Monday, August 19, 2013

ဖြည်းဖြည်းပြေးပါ ရွှေမြန်မာ


စိုက်ပြေးဆောက်ပြေး၊ မွေးမြူပြေးနှင့်
အချိန်လွန်ပြေး၊ အိုဗာစတေးဟု
အပြေးတရား၊ ဤလေးပါးကား
ဟန်းဂုခေါ်ငြား၊ ကိုရီးယားတွင်
ယနေ့ခေတ်စား အသုံးများတည်း။

အမုန်းတရား မဆုံးသွားရေး
အမှားမတွေးဖို့ အားပေးစို့ဟု
ခံယူချက်ထား မေတ္တာအားဖြင့်
တရားအသိ အများညှိကာ
စဉ်းစားပါလော့။

ဟိုမှာလည်းပြေး၊ ဒီလည်းပြေးကာ
အပြေးသံသရာ၊ လည်နေရှာသည့်
မိမိဘဝ အသိရရင်း
အချိန်နေရာ၊ အဖြေရှာပြီး
ပြေးရာနေရာ၊ မရှိရှာသည့်
အိုဘေးနာဘေး၊ သေးဘေးတဖြာ
လွမ်းရေးဝမ်းရေး မလွဲသာမို့
ရောက်ဖြင့်မရောက်သေး ပြေးဖို့တွေးသည့်
အပြေးသမား ညီကိုများအား
တိုက်တွန်းစကား ပါးလိုက်ပါ၏။

ပြေးကားပြေးပါ ဖြည်းဖြည်းသာဟု
အလေးဂရု တိုက်တွန်းပြု၏။

ရှေ့မှာပြေးထား ညီကိုများအား
အလုပ်ရှားပါး ခုချိန်များတွင်
အလုပ်ခွင်မှာ လုပ်စေပါဟု
ကိုယ်ချင်းစာတရား စိတ်မှာထားကာ
ချက်ချင်မပြေး ခဏမှေးပြီး
အစလေးမှာ သည်းခံပါဟု
မေတ္တာထားကာ တိုက်တွန်းပါ၏။

သည်းခံ၍သာ ပြေးကြပါလော့ ပြေးပါလော့။ ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

 မှတ်ချက်။ စိုက်ပြေးဟူသည် စိုက်ပျိုးရေးပြေးကို ဆိုလိုပြီး ဆောက်ပြေးဟူသည် ဆောက်လုပ်ရေးပြေးကို ဆိုလိုပါသည်။

No comments: