Tuesday, April 5, 2011

မြန်မာအသင်း(ကိုရီးယား)၏ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်

မြန်မာအသင်း(ကိုရီးယား)၏ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်




မြန်မာအသင်း (ကိုရီးယား) မှ နှစ်စဉ်ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် (၂၀၁၁)ကို ကျင်းပမည် ဖြစ်ပါသဖြင့် ကိုရီးယားရောက် မြန်မာညီအကို မောင်နှမများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
သင်္ကြန်ပွဲတော်အတွင်း ပါဝင်ပူးပေါင်းဆင်နွှဲကြမည့် စတုဒိသာ ကျွေးမွေးမည့် မဏ္ဍပ်များ၊ ကိုရီးယား အခြေစိုက် အသင်းအဖွဲ့များ မြန်မာအသင်း(ကိုရီးယား)သို့ ဆက်သွယ်စာရင်းပေးနိုင်ကြပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ဆက်သွယ်စာရင်းပေးသွင်းရန်

ဦးခင်မောင်ရင် - (၀၁၁ - ၉၃၈၆ - ၇၁၅၃)
ဦးသန့်ဇင်အောင် - (၀၁၀ - ၉၀၅၄ - ၄၇၂၇)
နေ့ရက် = ၂၀၁၁ ဧပြီလ ၁၇ ရက်
နေရာ = ပြည်သူ့အားကစားကွင်း၊ ပူချွန်းမြို့
အချိန် = မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ

*** စိုးစာဘူတာ ထွက်ပေါက် ၁ အနီးမှ အမှတ် ၉၅, ၆၀, ၉ ဘတ်စ်ကားများ၊ သို့မဟုတ် ***

ပူချွန်းဘူတာမှ ဘတ်စကား အမှတ် ၃ စီး၍ 부천 종합운동장 (ဂျုံဟပ်အွန်ဒုံဂျန်) တွင် ဆင်းပါ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

နီပေါနိုင်ငံ ဖားအောက်တောရ ဓမ္မရိပ်သာအတွက် အလှူပါဝင်နိုင်ကြပါပြီ

ဖားအောက်ဆရာတော်ဘုရားကြီးသည် တောင်ကိုရီးယားဓမ္မဒူတခရီးပြီးပါက နီပေါနိုင်ငံသို့ ကြွရောက် သီတင်းသုံးမည်ဖြစ်ကြောင်း ၊ ဆရာတော်ကြီး နီပေါနိုင်ငံတွင် သီတင်းသုံးလျက် စဉ်ဆက်မပြတ် သာသနာပြုနိုင်ရန်အလို့ငှာ ကမ္ဘာတစ်ဝှမ်းမှ တပည့်ဒါယကာ ဒါယိကာမများစုပေါင်းပြီး ဓမ္မရိပ်သာတစ်ဆောင် ဆောက်လုပ် လှူဒါန်းကြမည်ဖြစ်ကြောင်း ၊ ကိုရီးယားနိုင်ငံရောက် မြန်မာတပည့် ဒါယကာ ဒါယိကာများအနေဖြင့်လည်း အဆိုပါ အာဝါသအလှူသို့ ပါဝင်လှူဒါန်းလိုပါက ဆရာမ ဒေါ်ရွှေမာသန်း (၀၁၀-၈၄၈၀-၁၉၉၃) ထံ ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း သိရသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ကျားခွေး တကောင်သို့ သတိပေးချက်

ပုံပြင်လေး တပုဒ်က ဒီလိုပါ။

ခွေးတကောင်ဟာ တနေ့မှာ အစာရှာရင်း ကျားတွေ စားပြီး ထားပစ်ခဲ့တဲ့ စားကြွင်းစားကျန် အရိုးအရင်းတွေကို တွေ့မိသတဲ့။ အရိုးအရင်းတွေ အများကြီးကို မြင်လိုက်ရင်ပဲ - ဟာ အဆင်သင့်လိုက်တာ - ဆိုပြီး အငမ်းမရ စားတော့သတဲ့။ စားရင်းနဲ့ - ကျားတွေနားမှာ ခိုကပ်နေရင် ဒီလို စားကြွင်းစားကျန် အရိုးအရင်းတွေ မပြတ်စားရမှာပဲလို့ တွေးမိပြီး အဲသည်နေ့က စလို့ ဒီခွေးဟာ ကျားတွေရဲ့ စားကြွင်းကိုပဲ လိုက်လံ ရှာဖွေ စားသောက် နေတော့သတဲ့။

ခွေးဟာ ကျားတွေရဲ့ စားကြွင်းကို လိုက်စားနေတာ ကြာလာတော့ - တကယ်တော့ ကျားတွေဟာ ငါ့အတွက် အစာရှာပေးတဲ့ ကောင်တွေပဲ - လို့ တွေးမိသတဲ့။ ပြီးတော့ - ငါဟာ ကျားရှာကျွေးတဲ့ အစာကို စားနေမှတော့ ကျားပဲပေါ့ - လို့ တွေးမိပြီး အဲသည့်နေ့က စလို့ သူ့ကိုယ်သူ “ကျားခွေး” လို့ အမည်တပ်လိုက်သတဲ့။

နောက်တော့ ဒီခွေးဟာ ခွေးဖြစ်ပေမယ့် ခွေးအလုပ် မလုပ်ချင်တော့ဘူး။ ကိုယ့်အစာလည်း ကိုယ်ရှာ မစားချင်တော့ဘူး။ အချိန်ရှိသမျှ လတ်လျားလတ်လျားနဲ့ တတောလုံး လျှောက်သွားနေတတ်တယ်။ ဆာရင် ကျားရဲ့ စားကြွင်းကို လိုက်ရှာစားတယ်။ ပြီးရင် လမ်းသလားတယ်။ လမ်းသလားရင်း သွားလေရာ မြင်လေရာမှာ ၀င်ဝင်ပါတတ်တယ်။ နေရာတကာ ၀င်ပါဖန်များတော့ သူ့ကိုယ်သူလည်း ဟုတ်လှပြီ အထင်ရောက်လာတာပေါ့။ ၀င်ပါတိုင်းမှာလည်း သူ့ကိုယ်သူ “ကျားခွေး” လို့ ဖော်ပြောတတ်သေးတယ်။

တနေ့မှာတော့ ကျားရဲ့ စားကြွင်း အရိုးအရင်းကလေး ကိုက်ရင်းနဲ့ ကျားချေးပုံကို နှုတ်သီးနဲ့ တိုးမိသတဲ့။ ကျားခွေးဟာ အစာစားပြီးတော့ နှုတ်သီးနဲ့ ခေါင်းမှာ ပေနေတဲ့ ကျားချေးကို ရေဆေးဖို့ စမ်းချောင်းဖက်ကို ထွက်လာခဲ့တယ်။ စမ်းချောင်းနား ရောက်တော့ ယုန်ကလေး တအုပ်ဟာ ကျားချေးနံ့ ရလို့ သုတ်ခနဲ ထွက်ပြေး သွားကြတယ်။ တခါ ရေစပ်နား ရောက်တော့ ရေသောက်နေတဲ့ သမင်ကလေးနှစ်ကောင်ကလည်း ကျားချေးနံ့ ရလို့ ရုတ်ခနဲ ထွက်ပြေး သွားကြပြန်တယ်။

ဒါကို မြင်တဲ့ ကျားခွေးဟာ သူ့ကိုယ်သူ အတော် အထင်ကြီးသွားတယ်။ - ကြည့်စမ်း၊ ဒီကောင်တွေ အရင်က ဒီလို ထွက်မပြေးဘူး။ အခု ငါ့ကို မြင်တာနဲ့ ထွက်ပြေးကြတယ်။ ငါဟာ ကျားတွေ ရှာကျွေးတဲ့ အစာကို နေ့တိုင်း စားနေရတဲ့ ကျားခွေးမိုလို့သာ ဒီကောင်တွေ ထွက်ပြေးတာ ဖြစ်ရမယ် - လို့ တွေးသတဲ့။ အဲဒီ အချိန်မှာပဲ စမ်းချောင်းဆီကို ဆင်းလာတဲ့ အခြား ခွေးတအုပ်ဟာ ကျားချေးနံ့ရလို့ စူးစူးဝါးဝါး အော်ပြီး နောက်ပြန် လှည့်ပြေးကြပြန်ရော။ ဒါကို မြင်တော့ ကျားခွေးဟာ - ဒီကောင်တွေလည်း ငါ့ကို ကြောက်ကုန်ကြပါလား၊ ငါက ကျားနဲ့များ တူနေပြီလား - လို့ တွေးပြန်သတဲ့။

ကျားခွေးဟာ နှုတ်သီးကို ရေဆေးဖို့ စမ်းချောင်းထဲ ခေါင်းထိုးလိုက်တဲ့ အခါ ရေထဲမှာ သူ့ပုံကို သူမြင်ရတာပေါ့။ နှုတ်သီးနဲ့ ခေါင်းမှာ ပေနေတဲ့ ကျားချေးတွေက အချိန် နည်းနည်းကြာသွားပြီ ဆိုတော့ ခြောက်ပြီး ကပ်နေကြပြီ။ သူ့မျက်နှာဟာ အရင်လို မဟုတ်တော့ဘူး။ ကျားချေးခြောက်တွေ ကပ်ပြီး ပြဲကားကား ဖြစ်နေတယ်။ ဒါကို မြင်တော့ ခွေးဟာ အလွန့်အလွန် ၀မ်းသာ သွားတော့သတဲ့။ - ကြည့်စမ်း။ ငါဟာ တကယ်ပဲ ကျားပုံ ပေါက်သွားပြီပဲ - လို့ ဆိုပြီး ၀မ်းသာအားရနဲ့ တတောလုံး နှံ့အောင် လျှောက်ပြေးတော့တယ်။

သူပြေးတဲ့ နေရာတလျှောက်မှာ ကျားချေးနံ့က တထောင်းထောင်း ဆိုတော့ အခြား သတ္တ၀ါတွေက လန့်ပြီး ပြေးကုန်ကြတာပေါ့။ ဒါကို မြင်လေ ခွေးက သူ့ကိုယ်သူ အထင်ကြီး ၀မ်းသာလေ ဖြစ်တော့တာပါပဲ။ ကျားခွေးဟာ တတောလုံး လှည့်ပြီး ထွန့်ထွန့်တက်အောင် လူးလိမ့်နေတော့တယ်။ နောက်ဆုံးမှာ ကျားခွေးဟာ သစ်ငုတ်တခုပေါ် တက်ပြီး ကျားလို အားရပါးရ ဟိန်းလိုက်သတဲ့။

ဒါပေမယ့် ထွက်လာတဲ့ အသံကတော့ ကျားဟိန်းသံ မဟုတ်ဘဲ “အူး” ဆိုတဲ့ ခွေးအူသံ ပါပဲတဲ့။

=== === ===
ဒီပုံပြင်ထဲက ကျားခွေးလို အကောင်တကောင်ဟာ “သခင်ပြေငြိမ်းအေး” ဆိုတဲ့ နာမည်နဲ့ ဟန်းဂုရွာထဲမှာ လာ “အူ” နေတာ အတော်ကြာပါပြီ။ တော်တော်တန်တန် ပြောချင်တာ ပြောပါစေ ဆိုပြီး မသိကျိုးကျွံ လုပ်ထားပေမယ့် တစတစ လွန်လာလို့ ဒီစာနဲ့ ပြင်းပြင်းထန်ထန် သတိပေး ဒဏ်ခတ်လိုက်တယ်

၁။ မင်း ဘယ်သူလဲ ဆိုတာ ငါ သိတယ်။ မပြောချင်လို့ ကြည့်နေတာ။ မင်းရေးနေတာတွေ ရပ်တန်းက ရပ်ပါ။ နောက်တခါ မမြင်ချင်ဘူး။

၂။ ကိုရီးယားမှာ “ဟန်းဂုရွာ” ဘလော့လုပ်ပြီး အများသူငါ သတင်းနဲ့ ဖတ်စရာတွေ ရရှိဖို့ လုပ်နေတာဟာ မင်းလိုကောင် လာအူဖို့ မဟုတ်ဘူး။

၃။ “သခင်” လို့ မင်းကိုယ်မင်း အမည်တပ်ထားတာဟာ ပုံပြင်ထဲက “ကျားခွေး”လို့ အမည်တပ်တာနဲ့ အတူတူပဲ။ (သခင် ဝေါဟာရ အဓိပ္ပာယ်ကတော့ မင်းနဲ့ မထိုက်တန်လို့ ရှင်းမပြနိုင်ဘူး။)

၎။ ကလောင်ကိုင်တဲ့ လက်ဟာ လိုအပ်ရင် လက်သီးရော လက်နက်ရော ကိုင်ဖို့ ၀န်မလေးဘူး ဆိုတာ သဘောပေါက်ထားပါ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, April 4, 2011

ဘူဆန်သင်္ကြန်(၂၀၁၁) ကျင်းပမည့် အစီအစဉ်

မြန်မာအသင်း (ဘူဆန်) မှ ကြီးမှူးလျက် ဘူဆန် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် (၂၀၁၁)ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် ကိုရီးယားတောင်ပိုင်းရောက် မြန်မာညီအစ်ကို မောင်နှမများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်-
ရက်စွဲ ။ ၂၀၁၁ ခုနှစ် ဧပြီလ ၁၀ ရက် (တနင်္ဂနွေနေ့)
အချိန် ။ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီထိ
နေရာ ။ SaSang Home-Plus (사상 홈플러스) ရှေ့ စကွဲယားရင်ပြင်

ဘူဆန်သင်္ကြန်ပွဲတော်အစီအစဉ်တွင် မိမိတို့ တတ်စွမ်းသည့်ဖက်မှ အတူတကွ ပါဝင်ပူးပေါင်း ဆင်နွှဲလိုသူများ အောက်ပါ အတိုင်း ဆက်သွယ်နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်-

ဦးတိုးသူရ - 010-9900-3143
ဦးနေမျိုး - 010-2792-5812
ဦးမင်းညီ -010-5808-1792
ဦးရှမ်းကြီး - 010-4993-9510

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အဖွားအတွက် အားဆေး

ရေးသားသူ — အင်ကြင်း

ကျမ ဒီရောက်စက မြင်ကွင်းတခုပေါ်မှာ စိတ်ထဲက တခုခု ခံစားရပါသည်။ အဲဒါကတော့ ဒီကအသက်ကြီးတဲ့ အဖိုးအဖွားတွေ လမ်းပေါ်မှာ တွန်းလှည်း လေးတွေနဲ့ အလုပ်လုပ်နေတဲ့ မြင်ကွင်းကိုပေါ့။

ဒီက အဖိုးကြီး အဖွားကြီးတွေက မနက် စောစောပိုင်း မှာဆိုရင် လမ်းတွေပေါ်မှာ သန့်ရှင်းရေး လုပ်တဲ့အလုပ်ကို လုပ်ကြပါသည်။ နောက်တခုက တွန်းလှည်း လေးတွေနဲ့ လမ်းဘေးမှာ ပစ်ထားတဲ့ ကတ်ထူပုံးခွံတွေ ပုလင်းခွံတွေ ဘူးခွံတွေကို လိုက်ကောက်ကာ စုပြီးရောင်းတဲ့ အလုပ်ကို လုပ်လေ့ရှိပါသည်။ လူငယ်တွေက လမ်းပေါ်မှာ သွားလာနေတာ သူတို့ကို ဂရုပင်မစိုက်။ တခါတခါ ကတ်ထူပုံးခွံတွေနဲ့ လှည်းအပြည့် လေးလေးပင်ပင်ကြီးကို ဆွဲနေတာမြင်တော့ ကျမက သွားကူချင်မိပါတယ်။ ဒီမှာ တခု ကောင်းတာတော့ရှိသည်။ ဘယ်သူ ဘာအလုပ်ကိုပဲ လုပ်လုပ် သူ့အလုပ်သူ လုပ်ကြသည်ကို ဘယ်သူကမှ လိုက်ကြည့် ဝေဖန်နေတာ မရှိပါ။ ကိုယ့်အလုပ်ကို ကိုယ်လုပ်ကြသည်။ နှိမ်ချနေတာမျိုး မရှိပါ။

ဒီမှာ အမှိုက်ပစ်တဲ့အခါ ပလပ်စတစ်၊ ကတ်ထူပုံးခွံ၊ ပုလင်းခွံ၊ အစားအသောက် အညစ်အကြေးတွေက သပ်သပ်စီ ထုပ်ပိုးပြီး တနေရာစီ ပစ်တော့ လိုက်ကောက်တဲ့ သူတွေအတွက် ညစ်ပါတ် မနေစေတော့ပါ။

အဖွားကြီးတွေက အဲလိုအလုပ်မျိုးကို လုပ်တာများသည်။ အသက်ကြီးတဲ့ အဖွားတွေ ခုလိုလုပ်နေတာကို မြင်ရတာဆိုတော့ ကျမကစိတ်ထဲက မကောင်းပေမယ့် သူတို့(အဖိုးအဖွားတွေ)က ပျော်ပျော်ပါးပါးပါပဲ။ ဒီက အသိတယောက်ကို အဲဒီအကြောင်းကို မေးကြည့်မိတော့ သူက "မုန့်ဖိုးရအောင် လုပ်ကြတာပေါ့ အလကား ထိုင်နေမယ့်အစား ကျန်းမာရေးကောင်းတာပေါ့" လို့ဆိုပါသည်။ ဟုတ်မှာပါလေ။ ကျမတို့ ဆီမှာတော့ အသက်ကြီးတဲ့ သူတွေက အဲလို လုပ်စားလေ့မရှိပါ။ သို့သော် ဘုရားပေါ်မှာတို့ လမ်းဘေးမှာတို့ တောင်းစားတာ များပါသည်။ မေမေကတော့ အသက်ကြီးတဲ့ အဖိုးအဖွားတွေဆို အမြဲငွေလှုပါသည်။ ဘုရားဖြစ်ဖြစ် ဈေးဖြစ်ဖြစ် မေမေနဲ့ သွားတိုင်း ပိုက်ဆံလေးတွေ သပ်သပ်ထည့်ပြီး လက်အုပ်ချီ ထည့်တတ်သည်။ ဒီမှာတော့ အဲလို သိပ်မပေးကြဘူးနဲ့ တူပါရဲ့။ ကျမတို့ဆီမှာ အဲဒီလို ပစ္စည်း ကောက်စုပြီး ပြန်သွင်းစားတဲ့ အလုပ်မျိုးကို အလုပ်ရှားတော့ လူငယ်လူရွယ်တွေ ကလေးတွေက အစလုပ်ကြတာ တွေ့ရပါသည်။ ဒီမှာတော့ ဆင်းရဲသည့် လူငယ်လေးတွေက လူကြီးတွေရဲ့ အလုပ်ကို ဝင်လုပ်စားတာ မျိုးတော့ မတွေ့မိပါ။

ကျမမှာ မနက်ဆို အလုပ်သွားဖို့ စောစောစီးစီး မနည်းထကာ ကားဂိတ်ကို ပြေးရသည့် အခါမျိုးမှာ အိမ်နားတွင် အမြဲလိုလို အဖွားတယောက်က တွန်းလှည်းလေးနဲ့ ပစ္စည်းတွေပင် အပြည့်ရနေပြီး ဆိုင်ကို သွားပြန်သွင်းဖို့ တွန်းသွားတာ တွေ့ရပါသည်။

တရက်တော့ ကျမဈေးသွားတော့ လမ်းမှာ ပိန်ပိန်ပုပု အဖွားကြီး တယောက် ပုလင်းခွံလေးတွေ ကောက်နေတာ တွေ့ရသည်။ ကျမက သွားနေကြ လမ်းမဟုတ်ပဲ ရပ်ကွက်ထဲက သွားတော့ ဈေးကို လမ်းမှားပြီး ဘယ်လို သွားရမှန်း မသိတာနဲ့ ထိုအဖွားကို "အဖွား ဈေးကို ဘယ်လို သွားရမလဲ"လို့ မေးတော့ သူက လမ်းညွှန်ရင်း လိုက်ပြသည်။ ထိုအဖွားကို မြင်တော့ ကျမလဲ ကျမ၏ ဖွားဖွားကို သတိရမိပြန်သည်။ ကျမ ဖွားဖွားကလဲ ပိန်ပိန်ပုပုလေးကိုး။ ကျမက "အဖွား ထမင်း စားပြီးပြီလား အိမ်ကော ဘယ်မှာလဲဟင်"လို့ နေစရာ မရှိဘူးထင်လို့ မေးမိတော့ "ဒီလမ်းထဲမှာပဲ နေတာ အိမ်သားတွေနဲ့ စားပြီးပြီပေါ့"လို့ ပြန်ဖြေပါသည်။ သည့်နောက်တော့ ကျမဈေးကို ဆက်သွားပြီး သူက ကောက်လာတဲ့ ပုလင်းခွံလေးတွေ ကိုင်ရင်း ကျန်ရစ်ခဲ့သည်။

သူတို့ခုလို ဘူးခွံတွေ ပုလင်းခွံတွေ ကောက်စုပြီး ပြန်ရောင်းစားတာ တွေ့တော့ ကျမတို့ဆီက အဖိုးအဖွားတချို့ တောင်းစား နေရတာကို တွေးမိပြီး ပိုပြီး စိတ်မကောင်း ဖြစ်ရပါသည်။ ကျမသိတဲ့ အဖွားတယောက်ပေါ့ အမဝမ်းကွဲတွေ အိမ်နားမှာ နေတာ သူတို့က နွမ်းပါးပါသည်။ မနက်ဆို အဲဒီအဖွားက ယောဂီဝတ်စုံလေး ဝတ်ပြီး အိမ်ကထွက်သွားတာ ညနေစောင်းမှ ပြန်လာတတ်တာ တွေ့ရသည်။ နောက်တော့ ကြားရတာ အဲဒီအဖွားက ဘုရားမှာ သွားပြီး တောင်းစားတာတဲ့… အဲဒီအဖွားက ပိန်ပိန်လေး ငယ်ငယ်ကတော့ လှမှာပေါ့လေ။ အဲဒီ အဖွားငယ်ငယ်က အင်္ဂလိပ် ခေတ်ကပေါ့လေ အင်္ဂလိပ် အရာရှိကြီးနဲ့ ယူပြီး သားသမီးတွေ ရှိခဲ့သည်လို့ ပြောပြပါသည်။ နောက်တော့ ကွဲသွားတော့ အဲဒီ အရာရှိကြီးက သမီးတယောက်နဲ့ အင်္ဂလန် ပြန်သွားပြီး သူက ကျန်ခဲ့သည်ဟု ကြားပါသည်။ သူနဲ့ အတူနေတဲ့ အန်တီ(အဲဒီအဖွားရဲ့ သမီး)က ကျမ အမတွေဆီ သွားလည်လျှင် မကြာခဏ တွေ့တော့ ကျမနဲ့ ခင်နေသည်။ သူတို့က ဆင်းရဲပေမယ့် နေတာကတော့ တိုက်ခန်းနဲ့ပါပဲ...နေနေတဲ့ တိုက်ခန်းကိုတော့ အဲဒီအန်တီရဲ့ အင်္ဂလန်က ညီမ (အဲဒီအဖွားရဲ့ သမီး)က ဝယ်ပေးထားတာလို့ သိရသည်။ သူနဲ့ အတူနေတဲ့ သမီး(အဲဒီအန်တီ)ကတော့ ခရစ်ယာန်ဘာသာ ကိုးကွယ်ပါသည်။ ဘာကြောင့်မှန်းတော့ မသိပါ ယောဂီဝတ်စုံလေး ဝတ်ပြီး အဲဒီအဖွား ထွက်သွားတာ တွေ့ရရင် စိတ်ထဲက မကောင်းပါ။ အစက ဘုန်းကြီးကျောင်း သွားတယ်ပဲ မှတ်နေသည်။ နောက်တော့ ခုလို သတင်း ကြားရတော့ စိတ်မကောင်း ဖြစ်ရသည်။ ခုတော့ အဲဒီအဖွားကော အန်တီပါ ဆုံးကုန်ကြပါပြီ။
ကျမက အသက်ကြီးတဲ့ အဖိုးအဖွား တွေကိုဆို ချစ်သည်။ အထူးသဖြင့် အဖွားတွေကို ပြုံးပြုံး ပြုံးပြုံးနဲ့ တွေ့ရရင် အရမ်းချစ်ဖို့ ကောင်းသလိုပဲ ခံစားမိသည်။ မြန်မာပြည်မှာဆို သနပ်ခါးတွေ လူးထားလျှင် သိပ်ချစ်ဖို့ ကောင်းသလိုပါပဲ။ သူတို့နဲ့ တခါတလေ စကားပြောမိရင် တတွတ်တွတ်နဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောပြတတ်သည်ကိုး.. သူတို့အတွက် စကားပြောဖော်ကလဲ မရှိတော့ ကျမကသာ တခုခု စပ်စပ်စုစု မေးမိရင် ပြန်ဖြေလို့ မဆုံးတော့ပါ။ အဲဒီလို အခါမျိုးမှာ ကျမ၏ ဖွာဖွားကို တအားကို လွမ်းမိသည်။

ကျမက မေမေ့ဘက်က အဖွားနဲ့သာ အတူနေဖူးသည်။ ဖိုးဖိုးကိုတော့ မမှတ်မိတော့ပါ။ ဖေဖေရဲ့ မိဘတွေက ဖေဖေတို့ ငယ်ငယ်လေး ကထဲက ဆုံးသွားတော့ မြင်တောင် မမြင်ဖူးပါ။ ကျမ ဖွားဖွားကလဲ ကျမကို အလွန်ချစ်သည်။ ကျမ ဘာလုပ်လုပ် အကောင်းပဲ မြင်လေ့ရှိသည်။ အဖွားက အသက် ၉၅နှစ်မှ ဆုံးသွားသည်။ ကျမတို့နှင့် အတူနေသည့် အချိန်မှာ ဘာဆို ဘာရောဂါမှ ဖြစ်တာမရှိ… အဖွား နှာစေးတာ ချောင်းဆိုးတာဆို တခါမှ မမြင်ဖူးပါ။ အသက် ၈ဝကျော်အထိ ဈေးသွား ချက်ပြုတ် ခရီးပင်ထွက်တုန်း။ သူ့ခေါင်းကို သူဖာသာ သွားပွတ်တံလေးနဲ့ ဆေးဆိုးကာ သနပ်ခါး အဖွေးသားနဲ့ အသက်၈ဝ ကျော်တဲ့အထိ ဝထ္ထုတွေပင် ထိုင်ဖတ်တုန်း..အဲဒီလိုဆိုတော့ အဖွားက မြေးတွေ မြစ်တွေနဲ့ အတူနေကာ ကံအလွန် ကောင်းသည်လို့ ပြောရမလိုပင်။

ဖွားဖွား ကျန်းမာတာကလဲ အမြဲ လှုပ်ရှားနေလို့ ထင်သည်။ တခါမှ လှဲအိပ်နေလေ့ မရှိပါ။ တလှုပ်လှုပ်နဲ့ တခုခုကို လုပ်နေလေ့ရှိသည်။ သူက အမျိုးတွေကိုလည်း အလွန်ချစ်သည်။ ဆွေမျိုးတွေ အိမ်သို့ အမြဲသွားလည်တတ်သည်။ ဖွားဖွားက ကျမတို့ ကျောင်းက ပြန်လာပြီဆိုလျှင် "ငါ့မြေးလေး ညောင်းလာတယ် ခြေသလုံးကို ဖျစ်ပေးရမယ်" ဆိုကာ လာပြီး နှိပ်ပေးတတ်သေးသည်။ ကျမက လက်သည်းနီ ဆိုးနေပြီ ဆိုရင်ဖြစ်ဖြစ် ကျောင်းသွားခါနီး အလှပြင် နေပြီဆိုလျှင် ဖြစ်ဖြစ် ဘေးက လာထိုင်ကာ တစိမ့်စိမ့်ကြည့်ရင်း "လှပါ့လှပါ့ ငါ့မြေးကမှ လှတာတာ"ဟု ပြုံးကာ အမြဲပြောတတ်သည်။ တခါတရံ ညဘက်တွေမှာ ကျမတို့ကို သူငယ်ငယ်က အကြောင်းတွေ ဖိုးဖိုးရဲ့ အကြောင်းတွေ ကိုလည်း ပြောပြတတ်ပါသည်။ ကျမ အဖွားသာ ခုချိန်ထိ သက်ရှိထင်ရှား ရှိနေခဲ့လျှင် ဘယ်လောက် ကောင်းမလဲလို့ မကြာခဏ တွေးမိဖူးပါသည်။
ကျမကတော့ ခုချိန်ထိ တခြားသော အဖွားများကို မြင်တိုင်း ဖွားဖွားအကြောင်း တွေးမိပါသည်။ အဖိုးအဖွားများနှင့် နေရဖူးသော ကလေးများသည် အလွန် ကံကောင်းသည်ဟု မြင်မိပါသည်။ မြေးတွေသ ည်လည်း အဖိုးအဖွားများ အတွက် အားဆေးပင် ဖြစ်လိမ့်မည်ဟု ထင်ပါသည်။

ဘယ်အချိန် ဘယ်အရွယ်အထိ နေရမည် မသိသော်လည်း တနေ့သောအခါ ကျမတို့သည်လည်း အဖိုးအဖွား အရွယ် ရောက်လာမည်မှာ အမှန်တရားပါ။ အိုမင်း လာသော်လည်း ထိုအရွယ်ရင့်လာသည်ထိ နေရမည်ဆိုလျှင် ကျန်းမာပျော်ရွှင်စွာ နေထိုင်နေဖို့သည် အဓိက ဖြစ်သည်သာ။ ကျမ ပြောချင်သည်မှာ လူငယ်တွေက နားလည် စာနာစွာ အဖိုးအဖွားများကို စိတ်အားပေး ကူညီစေချင်မိခြင်းပါ။ ကိုယ့်တွင် အဖိုးအဖွားများ မရှိသော်လည်း လမ်းမှာတွေ့လျှင် ကူညီတာတို့ ပြုံုးပြ နှုတ်ဆက်ခြင်းတို့ဟာ အရွယ် လွန်သူတို့အတွက် အားဆေးတခွက်ပင် ဖြစ်ပါလိမ့်မည်။

ကျမ၏ ဖွားဖွား(မေဖွား)ကိုသတိရလျှက်…

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မိဒွန်းပရိဘောဂ မြန်မာများ ဓမ္မဒူတအလှူတော် မှတ်တမ်း(၂၀၁၁၀၄၀၃)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, April 3, 2011

ဘ၀မှာ ရပ်တာ မှန်ပါစေ...

