Thursday, May 15, 2014

ဘဘဦးဝင်းတင် နှင့် ဟံသာဝတီဦးဝင်းတင်ဖောင်းဒေးရှင်း ကို ဆိုးလ်မြို့အခြေစိုက် (Truth Foundation) မှ ဂုဏ်ပြု ဆုပေးအပ်

ရေးသားသူ — ကိုနေထွန်းနိုင်







အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( လွတ်မြောက်နယ်မြေ ) ကိုရီးယားဌာနခွဲ၏ အဆိုပြုလျှောက်ထားမှုကြောင့် ဆိုးလ်မြို့အခြေစိုက် ( Truth Foundation )မှ ၂၀၁၄ ခုနှစ်အတွက် လူ့အခွင့်အရေးဆုကို ကွယ်လွန်သူ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ဟံသာဝတီဦးဝင်းတင်ဖေါင်ဒေးရှင်းကို ထိုက်ထိုက်တန်တန် ချီးမြှင့် လိုက်ပါတယ်။

ဆုပေးပွဲ အခမ်းအနားကို လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဦးဝင်းတင်ဖေါင်ဒေးရှင်းမှ တာဝန်ရှိတစ်ဦး သို့မဟုတ် နှစ်ဦးကို ဖိတ်ကြားပြီး ဆုပေးအပ်ချီးမြှင့် သွားမှာ ဖြစ်ပါတယ်၊ ယခင်နှစ်များက ဆုကြေးငွေ မှာ ဒေါ်လာ (၇ ၀၀၀ ) ဖြစ်ပြီး ယခုနှစ်တွင် ဆုကြေးငွေ တိုးမြင့်လာနိုင်ဖွယ်ရှိကြောင်း လည်း သိရပါတယ်။

အဲဒီဖေါင်ဒေးရှင်းဟာ ကိုရီးယားနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက် တောင်းဆိုတိုက်ပွဲဝင်ရင်း အာဏာရှင်အစိုးရ၏ ဖမ်းဆီးထောင်ချ နှိပ်စက်ခြင်း ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် ဖွဲ့စည်း တည်ထောင်ထားခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံအတွင်း နိုင်ငံရေးဂုဏ်သိက္ခာမြင့်မားသည့် အဖွဲ့အစည်းတစ်ခု လည်း ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်များထံမှ ကူညီထောက်ပံ့ငွေ လုံးဝ မယူပဲ အဖွဲ့ဝင်များ၏ ကိုယ်ပိုင်လှူဒါန်းငွေများဖြင့်သာ ရပ်တည်ဆောင်ရွက်ရင်း အခုလို ဆုချီးမြှင့်တာ ဖြစ်ပါတယ်။

အခုအချိန် အဘသာ အသက်ထင်ရှားရှိနေသေးရင် ဘယ်လောက်ကောင်းလိုက် မလဲလို့ တွေးမိရင်း စိတ်မကောင်းဖြစ်ရပါတယ်။ တချိန်တည်းမှာပဲ ပြည်ပရောက် ကျနော်တို့ NLD အဖွဲ့ဝင်များအနေနဲ့ အဘရဲ့ကိုယ်ပွား ဟံသာဝတီ ဦးဝင်း တင်ဖေါင်ဒေးရှင်းကို တစုံတခု ကူညီစောင့်ရှောက်ခွင့်ရခဲ့တဲ့အတွက်ကိုလည်း ၀မ်းသာကြည်နူးခဲ့ကြရပါတယ်။ ရှေ့က ဦးဆောင်လမ်းပြခဲ့သလို ကျနော်တို့ လည်း ခေတ်ဝန်ကိုထမ်းပြီး ခေတ်လမ်းကို ဆက် လျှောက်နေကြမှာပါ အဘရယ်။

No comments: