Sunday, February 28, 2010

မြန်မာ အီးပီ လုပ်သား တစ်ဦး ရုတ်တရက်ကွယ်လွန်

အင်ချောန် ၊ ဖေဖော်ဝါရီ ၂၈ ။
ယနေ့ နံနက် ဝေလီဝေလင်းအချိန်တွင် မြန်မာတစ်ဦး ၊ အိမ်ခေါင်မိုးအထပ်ရှိ အလုပ်သမားတန်းလျားဆောင်မှ ရုတ်တရက်ပြုတ်ကျကွယ်လွန်သွားကြောင်း သိရသည်။ အဆိုပါ သေဆုံးသူမှာ ကိုအေးမင်းထွန်း(၂၇-နှစ်)ဆိုသူ ဖြစ်ပြီး ၊ လွန်ခဲ့သော အောက်တိုဘာ ၂၆ ရက်နေ့ကမှ တောင်ကိုရီးယားသို့ အီးပီစနစ်ဖြင့် ရောက်ရှိလာသူဖြစ်ကြောင်း ၊ ရေးမြို့နယ် လမိုင်းဇာတိ မွန်တိုင်းရင်းသားဖြစ်ကြောင်း ၊ ၄င်းကို ခင်မင်သူများကမူ အိုးရှင်းဟုလည်း ခေါ်ကြကြောင်း သိရပါသည် ။


၎င်းသည် အွိဂျောင်ဘူဒေသ(Uijeongbu) ဖိုချောန်မြို့ ၊ ဂါဆန်ကျေးရွာ(P'ocheon Shi, Gasab Myeong)တွင် အီးပီဗီဇာဖြင့် တရားဝင်အလုပ်လုပ်နေသူဖြစ်ပြီး ၊ ပိတ်ရက်ကာလတွင် ဂွါန်ဂျူးလေး (Gyeonggi Do, Gwangju Shi) ရှိမိတ်ဆွေထံသို့ အလည်လာရောက်လာစဉ် ထိုကဲ့သို့ သေဆုံးသွားခြင်းဖြစ်ကြောင်း ၊ ယမန်နေ့ည ၁၂ နာရီခန့်က အခင်းဖြစ်ပွါးရာသို့ရောက်ရှိလာကြောင်း ၊ မိတ်ဆွေများနှင့်အတူ အိပ်စက်နေရာမှ နံနက် ၄နာရီခွဲခန့်တွင် အပေါ့အပါးသွားရန် ထသွားသည်ဟုဆိုကြောင်း ၊ အိပ်တန်းလျားအောက်ထပ်တွင် ၄င်းပြုတ်ကျ သေဆုံးနေသည်ကို နံနက် ၈နာရီခွဲခန့်ရောက်မှ အတူအိပ်နေကြသည့်မိတ်ဆွေများက တွေ့ကြသည်ဟုဆိုပါသည် ။

အဆိုပါ အိပ်ဆောင်တန်းလျားသည် ကိုရီးယားဘာသာဖြင့် အုတ်ဆန် (Oksang) ဟုခေါ်သည့် စက်ရုံအဆောက်အဦး အပေါ်ဆုံးခေါင်မိုးအထပ်တွင် လူနေခန်းအဖြစ် ဖန်တီးထားသည့် နေရာဖြစ်ကြောင်း ၊ ထိုအပေါ်ဆုံးထပ်၏ ဝရန်တာ လက်ရန်းမှာ ၊ ယခင် များမကြာသေးမီက တစ်ကြိမ်ပြုတ်ကျသွားသဖြင့် ပြန်လည်တပ်ဆင်ထားခြင်းဖြစ်ကြောင်း၊ ယခု ကိုအေးမင်းထွန်းမှာ ထိုခနော်ခနဲ့ ဝရန်တာနှင့်အတူ ပြုတ်ကျကွယ်လွန်သွားခြင်းဖြစ်သည်ဟုဆိုပါသည် ။ ယခုအခါ ကျန်ရစ်သူမိတ်ဆွေများနှင့် ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်းက ကိုအေးမင်းထွန်း၏ ဈာပနကိစ္စ ၊ သေမှုသေခင်းကိစ္စနှင့် အရေးပေါ်အသုံးစရိတ်အာမခံကြေးများရရှိရေးကိစ္စစသည့် ပြုဖွယ်ကိစ္စတို့ကို အပူတပြင်းလုပ်ဆောင်နေကြသည်ဟု ဆိုပါသည် ။

ကိုရီးယားနိုင်ငံရောက် နိုင်ငံခြားသားအလုပ်သမားအများစုတို့မှာ ထိုကဲ့သို့ အဆောက်အဦး အပေါ်ဆုံးထပ် ၊ စက်ရုံအကြို အကြားနေရာများတွင် ယာယီလူနေခန်းအဖြစ် ဖွဲ့စည်း၍ လည်းကောင်း ၊ စက်ရုံဝင်း သို့မဟုတ် လမ်းဘေး မြေနေရာလွတ်များတွင် ကွန်တိန်နာခေါ် ကုန်သေတ္တာများကို လူနေ အိပ်ဆောင်အဖြစ် ဖန်တီး၍ လည်းကောင်း ဆင်းရဲ ချို့တဲ့စွာ နေကြရကြောင်း ၊ ယခင် နိုင်ငံခြားသားလုပ်သားများ နေစရာနှင့် စားစရာများ ထောက်ပံ့ရေးဆိုင်ရာညွှန်ကြားချက်များတွင်မူ လူနေရန်မသင့်သောနေရာများတွင် နေစေခြင်းမပြုရန် ညွှန်ကြားထားသည်ဟု ဆိုပါသည် ။



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, February 26, 2010

အမုန်းစက်ဝန်း


နှလုံးသွေးကြောတွေအနှံ့ ဖြတ်သန်း စီးဆင်းရင်း ကျနော့် သွေးတွေကို ပွက်ပွက်ဆူအောင် လုပ်နေတဲ့ အက်ရီနာလင် ဟိုမုန်းဓာတ်တွေရဲ့အလျင်ကို ကျနော် ခံစားမိနိုင်တယ်။

အုန်းပင်ရိပ်အောက်မှာ ထိုင်ရင်း ကုန်စုံဆိုင် ရှေ့တံခါးပေါက်ကို ကျနော် မျက်စေ့ဒေါက်ထောက် ကြည့်နေမိတယ်။ ကျနော့် ရင်ဘတ်ထဲက ခံစားချက်တွေကတော့ အရမ်းကို အသားကျနေပြီးသား ခံစားချက်တွေပါပဲ။

သည့်တိုင်အောင် နောက်ဆုံး သတ်ဖြတ်ခဲ့တုန်းကထက် ခုဟာက ကျနော့်အတွက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းနေမလားပဲ။

တမေ့တမော စိတ်ကြည်နူးရမယ့် အချိန်မတိုင်ခင် ကျော်လွှားရမယ့် အချိန်နာရီတွေကို လက်ချိုးရေရင်း အုန်းပင်အောက်မှာ မရိုးမရွ ဆက်စောင့်နေလိုက်တယ်။

ဒီလိုစောင့်ရင်း ဂိတ်စောင့်ရုံလေးကို ကျနော် တစ်ချက် သတိထားပြီး ကြည့်မိတယ်။ အဲဒီ ဂိတ်စောင့်ကိုတော့ ခပ်လွယ်လွယ်လေးပဲ အလဲထိုးနှက်ခဲ့ပြီးသား။ သတိလည်း ပြန်လည်လာဦးမှာ မဟုတ်လို့ ကျနော့်အတွက်တော့ ဘာမှ စိုးရိမ်စရာ မရှိ။

ဒီအချိန်မှာ အဝေးက စကားပြောသံကြောင့် ကျနော့်မျက်လုံးတွေ တဖန် ကုန်စုံဆိုင် မျက်နှာစာဆီ ပြန်ရောက်လာတယ်။

အလုပ်သမားနှစ်ယောက် အနီးက ဟင်းလင်းဖြစ်နေတဲ့ ကားများထားရာနေရာမှာ ရှိတဲ့ ရွှေရောင်အယ်မေရာ ကားဆီ လျှောက်လာနေကြတာ။

နောက် ဂိတ်စောင့်ရုံလေးကို အမှတ်တမဲ့တောင် ကြည့်မသွားဘဲ လမ်းမပေါ် မောင်းထွက်သွားတဲ့ သူတို့ကို သာမန် စိတ်ကျေနပ်မှုမျိုးလောက်နဲ့ ကျနော် လှမ်းကြည့်နေခဲ့တယ်။

အရာရာကတော့ ကျနော်ထင်ထားသလို တစ်ဆင့်ပြီးတစ်ဆင့် ချောမွေ့လှပါဘိ။

တုန်ရီနေတဲ့ နှလုံးခုန်သံကို ကျနော် နားစွင့်ရင်းပဲ ထပ်စောင့်နေလိုက်တယ်။ မိနစ်အနည်းငယ် အကြာမှာတော့ ကျနော့်အတွက် ဆုထူးကြီး အပ်နှင်းခံရမယ့် အရိပ်လက္ခဏာ ပြပါပြီ။ အဲဒါကတော့ သူမ-

သူမ ကာလိုတီ ပါပဲ ။

အနက်ရောင် လက်ကိုင်အိတ်ထဲမှာ သော့တွဲကို မွေနှောက်ရှာရင်း ကားဆီကို လျှောက်လာနေတဲ့ သူမရဲ့ ပိန်ပိန်ပါးပါးသဏ္ဍာန်ကို မြင်လိုက်ကတည်းက စိတ်လှုပ်ရှား တက်ကြွမှုတွေနဲ့ ကျနော့် မျက်လုံးတွေ အရောင်လက်လာတယ်။

သူမရဲ့မျက်နှာကို မမြင်ရပေမယ့် သူမ ဘယ်လိုပုံ ပေါက်နေမလဲဆိုတာ ကျနော်သိနေတယ်။ ဟိုလွန်ခဲ့တဲ့ လေးရက် ကုန်စုံဆိုင်ထဲမှာ ပထမဆုံး ကျနော် သူမကို ကြုံဆုံခဲ့ဖူးသလိုပဲ နေမှာပေါ့။ ပြီးတော့ နောင်ဖြစ်လာမယ့် အရာအားလုံးဟာလည်း သူမရဲ့ အမှားအယွင်းတွေပဲ ဆိုတာ။

အဲဒီနေ့က သူမ အတော်လေး နမော်နမဲ့ နိုင်တယ်။ ဒူမော်ရီယား (du Maurier) စီးကရက် တစ်တောင့်အတွက် ကျနော့်ဆီက ငွေနှစ်ခါယူလိုက်တယ်။ အဲဒီ ငတုံးမ သူ့လုပ်ရပ်ကို သတိတောင် ပြုလိုက်မိပုံ မပေါ်ဘူး။ ကျနော်လည်း ဒီအကြောင်း သူ့ကို ပြောမနေတော့ဘူး။ ကျနော်ဆိုလိုတာက၊ ကျနော်က ဘာ့ကြောင့် ပြောနေ၊ ရှင်းပြနေစရာ လိုသလဲ။ သူတို့ဆိုင် လာဝယ်ခြမ်းသူတွေရဲ့ ပစ္စည်းနုန်းထားတွေကို မှန်မှန်ကန်ကန် တွက်ချက်ယူဖို့က သူတို့ အလုပ်ပဲလေ။ ဒါကို သူမ သိသင့်တယ်။ ဒါပေမယ့် သူမ မသိဘူး။ အဲဒီလို သိရမယ့်အစား ကျနော်ဝယ်တဲ့ ပစ္စည်းတန်ဖိုးရဲ့ နှစ်ဆ တွက်ယူလိုက်တယ်။ အခုတော့ ဒါနဲ့ပတ်သက်ပြီး သူမ ဒဏ်ပေးခံရမယ်။ အဲဒီဒဏ်က ကျနော်ကိုယ်တိုင်က ပေးမယ့်ဒဏ်။

ကျနော့်လက်ချောင်းတွေက ဂျာကင်အင်္ကျီအိတ်ထဲ ထည့်ထားတဲ့ လက်နက်ပစ္စည်းနားမှာ။ ဒီပစ္စည်းဟာ လက်ချောင်းတွေနဲ့ ထိတွေ့လိုက်တဲ့အခါ သူ့ရဲ့ ပင်ကိုသဘာဝ အေးဆတ် သိပ်သည်းမှုက ပူလောင်နေတဲ့ ကျနော့်အရေပြားကို လောင်မြိုက်သွားသလိုသာ ရှိတော့တယ်။ အထူးသဖြင့် ဒါကို ကျနော်က စိတ်အေးငြိမ်းမှုအဖြစ် မြင်တယ်။

ကာလိုတီဟာ ကားထားရာ နေရာမှာ သူမတစ်ယောက်ထဲ ရှိနေတာမဟုတ်ဘူး ဆိုတာကို သိဟန်မတူဘူး။ သူမရဲ့ ကားအနောက်ဖက်ကနေ ကျနော်ကုန်းထ လာတာကိုတောင် သတိ မပြုလိုက်မိဘူး။ သူမနားကို ကျနော် ရောက်လာပြီး ကားတံခါးကို ဆွဲဖွင့်လိုက်တဲ့အချိန် အထိပဲ ဆိုပါတော့။

သူမကို ကျနော် ဆောင့်ဆွဲထုတ်လိုက်တော့ အော်ဟစ်ရင်း သူမ အတင်းရုန်းတယ်။ ဒါပေမယ့် ကျနော်က လူကြောက်မှ မဟုတ်တာ။

သူမ ပြန်ခုခံတိုက်ခိုက်တဲ့ အနေနဲ့ လက်သည်းရှည်တွေနဲ့ ကျနော့်ရဲ့ မဲနက်နက် ကတ္တီပါမျက်နှာပေါ် ကုတ်ခြစ်တာ ခံလိုက်ရတယ်။

ကျနော် အံ့အားသင့်သွားတယ်။ အရင် ကျနော့်သားကောင် ဖြစ်ခဲ့ကြတဲ့သူတွေဟာ ခုလို ပြန်ခုခံတာမျိုး တစ်ခုတောင် လုပ်ဝံ့ကြတာ မဟုတ်ဘူး။ သိပ်ကို လွယ်လွယ်ကူကူပဲ ပြီးသွားကြတာ။

ဒါပေမယ့် ကာလိုတီဟာ ခံစားလို့ရပါလားဆိုတာ ကျနော် အခု သိသွားပြီ။ တစ်ချက်လောက်လေးနဲ့ ကျနော့်ကို တွေဝေသွားစေတဲ့ သူမရဲ့ ပမာမခန့်မှုကို လက်ပိုက်ကြည့်နေလို့တော့ မရဘူး။ ဒီလိုနေ့ကို အကွက်ချပြီး စောင့်လာခဲ့တာ ကြာပြီ။ ဒီလောက်လေးနဲ့ အစီအစဉ်တွေ အားလုံး အချည်းနှီး ပြိုကျပျက်စီးသွားမှာတော့ ကျနော် လက်မခံနိုင်ဘူး။

လက်တပြန်စာလောက် ရှည်တဲ့ သံချိန်းကြိုးကို ဆွဲထုတ်ချိန်မှာ ကျနော် အရသာတွေ့မိတာက သူမ မျက်လုံးတွေ ပြူးကျယ်သွားတဲ့ပုံပါပဲ။ သူမ လည်တိုင်ဆီ ချိန်းကြိုးနဲ့ ရိုက်ချလိုက်ချိန်မှာတော့ နာကျင်ကွဲအက်သံတစ်ခု ပေါ်လာတယ်။ ညိုပြာညက်နေတဲ့ အသားအရေတွေ ကွဲရှကုန်ပြီး သွေးစိမ်းတွေ ပန်းထွက်လို့ သူမရဲ့ အဖြူရောင် ရှပ်အင်္ကျီပေါ် စွန်းထင်းကုန်တယ်။

နောက်ထပ်ပြီး သူမရဲ့မျက်နှာဆီ ချိန်းကြိုးနဲ့ ဖြတ်ရိုက်ပစ်လိုက်တယ်။ သူမရဲ့ပါးပြင်ဆီ ချိန်းကြိုးသံတွေ တ၀ီဝီမြည်လို့။ သူမရဲ့နှာခေါင်းရိုးတော့ ကျိုးသွားတယ် ထင်တယ်။ အဲဒီကနေ သွေးတွေ ဖြာဆင်းလာတယ်။ သူမဟာ နာကျင်မှုတွေနဲ့ ဟစ်အော်ငိုရင်း မြေပြင်ပေါ် ပြိုလဲကျသွားတယ်။

သူမရဲ့ အပေါ်စီးက ရပ်ရင်း တုန်ယင်ဝပ်လျှိုးနေတဲ့ သူမကို ကျနော် အပျော်တလှေးကြီးနဲ့ ကြည့်လိုက်တယ်။ သူမ ငိုယို ညည်းတွှားရင်းမှာပဲ သံချိန်းကြိုးကို မြောက်ပြီး ဆက်ကာ ဆက်ကာ ကျနော် ရိုက်ချပစ်လိုက်တယ်။

ကျနော် သူမကို အသေတော့ မရိုက်ဘူး။ အပြင်းအထန် ဒဏ်ရာရသွားလောက်အောင်ပဲ လုပ်လိုက်တယ်။ ဒီလို မသေမရှင် အော်ဂလီဆန်စရာ မြင်ကွင်းဟာ ကျနော့်အတွက်တော့ ရှုမငြီးစရာ ပန်းချီကားတစ်ချပ်ပါပဲ။

သူမရဲ့ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ အသက်လုရှုနေသံကို အတိုင်းသား ကြားနေရတယ်။ ဒီမြင်ကွင်းကနေ အထွတ်အထိပ် ကြည်နူးမှုကို ရရှိဖို့ ခဏတာ ကျနော် တုန့်ဆိုင်းနေလိုက်တယ်။

ပြီးတော့မှ သူမဘေးနားဆီ ကိုယ်ကိုညွှတ်ပြီး အေးဆတ်ပြီး သွေးစွန်းထင်းနေတဲ့ ချိန်းကြိုးနဲ့ ဒဏ်ရာရထားတဲ့ သူမလည်တိုင်ကို ပတ်လိုက်တယ်။

ဖြတ်သန်းသွားတဲ့ စက္ကန့်တွေနဲ့အတူ ချိန်းကြိုးကို ပိုပြီးတင်းလာအောင် ကျနော်ဆွဲလိုက်တော့ သူမ ဆို့နင့်မွန်းကျပ်သွားတယ်။ သူမရဲ့ အသက်ရူပြွန်ချောင်းနံရံတွေ ကျိုးပျက်ကုန်တာကို ကျနော့်စိတ်ထဲမှာ မြင်လာရလုနီးပါး။ အက်ကွဲသံတွေကိုလည်း ကျနော် ကြားလာရလုနီးပါး။

“သေလိုက် အင်ဒီယန်မ။”

သူမရဲ့ နူးညံ့ပျော့ပျောင်းပြီး နက်မှောင်နေတဲ့ ဆံနွယ်တွေထဲ ကြမ်းကြုတ်စွာပင် တီးတိုးစကား ဆိုလိုက်တယ်။ ဒီနောက် သူမခန္ဓာကိုယ်လေး ပျော့ခွေကျသွားတယ်။ ကြက်သွေးရောင် သွေးစိမ်းတွေ တစ်ကိုယ်လုံးရွဲနစ်နေတဲ့ သူမကိုကြည့်ရင်း ကျနော်၊ အပြုံးတွေ တစ်လှေကြီးနဲ့ပေါ့။

နောက် ဂျင်းဘောင်းဘီအိတ်ထဲက ပြန်တွေ့တဲ့ စက္ကူပုဝါနဲ့ လက်တွေကို သုတ်လိုက်တယ်။ သည့်နောက် ဂျာကင်အိတ်ထဲကို လက်သုံးတော် သံချိန်းကြိုးနဲ့အတူ ပုဝါကို ပြန်ထားလိုက်တယ်။

ကျနော့်အလုပ်ကတော့ ပြီးသွားပြီ။ ဒါကို ခွေးတစ်ကောင် ကြောင်တစ်မြီးတောင်မှ မသိလိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ကျနော်က ထရင်နီဒတ် ပဲလေ။

ဒီနောက် ကျနော့်ရဲ့ အနှစ်သက်ဆုံး တေးတစ်ပုဒ်ကို ညည်းရင်း အပြုံးမျက်နှာနဲ့ အနီးအနားမှာ ဖြာကျနေတဲ့ ဆည်းဆာနေခြည်အောက်ဆီ လှမ်းလျှောက်လာခဲ့တယ်။

+++++++

ကာလိုတီ ရမ်ဆူဘာ့ရဲ့ အလောင်းကို ခွဲစိတ်စစ်ဆေးချက်တွေအရ တစ်ဦးပြီးတစ်ဦး လိုက်လံ သတ်ဖြတ်နေသူ လူသတ်သမားရဲ့ ဓားစားခံများစွာထဲက တစ်ဦးဖြစ်ကြောင်း ရဲတွေရဲ့ ယူဆထားချက်ကို အတည်ပြုပေးနိုင်ခဲ့တယ်။

ခန်းရဲ့ ကုန်စုံဆိုင်မှ အရောင်းစာရေးမ တစ်ဦးဖြစ်တဲ့ အသက် ၃၄ နှစ်ရွယ် ရမ်ဆူဘာ့ရဲ့ အလောင်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညနေက ကုန်စုံဆိုင်ရဲ့ ကားထားရာနေရာမှာ သူမရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က တွေ့ရှိခဲ့တယ်လို့ ရှယ်လီဒက်စ်လိုင်းက သတင်းပေးပို့ ထုတ်လွှင့်ခဲ့တယ်။

သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ တွေ့ရှိရတဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ လွန်ခဲ့တဲ့ ၁၂ လအတွင်း တွေ့ရှိခဲ့ရတဲ့ အခြားအမျိုးသမီး ၈ ယောက်က ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆင်ဆင်တူနေတယ်။

ကောရွန်နာရဲ့ အစီရင်ခံချက်အရ အရှေ့ အင်ဒီယန်မျိုးနွယ်က ဆင်းသက်လာတဲ့ ဓားစားခံ ၉ ဦးစလုံးဟာ သံချိန်းကြိုးနဲ့ ရိုက်နှက်ပြီး လည်မျိုညစ်သတ်ခံထားရတယ်လို့ ဆိုပါတယ်။

မိးဖိုဆောင်ထဲက စီးကရက်တစ်ဘူးနဲ့ ကရစ်ဘီယာ တစ်ပုလင်ကို ဆွဲယူလာကာ၊ ရေဒီယိုကိုဖွင့်ရင်း သံချေးတက်နေတဲ့ သံကုလားထိုင်ပေါ် ကျနော် ပြန်ထိုင်ချလိုက်တယ်။

ကာရစ်ဘီယာကို တစ်ကျိုက်မော့ရင်း ခြောက်ကပ်ကပ်လည်ချောင်းထဲ စီးဆင်းသွားတဲ့ အေးမြမြ ယမကာရည်နဲ့အတူ သက်မပြင်းပြင်း ချမိတယ်။ ဆေးလိပ်ကို တစ်ရှိုက်ဖွာရင်း နှာခေါင်းထဲကနေ မီးခိုးလိပ်တွေကို လွှင့်ထုတ်လိုက်တယ်။

ပြီးတော့ ချက်ချင်းပဲ ကျနော့်ရဲ့ အနှစ်သက်ဆုံးတေးကို အစပြုညည်းလိုက်တယ်။

++++++++

အဲဒီမှာ ကျနော်ပေါ့ - ကျနော်။ အပြုံးတွေဝေနေတဲ့ လူမည်းမိန်းမကြီးလက်ကို တွဲရင်းလွှဲရင်း ဖုန်ထူထူ လမ်းအတိုင်း လျှောက်ဆင်းလာခဲ့တဲ့ ဆယ်နှစ်သားအရွယ် မဲပြာပြာ ကောင်လေးဟာ။ ပြီးတော့ ကျနော့်မေမေရယ်လေ။ ကျနော်သတိရမိတဲ့ အမေ့ပုံရိပ်တွေနဲ့ အခု အမေဟာ အရမ်းကို ကွာခြားသွားသလိုပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ သူမကို ကောင်းကောင်း အမှတ်မရတော့တာဟာ ဒါ့ကြောင့်များ ဖြစ်မလားလို့ ကျနော်ထင်မိတယ်။

သူမရဲ့ မျက်ဝန်းကျယ်ကျယ်နဲ့ ငြိမ်သက်နေတဲ့မျက်နှာ။ ဟုတ်တယ်။ အမေ့ရဲ့ အလောင်းစင်ဘေးမှာ ကျနော် ခပ်မဆိတ် ရပ်နေမိခဲ့တယ်။

မကြာခင်မှာပဲ ထောင်ထောင်မောင်းမောင်း ခပ်ဖြောင့်ဖြောင့် လူမည်းတစ်ယောက်ဖြစ်တဲ့ ကျနော့်အဖေဟာ အရှေ့အင်ဒီယန် အမျိုးသမီးတစ်ယောက်နဲ့ လက်ချင်းချိတ်ပြီး ရောက်လာတယ်။

သူမဟာ ချောမောနိုင်လွန်းသူ။ ရှည်လျား နက်မှောင်တဲ့ ဆံနွယ်တွေနဲ့ မျက်နှာက ပြစ်မျိုးမဲ့မထင် မျက်နှာ။ သူမ ကျနော့်ကို ကြည့်နေတယ်။ ပြုံးပြီး ကြည့်နေတယ်။ ဒါပေမယ့် အကြင်နာ မျက်လုံးတွေအစား ရယ်သွမ်းသွေးတဲ့ ရေခဲပြင်လို အေးဆတ်ပြောင်ဝင်းနေတဲ့ မျက်လုံးတွေနဲ့။ သူမရဲ့အပြုံးတွေကို အနီးကပ် စူးစိုက်ကြည့်လေ၊ မြွေတစ်ကောင်က လှစ်ပြနေတဲ့ အစွယ်တွေနဲ့ ပိုပိုတူလာလေ။

သည့်နောက် ရုတ်တရက် စူးရှပြင်းထန်တဲ့ လောင်မြိုက်မှုတစ်ခု ကျနော့် ကိုယ်ပေါ်မှာ ပေါက်ကွဲသွားတယ်။

မှောင်မဲနေတဲ့ အခန်းကြမ်းပြင်ပေါ်မှာ ကျနော် လဲလျောင်းနေခဲ့တယ်။ ဒီအချိန်မှာ မိထွေးဟာ ပြတင်းတံခါးမှတဆင့် အားယူဝင်ရောက်လာတဲ့ ၀ိုးတ၀ါး လရောင်ထဲကနေ ဘီးလူးသဘက် တစ်ကောင်ပမာ ပေါ်လာတယ်။ သူမလက်ထဲမှာတော့ သံချိန်းကြိုးကို ကိုင်လျှက်။

သူမဟာ ကျနော့်ကို ရုတ်တရက်အော်ဟစ်ပြီး ခြေထောက်တွေကို သံချိန်းကြိုးနဲ့ ရိုက်ချလိုက်တယ်။ ကျနော် သံကုန်ငိုကြွေးရင်း သူမနဲ့ ဝေးရာဆီကို တိုးဝှေ့ထွက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူမရဲ့ လက်နက်မိုးသီးမိုးပေါက်တွေနဲ့ လွတ်ရာကို ကျနော် ရောက်မသွားနိုင်ခဲ့ဘူး။

ကျနော်ဟာ သံချေးတက်နေတဲ့ တစ်ခုတည်းသော အိပ်ယာကုတင်ကို မှီရင်း ကျနော့်ကို အကျဉ်းသမား တစ်ယောက်လို ထိန်းချုပ်ထားတဲ့ သံချိန်းကြိုးအောက်ကနေ လွတ်မြောက်နိုင်ဖို့ စီမံပြီးပါပြီ်။

ပြတင်းပေါက်ကတဆင့် ခုန်ထွက်ဖို့ ပြတင်းမှန်ကို ခွဲမယ့်ဆဲဆဲ အခန်းတံခါးဟာ ရုတ်တရက် ပွင့်ထွက်ပြီး မိထွေး ရောက်လာတယ်။ သူမရဲ့ ချောမောတဲ့မျက်နှာဟာ ဒေါသတွေ အလိမ့်လိမ့်ကျံရင်း ကျနော့်ရှေ့ကို အလျှင်အမြန် တိုးလို့လာခဲ့တယ်။

ကျနော် ကိုယ့်ကိုယ်ကို ခြေကုပ်ယူရပ်ရင်း သူမလက်ထဲက သံချိန်းကြိုးကို ဆွဲဆုပ်လိုက်ချိန်မှာတော့ ခံစားမှုသစ်တစ်ရပ်ဟာ ကျနော့်ကိုယ်ထဲမှာ နိုးကြွလာခဲ့တယ်။

သံချိန်းကြိုးရဲ့ အေးဆတ်လွန်းတဲ့ ထိုးနှက်ချက်တွေကြားမှာ အလူးအလဲခံရင်း ဖြစ်ပေါ်လာခဲ့တဲ့ ငယ်ကြောက် စိတ်ဓာတ်လွှာပေါ်မှာ တမူခြားနားတဲ့ စည်းချက်သံနဲ့ ကျနော့်နှလုံးသွေးတွေ ခုန်လာပါတော့တယ်။

ဒေါသ… အမုန်းတရား… လက်စားချေခြင်း…။

ပြီးတော့ ကျနော့် စက်ကွင်းထဲ သူမ ရောက်လာတာနဲ့ သူမကို သံချိန်းကြိုးနဲ့ ရိုက်ပြီး ဆောင့်ဆွဲလိုက်တယ်။ စပါးကြီးမြွေတစ်ကောင်က သူ့သားကောင်ရဲ့ လည်မျိုကို ဖြစ်ညစ်ပြီး မွန်းကျပ်အောင်လုပ်သလိုမျိုး သံချိန်းကြိုးဟာ သူမရဲ့ လည်တိုင်ကို ရစ်ပတ်ပစ်လိုက်တယ်။ ကျနော် ချိန်းကြိုးကို လျော့လိုက်တော့ သူမ ကြမ်းပြင်ပေါ် ပြိုလဲကျပြီး သေငယ်ဇော ၀င်နေတယ်။ တဒင်္ဂတောင် တုံ့ဆိုင်းမနေဘဲ ချိန်းကြိုးနဲ့ တစ်ချက်ပြီး တစ်ချက် သူမကိုယ်ပေါ်ကို ကျနော် ဆင့်ရိုက်ချလိုက်တယ်။

သူမရဲ့ ဟစ်အော်ညည်းတွှားလိုက်တဲ့ အသံဟာ ကျနော့်နားထဲမှာ ချိုမြတဲ့ ဂီတသံစဉ်ပါ။ အဖေ အိမ်မှာ ရှိမနေတာကိုတော့ ဘုရားသခင်ကို ကျေးဇူးတင်မိပါရဲ့။ ရိုက်ချလိုက်တဲ့ ရိုက်ချက်တိုင်းမှာ အရိုးတွေဟာ ကျိုးပဲ့ကုန်တယ်။ ရင်လှိုက်သည်းလှိုက်စရာ အရာအားလုံးဟာ ကျနော့် ခန္ဓာကိုယ်အနှံ့ သိမ့်ခါသွားကြတယ်။ သူမကတော့ သတိလစ် သွားပြီး ကိုယ်ကထွက်လာတဲ့ သွေးတွေဟာ ကြမ်းပြင်ဆီ ယိုစီးထွက်လာကြတယ်။ ဧရာမ အောင်ပွဲပဲ။ ကျနော် အရသာတွေ့မိတယ်။ နောက် ခါးကိုညွှတ်ရင်း ချိန်းကြိုးနဲ့ သူမလည်ပင်းကို ရစ်ပတ်လိုက်ချိန်မှာတော့ ကျနော့် သွေးကြောထဲက အဆိပ်တွေလို ပူလောင်ပြင်းပြတဲ့ ဒေါသအပိုင်းအစတွေဟာ ပွင့်အန်ထွက်လာတယ်။ သူမလည်တိုင်မှာ ရစ်ပတ်ထားတဲ့ ချိန်းကြိုးကို တင်းသထက် တင်းတင်း ကျနော် ဆွဲလိုက်တော့ ပူနွေးတဲ့ သွေးစိမ်းတွေဟာ လက်ချောင်းတွေ ကြားထဲကနေ တစက်စက် ကျကုန်တယ်။

နောက်ဆုံးထွက်သက်တစ်ချက် အပြီးမှာတော့ သေမင်းရဲ့ အေးဆတ်တဲ့ လက်တွေဟာ သူမကိုယ်ထဲက ၀ိညာဉ်ကို ဆွဲထုတ် ဆုတ်ဖြဲပစ်လိုက်တော့တယ်။ သံချိန်းကြိုးကို တင်းတင်းဆုပ်ထားတဲ့ လက်ကို ဖြေလျော့ရင်း ရုပ်အလောင်းကို ကျေကျေနပ်နပ်ကြီး ကျနော် ကြည့်လိုက်တယ်။ နောက် မျက်လုံးအစုံကို မှေးမှိတ်ရင်း သူမကိုယ်မှ သွေးညီနံ့ကို ရှူရှိုက်လိုက်တယ်။

“သောက်ကန်းမ… ဘယ်သူမပြု မိမိမှုပဲလေ။”

++++++++

“ဘင်ဂျီ”

ကြမ်းရှရှ အသံတစ်သံ ကျနော့်ရဲ့ ဦးခေါင်းထဲကို ဖြတ်သန်း မြည်ဟီးသွားတယ်။ မျက်လုံးတွေကို ကျနော် ဖွင့်ကြည့်လိုက်တယ်။ ဂရပ်ဖတီ နံရံပန်းချီတွေ ရေးထားတဲ့ ညိုညစ်ညစ် ကွန်ဂရစ်နံရံဟာ ကျနော့်မျက်လုံးတွေနဲ့ လာဆုံတယ်။

နံရံ ပြတင်းပေါက်ငယ်လေးမှတဆင့် အခန်းအမှောင်ထုထဲ တိုးဝင်လာတဲ့ လင်းရောင်ခြည်လေးကြောင့် အရုဏ်လင်းချိန် ဆိုတာကို ကျနော် သတိပြုမိလိုက်တယ်။

သံတိုင်တွေကြားကတဆင့် အကျဉ်းထောင် ခန်းမြှောင်လမ်းဆီ ကြည့်လိုက်တော့ ထောင်ဝန်ထမ်း သုံးယောက် ကျနော့်ကို စောင့်ဆိုင်းနေတာ တွေ့ရတယ်။

ကျနော် မတ်တပ်ရပ်ရင်း ပြတင်းပေါက် အပြင်ဖက်ကို လှမ်းကြည့်လိုက်တယ်။ ကျနော့် မျက်လုံးထဲကို စူးရှတောက်ပတဲ့ လင်းရောင်ခြည်တွေ သွတ်သွင်းရင်း နေ၀န်းဟာ တစ်စွန်းတစ်စ ပေါ်လာတယ်။

“အချိန်တန်ပြီ။”

ထောင်ကြပ်တွေထဲက တစ်ယောက်က ခပ်ထန်ထန် စကားဆိုလိုက်တယ်။ နောက် လက်တွေ၊ ခြေတွေကို လက်ထိပ် သံခြေကျင်းခတ်ရင်း လမ်းမြှောင်အတိုင်း ကျနော့်ကို ခေါ်ဆောင်လာကြတယ်။

နေထွက်ချိန်။

ကျနော့်ရဲ့ နောက်ဆုံးနေထွက်ချိန်။
=====

ဝန်ခံချက်
Aamina Ali ၏ Chain Reaction ကို ပြန်ဆိုကြည့်ခြင်း ဖြစ်ပါသည်။ ဟန်းဂုရွာ ဧည့်သည်တော် အပေါင်းအား လေးစားချစ်ခင်လျှက်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, February 25, 2010

မျက်တောင်မွေး တဆုံး၏ အလွန်

ဒီစာက ထောင်စုပြတင်း ဂျာနယ် အယ်ဒီတာ့အမြင် ကဏ္ဍမှာ ရေးခဲ့တာပါ။ ဟန်းဂုရွာ ပရိသတ်အတွက် ပြန်လည်တင်ပြရင် ကောင်းမလားလို့ တင်လိုက်တာပါ။ ဘာရယ်မှ မဟုတ်ပါဘူး။ နည်းနည်းပါးပါး တွေးကြည့်ဖြစ်တာပေါ့...


လူသည် စဉ်းစားဆင်ခြင်ဉာဏ် မြင့်မားသော သတ္တဝါ ဖြစ်သည်။ လူကို တန်ဖိုးဖြတ်ရာတွင် မြော်မြင်စဉ်းစားတတ်ခြင်းကို တန်ဖိုးတရပ်အဖြစ် ထည့်သွင်း ကြည့်ရှုကြသည်။ စဉ်းစားဆင်ခြင်တတ်သူ, ရေရှည်အကျိုး မြော်မြင်တွေးဆတတ်သူကို ပညာရှိ လူလိမ္မာဟူ၍ ချီးမွမ်းတတ်ကြပြီး၊ ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် မစဉ်းစား မဆင်ခြင်တတ်သူ, ရေရှည် အကျိုးကိုမသိ, မြော်မြင်တွေးဆနိုင်စွမ်း မရှိသူတို့ကို လူနုံလူမိုက်အဖြစ် ကဲ့ရဲ့တတ်ကြပါသည်။

စဉ်းစားဆင်ခြင်တတ်သူသည် အတိတ်ဖြစ်ရပ်များမှ အသိတရားကိုလည်း ထုတ်ယူ၏။ အနာဂတ် ကောင်းကျိုးအတွက်လည်း မြော်မြင် တွက်ဆ၏။ ထို အသိတရားနှင့် မြော်မြင်ချက်ကို ညှိနှိုင်း၍ ပစ္စုပ္ပန်တွင် သတိရှိရှိ အလုပ်လုပ်တတ်သည်။
မစဉ်းစား မဆင်ခြင်တတ်သူသည် အတိတ်ကိုလည်း လေ့လာရ ကောင်းမှန်းမသိ၊ အနာဂတ်အတွက်လည်း မမြော်တွေး၊ ပစ္စုပ္ပန်တွင်လည်း ကြုံသလို ကျသလို ပရမ်းပတာ လုပ်ကိုင်တတ်သည်။ ထိုသူမျိုးကို ‘မျက်တောင်မွေးတဆုံးသာ ကြည့်တတ်သူ’ ဟု မြန်မာတို့က ဆိုရိုးပြုထား၏။

မျက်စိတမှိတ် လျှပ်တပြက်ကလေး လောက်ကိုသာ မြင်တတ်ပြီး၊ ထို အခိုက်အတန့်ကလေးကိုပင် တဘဝ တသံသရာအဖြစ် သဘောပိုက်တတ်သူများ လောကတွင် ကြီးထွားလာသောအခါ ထိုလောကသည် ပျက်စီးခြင်းဖက်သို့ ရွေ့လျောရလေတော့သည်။

မျက်တောင်မွေး တဆုံးသာ မြင်နိုင်သူတို့သည် မိမိ အကျိုးဖြစ်ထွန်းနေသည်ဟု ထင်လျှင် ထိုအခြေအနေကို အတင်းဖက်တွယ် ထားချင်သလို၊ မိမိအကျိုးပျက်စီးမည်ဟု ထင်လျှင်လည်း ထိုအခြေအနေကို အဓမ္မ ဖယ်ရှားချင်တတ်ကြသည်။ လောဘကြောင့် ဖက်တွယ်ထားချင်သည် ဖြစ်စေ၊ ဒေါသကြောင့် ဖယ်ရှားချင်သည်ဖြစ်စေ ထိုလုပ်ရပ်များသည် ပျောက်ပျက် သွားနိုင်သည် မဟုတ်ပေ။

မျက်တောင်မွေးနှင့်တူသည့် အသက်ရှင်နေချိန်တွင် ဖြစ်ပျက်ခဲ့သည်တို့သည် မျက်တောင်မွေးကို လွန်သည့်တိုင်အောင် ကျန်ရစ်နေခဲ့မည် ဖြစ်သည်။ မိမိလုပ်ဆောင်ချက်၏ အကောင်းအဆိုးတို့သည် ရိုက်ခတ် ထင်ကျန်နေလိမ့်မည် ဖြစ်သည်။

‘သေရင်ပြီးပြီ’ ဟု အချို့လူတွေက ယူဆကြသည်။ မွေးဖွားခြင်း သေဆုံးခြင်း ဆိုသည်မှာ သတ္တဝါတိုင်း၏ ဘဝအစနှင့်အဆုံးသာ ဖြစ်သည်။ ဘဝဟူသည် ‘ရှင်သန်နေသည့်အဖြစ်’ ကိုသာ ပြောဆိုနေခြင်း ဖြစ်သည်၊ ရှင်သန်နေစဉ် ဘာလုပ်နေသည် ဆိုသည်ကသာ ပဓာန ဖြစ်သည်၊ သေရင်ပြီးပြီဟု ယူဆခြင်းသည် ရှင်နေစဉ် လုပ်ချင်တာလုပ်မည်ဟု ဆိုလိုသည့်သဘော ဖြစ်နေပေသည်။ တနည်းအားဖြင့် မျက်တောင်မွေးတဆုံးကို လွန်အောင် မကြည့်နိုင်သည့် သဘောပင် ဖြစ်သည်။

လူတကိုယ်အရေးကိစ္စတွင်ပင် မျက်တောင်မွေးတဆုံးကို လွန်အောင် ကြည့်နိုင်ဖို့ လိုသည်ဆိုလျှင် လူအများစုနှင့်ဆိုင်သော ကိစ္စ၊ တမျိုးသားလုံးနှင့်ဆိုင်သော အရေးအရာများတွင်ကား ဆိုဖွယ်ရာ မရှိပြီ။ တခဏ အရေးကိစ္စထက် ရေရှည်အကျိုးကျေးဇူးကို မြော်မြင်တွေးဆ လုပ်ဆောင်နိုင်ဖို့ အင်မတန်မှ လိုအပ်လှပါသည်။

မည်သူက တနပ်စားဉာဏ်ဖြင့် မျက်တောင်တမွေးစာ အလုပ်လုပ်နေသည်၊ မည်သူက ရေရှည်အကျိုးအတွက် မျက်တောင်မွေး လွန်အောင် အလုပ်လုပ်နေသည် ဆိုသည်မှာ ကြည့်သောသူ မြင်သည်သာ ဖြစ်သည်။

လူ့လောကတွင် မျက်တောင်မွေးတဆုံး၏ အလွန်ကို အလေးဂရုပြု ကြည့်ရှုဆင်ခြင် မြော်မြင်နိုင်စွမ်းရှိသူတို့ များများပေါ်ပေါက်ဖို့ အရေးကြီးလှပေသည်။
===

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, February 24, 2010

ကျွန်တော့်မေမေ



ကျွန်တော့်မေမေ

မြစ်ဝကျွန်းပေါ်က
မှောင်နဲ့မည်းမည်း မြို့လေးမှာ
ကျွန်တော့်မေမေလေ…
တစ်ယောက်ထဲရယ်။

အိမ်ပြန်တဲ့အခါ
ကျွန်တော်ထုတ်ပေးတဲ့ ငွေစက္ကူတွေထက်
ကျွန်တော့်မျက်နှာကိုပဲ ငေးကြည့်နေတတ်တဲ့
ကျွန်တော့်ရဲ့မေမေ
(ဒီလို အချိန်မှာ)
သူ့ရင်ထဲက ကွက်လပ်တစ်ခုကို ဘယ်လိုဖြေသိမ့်နေရှာမလဲ။

အခန်းနံရံက ဂစ်တာကြိုးတွေပေါ်မှာပဲ
ကျွန်တော့်လက်ချောင်းတွေနဲ့ ဂစ်တာတီးနေမလား…
သူ့ဆံပင်တွေကိုပဲ
ကျွန်တော့်ဆံပင်ရှည်တွေအမှတ်နဲ့ ဖြီးသင်နေမလား…
ကျွန်တော့်အခန်းထဲက ပန်းအိုးမှာပဲ
ကျွန်တော်ချစ်တဲ့ နှင်းဆီနီနီတွေ ထိုးစိုက်ငေးကြည့်နေမလား…
သူ့ရင်ဘတ်ထဲ တိုးဝင်လာမယ့်
ကျွန်တော့်ဦးခေါင်းကိုပဲ ယောင်ယမ်းပွတ်သပ်မိနေမလား…
ကျွန်တော်ကြိုက်တဲ့ ဂျိုး ရဲ့ အပြာရောင်အိပ်မက်၌ ပျံသန်းခြင်းကိုပဲ
ကက်ဆက်ထဲထည့် ကြားယောင်နေမလား…
မြို့ပြင်လမ်းက မောင်းဝင်လာမယ့်
အဝေးပြေးကားတွေရဲ့ အသံကိုပဲ နားစွင့်နေမလား…

မေမေ့အတွက်တော့ ညတွေဟာ ရှည်လျှားလွန်းနေခဲ့။

မေမေရေ…
ဘ၀ရဲ့နံရံတွေကပဲ
သားတို့ကို အဆိပ်သင့်ခဲ့စေတာပေါ့။ ။


ပုံလေးက ဒီက

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, February 20, 2010

အလုပ်ကြော်ငြာပါ CNC စက်ရုံ နောက်ဆက်တွဲသတင်း

အလုပ်ကြော်ငြာပါ CNC စက်ရုံမှ မြန်မာလုပ်သားများကို အင်တာဗျူးပြီး ၅ ဦး ခေါ်ဆိုလိုက်သည်ဟု သိရပါသည်။

အဆိုပါ စက်ရုံမှ ရွှေခံဖြစ်သူ၏ ပြောဆိုချက်အရ ၎င်းတို့ စက်ရုံမှ အလုပ်အကိုင်ရှာဖွေရေးစင်တာသို့ လုပ်သားတောင်းဆိုထားသည်မှာ ၂ လခန့် ရှိပြီဖြစ်ကြောင်းနှင့် အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံများမှ E P S လုပ်သားများသာ လုပ်ငန်းခွင် မိတ်ဆက်စာ ရရှိကာ လာရောက် အင်တာဗျူးကြပြီး မြန်မာ E P S လုပ်သားများမှာ လုပ်ငန်းခွင်မိတ်ဆက်စာ ရရှိမှု မတွေ့ရှိခဲ့ရဟု ဆိုသည်။

ထို့ကြောင့် ရွှေခံများက မြန်မာလုပ်သားများကို သီးသန့်ခေါ်ယူပေးပါရန် စက်ရုံအား တောင်းဆိုခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ စက်ရုံတာဝန်ရှိသူများကလည်း မြန်မာလုပ်သားများ၏ ကြိုးစားလုပ်ကိုင်မှု၊ အနစ်နာခံကာ လုပ်ကိုင်ပေးခဲ့မှုတို့ကြောင့် ယခုကဲ့သို့ ခေါ်ယူစေခြင်းဖြစ်ကြောင်းလည်း ကြားသိရသည်။ ယခုအခါ မြန်မာE P S လုပ်သားများသည် လုပ်ငန်းခွင်မိတ်ဆက်စာကို ရရှိကြသော်လည်း အဆိုပါမိတ်ဆက်စာ၌ ပါဝင်သောစက်ရုံအများစုမှာ လုပ်သားများ လုပ်ကိုင်လိုသော စက်ရုံများမဟုတ်ကြကြောင်းနှင့် မြန်မာ E P S လုပ်သားများအား ခေါ်ယူလိုသော စက်ရုံ နည်းပါကြောင်း အဆိုပါ ရွှေခံက ပြောဆိုသည်။ ထို့ပြင် ဦးစွာ စက်ရုံနှင့် အင်တာဗျူးပြီးနောက် စက်ရုံမှ မိမိတို့အလိုရှိသော လုပ်သားကို တောင်းဆိုသောအခါမှသာ အဆိုပါစက်ရုံ၏ လုပ်ငန်းခွင်မိတ်ဆက်စာကို ရရှိကြသည်ဟု ကြားသိရသဖြင့် မြန်မာ E P S လုပ်သားများ အလွယ်တကူ စက်ရုံပြောင်းရွှေ့ခြင်း မပြုကြပါရန် အသိပေးပြောကြားလာပါသည်။ သို့သော် အဆိုပါသတင်းမှာ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယခုအခါ တောင်ကိုရီးယားနိုင်ငံသို့ မြန်မာE P S လုပ်သားများ အများအပြား ၀င်ရောက်လာခဲ့သော်လည်း လုပ်သားများက မိမိတို့စိတ်ကြိုက်စက်ရုံကို ရွေးချယ်နိုင်သည်ထက် စက်ရုံများက လုပ်သားကို ရွေးချယ်ခေါ်ယူမှုသာ များပြားလာနေကြောင်း သိရှိရသည်။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, February 18, 2010

လူ့ဗာလ၏ စကားလက်ဆောင်

စောစောကပဲ ဖတ်လိုက်တဲ့ ကိုရီးယားရှေးပညာရှိတစ်ပါး ပြောတဲ့ စာသားလေးကိုပဲ ချက်ခြင်း ပြောပြရတော့မယ်။

နွားက ရေကို သောက်ရင် နွားနို့ဖြစ်တယ်။ မြွေက ရေကိုသောက်တော့ အဆိပ်ဖြစ်တယ်…တဲ့။ ရေကို သောက်တာချင်း အတူတူ ဘာလို့ ကွဲပြားသွားကြတာလဲလို့… သူက မေးပါတယ်။ စဉ်းစားကြည့်စေချင်တယ်။ ပန်းပွင့်က ရေကို သောက်ရင် မွှေးပျံ့တဲ့ ရနံ့ကို ပေးတယ်။ သစ်ပင်က ရေကို သောက်ရင် လတ်ဆတ်တဲ့ အောက်စီဂျင်နဲ့ ချိုမြိန်တဲ့ သစ်သီးတွေကို ပေးတယ်။ ကျေးငှက်ကလေးတွေက ရေကို သောက်တော့ သစ်ကိုင်းသစ်ခက်တွေကြားမှာ ကြည်နူးဖွယ် တေးကို သီကျူးတယ်။ ဒါဆို… ခင်ဗျားသောက်တဲ့ ရေတစ်စက်က ဘယ်လိုအရာဖြစ်လာနိုင်မလဲ။

တီပဲဖြစ်ဖြစ်၊ အိုပဲဖြစ်ဖြစ်၊ ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း ကြိုက်တဲ့လူမျိုးဖြစ်ပါစေ… အာလုံးတစ်မြေထဲနေ တစ်ရေထဲသောက်တဲ့ မြန်မာနိုင်ငံသားတွေပါ။ တီဖြစ်ရင် အိုကို ဖေးမလို့၊ အိုဖြစ်ရင် တီကို ဖေးမလို့၊ အချင်းချင်း အပြန်အလှန် ကူညီဖေးမလို့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်တိုင်းပြည်ကိုပြန်ရောက်ပြီး၊ ကိုယ့်မိသားစုနဲ့ ဥမကွဲ သိုက်မပျက် နေထိုင်လို့ တိုင်းပြည်နဲ့လူမျိုးအကျိုး၊ နောင်လာနောက်သား လူသားမျိုးဆက်တွေရဲ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြရမှာ မဟုတ်ဘူးလားခင်ဗျာ။

ကိုယ့်နိုင်ငံသားတွေ တရားဝင်ဗီဇာနဲ့ နေထိုင်နိုင်တော့ သူများနိုင်ငံမှာ ကျီးလန့်စာစား၊ သူများ ပြုသမျှနုစရာ ဘ၀မျိုးမဖြစ်တာ ၀မ်းသာရမှာပါ။ ကိုရီးယားမှာ ရှိကြတဲ့ ကျွန်တော်တို့ နိုင်ငံသားတစ်ချို့ဟာ အိုကလဲ အိုမို့လို့ လက်မထောင်၊ တီကလဲ တီမို့လို့ လက်မထောင်နေကြတာပါ။ ဖတ်ရတာ တော်တော့်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ့်က အသိဉာဏ်ရှိလို့ အသိဉာဏ်နည်းပါးသူတွေကို ဒီကောင်တွေက အသိဉာဏ်မရှိပါဘူးကွာလို့ တွေးပြီး ကိုယ်သိတယ်ဆိုပြီး တဖက်သား နားမခံသာအောင် လက်ညှိုးငေါက်ငေါက်ထိုးပြောပြီး ပြောစကား နားမထောင်တဲ့ကောင်၊ မင်းထိုက်နဲ့ မင်းကံ ခံ၊ သေပလေ့စေ..လို့ ကိုယ့်နိုင်ငံသား အချင်းချင်း ဥပေက္ခာပြုကြတော့မှာလား။ လူကြီးမင်းတို့ တဆိတ် စဉ်းစားကြပါ။ အသိဉာဏ်ဆိုတဲ့အရာမျိုးဟာ မိမိတစ်ဦးတစ်ယောက်တည်းအတွက် သုံးရတဲ့အရာမျိုး မဟုတ်ပါဘူး။ မိမိ၊ သူတပါးသာမက လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အသုံးချတဲ့သူမှ အသိဉာဏ်မြင့်မြတ်သူလို့ ဆိုနိုင်တာပါ။ ကိုယ့်အသိဉာဏ် ကိုယ့်ဖို့ကိုယ်သုံးမယ်ဆိုတဲ့သူဟာ အတ္တကြီးတဲ့ လောဘသမားပဲ ဖြစ်လာမှာပါ။

ကိုယ်ချစ်တဲ့ မိသားစု၊ ဆွေမျိုးပတ်ဝန်းကျင်၊ ကိုယ်ချစ်တဲ့ တိုင်းပြည်ကို ခွဲခွာပြီး သူများမြေ၊ သူများရေပေါ်မှာ သူများခိုင်းတဲ့အလုပ်ကို လုပ်ပြီး ကိုယ့်နိုင်ငံသားချင်း ဆရာကြီးလုပ်ပြီး ပျော်နေကြတော့မှာလားဗျာ။ ကျနော်တွေ့ဖူးတဲ့ အိုတော်တော်များများကလည်း သူသိသူတတ် ဆရာကြီးတွေများပါတယ်။ ကျနော်တွေ့ဖူးတဲ့ တီတော်တော်များများကလည်း တရားဝင်နေတာကွ၊ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့သူတွေ များပါတယ်။ အကြံပြုပါရစေ။ တကယ်တော်၊ တကယ်တတ်တယ်ဆိုရင် တစ်နေ့ မိမိကိုယ်တိုင် သူဌေးလုပ်ပြီး ကိုယ့်ကိုခိုင်းခဲ့တဲ့သူတွေကို ပြန်ခိုင်းနိုင်အောင် လုပ်ကြပါ။ ဒီလောက် စက်တွေကြားမှာ အန္တရာယ်အပြည့်နဲ့ အလုပ်လုပ်နေရတာကိုမှ ရှေ့လူတွေဆီက အတွေ့အကြုံ လက်ဆင့်ကမ်းယူရမှာ အောက်ကျတယ်ထင်ပြီး ကိုယ့်ကိုယ်ကို ဒုက္ခအရောက်ခံကြမယ်ဆိုရင်တော့ မပြောလိုတော့ပါ။ ရှေ့လူတွေကလည်း အတွေ့အကြုံမရှိလို့ မှားခဲ့တယ်၊ နောက်လူတွေကလည်း လက်ဆင့်ကမ်း ပညာယူရမှာ အောက်ကျတယ်ထင်လို့ ဆက်မှားနေမယ်ဆိုရင် ကိုရီးယားလူမျိုးတွေက မြန်မာဆိုရင် အသုံးမကျတဲ့လူမျိုးတွေပါလို့ ထင်ရုံပဲ ရှိတော့မှာပေါ့။

ကျနော် ဒီစာကို ရေးနေတဲ့အချိန်အထိ ကိုရီးယားလာပြီး အလုပ်လုပ်လို့ ကျိကျိတက် ချမ်းသာသွားတဲ့သူ မတွေ့ဖူးသေးပါဘူး။ ဒါပေမဲ့ နိုင်ငံခြားမှာ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး သင်ယူရရှိခဲ့တဲ့ အတွေးအခေါ်၊ အသိဉာဏ် ဗဟုသုတနဲ့ အတွေ့အကြုံတွေရယ်၊ ကိုယ့်နိုင်ငံက စီးပွားရေးအနေအထားတွေရယ် အံဝင်ဂွင်ကျဖြစ်အောင် အသုံးချတတ်သူတွေ သူဌေးကြီးတွေ ဖြစ်သွားတာတော့ မြင်ဖူးပါတယ်။ ကိုရီးယားကို ရောက်နေတဲ့အတွက် ကျနော်တို့က မြန်မာပြည်တွင်းမှာ ရှိနေကြရတဲ့သူတွေထက် ခေတ်တစ်ခေတ်ကို ကြိုပြီး မြင်နေရတာပဲ အမြတ်ရှိတာပါ။ အခုလက်ရှိ မြန်မာပြည်လို ကိုရီးယားလဲ တချိန်က ကြုံခဲ့ရဖူးပါတယ်။ အခြေအနေ နည်းနည်းပဲ ကွာတာပါ။ နိုင်ငံရေးအချက်အလက်တွေ သိချင်ရင် ကိုလူချစ်ရဲ့ ခေတ်ပြိုင်ကိုရီးယားသမိုင်းကို ဖတ်ကြည့်ပါ။ ကျနော်တို့ လက်ရှိကြုံတွေ့နေရတဲ့ မြန်မာပြည် အခြေအနေနဲ့ အခု ကိုရီးယားက တိုးတက်မှုကို နှိုင်းယှဉ်သုံးသပ်ကာ ခေတ်ကို ကြည့်မြင်ပြီး အကျိုးရှိရှိအသုံးချတတ်စေချင်ပါတယ်။

ကျနော် ဒီစာကို ရေးတာဟာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာ စော်ကားလိုတဲ့ စိတ်မျိုး အလျဉ်းမရှိပါဘူး။ ကိုယ့်နိုင်ငံသား အချင်းချင်း ဥပေက္ခာပြုဖို့အကြောင်း ဖတ်လိုက်ရလို့ စိတ်မကောင်းလို့ ရေးမိတာပါ။ သူသူအောင့်အပေါ်မှာလည်း ဘယ်လိုစိတ်မှ မရှိပါဘူး။ အားလုံးကို တောင်းဆိုပါရစေ…။ ကိုရီးယားမြေမှာ တစ်ရက်ဖြစ်စေ၊ တစ်နှစ်ဖြစ်စေ၊ ဆယ်နှစ်ဖြစ်စေ၊ အနှစ်တရာဖြစ်စေ… ဘယ်လောက်ကြာအောင် နေနေပါစေ၊ ကိုရီးယားနိုင်ငံကနေ တန်ဖိုးရှိတဲ့ အနှစ်သာရတစ်ခုခုကို ကိုယ့်နိုင်ငံအတွက် သယ်ဆောင်မသွားနိုင်ဘူးဆိုရင်… … …။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဥပေက္ခာပြုလိုက်ပါ

ရေးသားသူ — သူသူအောင်

ရောခ့်ရေ…. ဘာလို့ ဒေါသထွက်နေမှာလည်း သူ့သမိုင်း သူရေးမှာပဲဟာ အကြံပေးသင့်တာပေး ပြောသင့်တာ ပြောပြပေါ့ မှားတာပြောပြလို့ လက်မခံဘူး ဆိုရင် ကြည့်နေလိုက်ပါ။ နိုင်ငံခြား.….အထူးသဖြင့် ကိုရီးယားမှာ အတွေ့အကြုံတွေကို တဦးနဲ့တဦး လက်ဆင့်ကမ်း လာခဲ့ရတာပါ ကျနော်တို့လည်း ကျနော်တို့ရှေ့က နောင်တော်တွေရဲ့ လုပ်ငန်းခွင် အတွေ့အကြုံ နေထိုင်သွားလာမှု အတွေ့အကြုံ ဘာသာစကား အတွေ့အကြုံတွေ ဒီလိုပဲ သင်ယူလာခဲ့ကြလို့ ခုလို အဆင်ပြေပြေ နေလာခဲ့နိုင်တာပါ။ ကိုယ်ဒီလို နေနေနိုင်တာ ကိုယ့်ရှေ့က နောင်တော့ နောင်တော်တွေရဲ့ လက်ဆင့်ကမ်းမှုကြောင့်ပါ။ ခုရောက်လာတဲ့ တီတွေကတော့ အရှင်မွေး နေ့ခြင်းကြီးချင် နေကြလေရဲ့ အဲဒါနဲ့ ပါတ်သက်လို့ ကျူးပစ်ထဲမှာ ဖတ်ဖူးတဲ့ ပုံပြင်တစ်ပုဒ် ပြောပြချင်တယ်။

ပုံပြင်ကိုအတိုချုပ် ပြောရရင်တော့ လူနှစ်ယောက် ငါးမျှားနေတယ်။ လူတယောက်က ရေကန်ကို လမ်းလျှောက်ပြီး ဖြတ်ကူးသွားတယ်။ နောက်တယောက်က မာနကြီးတခွဲသားနဲ့ သူတောင် ရေပေါ် လမ်းလျှောက်နိုင်တာ ငါဘာလို့မလျှောက် နိုင်ရမှာလဲဆိုပြီး ကန်ကိုဖြတ်ပြီး လမ်းလျှောက်ရအောင် ရေထဲခုန်ချတယ်။ တိုတို ပြောရင်ရေနစ်ရော အဲဒီမှာပဲ ခုနက ရေပေါ်လမ်းလျှောက်သွားတဲ့ လူက ဆင်းဆယ်ရတော့တာပေါ့။ ပြီးတော့မေးတယ် မင်းရေမကူးတတ်ပဲ ရေထဲ ဘာလို့ခုန်ချလဲပေါ့။ ရေနစ်တဲ့လူက ပြန်ဖြေတယ် မင်းတောင် ရေပေါ်လမ်းလျှောက်နိုင်တာ ငါလည်း ဘာလို့လမ်းမလျှောက် နိုင်ရမှာလည်း ဆိုပြီး ခုန်ချတာလို့ပြောတယ်။ အဲဒီတော့မှ ခုနက ရေပေါ်လမ်းလျှောက်သူက ငါကဒီကန်မှာ ငါးမျှားလာတာကြာပြီ။ ကန်ရေတက်နေပြီး ရေမြုပ်နေလို့ တံတားကို မမြင်နိုင်ပေမယ့် ဒီကန်မှာ ဟိုဖက်ဒီဖက် ဖြတ်ကူးထားတဲ့ တံတားရှိတယ်ဆိုတာ ငါသိတယ်။ မင်းကမသိပဲ ဘာလို့ ရေထဲလိုက်ခုန်ချတာလည်းလို့ အပြစ်တင် တော့တာပေါ။ ခုရောက်လာတဲ့ တီတွေလည်း ခုနက ပုံပြင်ထဲကလို တံတားရှိမှန်းမသိ ရေထဲခုန်ချပြီး ရေနစ်နေတဲ့ သူလိုဖြစ်နေပါအုံးမယ်။

အတွေ့အကြုံဆိုတာ ကိုယ့်ထက် တရက် စောသည်ဖြစ်စေ တလစောသည်ဖြစ်စေ တနှစ်စောသည်ဖြစ်စေ ကိုယ့်ထက် အရင်အတွေ့အကြုံ ရှိပြီးသားသူတွေ ဆီက သင်ယူလေ့လာရတာပါ။ တချို့အတွေ့အကြုံတွေ ဆိုရင်ကိုယ်တိုင် အမှားတွေနဲ့ရင်းပြီးမှ တွေ့ကြုံခဲ့ဘူးတဲ့ အတွေ့အကြုံတွေဟာ ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရပါ။ လက်ဆင့်ကမ်း သင်ယူတတ်ရင် အများကြီး အကျိုးရှိပါတယ်လို့ ပြောပြပေးပါ ရောခ့်ရေ…… ပြောမရရင်တော့လည်း တို့ မြန်မာစကားရှိတယ်လေ ......

ဥပေက္ခာပြုလိုက်ပါ။


Credit To MyanmarCupid.net

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, February 17, 2010

မြန်မာအလုပ်သမား ၃ ဦး အလိုရှိသည်။













အလုပ်အမျိုးအစား။ ။ CNC လုပ်ငန်းခွင် ၊ MCT လုပ်ငန်းခွင်။
(လုပ်ငန်းခွင်အတွေ့အကြုံရှိလျှင် ပိုကောင်းသည်။)


စက်ရုံနေရာ။ ။ ဂါဂျွာဒုန်၊ မို့ကျဲးဒန်းဂျီ။(가좌동, 목재단지)

(ဘူဖြောင်းနှင့် ဘတ်၊စ်၊ကားစီးလျှင် ၂၀ မီးနစ်ခန့်)


လိုအပ်ချက်။ ။ ဗီဇာရှိသူ။

(ရိုးသား ကြိုးစားသူ၊ အခက်အခဲရှိသူ ဦးစားပေးမည်။)


ဆက်သွယ်ရန် 010-5717 5424


ပျမ်းမျှလစာ ။ ။ ၁၅ သိန်း၊ ၁၆ သိန်း၊ ၁၇ သိန်း၊ ၁၈ သိန်း၊…

( ရွှေခံ ရှိသည်။ နေ့ဆိုင်း ညဆိုင်း။ နေရန် အပြင်တွင် အခန်းရှိသည်။ အလုပ်ဆင်းရက်တွင် ထမင်း ၂ နပ်ကျွေးသည်။ အိမ်လခ စက်ရုံမှ ပေးမည်။ အခန်းနှင့် စက်ရုံ အနည်းငယ် သွားရသည်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဘူဆန်မြို့တွင် ပြည်တော်ဦး ကိုရီးယား မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန် ကျောင်းသစ်တက်

ပြည်တော်ဦး ဆရာတော်ကို အမှူးထား၍ ကိုရီးယားယောဂီ၊ဒါယကာ ဒါယိကာမများ နှင့်ကိုရီးယားနိုင်ငံရောက် ဗုဒ္ဓဘာသာ မြန်မာသူတော်ကောင်းများစုပေါင်း၍တူညီသော အသိတရားတူညီသောစိတ်ထားနှင့် သဒ္ဓါတရားထက်သန်စွာဖြင့် ဘူဆန်မြို့၌ ပြည်တော်ဦး ကိုရီးယား မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို ယမန်နေ့ (မြန်မာ သက္ကရာဇ် ၁၃၇၁ခု၊တန်ပေါင်းလဆန်း ၃ရက် ၊ ခရစ်သက္ကရာဇ် ၁၅ရက် ၂လ ၂၀၁၀ခု၊ တနလာင်္နေ့) နံနက် ၁၀နာရီက ကျောင်းတက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည် ။


အခမ်းအနားသို့ ကိုရီးယားနိုင်ငံ ထေရ၀ါဒ သံဃရာဇာ ဒိုဆုန်းဘုန်းတော်ကြီး ၊ ဘူဆန်မြို့ ဂျွန်းဒုန်းဆာ ဟန်ဗိုဂွမ်း ဘုန်းတော်ကြီး ၊ ဂယောင်ဂျူး မဟာဗောဓိရိပ်သာ ဆရာတော်ဦးဥာဏလောက ၊ ဒယ်ဂူးမြို့ စိတ္တသုခ ဆရာတော် ဦးဝိစိတ္တ ၊ ကိုရီးယား ဆရာတော် ဦးမဟာမူလ ၊ ယောယောဆွန်းဝမ်း ဟရိုဆောင်း ဆုနင်းမ်နှင့်မြန်မာသီလရှင် ၂ပါးအပါအ၀င် ကိုရီးယား မြန်မာ ဗုဒ္ဓဘာသာဝင် သူတော်စင် ၁၀၀ ကျော်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ထို့ပြင် ၊ ပြည်တော်ဦးသို့ အောက်ပါအတိုင်းဆက်သွယ်နိုင်ကြောင်းလည်းသိရသည် -
비도우 한국-미얀마 불교세터
부산 광역시 수영구 남천 2 148-4버지
삼익 비치 아파트 213 205
Ph: 070-8741-7002
Hp: 010-4045-7002
E-mail ashinpandicca@gmial.com

ပြည်တော်ဦးအနေဖြင့် သူတော်စင်အပေါင်းတို့အား အောက်ပါအတိုင်း နှိုးဆော်ထားပါသည်-

ပြည်တော်-နိဗ္ဗာန် ၊

ဦး-မဂ္ဂံ
ပြည်တော်ဦးက မဂ်ရှစ်တန်၊
ရွှေပြည်နိဗ္ဗာန် ဆိုက်ရောက်ရန်၊
ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်...။
ရွှေပြည်တော် နိဗ္ဗ္ဗာန်နန်းကိုလ၊
မှန်းဆမျှော်မြင်၊
ဦးအစ ၊ မဂ်ရှစ်အင်၊
ပြည်တော်ဦး မဂ်လမ်းစဉ်ကို ၊

ရွှေဘုန်းရှင်တွင်တွင်ပွားကြပါဆို့လေး...။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, February 15, 2010

ကိုရီးယားနိုင်ငံရဲ့ လူမှုဘ၀အဆင့်အတန်း


“နိုင်ငံတကာဘ၀များ” အမည်ရတဲ့ အမေရိကန် အိုင်းရစ်မဂ္ဂဇင်း၊ အမှတ် ၁၂ ရဲ့ နှစ်စဉ်အစီရင်ခံစာအရ “လူမှုဘ၀တန်ဖိုးများ” ခန့်မှန်းချက်မှာ ကမ္ဘာ့နိုင်ငံ ၁၉၄နိုင်ငံအနက်မှ အကောင်းဆုံးအဖြစ် ပြင်သစ်နိုင်ငံကို ၅နှစ်ဆက်တိုက် ရွေးချယ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ သြစတြေးလီးယား၊ဆွစ်ဇာလန်၊ ဂျာမဏီ၊ နယူးဇီလန် နဲ့ လူဇင်ဘတ်တို့ ဖြစ်ကြပါတယ်။


စီးပွားရေးအကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ အမေရိကန်နိုင်ငံကတော့ လွန်ခဲ့တဲ့နှစ် အဆင့် ၃ ကနေ ဒီနှစ် ၇ဆင့်ကို ပြုတ်ကျသွားပြီး၊ အလားတူ အင်္ဂလန်နိုင်ငံဟာလည်း ယမန်နှစ်အဆင့်ကနေ ၅ဆင့် ကျကာ ဒီနှစ်မှာ ၂၅ ဆင့် နေရာရောက်သွားပါတယ်။ လူမှုဘ၀တန်ဖိုးပြည့်ဝတဲ့နိုင်ငံကို ရွေးချယ်ရာမှာ အဆိုပါနိုင်ငံရဲ့ လူနေမှုစရိတ်၊ ယဉ်ကျေးမှု၊ အနားယူအပန်းဖြေမှု၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ လွတ်လပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အာမခံစနစ်၊ လုံခြုံမှု၊ ရာသီဥတု နှင့် သီးခြားတန်ဖိုးများ ပါဝင်ပါတယ်။

စီအန်အန်သတင်းဌာနဟာ ပြင်သစ်နိုင်ငံမှာ ရှေ့နေလုပ်ငန်းနဲ့ အသက်မွေးနေထိုင်လျှက်ရှိတဲ့ အသက် ၂၈ နှစ်အရွယ် သြစတြေးလီးယားနိုင်ငံဖွား အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကို တွေ့ဆုံပြီး ပြင်သစ်နိုင်ငံရဲ့ အားသာချက်ဟာ ဘာများဖြစ်မလဲလို့ မေးမြန်းခဲ့ပါတယ်။ အဆိုပါရှေ့နေအမျိုးသမီးက ပြင်သစ်နိုင်ငံမှာတော့ အိမ်ထောင်ကျလို့ သားသမီးမွေးဖွားတဲ့အခါမှာ မွေးဖွားပြီးနောက် ၅ရက်တိုင်အောင် အထူးကျန်းမာရေးစောင့်ရှောက်မှုကို ခံယူနိုင်တဲ့အပြင် မီးဖွားခွင့်လည်း ၅ လ ရပါတယ်။ လိုအပ်လာရင် လစာမဲ့အဖြစ် နောက်ထပ် ၇ လ ထပ်ပြီး အနားယူလို့ ရပါသေးတယ်။ အဲဒီလို အနားယူနေတဲ့ကာလအတွင်းမှာ မိမိရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီး ဥပဒေက လုံခြုံမှုအပြည့်အ၀ ပေးထားပါတယ်။ ဒါဟာ ပြင်သစ်နိုင်ငံရဲ့ ကိုယ်ဝန်ဆောင်မိခင်များကို တန်ဖိုးထားမှုကို ပီပြင်ထင်ရှားစေတဲ့အချက်ဖြစ်ပါတယ်။ သြစတြေးလီးယားနိုင်ငံမှာတော့ ပြင်သစ်နိုင်ငံလို ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုး မရနိုင်ပါဘူးလို့ ရှင်းပြခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ လူမှုဘ၀တန်ဖိုး မျက်နှာစာဟာ စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဂရိ၊ ဘရာဇီး၊ ဥရုဂွေး၊ ကိုစတာရီကာ၊ အာဂျင်တီးနား၊ ချီလီ၊ အီကွေဒေါ၊ ပနားမားစတဲ့ နိုင်ငံတွေရဲ့ အဆင့်ကိုတောင် ကျော်လွန်နိုင်ခြင်း မရှိပါဘူး။ အာရှနိုင်ငံတွေထဲမှာတော့ ဂျပန်က ၃၆ဆင့်၊ ကိုရီးယား ၄၂ဆင့်၊ စင်ကာပူ အဆင့် ၇၀ နဲ့ တရုတ် ၉၇ဆင့်တို့ ဖြစ်ကြပါတယ်။

ကိုးကားသတင်းကို ဖတ်လိုပါက ဤနေရာတွင် ကလစ်ပါ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

၆၃နှစ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် (ကိုရီးယား) မှတ်တမ်းပုံများ



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, February 14, 2010

ဂုံဂျီအမ်းလူငယ်များ ၊ ကိုရီးယား နှစ်သစ်ကူးကာလ ၊ ဓမ္မဒူတအလှူတော်မှတ်တမ်း


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြိတ်အသင်း(ကိုရီးယား)လူငယ်များ ၊ ကိုရီးယားနှစ်သစ်ကူးကာလ ၊ ဓမ္မဒူတအလှူတော်မှတ်တမ်း


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဂေါ်ဂျဲမြန်မာလူငယ်များ ၊ ကိုရီးယားနှစ်သစ်ကူးကာလ ၊ ဓမ္မဒူတအလှူတော်မှတ်တမ်း


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အခြားတဖက်













အခြားတဖက်

ဒုက္ခတရားရဲ့ ကြီးထွားလာမှုမှာ
အနုပညာကိုပဲ ကျုံ့ကျုံ့ပေးနေရတယ်။

ညနေခင်း အိမ်အပြန်မှာ
ဆည်းဆာ လှပုံထူးရဲ့။

ရိပ်ကနဲ ရိပ်ကနဲ
ထုထည်နဲ့ အရောင်များ ရွေ့လျားမှုမှာ
ပင့်သက်အခါခါ ချမိ။

မေ့လျော့ခဲ့တာကြာပါပြီ…
သောက်လက်စမီးကို လက်စသိမ်းလိုက်တယ်
ငါတို့ ဝေးကွာခဲ့ခြင်းများ။ ။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, February 12, 2010

မတရားဖြတ်တောက်ငွေများ ပြန်လည်ရရှိရေး အမှုစွဲဆိုရန် ရှေ့နေကိုယ်စားလှယ်လွှဲစာ လက်မှတ်ရေးထိုးကြရန်ကိစ္စ

ကိုဝိုင်း(မိုးညှင်း)

ဇန္နဝါရီလ ၂၁ ရက် ။

ရွှေ့ပြောင်းအလုပ်သမားများသမဂ္ဂသည် ၊ မြန်မာအလုပ်သမားများ မတရားဖြတ်တောက်ခံထားရသည့် အုပ်ချုပ်မှုစရိတ်နှင့် ပြည်တော်ပြန်စရိတ်များ ပြန်လည်ရရှိရေး အတွက် တင်ပြထားကြသည်များကို စုစည်းလျက် ၊ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ၊ အမှုတွဲကို ပြည်သူ့အကျိုးပြု ကိုရီးယားရှေ့နေများအဖွဲ့ (공익변호사그룹:공감) သို့ လွဲအပ်ခဲ့ကြောင်း ၊ အဆိုပါ ပြည်သူ့အကျိုးပြုကိုရီးယားရှေ့နေများအဖွဲ့ အနေဖြင့်လည်း အဖွဲ့အတွင်း အကြေအလည် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အဖွဲ့ဝင်ရှေ့နေ Mr Jeong Jeong Hun, Mr Jang Seo Yeon, နှင့် Mr Hwang Phil Kyu တို့အား တာဝန်အပ်နှင်းခဲ့ကြောင်း သိရပါသည် ။


ဖော်ပြပါ တာဝန်ခံ အကျိုးဆောင်ရှေ့နေများ ၏ ညွှန်ကြားချက်အရ အမှုလွဲအပ်သည့် ပုဂ္ဂိုလ်များအနေဖြင့် တရားဝင် ရှေ့နေကိုယ်စားလှယ်လွဲစာ ပေးအပ်ရမည်ဖြစ်ပြီး ၊ တရားရုံးသို့ ဥပဒေနှင့်အညီ ခိုင်လုံစွာ တင်ပြနိုင်ရန် အောက်ပါစာရွက်စာတမ်းများလိုအပ်နေကြောင်းလည်း သိရပါသည်-

- ကိုယ်စားလှယ်လွှဲအပ်သူအမှုသည်၏ နိုင်ငံခြားသားကပ် (မိတ္တူ)

- အုပ်ချုပ်မှုစရိတ်ဖြတ်တောက်ငွေ အထောက်အထားများ(ငွေစုစာအုပ်ပါမှတ်တမ်း ၊ ဖြတ်တောက်ငွေစာရင်းပါသည့် လစာစာအိပ် သို့မဟုတ် Slip စသည်) မိတ္တူ ၊

- မည်သည့်အချိန်က ကိုရီးယားသို့ ရောက်ခဲ့ပြီး မည်သည့် အလုပ်ရုံတွင် အလုပ်လုပ်ခဲ့သည် ၊ အုပ်ချုပ်မှုစရိတ်နှင့် အာမခံငွေကို မည်သို့ပေးသွင်းခဲ့သည် စသည့် မှတ်တမ်းအကျဉ်း ၊

ထို့ပြင် ၊ အမှုစွဲဆိုကြမည့် ပုဂ္ဂိုလ်များအနေဖြင့် ၊ ရှေ့နေကိုယ်စားလှယ်လွဲစာကို လက်မှတ်ရေးထိုး၍ လာမည့် ကိုရီးယားနှစ်ကူးပိတ်ရက်(ဖေဖော်ဝါရီ ၁၃ ၊ ၁၄ ၊ ၁၅ ) အတွင်း ၊ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံ အပ်နှံပေးကြပါရန် သက်ဆိုင်ရာက မေတ္တာရပ်ခံထားကြောင်း သိရပါသည် -

- ကိုစိုးမိုးသူ (၀၁၀-၇၁၅၅-၆၅၈၁) သို့မဟုတ်

- ကိုဝိုင်း (၀၁၀-၂၃၃၁-၂၄၅၇)

ယခင်အမည်စာရင်း ပေးထားပြီးသူများအပြင် ၊ အမှုသစ်စွဲဆို လိုသူများရှိပါကလည်း ၊ ယခု သတင်းလွှာတွင် ဖော်ပြထားသည့် လိုအပ်ချက်များကို ပြည့်စုံစွာ ဖြည့်စွက် တင်သွင်းနိုင်ကြကြောင်းသိရသည် ။

***

ရှေ့နေကိုယ်စားလှယ်လွှဲစာ (အောက်ပါနေရာ) တွင် ရရှိနိုင်ပါသည် ။

gong_gam_2010_power

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, February 8, 2010

ဂျဲဂျူးခရီး လိုက်မည့်သူများအတွက် သတိပေးချက်

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)

နှစ်ကူးပိတ်ရက် ဂျဲဂျူးကျွန်းသို့ သွားမည့် ခရီးစဉ်တွင် လိုက်ပါမည့်သူများသည် အောက်ပါအချက်များကို ပြည့်စုံအောင် ပြင်ဆင် ယူဆောင်လာကြရန် ကြိုတင် သတိပေးအပ်ပါသည်။

၁) နေထိုင်ခွင့် ဗီဇာကတ်ပြား ID card
၂) အသားကပ်ဝတ်စုံ၊ လက်အိတ်၊ ဦးထုပ်/ခေါင်းစွပ်၊ နားကာ၊ မာဖလာ
၃) အအေးဒဏ် ခံနိုင်သည့် အနွေးထည်
၎) လမ်းလျှောက်ဖိနပ် (walking shoe)သို့မဟုတ် တောင်တက်ဖိနပ်
၅) ရေကူးလိုသူများ ရေကူးဝတ်စုံ
၆) တောင်တက်လိုသူများ တောင်တက်ဝတ်စုံ


ခရီးစဉ်
၁) စုရပ်ဖြစ်သည့် ပူချွန်းရွှေ့ပြောင်းအလုပ်သမားရိပ်သာ (မြန်မာအသင်းရုံးခန်း) သို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ (သောကြာနေ့) ညနေ ၄း၀၀ နာရီ အရောက် လာရောက်ရမည်။
၂) ညနေ ၆း၃၀ တွင် အင်ချွန်းဆိပ်ကမ်းမှ စတင်ထွက်ခွာပြီး နောက်တနေ့ မနက် ၈း၀၀ နာရီတွင် ဂျဲဂျူးကျွန်းသို့ ရောက်ရှိမည်။
၃) ဖေဖော်ဝါရီ ၁၃ နှင့် ၁၄ နှစ်ရက် ကျွန်းပေါ်တွင် အပမ်းဖြေ နေထိုင်မည်။
(한라산 등반 (1 일) , 제주관광 버스투어 (1 일))
၎) ၁၄ ရက်နေ့ ညနေ ၆း၀၀ နာရီတွင် ဂျဲဂျူးမှ ပြန်လည် ထွက်ခွာပြီး နောက်တနေ့ မနက် အင်ချွန်းသို့ ပြန်ရောက်မည်။

(မှတ်ချက်= ပူချွန်းမှ အင်ချွန်းသို့ သွားသည့် ခရီးစရိတ် ၀မ် ၇၀၀၀ ကို သီးခြားပေးရပါမည်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ကိုရီးယား နှစ်သစ်ကူး အလှူပွဲများ ဖိတ်ကြားလွာ



ကိုရီးယား နှစ်သစ်ကူး (설날 ) ဆောလ ပိတ်ရက် ၌ မြန်မာ ဗုဒ္ဓသာသနာ ပြုကျောင်းတော်(ကိုရီးယား)တွင် အောက်ဖော်ပြပါ အလှူရှင်များ က အလှူ ဒါန ပြုလုပ်မည် ဖြစ်ပါသဖြင့် မြန်မာ မိတ်ဆွေ အပေါင်းအား ခင်မင် ရင်နှီး စွာဖြင့် ဖိတ်ကြားအပ်ပါသည်။

(၁၀.၂.၁၀)ဗုဒ္ဒဟူးနေ့၊ ၊ကွယ်လွန်သူ (မောင်ငြိမ်းချမ်း )၂၀နှစ် အားရည်စူးပြီး ကျန်ရစ်သူ မိသား(အရုဏ်ဆွမ်း ၊ ကြာဇံဆီချက်)
(၁၃.၂.၁၀)စနေနေ့၊ ၊၁၃ ရက်နေ့ ဂေါဂျယ် ဒေ၀ူးသင်္ဘောကျင်းအဖွဲ့ (အရုဏ်ဆွမ်း/နေ့ဆွမ်းနန်းကြီးသုတ်၊မြန်မာထမင်းဟင်း၊)
(၁၃.၂.၁၀)စနေနေ့၊ ၊ကျောက်တန်းသားညီအစ်ကိုများ (အုန်းနို့ခေါက်ဆွဲ)
(၁၄.၂.၁၀)တနင်္ဂနွေ နေ့၊ ၊ ကွယ်လွန်သူ ဖခင်ကြီး (ဦးအောင်လှမြင့်) ၆၆နှစ်အားရည်စူးပြီး က
ိုအောင်ထွန်းဇော် အရုဏ်ဆွမ်း(မြီးရှည်)
)(၁၄.၂.၁၀.)တနင်္ဂနွေ နေ့၊ ၊မြင်းခြံမြို့သူမြို့သားများ (နေ့ဆွမ်း ၊ဒံပေါက်ထမင်း)
(၁၅.၂.၁၀) တနင်္လာနေ့ ၊ ၊ကိုညီညီဦး (အရုဏ်/ နေ့ဆွမ်း ပလာတာ၊ အုန်းထမင်း)
ရပ်ဝေးဒေသမှအလှူရှင်ညီအကိုများ၊ ညအိပ်ညနေလာရောက်ကြမည့်ညီအကိုများအတွက် အခန်း၊အိပ်ယာ၊စောင်အခင်းများ သန့်စင်ထားပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် အလှူရှင်များ မှ စားသောက်ဖွယ်ရာအဖြာဖြာတို့ ဖြင့် ဧည့်ခံကျွေးမွေးပြီး တရားတော်နာကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

တရားပွဲကျင်းပမည့်အချိန် ၊ ၊ နေ့လည်၁နာရီ ခွဲမှ နေ့လည် ၂နာရီ ခွဲအထိ
ကျင်းပမည့်နေရာ ၊ ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ( ကိုရီးယား )
ဖုန်း=၀၃၂ - ၅၁၁၂၈၄၁

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

၆၃နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား (ကိုရီးယား)မှတ်တမ်းပုံများ



နားလည်ပေးကြပါ
အထက်ပါ မှတ်တမ်းပုံများကို Server သို့ Upload လုပ်ချိန်တွင် မူလက Save လုပ်ထားသော ရေစာ(Water Mark)များကို တည်းဖြတ်ရန် ၊ မေ့လျော့သွားပါသဖြင့် ၊ ပုံများတွင် Snapshot of Ko Wyne ဟူသော စာတမ်းများပါရှိနေခြင်းဖြစ်ပါသည် ။ ထိုမှတ်တမ်းပုံများကို ကိုဝိုင်းက ရိုက်ကူးခဲ့ခြင်းမဟုတ်ပါ ။ သို့ပါ၍ အထက်ပါပုံများကို မေတ္တာဖြင့် မှတ်တမ်းတင်ပေးခဲ့ကြသည့် ကိုဝင်းထွန်း ၊ ကိုဇော်တိုးလွင် နှင့် ကိုမြင့်ကျော်(ဝိုင်အိုင်တီ)တို့ကို အနူးညွှတ် တောင်းပန်ပါသည် ။



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, February 7, 2010

မြန်မာအသင်းတည်ရှိရာ ဘူချွန်းအလုပ်သမားရိပ်သာ၌ သင်တန်းများတက်ရောက်နိုင်


မြန်မာအသင်း ရုံးစိုက်ရာ ဘူချွန်းမြို့ အလုပ်သမားရိပ်သာက ကိုရီးယားနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ သက်မွေးဝမ်းကျောင်းအတတ်ပညာ ထောက်ပံ့ရေးအစီအစဉ်အရ ၂၀၁၀ ခုနှစ် သင်တန်းကာလအတွက် သင်တန်းသားများ လက်ခံနေကြောင်း ကြားသိရပါတယ်။ တက်ရောက်နိုင်သည့် သင်တန်းအမျိုးအစားများမှာ ကားမောင်းသင်တန်း၊ Photoshop ၊ Excel ၊ ကွန်ပြူတာတပ်ဆင်ခြင်းသင်တန်းနှင့် CAD သင်တန်းတို့ ဖြစ်ကြပါတယ်။ သင်တန်းသားဦးရေ ကန့်သတ်ချက်ရှိပါသဖြင့် သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၇ ရက်မှ ၂၁ ရက်အတွင်း စာရင်းပေးသွင်းနိုင်ကြပါတယ်။ အသေးစိတ် သိရှိလိုပါက ဦးခင်မောင်ရင် ဖုန်း- ၀၁၁ ၉၃၈၆ ၇၁၅၃ သို့ ဆက်သွယ်မေးမြန်းနိုင်ကြပါတယ်ခင်ဗျာ။


2010년도 기술교육 프로그램

신청을 받습니다

구 분

개설과목

기 간

장 소

회 비

모집인원

담 당

운전면허

3~5월중

(토요일,일요일)

운전면허학원

30만원지원+본인부담금 = 학원비

선착순7!

이한나

포토샵

2~6월중

(일요일)

부천외국인

노동자의집

10,000

10

공경미

엑셀

2~4월중

(일요일)

부천외국인

노동자의집

10,000

10

공경미

컴퓨터 조립

4,5월중

(일요일)

부천외국인

노동자의집

10,000

15

정현실

CAD

4,5월중

(일요일)

부천외국인

노동자의집

10,000

15

시탈아

신 청 기 간

2010 2 7 ~ 2010 2 21

운전면허 과목은 운전면허증으로 인해 미등록이실 경우 신청불가.

--- 교육기간은 사정에 따라 일부 변경 될 수 있습니다. ---

부천외국인노동자의집

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>