ရေးသားသူ — ဆရာ စိုးဝင်းငြိမ်း

ဘ၀မှာ ရပ်တာ မှန်ပါစေ...



ရဲရင့်တည်ကြည်တဲ့သူတွေက
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကြတယ်...

နူးညံ့သိမ်မွေ့ပြီး စိတ်သဘောထားကြီးသူက
ကိုယ့်နှလုံးသားပေါ်ကိုယ် ရပ်ကြတယ်...

တွေးခေါ်မျှော်မြင်ပြီး ထိန်းချုပ်နိုင်စွမ်းရှိသူက
ကိုယ့်ဦးနှောက်ပေါ်ကိုယ် ရပ်ကြတယ်.. .

ကြီးမြတ်သူတွေကတော့
အမှန်တရားပေါ် ရပ်ကြတယ်...

ဘ၀မှာ ရပ်တာ မှန်ပါစေ...
အမှန်တရားမှာ ရပ်နိုင်ပါစေ...

စိုးဝင်းငြိမ်း
၁၉၉၉

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဖားအောက်တောရ ဆရာတော်ဘုရားကြီး ကိုရီးယားနိုင်ငံသို့ ကြွရောက်တော်မူမည်

ဖားအောက်တောရ ဆရာတော်ဘုရားကြီးသည် ဧပြီလ ၄ရက်မှ ၁၄ ရက်နေ့အထိ ကိုရီးယားနိုင်ငံသို့ ဓမ္မဒူတခရီးကြွရောက်တော်မူမည်ဖြစ်ကြောင်း နှင့် အောက်ပါအစီအစဉ်များ အတိုင်း တရားဒေသနာများ ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း သိရသည် -

1. နေ့ရက် - ဧပြီ 7 ရက် ကြာသပတေးနေ့
အချိန် - ညနေ 7 နာရီ
နေရာ - ဂျိုဂဲဆာ 조계사 ဘုန်းတော်ကြီးကျောင်း
2. နေ့ရက် - ဧပြီ 12 ရက် အင်္ဂါနေ့
အချိန် - နေ့လည် 11 နာရီ 30 မိနစ်
နေရာ - ဂျိုဂဲဆာ ဘုန်းတော်ကြီးကျောင်း
3. နေ့ရက် - ဧပြီ 13 ရက် ဗုဒ္ဓဟူးနေ့
အချိန် - နေ့လည် 2 နာရီ
နေရာ - ဇေတ၀န် ဘုန်းတော်ကြီးကျောင်း
ဆရာတော်ဘုရားကြီးသည် ကိုရီးယားဒကာများ၏ ပင့်ဖိတ်ချက်အရ ကြွရောက်တော်မူလာခြင်း ဖြစ်ပြီး တရားတော်များကိုလည်း ကိုရီးယားပရိသတ်များအတွက် အဓိထား၍ အင်္ဂလိပ်ဘာသာ ဖြင့် ဟောကြားတော်မူမည်ဖြစ်ကြောင်း ၊ လမ်းညွှန်နှင့် သတင်း အသေးစိပ်သိလိုပါက 010 5438 7901 နှင့် 010 8480 1993 တို့ထံ မေးမြန်းနိုင်ကြောင်း သိရသည် ။
ထို့ပြင် ဆရာတော်ဘုရားကြီးသည် ဧပြီလ ၈ ရက်မှ ၁၁ ရက်နေ့များတွင် ချွန်းနာမ် (충남, 공주시, 마곡사) သို့ကြွရောက်သတင်းသုံးမည်ဖြစ်ကြောင်း နှင့် ဆရာတော်ဘုရားကြီးအား ဆိုလ်းမြို့တော် ဂျိုဂဲဆာ (조계사) တွင် ဖူးမျှော်ရန် အခက်အခဲရှိသူများ အဆိုပါ မာဂုတ်ဆာ (마곡사) သို့ သွားရောက် ဖူးမျှော်နိုင်ကြောင်း သိရသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ကိုရီးယား ရိုးရာဓလေ့ နတ်ကိုးကွယ် ယုံကြည်မှု (၂)

ဂျိုဝှန်းနတ်(조왕신)

နတ်ဝင်သည်တစ်ဦး၏ ကဟန်


ဂျိုဝှန်းနတ်ဆိုသည်မှာ မီးဖိုနတ်ပင် ဖြစ်၍ ကိုးကွယ်သည့် နေရာဌာနမှာ မီးဖိုတွင် ဖြစ်သည်။ ဂျိုဝှန်းနတ်သည် စမ်းနတ်နှင့်အတူ အိမ်ဂေဟာရှိ ကလေးသူငယ်များကို စောင့်ရှောက်သည်ဟု ကိုရီးယားလူမျိုးများက ယုံကြည်ကြသည်။ တချို့ အရပ်ဒေသများတွင် စီးပွားဥစ္စာကိုလည်း စောင်မကြည့်ရှုသည်ဟု ယုံကြည်သော ဓလေ့ ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မီးဖိုတွင် မီး ရှိသောကြောင့် ဖြစ်လေသည်။ မီးသည် ဓနဥစ္စာ၏ သင်္ကေတပင် ဖြစ်သည်။ ထို့ကြောင့် ကိုရီးယားလူမျိုးတို့သည် မီးတောက်မီးလျှံကို အိပ်မက် မြင်မက်သော် လာဘ်ရမည်ဟု ယုံကြည်လေ့ ရှိကြသည်။ ထို့ပြင် ဂျိုဝှန်းနတ်သည် မီးနှင့် ရေကို ဖန်တီးပေးသော နတ်အဖြစ်လည်း ယုံကြည်ကြလေသည်။


ဂျိုဝှန်းနတ် ကိုးကွယ်ထားပုံ

ယနေ့ ခေတ်ကာလ၌ အိမ်ပြောင်းရွှေ့သောအခါ ဖယောင်းတိုင်နှင့် မီးခြစ် ယူဆောင် သွားလေ့ မရှိကြသော်လည်း၊ ရှေးယခင်ကမူ အိမ်ယာသစ် ပြောင်းရွှေ့လျှင် ဖယောင်းတိုင်နှင့် မီးခြစ်ကို မဖြစ်မနေ ယူဆောင်သွားသော ဓလေ့ထုံးစံ ရှိခဲ့သည်။ အိမ်သစ်ပြောင်းရွှေ့ရာတွင် ထိုသို့ ယူဆောင်သွားသောကြောင့် အိမ်ဂေဟာသစ်၌ မီးကို ရရှိသကဲ့သို့ ဥစ္စာဓနများလည်း ရရှိပါစေဟူသော အဓိပ္ပါယ်ပင် ဖြစ်လေသည်။



