Thursday, May 15, 2014

သီတဂူဆရာတော်ဘုရားကြီးနှင့် ၉၀ ခုနှစ် နှောင်းပိုင်းကာလများ

ရေးသားသူ — ခန့်နေသူတိုး



သီတဂူ ဆရာတော်ဘုရားကြီး ဒီတစ်ခေါက် ကိုရီးယားကို ကြွရောက်တဲ့ ခရီးစဉ်မှာ အခြားသူတော်စင် ညီအကို မောင်နှမများကဲ့သို့ ဆရာတော်ဘုရားကြီးကို အနီးကပ် ဝတ်ကြီးဝတ်ငယ် ပြုစုခွင့် မရတဲ့အတွက် ကျနော့်အနေနဲ့ ဆရာတော်ဘုရားကြီး အပေါ် ဆောင်းပါးလေး တစ်ပုဒ်နဲ့ ပူဇော်ဂုဏ်ပြု ရေးသားရရင် ကောင်းမယ်ဆိုတဲ့ ကုသိုလ်စိတ် ဖြင့် ယခု ဒီစာကို ရေးသားလိုက်ပါတယ် ။ ခေါင်းစဉ်ကိုတော့ “ သီတဂူ ဆရာတော်ဘုရားကြီးနှင့် ၉၀ ခုနှစ် နှောင်းပိုင်းကာလများ ” ဆိုပြီး ဆရာတော်ဘုရားကြီးကို ဘဝမှာ ပထမဆုံးအကြိမ် လူကိုယ်တိုင် အနီးကပ် ဖူးတွေ့ခွင့် ရခဲ့တဲ့ ၉၀ ခုနှစ် နှောင်းပိုင်း ၊ အတိအကျပြောရင်တော့ ၁၉၉၉ ခုနှစ် ဆောင်းရာသီကာလ ဆရာတော်ကြီးရဲ့ တရားတော်ကို နာကြားရပြီးတဲ့နောက် ဗုဒ္ဓဘာသာအပေါ် အနည်းငယ် စတင်နားလည်နိုင်ခွင့် ရခဲ့တဲ့ အကြောင်းကို ရေးသားတင်ပြမှာ ဖြစ်ပါတယ် ။

