Friday, November 8, 2013

လောကပါလ

၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၁) နိုင်ငံတော်အခြေခံမူများ၊ အပိုဒ် (၆)၊ အပိုဒ်ခွဲ (င) မှာ “နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး” ဆိုတဲ့အချက်ကို စာရေးသူ သေသေချာချာ အာရုံစိုက်လိုက်မိပါတယ်။ အကြောင်းက ဒီအချက် သုံးချက်ကို လောကပါလတရားတွေဆိုပြီးတော့ စာနယ်ဇင်းတွေကအစ လူပြောသူပြောအဆုံး ကြားနေရလို့ပါပဲ။ ဒီအကြောင်းကို မပြောခင် စာရေးသူ ခေါင်းထဲမှာ သံမှိုစွဲထားသလို မှတ်သားထားမိတဲ့ လောကပါလ အကြောင်းကို အရင်ပြောပါရစေ။

လောကကို စောင့်ရှောက်တဲ့ လောကပါလတရားနှစ်ပါးကတော့ ဟီရိ၊ သြတ္တပ္ပ(အွတ်တပ်ပ လို့အသံထွက်ပါ၊) ဆိုတဲ့ တရားနှစ်ပါးပဲဖြစ်ပါတယ်။ လောကကို ဖြူစင်သန့်ရှင်းအောင် ပြုတတ်လို့ သုက္ကဓမ္မလို့လည်း ခေါ်ပါတယ်။ (အကုသလ)မကောင်းတာလုပ်ရမှာ ရှက်တာကို ဟီရိလို့ခေါ်ပြီး၊ မကောင်းတာလုပ်ရမှာ ကြောက်တာကို သြတ္တပ္ပလို့ ခေါ်ပါတယ်။ လူတွေဟာ ဒီနှစ်မျိုးကို ကျင့်သုံးမှုနည်းလာတာနဲ့အမျှ သက်ဆိုင်ရာ မိသားစု၊ လူ့အဖွဲ့အစည်း၊ နိုင်ငံဟာ အဖက်ဖက်က ဆုတ်ယုတ်လာပြီး အပျက်ဘက်ကို ဦးတည်လာတော့တာပါပဲ။ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြောင်းပြန်လှန်ကြည့်ရင် (ကုသလ)ကောင်းတာလုပ်ရမှာကို မရှက်ရဘူး။ ကောင်းတာလုပ်ရမှာကို မကြောက်ရဘူး။ လုပ်ပါဆိုတဲ့ သဘောလည်း ပါနေတာတွေ့ရပါတယ်။ ဒါဆိုရင် ကောင်းမှု၊ မကောင်းမှုဆိုတာ ဘာလဲလို့ သိဖို့လိုအပ်လာပါတယ်။ ဘယ်သူ့ကိုမှ(မိမိပါ အပါအ၀င်) မထိခိုက်တဲ့ အလုပ်ဟာ အပြစ်မရှိလို့ ကောင်းမှု၊ တစ်ဦးဦး ထိခိုက်တဲ့ အလုပ်ဟာ အပြစ်ရှိလို့ မကောင်းမှုလို့ ခေါ်ပါတယ်။

တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတာတွေဟာ ခုနကပြောတဲ့ လောကပါလတရားနှစ်ပါးကို ကျင့်သုံးမှ ရလာမဲ့အကျိုးတရားတွေသာ ဖြစ်ပါတယ်။ ဒီတရားနှစ်ပါးကနေ လွတ်ထွက်သွားလို့ ရကိုမရပါဘူး။ ကောင်းပြီ။ အခု ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်သွားကြရအောင်။