မီးဖိုနေရာနှင့် နတ်ပင့်ရာနေရာပြပုံ


ဂျိုဝှန်းနတ် ပူဇော်ပုံမှာ နေ့စဉ် နံက်စောစော၌ ခွက်ငယ်တစ်ခွက်တွင် သန့်စင်သော ရေကို ထည့်၍ ကလပ်ဖြင့် မီးဖိုပေါ် တင်၍ ပူဇော်ခြင်းပင် ဖြစ်သည်။ အခြားသော စားကောင်းသောက်ဖွယ်များ ချက်ပြုတ်သော အခါ၌လည်း ထိုကဲ့သို့ပင် မီးဖိုပေါ်တင်၍ ပူဇော်လေ့ ရှိကြသည်။ မီးဖိုသည် ဂျိုဝှန်းနတ်၏ နေရာဌာန ဖြစ်သောကြောင့် အိမ်ရှင်မများသည် မီးဖိုချောင်တွင် ချက်ပြုတ်လုပ်ကိုင်သောအခါ အဘယ်မျှပင် ပင်ပန်းစေကာမူ မီးဖိုပေါ်တွင် ထိုင်ခြင်းမျိုး၊ အကြောင်းတစ်ခုခုကြောင့် မီးဖိုပေါ်သို့ ခြေဖြင့် တက်ခြင်းမျိုးကို ပြုလုပ်လေ့ မရှိကြပေ။ အချို့ကလည်း ဂျိုဝှန်းနတ်၏ စံပျော်ရာ နေရာဌာနသည် မီးဖိုသာမက၊ အိုးများ ချိတ်ဆွဲသော နေရာ နောက်ဘက်ရှိ နံရံနှင့် တွဲဆက်နေသော သစ်သားစင် သို့မဟုတ် ကျောက်သားနေရာ အောက်ဘက်ဟုလည်း ယုံကြည်ကြလေသည်။




ကျေးလက်ဒေသ မီးဖိုချောင်တွင် ဂျိုဝှန်းနတ် ပင့်ဖိတ်ထားပုံ

ဂျိုဝှန်းနတ်ကို ဂျိုရှင်း(조신)၊ ဂျိုဝှန်းဂါ့ရှီ(조왕각시)၊ ဂျိုဝှန်းဒယ်ရှင်(조왕대신)၊ ဘူတူမတ်ရှင်(부뚜막신)ဟုလည်း ခေါ်ဝေါ်ကြသည်။ ၀ိသေသအားဖြင့် မီးနတ်ဖြစ်သည့် ဂျိုဝှန်းနတ်သည် ကိုရီးယား အိမ်ရှင်မများ၏ အားကိုးအားထားနတ်ဟုပင် ခေါ်ဆိုနိုင်ပေသည်။ ထို့ကြောင့် အိမ်ရှင်မများသည် မီးဖိုတွင် မီးဖြင့် ချက်ပြုတ်သည့်အခါမျိုးတွင် မကောင်းသော စကားမျိုး ပြောဆိုခြင်းကို ရှောင်ရှားလေ့ ရှိကြသည့်အပြင် ဂျိုဝှန်းနတ်၏ နေရာဌာနဖြစ်သော မီးဖိုချောင်ကိုလည်း သန့်သန့်ရှင်းရှင်း အသုံးပြုလေ့ ရှိကြသည်။ အချို့အိမ်များတွင် မီးဖိုချောင် နံရံ၌  ရွံ့ဖြင့် ပျံလွှားငှက် အသိုက် ပုံသဏ္ဍာန် ပြုလုပ်၍ ဂျိုဝှန်းနတ်ကို ပင့်ဖိတ်ပြီး၊ ယင်းအပေါ်တွင် ကြေးဝါ ခွက်ငယ်ကို တင်မြှောက်ကာ ကောင်းခြင်း မင်္ဂလာများ ဖြစ်ထွန်းစေရန် တောင်းဆုပြုလေ့ ရှိကြသည်။ အချို့ကလည်း ဂျိုဝှန်းနတ်၏ နေရာဌာနအဖြစ် မီးဖိုကိုသာမက ထမင်းအိုးကိုပါ တပါတည်း ယုံကြည်ခြင်းမျိုးလည်း ရှိလေသည်။







ဂျိုဝှန်းနတ်သည် ကလေးသူငယ်များကို စောင့်ရှောက်သည်ဟုလည်း ယုံကြည်ကြသည်။ ထို့ကြောင့် ဂျိုဝှန်းနတ်ကို အမြဲ ကိုးကွယ်သည့် အိမ် မဟုတ်သည့်တိုင်အောင်၊ သားဖြစ်သူ စစ်မှုထမ်းရန် သွားသည့်အခါမျိုးနှင့် သားသမီးများတွင် ထူးခြားသော အပြောင်းအလဲများ ကြုံတွေ့ရသည့် အခါမျိုးတွင် ဂျိုဝှန်းနတ် ပူဇော်ပြီး ဆုတောင်းလေ့ ရှိကြသည်။ မွေးနေ့အချိန်အခါတွင် ပူဇော်ခြင်းများလည်း ရှိတတ်ကြသေးသည်။ 



ရုပ်မြင်သံကြား အစီအစဉ်မှ ပြသသော နတ်ပူဇော်နေပုံ

ပွဲတော်ရက်များနှင့် အခါကြီးရက်ကြီးများတွင် ဆောင်းဂျူနတ် ပူဇော်ပ သကြရာ၌ ဂျိုဝှန်းနတ်ကိုပါ စားပွဲ ခင်း၍ ပူဇော်ကြသော်လည်း၊ အများအားဖြင့် သစ်သားပြားပေါ်တွင် တင်၍ မီးဖို၌သာ ပူဇော်ပသလေ့ ရှိကြပေသည်။ ယခုအခါ ဂျိုဝှန်းနတ် ကိုးကွယ်သည့် ဓလေ့မှာ ကိုရီးယားနိုင်ငံအနှံ့ ပျံ့နှံ့လျှက် ရှိပြီး၊ ကိုးကွယ်မှု ထုံးတမ်းဓလေ့မှာလည်း ကွဲပြားကာ အထူးသဖြင့် ကိုရီးယားနိုင်ငံ တောင်ပိုင်းဒေသများနှင့် ချွန်းချောင်းပြည်နယ်ဒေသများတွင် သိသိသာသာ ကွဲပြားသည်ကို တွေ့ရပေသည်။


နတ်တင်နေသူ အဖွားအိုတစ်ဦး

အချို့ဒေသများတွင် မီးဖိုမှ မီးတောက်ခြင်း၊ မတောက်ခြင်းကို ကြည့်၍ ဂျိုဝှန်းနတ်၏ အိမ်ဂေဟာ၌ ပျော်ရွှင်နှစ်ခြိုက်မှု ရှိမရှိကို ခန့်မှန်းတတ်ကြသည်။ ဂျိုဝှန်းနတ်သည် အစားအသောက်များသာမက၊ အိမ်တွင် မီးဘေးအန္တရာယ် မကျရောက်စေရန် စောင့်ရှောက်ပေးနေသည်ဟု ယုံကြည်လေ့ ရှိကြသည်။ ထို့ပြင် အချို့ကလည်း အိမ်သူအိမ်သားများ ဘေးမသီ ရန်မခဘဲ ကျန်းကျန်းမာမာ ရှိနေရန် နှင့် သားစဉ်မြေးဆက် ကောင်းခြင်းမင်္ဂလာ အဖြာဖြာကိုပါ စောင့်ရှောက်ပေးနေသည်ဟု ယုံကြည်ယူဆသူများလည်း ရှိကြသည်။

ကိုရီးယား နတ်ပွဲတစ်နေရာ

ဂျိုဝှန်းနတ် ကိုးကွယ်ယုံကြည်မှုဓလေ့ အစသည် ဘီစီ ၅ ရာစု၊ ၆ ရာစုခန့်က ပေါ်ပေါက်ခဲ့သော ရှေးဟောင်း တရုပ်ပုံပြင်များမှ စတင်ခဲ့သည်ဟု ဆိုကြသည်။ ထိုသို့ ကိုးကွယ်မှု ဓလေ့သည် ယခုအခါ ဂျပန်နိုင်ငံ အိုကီနာဝါဒေသထိအောင် ပျံ့နှံ့လျှက် ရှိနေသည်ကို တွေ့ရလေသည်။ ဂျပန်နိုင်ငံတွင် ဂျိုဝှန်းနတ်ကို ဂါမာဒိုနတ်ဟု ခေါ်ဝေါ်ကြလေသည်။





ကိုရီးယားနိုင်ငံတွင်မူ ဂျိုဝှန်းနတ်ကို ဂျိုဝှန်းမယ်တော်ကြီး(조왕할머니)ဟုလည်း တစ်နည်းတစ်ဖုံ ခေါ်ဝေါ်လေ့ ရှိကြသည်။ အချို့ကလည်း ဂျိုဝှန်းနတ်ကို မီးနတ်အဖြစ်သာမက၊ ရေနတ်၊ ပစ္စည်းဥစ္စာနတ်အဖြစ်ပါ ယုံကြည်ကြလေသည်။ အိမ်ရှင်မများသည် နံနက် မိုးသောက် အိပ်ယာ ထသည်မှ ည အိပ်ယာဝင်သည့် အချိန်တိုင်အောင် ဂျိုဝှန်းနတ် ရှေ့မှောက်တွင် ရှိနေရသောကြောင့် အခြားသော အိမ်တွင်းနတ်များထက် ပို၍ အမှားအယွင်း မဖြစ်စေရန် အထူး ဂရုပြုကြရသည်။ အသွားအလာ ဆင်ခြင်နေထိုင်ရသကဲ့သို့ပင် မီးဖိုချောင်၏ သန့်ရှင်းသပ်ရပ်မှု၊ မီးဖို၏ သန့်ရှင်းသပ်ရပ်မှု၊ ထင်း မီးသွေး အထားအသို သေသပ်မှု၊ ပန်းကန်ခွက်ယောက် သန့်ရှင်းစင်ကြယ်မှုတို့သာမက အပေါ့အလေး သွားပြီး၍ မီးဖိုသို့ ပြန်ဝင်တိုင်း ဖိနပ် လဲလှယ်စီးနင်းကြရလေသည်။ ထိုကဲ့သို့ ဂျိုဝှန်းနတ်အား ရိုသေကိုင်းရှိုင်းမှုဖြင့် သတိပြုနေထိုင်ကာ ဂျိုဝှန်းမယ်တော်ကြီး အနှောင့်အယှက် ဖြစ်စေမည့် အပြုအမူတို့ကို ရှောင်ရှားကြရပေသည်။





ဂျိုဝှန်းနတ် ပင့်ဖိတ်ပူဇော်ထားပုံများ

သို့သော် ဂျိုဝှန်းနတ်သည် အိမ်ရှင်မများအတွက် အမြဲတမ်း စိုးထိတ်စရာ ပုံရိပ်အဖြစ်သာ ရှိနေသည်တော့ မဟုတ်ချေ။ မီးဖိုနတ်အဖြစ် အိမ်ရှင်မများနှင့် အချိန်တိုင်းလိုလို အနီးကပ် ရှိနေသော အိမ်တွင်းနတ်လည်းဖြစ်သောကြောင့် အရင်းနှီးဆုံး မိတ်ဆွေအဖြစ် စိတ်ပိုင်းဆိုင်ရာ အားကိုးအားထားလည်း ဖြစ်စေသည်။ အမျိုးသမီးများ အမျိုးသားတို့နှင့် တန်းတူ အခွင့်အရေး မရရှိခဲ့သည့် အချိန်က အိမ်ရှင်မများ တွေ့ကြုံရသော စိတ်အားငယ်မှုနှင့် မကြေနပ်မှု စသော စိတ်ဖိစီးမှုများကို ပျောက်ကင်းစေသော နတ်အဖြစ်လည်း ယုံကြည်ကြသည်။ ထို့ကြောင့် အိမ်ရှင်မများသည် မနက်တိုင်း သောက်တော်ရေချမ်း ကပ်ခြင်းအားဖြင့် မိသားစု၏ အေးငြိမ်းမှု ရရှိပြီး၊ ဆင်းရဲခြင်းများ ပပျောက်စေသည်ဟု ယုံကြည်စေသောကြောင့် အမျိုးသမီးများ၏ ဘ၀မျှော်လင့်ချက်ကို ပေးစွမ်းသော နတ်အဖြစ် ကိုးကွယ်ယုံကြည်ခဲ့ကြခြင်း ဖြစ်လေသည်။



မီးဖိုချောင်ယဉ်ကျေးမှု ပြောင်းလဲလာပုံ

သို့သော် ၁၉၇၀ ခုနှစ် ပြည်တော်သာ စီမံကိန်း(새마을 운동) မှ အစပြု၍ လူနေမှုစနစ် အပြောင်းအလဲများစွာ ပေါ်ပေါက်လာခြင်းသည် ဂျိုဝှန်းနတ် စံမြန်းရာ မီးဖိုနှင့် အိုးခွက်ပန်းကန်များ တည်ရှိရာ မီးဖိုချောင်ကို သက်သောင့်သက်သာနှင့် သန့်ရှင်းသပ်ရပ်သော မီးဖိုချောင် ဖြစ်လာစေရုံသာမကပဲ ဂျိုဝှန်းနတ် စံမြန်းရန် နေရာဌာန ပပျောက်စေသည်အထိ ကြီးမားသော ပြောင်းလဲခြင်းများကို ဖြစ်စေခဲ့လေသည်။ ထိုအပြောင်းအလဲများသည် စမ်းနတ်အပါအ၀င် အိမ်တွင်းနတ် အချို့အပေါ် ကြီးမားသော အပြောင်းအလဲ မဖြစ်ပေါ်စေသော်လည်း ဂျိုဝှန်းနတ် ကိုးကွယ်မှု ဓလေ့ကိုမူ များစွာ မှေးမှိန်စေခဲ့လေသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဓမ္မဒူတ (ကိုရီးယား) အခမဲ့ဆေးကုသမှုအစီအစဉ်

ဓမ္မဒူတ(ကိုရီးယား)နှင့် ကိုရီးယားတိုင်းရင်းသမားတော်များအဖွဲ့တို့၏ ညှိနှိုင်းချက်အရ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်အဖြစ် လာမည့် ဧပြီ ၁၀ရက်နေ့မှ အစပြု၍ တနင်္ဂနွေနေ့တိုင်း ဓမ္မဒူတ(ကိုရီးယား)တွင် နေ့လည် ၁ နာရီမှ ၅ နာရီထိ အောက်ဖော်ပြပါ ရောဂါများကို အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် -
ကုသပေးမည့်ရောဂါများ-
- ခေါင်းကိုက်ခြင်း
- ယားယံခြင်း
- မူးဝေခြင်း
- ပုခုံး/ခြေ /လက်/ ခါး/ ဒူးစသည် ယောင်ယမ်းခြင်း/နာခြင်း/ လှုပ်ရှားမှုခက်ခဲခြင်း
- အာရုံကြော နှင့် ခါးရိုးအစရှိသည့် ဝေဒနာများ
- အစာအိမ်ရောဂါ အစရှိသည့် ဝေဒနာများ
အပါတ်စဉ်လက်ခံကုသပေးမည့်လူနာဦးရေ-
- ထိရောက်စွာကုသပေးနိုင်ရန် ၊ အပါတ်စဉ် လူနာ (၃၀)ဦးအထိသာ လက်ခံကုသပေးမည်ဖြစ်သည် ။

