Saturday, December 27, 2008

စက်ဘီးကလေး

(၁)
လွန်ခဲ့သော နွေနှောင်းရက်များ၏ တစ်ခုသော နေ့လည်ခင်း။ ကျွန်တော် တစ်ယောက်တည်း သည်အခန်းကျဉ်းလေးသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည်။ အခန်းကျဉ်းလေးဆိုသည့်အတိုင်း ကျဉ်းလွန်းလှသည်။ ပါလာသည့် စာအုပ်များနှင့် ပစ္စည်းပစ္စယများကို နေရာချပြီးသည့်အချိန် ကျွန်တော် အလုပ်လုပ်ရမည့် နေရာသို့ သွားကြည့်ရန် လမ်းထိပ် ကားမှတ်တိုင်သို့အရောက် သူမကို စတင်တွေ့ဆုံခဲ့ရသည်။ သူမ၏မျက်ဝန်းများမှာ တစ်စုံတစ်ယောက်ကို မျှော်လင့်နေသော အရိပ်များဖြင့် ပြည့်လျှမ်းနေပြီး ဘတ်၊စ်၊ကားမှတ်တိုင်ကို မှီ၍ ရပ်နေသည်။
သည်လို မျှော်လင့်ချက်မဲ့ မျက်လုံးတွေကို ကျွန်တော် မုန်းသည်။ ထို့ကြောင့် ဘာသိဘာသာ မသိသလို နေလိုက်သည်။ ဘတ်၊စ်၊ကားရောက်လာတော့ ရှေ့မှတက်သွားသော ခြေသလုံးသားလှလှ နှင့် စမတ်ကျကျ ကောင်မလေးများကို ကြည့်ငေးရင်း ကျွန်တော် တက်လိုက်သွားသည်။ သူမကတော့ ဘတ်၊စ်၊ကားပေါ်မှ ဆင်းလာသူများထဲတွင် တစ်စုံတစ်ယောက်ကို ရှာနေဟန်တူသည်။ သည်လိုနှင့် ကျွန်တော်လည်း သူမကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့သည်။

(၂)
အလုပ်လုပ်ရမည့်နေရာက အခန်းနှင့်ဝေးသည်။ လစာနှင့်တွက်ကြည့်တော့ အသုံးစားရိတ်နှင့်ပင် မလွယ်။ အလုပ်သွားဖို့ စက်ဘီးကလေးတစ်စီးတော့ ၀ယ်မှဖြစ်မည်။ စက်ဘီးဆိုသည်က ကျွန်တော်တို့လို နိုင်ငံခြားသား အလုပ်သမားတွေအဖို့ မရှိမဖြစ် မိတ်ဆွေကောင်းတစ်ယောက်ပင်။ သည်လိုနှင့် စက်ဘီးကလေးရှာဖို့ ကျွန်တော်ထွက်ခဲ့သည်။ လမ်းထိပ်ရောက်တော့ အမှတ်မထင် ကားမှတ်တိုင်ဘက် လှမ်းကြည့်ဖြစ်သည်။ သူမ သည်မှတ်တိုင်လေးမှာပဲ စောင့်နေသည်ကိုတွေ့တော့ တော်တော် စိတ်မကောင်းဖြစ်မိသည်။ သူမ နေ့စဉ်မျှော်နေသော တစ်စုံတစ်ယောက်သောသူကိုလည်း စိတ်ဝင်စားမိသည်။ ထိုသူသည် ဘယ်လို လူမျိုးလဲ..။ ဒီလောက် အကြင်နာတရား ခေါင်းပါးတဲ့သူမျိုး ဒီကမ္ဘာမြေပေါ်မှာ ရှိနေရတယ်လို့..။ မိုးချုပ်တော့မှာမို့ အတွေးစတွေ ဖြတ်ပြီး စက်ဘီးကလေး အမြန်ရရေး ထွက်ခဲ့ရသည်။