အခန်း (၁)၊ အပိုဒ် (၄) မှာ နိုင်ငံတော်ဧ။် အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တ၀န်းလုံး၌ တည်သည်။”
လို့ပြဌာန်းထားပြီးတော့ အပိုဒ် (၆)၊ အပိုဒ်ခွဲ (စ) မှာ နိုင်ငံတော်ဧ။် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။လို့ပြဌာန်းလိုက်ပြန်သေးတယ်။ ပြဿနာက ဒီကစတော့တာပဲ။ အမျိုးသားနိုင်ငံရေးဆိုတဲ့ မလိမ့်တပတ် ပရိယာယ်စကားလုံးကို အကာအကွယ်ယူထားပြီးတော့ လွှတ်တော်ထဲမှာ စစ်တပ်က (၂၅) ရာခိုင်နှုန်း အရှက်မရှိဘဲ ပြောင်ပြောင်တင်းတင်း တက်ထိုင်နေတာဟာ အပိုဒ် (၄) မှာပါတဲ့ အချက်နဲ့ ဖီလာဆန့်ကျင်နေပါတယ်။ ပြဌာန်းထားတာတွေက တစ်ခုနဲ့တစ်ခု ရှေ့နောက်မညီတာတွေ(inconsistent) အများကြီးပဲ။ ဒီဖွဲ့စည်းပုံကို အစအဆုံးလေ့လာကြည့်ရင် အချုပ်အခြာအာဏာဟာ စစ်တပ်ကဆင်းသက်ရမယ်ဆိုတဲ့ အခြေအနေကို ဖန်တီးထားတာဖြစ်ပါတယ်။

အခု ပြည်တွင်းမှာ ဖွဲ့စည်းပုံပြင်ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ အသံတွေ ပိုပြီးညံလာတာတော့ တကယ့်မင်္ဂလာပါပဲ။ ဒီအခြေအနေမှာပဲ ကြံ့ဖွံ့ပါတီခေါင်းဆောင်ပိုင်းက ဖွဲ့စည်းပုံပြင်တာကိုပဲထောက်ခံပြီး အသစ်ရေးဆွဲတာကိုတော့ ကန့်ကွက်တဲ့အကြောင်းနဲ့ အသစ်ရေးဖို့ကြိုးစားရင်တော့ စစ်တပ်ကအာဏာပြန်သိမ်းပြီး မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်လှည့်သွားနိုင်ကြောင်း စကားသံတွေထွက်ပါတယ်။ ကာချုပ်ကြီး မင်းအောင်လှိုင်ကလည်း အသစ်ရေးဆွဲတာကို လက်မခံနိုင်ဘဲ ပြင်ဆင်ရေးကိုသာ ထောက်ခံကြောင်းပြောလာပြန်တယ်။ ဒီနေရာမှာ အရင်စစ်အစိုးရပုံစံမျိုးမဟုတ်တော့ဘဲ အသွင်တစ်မျိုးပြောင်းထားတဲ့ ဒီစစ်အုပ်စုဟာ နိုင်ငံရေးမျက်လှည့်ပြပြီး ခွဲဝေယူထားကြတဲ့ နေရာအသီးသီးကနေ(တကယ်တော့ ဒီစစ်အုပ်စုပဲ) တစ်ဦးချင်းအမြင်တွေပြောနေသလိုနဲ့ ယဉ်ယဉ်လေး ခြိမ်းချောက်နေကြတာ။ ဗိုလ်ချုပ်ကြီးနေ၀င်းကနေ ပါတီဥက္ကဌကြီး ဦးနေ၀င်း ဖြစ်သွားတာပါပဲ။

အောက်တိုဘာလ (၂၄) ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းက ပြည်တွင်းပြည်ပ ဖိအားတွေ ဘယ်လိုပဲရှိရှိ မိမိတို့သွားနေတဲ့ လမ်းကြောင်းအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမယ်လို့ (လူကြီးလေသံနဲ့တော့) ပြောသွားပါတယ်။ အဲဒီအချိန်ဟာ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်မှာ သက်ဆိုင်ရာ အစိုးရတွေကို မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ဖိအားပေးဖို့တောင်းဆိုတဲ့ အချိန်နဲ့တိုက်ဆိုင်နေသလို ပြည်တွင်းမှာလည်း ဖွဲ့စည်းပုံပြင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ လိုင်ဇာညီလာခံလုပ်မဲ့ အချိန်တွေနဲ့လည်း ကွက်တိပါပဲ။ ပြည်တွင်းပြည်ပက ဘာတွေပြောပြော သူတို့(စစ်အုပ်စု)ပြင်ပေးသလောက်ပဲရမယ်။ သူတို့ချထားတဲ့ မူအတိုင်းပဲ ငြိမ်းချမ်းရေးကိုလည်း(သူတို့ ပေးသလောက်ပဲ)ရမယ်လို့ အခိုင်အမာ(လေပျော့လေးနဲ့ဆိုပေမဲ့)ပြောသွားတာပါပဲ။

