Wednesday, December 17, 2008

လူတစ်ယောက်ရဲ့တံဆိပ်

ရေးသားသူ — (အမည်မသိစာဆို)
လူတစ်ယောက်ရဲ့တံဆိပ်
လူတစ်ယောက် အတွက်ဘယ်အရာက အသုံးလှပြီး အကြည့်ခံတဲ့ နာမည်ကြီး တံဆိပ်လဲ ။
နာမည်ကြီး Chanel ရဲ့အင်္ကျီလား။ Pierre Cardin ရဲ့ဘောင်းဘီလား။ Gucci
ရဲ့ဝီစကုတ်လား။ Hermes ရဲ့မာဖလာလား ။ Fendi ရဲ့ဖိနပ်လား ။
ဒီပုံပြင်ကိုလူတိုင်းကြားဖူးမှာပါ ။
တစ်ခါက အမေရိကန်သမ္မတလင်ကွန်းဟာ သူ့ဆီမှာ တာဝန်လာထမ်း ဆောင်မယ့် လူတစ်ဦးကို
အင်တာဗျူးခဲ့တယ် ။ အင်တာဗျူးပြီး အလုပ်မခန့်ခဲ့ပါဘူး ။

လက်အောက် တစ်ယောက်က အလုပ်မခန့်တဲ့ အကြောင်းရင်းကို မေးတော့ လင်ကွန်းက “သူ့ရုပ်ကို ငါမကြိုက်လို့” လို့ ပြန်ဖြေခဲ့တယ် ။
မေးတဲ့လူက “ မွေးရာပါရုပ်မလှတာ သူ့အမှားလား” လို့ ပြန်မေးခဲ့တယ် ။
လင်ကွန်းက “အနှစ်(၄၀) မတိုင်ခင် လူတစ်ယောက်ရဲ့ရုပ်ရည်ဟာ
မိဘတွေကပေးခဲ့တာ ။ အနှစ်(၄၀) နောက်ပိုင်းရဲ့ရုပ်ရည်ဟာကိုယ့်ကိုယ်တိုင်က
ပေးတာ ။ လူတစ်ယောက်ဟာ အနှစ်(၄၀) နောက်ပိုင်းမှာ ကိုယ့်ရုပ်ရည်ကို
ကိုယ်တာဝန်ယူနိုင်ရမယ် ။” လို့ ပြန်ပြောခဲ့ပါတယ် ။

ဟုတ်တယ် - လူအများစုက အချိန်ကုန်ခံပြီး ဈေးဝယ်ထွက်ကြတယ် ။ ငွေကြေးတွေအကုန်အကျခံပြီး
နာမည်ကြီး တံဆိပ်အ၀တ်အစားတွေကို ၀ယ်ပြီးကိုယ်ပေါ်မှာ တန်ဆာဆင်ကြတယ် ။ ဒါပေမယ့်
တစ်ခါတလေမှာ အကျင့်စရိုက်နဲ့ စိတ်ဓာတ်တွေကို တန်ဆာဆင်ဖို့ မေ့နေတတ်ကြတယ် ။
တစ်နည်းပြောရရင် လူတစ်ယောက်ရဲ့ ပြည့်ဝတဲ့ စိတ်နေသဘောထားနဲ့ ကောင်းမြတ်တဲ့
အကျင့်စရိုက်ဟာ အကြည့်ခံတဲ့ အကောင်းဆုံး နာမည်ကြီးတံဆိပ်ဖြစ်တယ် ။
စိတ်သဘောထား ပြည့်ဝတဲ့လူဟာ Chanel, Pierre Cardin, Gucci... တွေထက်ပိုလှ ၊
ပိုအကြည့်ခံပါတယ် ။
စိတ်သဘောထား ပြည့်ဝအောင်လုပ်ဖို့ရာ ငွေကုန်ကြေးကျခံနေစရာ မလိုပါဘူး ။ ကိုယ့်ရဲ့ ဒေါသကိုထိန်းမယ် ။ မကောင်းတဲ့အကျင့်တွေကို ပြုပြင်မယ် ။ သန့်ရှင်းတဲ့အတွေးတွေ တွေးမယ် ။

တကယ်တော့ လူအများရဲ့ ကြည်ညိုလေးစားမှုကို
အဖိုးတန် အ၀တ်အစား ၀တ်ထားမှ ရတာမဟုတ်ပါဘူး ။ ကိုယ့်ရဲ့အပြုအမူနဲ့ စိတ်နေ
သဘောထားပဲဖြစ်တယ် ။
အရှင်းဆုံး ဥပမာတစ်ခု ပေးရရင်တော့ ၊ စိန်တွေ ပြိုးပြိုးပြက်ပြက် ၀တ်ထားတိုင်း လူတွေရဲ့ အချီးကျူးနဲ့ လေးစားမှုကို မခံရပါဘူး ။

******

ပို့စ်တင်သူ၏ မှတ်ချက် ။
- မိတ်ဆွေတစ်ယောက်က ပေးပို့လာသော အီးမေးလ်ကို တင်ပြလိုက်ခြင်းဖြစ်ပါသည် ။
- အသက်၄၀အောက် ရုပ်မလှသူများ ၊ မိဘတွင်သာ တာဝန်ရှိကြောင်း မှတ်ယူရန် မဟုတ်ပါ ။
- အသက် ၄၀ ကျော်လာပြီး ရုပ်မလှသေးသူများ ၊ ရုပ်လှဆေး မှီဝဲတော်မူကြပါ ။ ရုပ်လှဆေးအစစ်ကို ဟန်ဂုနေပြည်တော်ရှိ လက်လီလက်ကား ဆိုင်များအားလုံးတွင် ကြိုတင်ငွေစနစ်ဖြင့် မှာယူရရှိနိုင်ပါကြောင်း ။

1 comment:

ဝင်းပေါ်မောင် said...

ငယ်ငယ်တုန်းက အဖေက အိမ်နံရံမှာ ကပ်ပြီး ဆုံးမခဲ့တဲ့ စာတမ်းက `မိမိကိုယ်ကို လှအောင် ဆင်ခြင်းထက် မိမိစိတ်ကို လှအောင် ပြင်ပါ´ တဲ့။ အခုထိတော့ ကိုယ်ကိုယ်ကိုယ် ဆင်တတ်ပြီလား၊ ပြင်တတ်ပြီလား မဝေခွဲတတ်သေးပါ။