ဆယ်ဒယ်မြောင် ကိုရီးယားတိုင်းရင်းဆေးရုံ (새대명한의원) ၊ ဂမ်ချိုဒန် ကိုရီးယားတိုင်းရင်းဆေးရုံ (감초당한의원) နှင့် ဖြောန်းဟန်မုံ ကိုရီးယားတိုင်းရင်းဆေးရုံ (편한몸 한의원) တို့က လိုအပ်သော ဆေးဝါးများ ၊ ဆေးဝါးကိရိယာများနှင့် သမားတော်များကို ပံ့ပိုးမည်ဖြစ်ပါသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, April 2, 2011

မြန်မာ အလုပ်သမား ၁ ဦး အလိုရှိသည်

ဖလင်ဖြတ် အလုပ်ရုံ
ဖိုချောန်းဒေသ(Pocheon)
အလုပ်ချိန် ၈ခွဲ ၊ ၇ ခွဲ
အချိန်ပိုကြေး ၁ နာရီ ၅ ထောင်
ဗီဇာရှိဖို့မလို
လစာ ၁၂ သိန်းခွဲ ။
နေစရာပေးသည်
ထမင်း ၂နှပ် ကျွေး
စနေ တနင်္ဂနွေ ထင်းဖိုးပေးသည်
မြန်မာ(ရွှေခံ) ရှိသည်

ဆက်သွယ်ရန် -
၀၁၀-၈၆၈၇-၁၁၆၃ နှင့် ၀၁၀-၂၆၆၀-၅၀၄၀

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, April 1, 2011

ဒုတိယအကြိမ် မြန်မာ့ဥပဒေလေ့လာရေးနှင့် သုတေသန စာတမ်းဖတ်ပွဲ အစီအစဉ်

ဒုတိယအကြိမ် မြန်မာ့ဥပဒေလေ့လာရေးနှင့် သုတေသန စာတမ်းဖတ်ပွဲ (제2회 버마법 연구발표회)ကို အောက်ပါအစီအစဉ်အတိုင်းပြုလုပ်မည်ဖြစ်ကြောင်း နှင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရသည် -
ရက်စွဲ ။ ၂၀၁၁ ခုနှစ် ဧပြီလ ၈ ရက် (သောကြာနေ့)
အချိန်။ ညနေ ၇ နာရီခွဲမှ ၉ နာရီခွဲထိ
နေရာ။ ဒုံကုတက္ကသိုလ် (동국대학교) ဥပဒေနှင့် ယဉ်ကျေးမှုများနှိုင်းယှဉ်လေ့လာရေးဌာန (비교법문화연구원) အစည်းအဝေးခမ်းမ (세미나실) ၊ ဥပဒေဌာနအဆောက်အဦး တတိယထပ်(법학관 3층)
လမ်းညွှန် -
အမှတ် ၃ ရထားလိုင်း ၊ ဒုံကုယူနီဘာစီတီ(동대입구) ဘူတာ ၊ ထွက်ပေါက် ၃ မှ ထွက်ပြီး ၅မိနစ်ခန့်လျှောက်ပါ ။
မြေပုံ ကြည့်ရန် ( နှိပ်ပါ)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဧပြီ ၁ ရဲ့ သတင်းထူး



ကိုရီးယားက မြန်မာအလုပ်သမားတွေ လစာမရရင် သမ္မတသိန်းစိန်ထံ တိုင်ကြားနိုင်ပါပြီ။ လွှတ်တော်မိန့်ခွန်းမှာ အထက်ပါအတိုင်း ပြောသွားပါတယ်။ အနိမ့်ဆုံးလစာကို တစ်ဒေါ်လာ ခြောက်ကျပ်နှုန်းနဲ့ တွက်မှာလား၊ တစ်ထောင်နဲ့ တွက်မှာလားတော့ ထည့်ပြောမသွားပါ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဆားချက်လုပ်ငန်းများလည်း E-9 အလုပ်သမား အသုံးပြုခွင့်ရ


ဂျော်လာနမ်ဒို၊ ရှီနန်းဒေသ( ဂွမ်ဂျူးကြီး အနီး)ရှိ ဆားချက်လုပ်ငန်းများတွင် နိုင်ငံခြားသား E-9 အလုပ်သမား အသုံးပြုခွင့် ရရှိထားပြီ ဖြစ်သည်။ အဆိုပါဒေသသည် ကိုရီးယားနိုင်ငံအ၀ှန်း ဆားချက်လုပ်မှု၏ ၅၇%၊ ဆားထုတ်လုပ်မှု စုစုပေါင်း၏ ၆၅% ထုတ်လုပ်လျှက် ရှိပြီး၊ ဆားချက်လုပ်သား စုစုပေါင်း ၂၁၅၀ ဦး လိုအပ်နေသော်လည်း လက်ရှိ လုပ်ငန်းခွင်အတွင်း၌ ၁၇၀၀ ဦးသာ အသုံးပြုနိုင်သေးကြောင်း သိရသည်။


ကိုရီးယား အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ လူ့စွမ်းအား အရင်းအမြစ်ဌာနသည် ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြားသား အလုပ်သမား စုစုပေါင်း အရေအတွက် ၄၈၀၀၀ ဦး ခေါ်ယူ အသုံးပြုရန် သတင်း ထုတ်ပြန်ထားသည်။ ယင်းတို့မှာ စက်မှုလုပ်ငန်း ၄၀၀၀၀ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်း ၁၆၀၀ ဦး၊ ၀န်ဆောင်မှုလုပ်ငန်း ၁၅၀ ဦး၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ၄၅၀၀ ဦး နှင့် မွေးမြူရေးလုပ်ငန်း ၁၇၅၀ ဦးတို့ ဖြစ်သည်။ သို့သော် ကိုရီးယားအစိုးရအနေနှင့် ပထမ ၆ လပတ်အတွင်း ခွဲတမ်း၏ ၇၅%ကို စက်မှုလုပ်ငန်းများ၌ အဓိကထား ခေါ်ယူ အသုံးပြုရန် ရှိနေပြီး၊ ကျန်ရှိနေသော လုပ်သားခွဲတမ်းကိုမူ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း နှင့် ရေလုပ်ငန်းတို့တွင် ဆက်လက် အသုံးပြုရန် ရည်ရွယ်ထားကြောင်း သိရသည်။

ထို့ပြင် လုပ်ငန်းခွင် သန့်ရှင်းမှု နည်းပါး၍ ကိုရီးယားနိုင်ငံသားများ လုပ်ငန်းခွင်ဝင်ရောက်မှု နည်းပါးသော ဆားချက်လုပ်ငန်း နှင့် ဆောက်လုပ်ရေး ဘေးထွက်ပစ္စည်း သန့်ရှင်းရေးလုပ်ငန်းတို့တွင်လည်း နိုင်ငံခြားသား E-9 အလုပ်သမားများကို ခေါ်ယူ အသုံးပြုရန် ရည်ရွယ်ထားကြောင်း သိရသည်။

ပြည်ပနွယ်ဖွား ကိုရီးယား လူမျိုးများကိုမူ ယခင်နှစ်လျာထားချက်အတိုင်း ၃၀၃၀၀၀ ဦး အသုံးပြုမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>