နိုဝင်္ဘာလ (၁) ရက်နေ့က လစဉ်ပြောနေကျ ရေဒီယိုမိန့်ခွန်းထဲမှာ သမ္မတဦးသိန်းစိန်က အခြေခံဥပဒေ ပြင်ရေးနဲ့ပတ်သက်ပြီး အစွန်းရောက်ခြင်းကို ရှောင်ရှားပြီး ပြည်သူလူထုအများစုဧ။် လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံရေးစေတနာကောင်းများဖြင့် မိမိဖြစ်လိုသည့်ဆန္ဒထက် မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းကြောင်း၊ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ဖြစ်ပေါ်လာနိုင်သည့် အနာဂတ်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို စဉ်းစားတွက်ဆပြီး ဓမ္မဓိဌာန်ကျကျ ကြိုးပမ်းဆောင်ရွက်ကြရန် လို့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောသွားပါတယ်။ သမ္မတရဲ့ မိန့်ခွန်းကို သေသေချာချာဖတ်ကြည့်စေချင်ပါတယ်။ ပြည်သူလူထုအများစုဧ။် လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံရေးစေတနာကောင်းများဖြင့်” ဆိုတဲ့စကားအထိတော့ ကောင်းပုံကောင်းရက်နဲ့ ကျန်တဲ့အပိုင်းကို ဆက်ဖတ်ကြည့်လိုက်ရင် သူတို့စစ်အုပ်စုက လက်မခံနိုင်တဲ့ အပိုင်းတွေကို ရန်ရှာလာရင်တော့ မြန်မာ့နိုင်ငံရေးဟာ နောက်ကြောင်းပြန်လှည့်သွားနိုင်ပြီး စစ်အစိုးရထပ်တက်လာရင် ဘာဖြစ်သွားနိုင်တယ်ဆိုတာ သိတယ်မဟုတ်လားလို့ သတိပေးသွားတာပါ။

တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘယ်အပိုင်းလောက်ကိုပဲ ချွေးသိပ်တဲ့အနေနဲ့ ပြင်ပေးပြီးတော့ ဘယ်အချက်တွေကိုတော့ လုံးဝအထိမခံနိုင်ဘူးဆိုတာကို သူတို့ရေးဆွဲထားပြီးသားပါ။ တည့်တည့်ပြောရရင် သူတို့စစ်အုပ်စု အာဏာတည်မြဲရေး(သူတို့အကျိုးစီးပွါးအတွက်)ကို မထိခိုက်မဲ့ အချက်တွေလောက်သာ ပြင်ပေးမယ်လို့ ထင်တယ်ဗျာ(ရင်ဘတ်ကြီးနဲ့ ပြောရရင် ယုံကြည်တယ်လို့ကို ပြောလိုက်ချင်တာ)။ လွှတ်တော်ထဲမှာ စစ်တပ်က အသားလွတ်ယူထားတဲ့ (၂၅) ရာခိုင်နှုန်းကိုတော့ ပယ်ဖျက်ပေးဖို့ လုံးဝမမြင်ကြောင်းပါ။ တကယ်လို့ အဲဒီ (၂၅) ရာခိုင်နှုန်းကို ပယ်ဖျက်ပေးလိုက်ရင်လေ စာရေးသူထင်ထားတာနဲ့ တက်တက်စင်လွဲသွားပါတယ်လို့ ရဲရဲဝန်ခံမဲ့အပြင် (ဒီအချက်တစ်ခုတည်း ပြင်ရုံနဲ့တော့ ဒီမိုကရေစီ အပြည့်အ၀မရနိုင်သေးပေမဲ့) လက်ရှိအစိုးရကို(စစ်အုပ်စုပါပဲ) ချီးမွမ်းထောပနာပြုလိုက်ပါ့မယ်။

သက်နိုင် (၈၊၁၁၊၂၀၁၃)

No comments: