂျူးရဲ့ .. ကဗျာလေးပါ ..

mr min min said...

good poem /I like that .i feel it and I am waiting for korea job.