ကိုရီးယားကို ရောက်ပြီး တစ်နှစ်ကျော်အကြာ ၉၉ ခုနှစ် နှစ်ဦးပိုင်း ဆောင်းရာသီမှာ သီတဂူ ဆရာတော်ဘုရားကြီး ကိုရီးယားကို ကြွလာပါတယ် ။ ဘူချွန်းက ဆော့်ဂွမ်ဆာ ဘုန်းတော်ကြီးကျောင်းမှာ တရားဟောပါတယ် ။ မြန်မာတွေ အများကြီးလာပါတယ် ။ တရားနာကြွလာသူတွေထဲမှာ တရားချစ်ခင် သူတော်စင်တွေလည်း ပါသလို ဆရာတော်ကြီး ဘုန်းကြီးတော်မူလို့ နာမည်ကြီးတော်မူလို့ တွေ့ချင် မြင်ချင် ဖူးမျှော်ချင်လို့ လာကြတဲ့ သူတွေလည်း ရှိပါတယ် ။ မည်သို့ပင်ဆိုစေ .. အဆိုပါ တရားပွဲကို လာကြမယ်ဆိုရင်တော့ စည်းကမ်းတော့ ရှိဖို့ လိုအပ်သည်ပေါ့ ။ တရားပွဲကို ကျနော်တို့နဲု့ အတူ လိုက်ပါရစေဆိုပြီး ပါလာတဲ့ ဘာသာခြား သူငယ်ချင်း (မြန်မာနိုင်ငံသား ဘာသာခြား) က ပြောတဲ့ စကားတစ်ခွန်းကြောင့် အဲဒီနေ့က ရင်ထဲ ဆို့သွားရပါတယ် ။ “ လူတွေကလည်းဗျာ .. ဒီလောက် နာမည်ကြီး ဆရာတော်ကြီး ကြွလာတာတောင်မှ အချို့က အရက်တွေ သောက်လာကြသေးတယ် .. တရားပွဲလာတာပဲ တစ်ရက်လောက် မသောက်တော့ ဘာဖြစ်မှာမို့တုန်း .. ကျနော်တို့ဆို ဝတ်ပြုရင် ခြေတွေ လက်တွေကို ပြောင်နေအောင် ဆေးရတာ ” တဲ့ ။ ဆို့သွားတဲ့ ရင်ဟာ ဒေါသအဖြစ် ပြောင်းသွားတော့တယ်။ “ခင်ဗျားကလည်း ဖင်းခေါင်းလာကျယ်နေပြန်ပြီ .. ခင်ဗျားတို့က ခြေလက်ပဲ ဆေးတာ .. ရင်ထဲကို ဆေးလို့လား ” လို့ ပြန်ပြောလိုက်တော့ .. သူငယ်ချင်းက “အဲလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူးဗျာ .. ဆရာတော်ကြီးကို ခင်ဗျားတို့ ကိုယ်စား ကျနော်က အားနာလို့ပါ” တဲ့ ။ ကျနော့်ကို ဒေါသပြန်မထွက်တဲ့ အဲဒီ ဘာသာခြားရဲ့ စကားကြောင့် ထွက်ခဲ့မိတဲ့ ကျနော့်ရဲ့ အဓိပ္ပါယ်မဲ့ ဒေါသအပေါ် ခုထိ နောင်တရနေမိတုန်းပါ ။ ဘာလို့ ကျနော်ဟာ ကျနော့်လူမျိုး .. ကျနော့် ဘာသာဝင်တွေ အပေါ် မျက်ကန်းတစ္ဆေမကြောက် ကာကွယ်နေရတာလဲ .. ဘာလို့ သင့်မသင့်ဆိုတဲ့ စဉ်းစားချင့်ချိန်နိုင်မှုတွေ မထားနိုင်ရတာလဲ .. ဘာလို့ ရဲရဲရင့်ရင့် မှားရင်မှားတဲ့အပေါ် မဝေဖန်ရဲ ဖြစ်နေရတာလဲ .. ဘာလို့ အခြားသူတွေ ဝေဖန်လာတာကို ကြက်ခေါင်းဆိတ်မခံ တုန့်ပြန်ချင်နေရတာလဲ .. ကိုယ့်ကိုယ်ကို ပြန်မေးမိတဲ့ မေးခွန်းတွေနဲ့အတူ များစွာသော အတွေးတွေလည်း ပေါက်မိပါတယ် ။

တရားပွဲစတော့ ဆရာတော်ဘုရားကြီးက တရားနာ ပရိသတ်ကို ဝေ့ဝိုက်ကြည့်တော်မူပြီး တစ်ဆက်တည်းမှာပဲ ပြုံးတော်မူပါတယ် ။ “ အေးကွာ .. မင်းတို့ကောင်တွေကို အရမ်း အမြင့်ကြီးတွေ ဟောနေရင်လည်း ငါပဲ ပင်ပန်းမယ် .. အပြင်ဖက်မှာကလည်း မိုက်ကြီးနဲ့ အော်နေသံကြားတယ် .. ဆေးလိပ်တိုတွေကို တွေ့ကရာ မပြစ်ကြပါနဲ့ .. တဲ့ ။ ဆေးလိပ်သောက်တာတောင် လွန်လှပြီ .. ဆေးလိပ်တိုကို အမှိုက်ပုံးထဲ ပြစ်ဖို့အထိ လိုက်ပြောနေရသေးတော့ လွန်တာပေါ့ကွာ .. အဲတော့ ဒီကနေ့ မင်းတို့နဲ့ ကိုက်ညီတာ .. လိုက်လို့ မှီတာလောက်ပဲ ဟောမယ်” ဆိုပြီး တဟားဟားနဲ့ ဒေါသမပါ ရယ်မောရင်းက တရားပွဲကို စတော်မူပါတော့တယ် ။ ဗုဒ္ဓဘာသာဝင် သူတော်စင် တရားနာ ပရိသတ်ကြီးထဲက အချို့ကလည်း ဟဲဟဲ ဟဲဟဲ နဲ့ လိုက်ရယ်ကြပါတယ် ။ ကောင်းပါတယ် ။ (စိတ်ညစ်ဖို့ )

“Buddhism is not religion. ဗုဒ္ဓဘာသာ ၊ ဗုဒ္ဓဝါဒဆိုတာ ကိုးကွယ်မှု မဟုတ်ဘူး .. ကိုးကွယ်ရမယ့် အရာ မဟုတ်ဘူး” တဲ့ ။ အရင်းမရှိ အဖျားမရှိ ကောက်ကာငင်ကာ မိန့်ကြားလိုက်တဲ့ ဆရာတော်ကြီးရဲ့ စကားကို ကြားလိုက်ရတော့ ကျနော့် နရင်းပါးရင်းတွေ ပူထူသွားပါတော့တယ် ။ အရွယ်ကလည်း ငယ်သေးတယ် ။ တရားနာ အတွေ့အကြုံ ကလည်း သိပ်မရှိသေး .. ဗုဒ္ဓဘာသာဟာ ကိုးကွယ်ရာ မဟုတ်ရင် ဘာတုန်း .. ကျနော့် မျက်လုံးနှလုံးဟာ ဆရာတော်ဘုရားကြီးဆီ ရောက်သွားပါတော့တယ် ။ ဆရာတော်ဘုရားကြီးက စကားကို ခေတ္တ ဆိုင်းထားလိုက်ရင်း ပရိသတ်ကို တစ်ဦးချင်းစီ လိုက်ကြည့်တော်မူနေပါတယ် ။ အဲဒီမှာ ကျနော်နဲ့ မျက်လုံးချင်းဆုံမိတယ် ။ ကျနော် ရင်တွေ ခုန်နေတယ် ။ အသက်ရှူသံတွေလည်း ပြင်းနေတယ် ။ ဗုဒ္ဓဘာသာဟာ ကိုးကွယ်ရာ မဟုတ်ရင် ဘာတုန်း .. ရှင်းပြတော်မူပါဘုရား .. လို့ ရင်ထဲနေ လျှောက်ထားလိုက်ပါတယ် ။ အဲဒီအချိန်မှာပဲ ဆရာတော်ဘုရားကြီးက ကျနော့်မျက်လုံးတွေထဲကို စိုက်ကြည့်ရင်း .. “Buddhism is not religion. ဗုဒ္ဓဘာသာ ၊ ဗုဒ္ဓဝါဒဆိုတာ ကိုးကွယ်မှု မဟုတ်ဘူး .. ကိုးကွယ်ရမယ့် အရာ မဟုတ်ဘူး .. Buddhism is just belief. သက်ဝင်ယုံကြည်မှုသာ ဖြစ်တယ်” တဲ့ ။ လုံးဝပွင့်သွားတယ် .. လင်းသွားတယ် .. ပြီးတော့ ရှင်းသွားတယ် .. တိမ်တိုက်တွေထဲကို ပြုတ်ကျသွားသလို အိကနဲ စိမ့်ကနဲ့ ။ ဆရာတော်ဘုရားကြီးက ဆက်လက်မိန့်ကြားတယ် .. သက်ဝင်ယုံကြည်ဖို့အတွက် “ understanding ” လို့ခေါ်တဲ့ သိမြင်နားလည်မှုဆိုတာ လိုအပ်တယ် ။ နားမလည်ပဲနဲ့ ဘယ်လိုမှ သက်ဝင်ယုံကြည်မှုဆီ ရောက်မှာ မဟုတ်ဘူး ။ သက်ဝင်ယုံကြည်မှု မပါပဲ ကိုးကွယ်မှုသက်သက်နဲ့ ဗုဒ္ဓဘာသာ အမည်ခံထားရင်လည်း မင်းတို့ စောစောက မိုက်နဲ့ လိုက်ပြောနေရတဲ့ ဆေးလိပ်တိုတွေကို ဘုန်းကြီးကျောင်းထဲမှာ မပြစ်ကြပါနဲ့ ဆိုတဲ့ အဆင့်လောက်ပဲ ရောက်မှာပဲ .. အဲဒီက တက်မှာ မဟုတ်ဘူး .. အဟေးဟေးဟေး ( ဆရာတော်ဘုရားကြီး ရယ်သံ) ငါပြောတာကို နားလည်ကြရဲ့လားဟေ့ .. လုပ်ကြစမ်းပါ .. ဗုဒ္ဓကို နားလည်ဖို့ ဓမ္မကို နားလည်ဖို့ .. ကျိုးစားကြစမ်းပါကွ .. လူငယ်တွေ .. တက်လူတွေ .. မင်းတို့ အနာဂါတ်အတွက် .. မင်းတို့ ဘဝအတွက်ပြောတာ .. ဗုဒ္ဓကို နားလည်ဖို့ ကျိုးစားနေတဲ့လူ .. ဓမ္မကို နားလည်ဖို့ ကျိုးစားနေတဲ့လူ .. ဘယ်တော့မှ မတိမ်ကောဘူးဟေ့ .. အေး နားမလည်ပဲ ကိုးကွယ်ရုံပဲ ကိုးကွယ်နေလို့ကတော့ တို့ ဗုဒ္ဓဘာသာ ကမ္ဘာမှာ တစ်နေ့ ပျောက်သွားမယ်မှတ် .. အေး ဒီနေ့တော့ ဒီလောက်ပဲဟေ့ .. ရှေ့နှစ်ခါကျ တစ်ခါ ပြန်လာခဲ့မယ် .. အဲတော့မှ မင်းတို့ကို ဒီထက် နဲနဲ မြင့်တဲ့ တရားတွေ ဟောပေးမယ် .. ဟုတ်ပလား ”

ဒါ .. သီတဂူ ဆရာတော်ဘုရားကြီးကို ဘဝမှာ ပထမဆုံးအကြိမ် ဖူးတွေ့ခဲ့ရစဉ်က အတွေ့အကြုံပါ ။ ဒီလိုနဲ့ ၁၉၉၉ ခုနှစ်က စတင်ပြီး ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးတော်ကြောင့် ဘာသာတရားတွေအပေါ် အထူးသဖြင့် ဗုဒ္ဓဘာသာ အပေါ် ထားရှိရမယ့် .. ခံယူရမယ့် .. သုံးသပ်ရမယ့် .. ဆုံးဖြတ်ရမယ့် .. တိုင်းတာရမယ့် .. နှိုင်းစာရမယ့် .. အလေ့အကျင့် အယူအဆတွေ ဖြစ်တည်လာခဲ့ပါတော့တယ် .. လို့ တင်ပြရင်း .. ဆရာတော်ဘုရားကြီးအား လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ တပည့်တော် မောင်ခန့်နေသူတိုးမှ ရှစ်ခိုးဦးတင်လိုက်ပါတယ် .. ဘုရား ။

1 comment:

Unknown said...

ဟိုးတုန်းက ကိုရီးယား ​ရောက်​ ဆ ရာ​တော်​ဘုရား ကြီးရဲ့ တရားကို မျှ​ဝေတာ သာဓုဗျာ၊ ကျွန်​ ​တော့်​ ​မျှော်​လင့်​ချက်​​လေး ပျက်​ခဲ့တာ နှ​မျော​နေတယ်​။ ဆရာ​တော်​ ကြီးကို ​ဒေဂူး ကိုပင့်​ချင်​ ခဲ့တဲ့ ဆန္ဒ​လေး နှ​မျောလိုက်​တာ။ အားလုံးကို သာဓု​ခေါ်ပါတယ်​။