(၃)
အနီးဆုံး အရောင်းပြခန်းထဲ သွားရှာကြည့်တော့ စက်ဘီးတွေက သိပ်မများ။ ကျွန်တော်လိုချင်သော စက်ဘီးမျိုးမတွေ့။ လျှောက်ကြည့်ရင်းက ထူးထူးဆန်းဆန်း မျက်စေ့ကို စုံမှိတ်ထားသော စက်ဘီးကလေးကို တွေ့လိုက်ရသည်။ ကျွန်တော် တော်တော် အမြင်ကပ်သွားသည်။ ဒါမျိုးတော့ နေပါစေတော့။ အမြင်ကပ်ကပ်နှင့် သူ့အနားသွား၍ သူ့ပါးပေါ်က ဘဲလ်လေးကို ခပ်ဆတ်ဆတ် နှစ်ချက်တီး ပစ်လိုက်သည်။ သည်တော့ သူက သူ့မျက်လုံး ၀ိုင်းဝိုင်းလေးကို မော့ကြည့်ပြီး ခိုးခိုးခစ်ခစ်နှင့် ရယ်သည်။ ကျွန်တော် ပျော်သွားသည်။ ဒီ စက်ဘီးကလေးပဲ ယူတော့မယ်။ ခပ်လှမ်းလှမ်းတွင် ရှိနေသော ကောင်တာသို့သွားပြီး ထိုစက်ဘီးကလေးကို ခေါ်လာခဲ့တော့သည်။

(၄)
အပြင်ရောက်ရောက်ချင်း သူက“ကျွန်မကို အပေါ်က ပလပ်စတစ်တွေ ဖယ်ပေးပါလားရှင်။ ကျွန်မ မွန်းကြပ်နေလို့ပါ”။ ကျွန်တော် လန့်သွားသည်။ ဘယ်လို စက်ဘီးလဲဟ..။ အမြန် ပလပ်စတစ်တွေကို ဖြုတ်ပေးလိုက်ရသည်။ “ကျွန်မ အဲဒီ အလုံပိတ်ထားတဲ့ အခန်းထဲမှာ နေနေရတာ မွန်းကြပ်လှပြီ၊ ကျွန်မက လိပ်ပြာလေးတွေလို လေထဲမှာ ပျံဝဲနေချင်တာ…”
“အော်..အင်း..”
“ကျွန်မတို့ သွားကြပါစို့ရှင်..၊ ဒီနေရာကနေ အမြန်ဆုံးဝေးအောင်..”
သူမ ဆန္ဒအတိုင်း အမြန်ဆုံးထွက်ခဲ့ရသည်။
“ငါ့ အခန်းလေးက ကျဉ်းတယ်နော်..။ မင်းပါအတူနေဖို့ အဆင်ပြေပါ့မလား မသိဘူး..”
“ ကျမအတွက် စိတ်မပူပါနဲ့ရှင်..၊ ကျွန်မ နေတတ်ပါတယ်..၊ ရှင် အဆင်ပြေသလိုသာ စီစဉ်ပါ..”။ သည်တော့ ကျွန်တော် သူမကို ကျေးဇူးတင်ရသည်။ ကျွန်တော့် အခန်းလေးက ကျဉ်းလွန်းသည် မဟုတ်ပါလား။
လမ်းတစ်လျှောက်လုံး သူမက ကလေးငယ်လေးတစ်ယောက်လို ပျော်မြူးနေသည်။ သူမကို ကြည့်ပြီး ကျွန်တော်ပါ ပျော်လာသည်။ ကျွန်တော့် အခန်းရှိရာ ထပ်ခိုးလေးကို တက်မည်လုပ်တော့ သူမက လှေကားနားတွင် နေခဲ့မည်ဟု ပြောသည်။ ကျွန်တော် စိတ်မကောင်း။ သူမကတော့ ဘာမှ မဖြစ်သလိုပင်။ ဝေးဝေးက လေဟာနယ်သို့ ငေးကြည့်နေသည်။

(၅)
သည်လိုနှင့် စက်ဘီးကလေးသည် ကျွန်တော်၏ အလုပ်သွား အလုပ်ပြန် အဖော်ကောင်းတစ်ယောက်ဖြစ်ခဲ့ရသည်။ ကျွန်တော် ယန္တယားများအကြား အလုပ်များနေချိန်တွင် သူမက အပြင်တစ်နေရာတွင် မညည်းမညူ ရပ်စောင့်နေခဲ့သည်။ အိမ်အပြန်လမ်းတွင်တော့ ကျွန်တော်တို့ ပျော်မဆုံးနိုင်။ နွေရွက်ကြွေများကြားတွင် သူမနှင့် ကျွန်တော် ပျော်ခဲ့ကြသည်။
ရံဖန်ရံခါ ကျွန်တော် အလုပ်များနေချိန်မျိုးတွင် ဘ၀တူ အခြားနိုင်ငံခြားသား သူငယ်ချင်းများက အလစ်စီးသွားတတ်သည်။ သည်လိုနေ့မျိုးတွင်တော့ သူမက ကျွန်တော့်ကို ဇွတ်တောင်းဆိုနေတတ်သည်။ သူမကို သော့ခတ်ထားရန်။
“ တစ်စုံတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုသင်္ကေတဆိုတာ ကျွန်မတို့အတွက်တော့ လုံခြုံငြိမ်းချမ်းမှုပါရှင်..”။ သူမ၏ စကားလုံးတွေက ကျွန်တော့်အတွက် အမြဲတမ်း အထူးအဆန်းပင်။ ထိုနေ့မှ စ၍ ကျွန်တော် အလုပ်လုပ်နေချိန်များတွင် သူမကို လုံခြုံမှုရှိစေရန် သော့တစ်ချောင်းဖြင့် ပိတ်ထားခဲ့ရသည်။

(၆)
သို့သော် သူမနှင့် ကျွန်တော် အချိန်တိုင်း အမြဲအတူရှိနေခဲ့သည်တော့ မဟုတ်ခဲ့။ သည်နေ့လို မိုးများသည်းထန်စွာရွာသွန်းသည့်နေ့မျိုးတွင်တော့ ကျွန်တော် ဘတ်၊စ်၊ကားဖြင့် သွားရသည်။ ထိုကြောင့် ကျွန်တော် မှတ်မှတ်ရရ မှတ်တိုင်တွင် ရှိနေတတ်သော နွမ်းလျလျ မျက်ဝန်းများနှင့်သူမကို သတိထားကြည့်ဖြစ်ခဲ့သည်။ ထုံးစံအတိုင်း မိုးစက်တွေကြားမှ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသော သူမကို ၀မ်းနည်းဖွယ်ရာ တွေ့ရသည်။ သူမနေ့စဉ်မျှော်လင့်နေသော တစ်စုံတစ်ယောက်မှာ ကြွယ်ဝချမ်းသာသူတစ်ယောက်များလား..။ ထို့ကြောင့်ပင် သူမ ဤမျှ အချိန်တွေ ကြာအောင် စောင့်ဆိုင်းနေခဲ့သည်လား…။ ဒါမှမဟုတ် ဆင်းရဲသား အလုပ်သမားတစ်ယောက်များလား…။ အကယ်၍ သည်လိုမျိုး မဟုတ်ဆိုလျှင် ထိုသူ ဤမျှကြာအောင် ဘာတွေများလုပ်နေလဲ..။ သွားရင်းလာရင်း မတော်တဆ ထိခိုက်မှုတစ်ခုခု ဖြစ်ပြီးတော့များ … ဘုရား..ဘုရား..။ အဲဒီလိုလည်း မဖြစ်ပါစေနဲ့..။ ဒါမှမဟုတ် သူ့တွင် နောက်ထပ် စိတ်ဝင်စားစရာ သူမထက်လှသော နောက်တစ်ယောက်များ တွေ့သွားလို့လား..။ ဒီလိုတော့ ဖြစ်ဟန်မတူ..။ သူမ ဒီလောက် အချိန်တွေအကြာကြီး ယုံယုံကြည်ကြည် စောင့်ဆိုင်းနေခဲ့ပုံထောက်ရင် သူမတို့နှစ်ယောက်ကြားမှာ ချစ်ခြင်းမေတ္တာဟာ အတော်နက်ရှိုင်းခဲ့ပုံရပါရဲ့…။
ကျွန်တော် သူမအနားသို့ ကပ်သွားလိုက်သည်။
“ ခင်ဗျား… ဒီလောက်ကြာအောင် ဘယ်သူ့ကို စောင့်နေတာလဲဟင်..”
သူမ ဘာမှပြန်မပြော။
“ သူ တစ်နေ့ ပြန်လာမယ်လို့ ခင်ဗျား ဘာကြောင့် ရူးရူးမိုက်မိုက် ယုံကြည်နေရတာလဲ…”
“ ကျွန်မမှာ ရွေးချယ်စရာ တစ်ခြားနည်းလမ်းမှ မရှိတာ…”
“ နောက်ရက်တွေဆိုရင် နှင်းတွေ အများကြီး ကျလာတော့မှာ..။ အဲဒီအချိန်ဆို လေအေးတွေက အရိုးကိုက်လောက်အောင် ဆိုးတယ်နော်…”
“ ခိုင်မာတဲ့ သံကြိုးတွေကို ပြတ်တောက်သွားနိုင်လောက်အောင် ဘယ်အရာတွေက စွမ်းဆောင်နိုင်လို့လဲ…”
“ ခင်ဗျား မြင်နေရတဲ့ ရှုခင်းတွေလိုပဲ လူတွေရဲ့ စိတ်တွေကလည်း အမြဲပြောင်းလဲနေတယ်နော်..၊ ခင်ဗျား အိမ်ပြန်ပါလားဗျာ…”
သူမပြန်မပြော..။ မျက်ရည်တွေသာ တတွေတွေစီးကျလာသည်။
“ ကျွန်မ သူ့ကို ဘေးမသီ ရန်မခပဲ ရှိစေချင်တယ်..၊ သူ ကျွန်မဆီကို ရောက်မလာရင်နေပါ..။ ကမ္ဘာမြေပေါ်က တစ်နေရာရာမှာ သူ့ကို ကျွန်မ ဘေးအန္တရာယ်ကင်းကင်း ရှိနေစေချင်တယ်..”
ကျွန်တော် သက်ပြင်းချမိသည်။ သူမက
တစ်ကယ်တော့ သော့ကလေးတစ်ချောင်းဆိုတာဟာလည်း ချစ်ခြင်းမေတ္တာလိုပဲ လူတစ်ယောက်ရဲ့ ဘ၀ကို ချည်နှောင်လွန်းတယ်..”
သူမ၏ စကားများကို ကျွန်တော် နားမလည်နိုင်။
“ ရှင် ကျွန်မကို စာနာတယ်ဆိုရင် သူ့ကို ကူရှာပေးပါလားဟင်…”
ကျွန်တော် ဘာလုပ်ရမည် မဝေခွဲတတ်။ သူမကို သည်ဝဋ်ဒုက္ခကြီးက ကျွတ်လွတ်စေချင်သည်။ တစ်စုံတစ်ရာကို နှစ်ရှည်လများ စောင့်ဆိုင်းနေရသော သူမ၏၀ဋ်ဒုက္ခကို ကိုယ်ချင်းစာမိသည်။ မထူးတော့။ သူမပြောသည့်အတိုင်း သူမ စောင့်ဆိုင်းနေသူ၏ ကိုယ်ရေးအချက်အလက်များကို ယူ၍ အနီးဆုံး အကူအညီတောင်းခံနိုင်မည့် နေရာများသို့ ထွက်ခဲ့သည်။ တစ်နေကုန် ဖတ်ဖတ်မောပြီး ဘာမှ မထူးခြားခဲ့။ တစ်နေရာပြီး တစ်နေရာ နေရာအနှံ့ ရှာခဲ့သည်။ ည သန်းခေါင်ကျော်လောက်ကျမှ ကျွန်တော်သိခဲ့ရသည်။ သည်အကြောင်းတွေ သူမကို ကျွန်တော် ဘယ်လို ပြန်ပြောပြရမည်မသိ။

(၇)
တစ်ကယ်တော့ သူမ စောင့်စားနေသည့် တစ်ယောက်သောသူမှာ နိုင်ငံခြားသား အလုပ်သမားတစ်ယောက်၊ လွန်ခဲ့သော သုံးနှစ်ခန့်က တရားမ၀င်နေထိုင်မှုဖြင့် လ၀ကမှ အဓ္ဓမဖမ်းဆီးခံရကာ နေရပ်သို့ အတင်းအကြပ် ပြန်ပို့ခံလိုက်ရသည်။ သူ အဖမ်းဆီးမခံရမီ စက်ရုံသို့အသွား ဘတ်၊စ်၊ကားမှတ်တိုင်တွင် သူစီးလာသော စက်ဘီးကလေးကို သော့ခတ်၍ ဘတ်၊စ်၊ကားဖြင့် စက်ရုံသို့သွားရာ စက်ရုံ၌ အလုပ်လုပ်ကိုင်နေရင်း ဖမ်းဆီးခံရခြင်းဖြစ်သည်။ အပြန်လမ်းတစ်လျှောက်လုံးတွင် ကျွန်တော် ၀မ်းနည်းခြင်းကြီးစွာဖြင့် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချခဲ့သည်။ နောင် ဘယ်သောအခါမျှ ကျွန်တော့် စက်ဘီးကလေးကို သော့မခတ်တော့ပါ..။ ။


3 comments:

ဝင်းပေါ်မောင် said...

ကောင်းတယ်ဗျို့...။ အတွေးလည်းလှ အရေးလည်းလှတယ်။ တခုပဲ... မားကက်, အက်စီးဒင့် ဆိုတာမျိုးကို မြန်မာလိုရေးဖြစ်အောင် သတိပြုစေချင်တယ်။

ဇေဇော် said...

ကျေးဇူးတင်ပါတယ်ခင်ဗျာ..။ ပြင်လိုက်ပါပြီ..။ ဝေဖန်အကြံပေးကြပါဦး..။

winlatt said...

ဟန်ဂုရွာက နောင်တော်များ
စာရေးဆရာကောင်းတွေပါဘဲ...။
ဖတ်ကောင်းတဲ့ ရင်ထိ စာများ များများ တင်နိုင်ပါစေ။